http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, April 9, 2011

အမှတ်တရ တက္ကသိုလ်

မွန်းကြပ်ကြပ်နဲ့ အော်ဟစ်နေပေမယ့် အသံက မထွက်လာ။ ခြောက်သွေ့တဲ့ အာခေါင်က အသံထွက်ပြိး အော်ဟစ်ငိုနေလည်း ကြိုးစားမှုက အရာမဝင်။ ကလေးငယ်လေး တွေလို ခြေထောက် နှစ်ချောင်း ဆင်းပြိး ခြေချင်းလိမ်ပြိး ကြမ်းပြင်မှာ လူးလိမ့်ပြိး ငိုဖို့ စဉ်းစားရင်း နုတ်မှလဲ အားပါးတရ ငိုချလိုက်ဖို့ အားယူရင်း ဝမ်းနည်းမှုတွေကို ဖွင့်ချ လိုက်ဖို့ ကြိုးစားပေမယ့် ကြိုးစားမှုက အရာမထင်။ မျက်ရည်တွေသာ အတားအစီးမဲ့ ကျဆင်းနေ ပေမယ့် နှုတ်မှ ဘာသံမှ ထွက်လာခြင်းမရှိ။

အသံထွက်ပြိး ငိုလိုက်ဖို့ ကြိုးစားပေမယ့် အရာမထင်တဲ့ ကြိုးစားမှုတွေမှာ လူကသာနှုန်းချိ လဲကျမတက်။ စိတ်တိုတိုနဲ့ ကလေး တစ်ယောက်လို ကြမ်းပြင်မှာ လူးလိမ့်နေရင်း နာကျင်မှု ဖွင့်ဖို့ အားယူလိုက်ရင်း မျက်ရည်များနှင့် ကျွန်မ။ မျက်နှာပေါ် ရောက်လာတဲ့ အေးစက်စက် အထိတွေ့ကြောင့် အိမ်မက်ဆိုးမှ လန့်နိုးလာရတဲ့ ကျွန်မ။ ဟင် တော်ပါသေးရဲ့ အဲဒါအိမ်မက် ဖြစ်နေလို့။ အိမ်မက်ထဲမှာ စာမေးပွဲ ကျလို့ဆိုပြိး လူးလိမ့်ငို နေတာတဲ့လေ။ အရမ်းမျှော်လင့် ထားလို့လားမသိ အိမ်မက် ဆိုးအနေနဲ့ မကြာခဏ မက်နေကြ။ မက်တိုင်းလည်း မျက်ရည်တွေနဲ့ အလူးအလဲ ငိုပွဲဆင်နေ ရစမြဲ။

ဒီနေ့တော့ ဒီအိမ်မက် ဆိုးရဲ့ နောက်ဆုံး ရလဒ်တစ်ခု ကိုကြေငြာမဲ့နေ့။ ဘဝအတွက် အဆုံးအဖြတ် ပေးမယ့် နေ့။ အသိနဲ့ ဆက်ခနဲ ထရင်း မခြောက်သေးတဲ့ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်း လက်ဖြင့် ပွတ်သပ်ရင်း အောင်စာရင်း သွားကြည့်ဖို့ ကမန်းကတန်း အိမ်ဟာထ။ မျက်နှာသစ်ပြိး ခေါင်းအမြန် ဖီးလိုက်တာ တခဏ တွင်းမှာ ပြိးလို့။ အင်းအဖေတို့ အမေတို့လဲ ရင်ခုန်နေကြ မှာ.။ ကျွန်မကမှ မှေးခနဲ အိပ်ပျော်လို့ အိမ်မက်ဆိုး မက်နိုင်သေးတယ်။ မိဘတွေကတော့ အိပ်ကော အိပ်ပျော်ပါ့ မလားလို့ တွေးနေရင်း။

အာင်စာရင်း ကြည့်ဖို့ ထွက်လာတော့ တစ်ချို့တွေက သိပြိးလို့ ပြန်တောင် လာနေကြပြိ တစ်ချို့ တစ်ဝက်။ အောင်တဲ့ သူတွေက ဘယ်သူ၊ ကျတဲ့ သူတွေက ဘယ်သူ အချင်းချင်း တိတ်ဆိတ်နေ တဲ့မနက်ခင်း အာရုံမှာ စကားသံတွေနဲ့ မြို့ပြက အသက်ဝင်လို့။ ရင်တဒိတ်ဒိတ်နဲ့ စကားမပြောဖြစ်ပဲ သူများတွေရဲ့ စကားသံ တွေကြားမှာ ငါရော ဘယ်လို အဖြစ်မျိုး ကြုံရမလဲ ဆိုတဲ့ အသိနဲ့။ အလိုက်သိတဲ့ ကိုလေးက စိတ်ပျော်အောင် စနောက် နေပေမယ့် လူကမပြုံးနိုင် မရယ်နိုင်။ မမျှော်လင့် ထားသလိုများ ခြေချော် လက်ချော် ဆိုအမလေး အတွေးတွေနဲ့ တောင်အိပ်ရေး ပျက်ရတဲ့ ညတွေ အပုံအပင်။

ဖြေထားတဲ့ ကျောင်းမှာပဲ အောင်စာရင်း ထွက်တာဆိုတော့ သူများေ ကျာင်း သွားဖြေရတာမို့ ကားစီးပြိး သွားရတာ ဒီနေ့မှ ကားကလည်း နှေးနေသလို။ ရောက်ချင်ဇောက များနေတာမို့ ထင်ပါရဲ့။ ကားပေါ်မှာလဲ ဟိုတစ ဒီတစ ခရီးသည် တွေရဲ့ ပြောစကားသံ တွေနဲ့ ညံလို့။ တစ်ဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးခုန်သံ တွေကလဲ ဝုန်းတိုင်းကြဲလို့။ အဲလိုနဲ့ ကျောင်းရှေ့ ရောက်တော့ အမလေး နဲတဲ့ လူအုပ်ကြိးလား။ 

အဲဒါတောင် မနက် (၄) နာရီ မထိုးသေးဘူး။ လူတွေအများကြိး မီးရောင်ရောက်မှာ ဝိုင်းနေတဲ့ လူအုပ်ကြားထဲ တိုးဖို့ ကြိုးစားတော့ " ညီမလေး မတိုးနဲ့ ကိုလေးသွားကြည့်မယ် ဒီကစောင့်နေ " တစ်ကယ်တမ်း တိုးလည်း မလွယ်တာမို့ ခေါင်းသာ အသာညိမ့်ပြီး လူအုပ်ကြီးရဲ့ အစွန်မှာ ဘေးကပ် ရပ်နေတုန်း။ " ဝေး.. အောင်ပြီ အမေရေ အမေ့သား ဆယ်တန်း အောင်ပြီဗျ " အသံနဲ့အတူ အော်ဟစ် ထွက်လာတဲ့ အတန်းဖော် သူငယ်ချင်း တစ်ယောက်။အော်သံနဲ့ အတူ လူအုပ်ထဲ ပြေးထွက်လာပြိး ကျောင်းရှေ့ ကွင်းပြင်မှာ ရှိတဲ့ ရွံ့နွံအိုင် ကိုဆင်းသွားပြိး လူးလိမ့်ပြိး အော်နေတာ။ သူ့ရဲ့အပျော် တွေကို ကြည့်ရင်း ရင်မှ အဆမတန် တုန်လှုပ်လျှက်။

အမှတ်မထင်တဲ့ ပျော်ရွင်မှုကြောင့် လုပ်မိလုပ်ရာ လုပ်နေတဲ့ နွံ့ထဲက လူကို ကျွန်မနဲ့ အတူ လူအများကြိးက ဝိုင်းကြည့် နေရင်း သူ့ရဲ့ အပျော်အတွက် မျှဝေခံစား၇င်း။ စိတ်စောစွာနဲ့ လူအုပ်ကြိးမှ အကို ထွက်လာဖို့ မျှော်လင့်နေ ချိန်မှာပဲ အပြုံးတွေနဲ့ လက်မထောင်ပြီး ထွက်လာတဲ့ ကိုလေးရဲ့ မျက်နှာမြင် ရမှ ရင်မှ ဝုန်းခနဲ သက်ပြင်းနဲ့ အတူ " တစ်ကယ်လား ကိုလေး ငါအောင်တယ်နော် " " အင်းအောင်ပါတယ် ဆိုနေမှ " ကိုလေးက ပြောပြော ဆိုဆို ခေါင်းလေးကို ချစ်စနိုးပုတ်ပြိး" ပြန်မယ် ညီမလေး အိမ်က သိချင်နေလောက်ပြီ။ " ကြေနပ်မှု ကြောင့်ထင်ပါရဲ့ စိတ်တွေ ပျော်မြုးနေလိုက်တာ။ လျှောက်နေရတဲ့ လမ်းမပေါ်မှာတောင် ခြေထောက်နဲ့ မြေကြိး မထိသလိုပါပဲ။

မျှော်မှန်းထားတဲ့ ပညာတက် တစ်ယောက် ဖြစ်ဖို့ တခါးဝ ရောက်ပြီ ဆိုတဲ့အတွေး။ မယုံရဲ ယုံရဲနဲ့ အိမ်မက်ဆိုး တွေက လွတ်မြောက်ခွင့် ရသောနေ့။ အပျော်တွေ ကြည်နူးမှုတွေ ကြောင့် အဖေနဲ့အမေ သိရင် ဘယ်လောက်များ ဝမ်းသာမလဲ ဆိုတဲ့အတွေးတွေနဲ့။ သာမန်မိသားစု ထဲကမို့ အကိုတွေ အမတွေ တစ်ယောက်မှ ပညာရေး ဆုံးခန်း မတိုင်ခဲ့ကြ သလို အမျိုးတွေ ထဲမှာလဲ လက်ချိုးရေ စရာ ပညာတက်က လည်းရှားရှားပါးပါး။ ဆယ်တန်း နှစ်ခြင်းပေါက် အောင်တယ် ဆိုတဲ့သူကလဲ သိပ်မရှိ။ အားလုံးရဲ့ မျှော်လင့် ချက်တွေက ကျွန်မအပေါ်မှာ တစ်နင့်တစ်ပိုး။ ဘာပဲ ပြောပြော ကြိုးစားသူ အတွက် နေရာရှိတယ် ဆိုတာ ကျွန်မအတွက် အမှန်ပင် ဖြစ်ခဲ့ပြီလေ။ ကျေနပ်စရာ ပျော်ရွင်မှုတွေ ပေးနိုင်ဖို့ အိမ်သို့ပြန်သော ခြေလှမ်းများက အသက်ဝင် တက်ကြွလျှက်။
..................။................
ဘဝမှာ အဖြစ်ချင်ဆုံးက ပညာတက် တစ်ယောက်။ အလုပ်ချင်ဆုံးက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်။ စာတွေ့တွေနဲ့ မျှော်လင့် ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ယောက် ရဲ့ဘဝ အခု တစ်ကယ်ဖြစ်ရ တော့မယ်ဆိုတော့ ဝမ်းသာလိုက် တဲ့ဖြစ်ခြင်း။ စာတွေထဲမှာ ဖတ်ခဲ့ရတဲ့ တက္ကသိုလ်က ရန်ကုန် ပင်မတက္ကသိုလ်ကြီ။ ကိုယ်တွေ တက်ကြရမှာက အသစ်သစ်သော ကျောင်းတွေဆီ။ သူများတွေက စကြတယ်။ ငါတို့ကျောင်း တက်တုန်းက သိပ်လှတယ် အခုတော့ ဘာမှမဟုတ်ဘူး ဆိုတဲ့ အစနှောက်တွေ၊ ဘာပဲပြောပြော တက္ကသိုလ် ဆိုမှတော့ တက္ကသိုလ်နဲ့ တူတဲ့ လှုပ်ရှားမှု၊ ရင်ခုန်မှု တွေ ကြုံရတွေ့ ရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းပျော်ပါတယ်။

ရောက်ချင်လွန်းလို့ ကြိုးစား အားထုပ်ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းတော်ကြိး။ မရှိမဲ့ ရှိမဲ့ ချွေးနည်းစာ တွေနဲ့ ပညာရေးအတွက် အားတင်းပြိး ပံ့ပိုးပေးတဲ့ မိဘတွေ။ ဘယ်လိုပဲ အရေးကြိး နေပါစေ ကျောင်းတက်နေတဲ့ ကျောင်းသားမို့ ဆိုပြိး အားလုံးရဲ့ ဥိးစားပေးမှု အောက်မှာ အခွင့်ေ၇းတွေ အများကြိး ရတာမို့။မေဂျာလျှောက်ဖို့ အမှတ်စာရင်း သွားထုတ်တော့ တက်ချင်တဲ့ စီးပွားရေး တက္ကသိုလ် အတွက် အမှတ်မီပါ့မလားလို့ ရင်ထိတ်ခဲ့ ရသေး။ အမှတ်စာရင်း ရတော့မှ ဟူး...လို့ သက်ပြင်းချရတဲ့ ဘဝ။

ကျွန်မ(၁၀) အောင်တဲ့ နှစ်က စနစ်သစ် စတာမို့ (၁၀) တန်းမှာတင် ဘာသာရပ်၊ နှစ်သက်ရာ အတွဲယူ လို့ရနေပြီလေ။ ခဲရာခဲစစ် ဝါသနာပါတဲ့ Ecoလေး ယူထားတော့ သူငယ်ချင်းတွေ ကတောင် တအံ့တသြ။ မတက်နိုင်ဘူး ဝါသနာမပါ တဲ့စာတွေ ကျက်နေရမယ့် အစား စိတ်ဝင်စားတဲ့ စာကိုပဲ ရွေးချယ်ခြင်းက ကိုယ့်အတွက်အမှန် ကန်ဆုံး ဖြစ်တယ်လေ။ ဘယ်သူတွေ ဘာပြောပြော ယုံကြည်ချက် ခိုင်ခိုင်မာမာ နဲ့ကြီုးစားခဲ့ သူအတွက် နေရာ တစ်နေရာတော့ ရှိမှာ အမှန်ပဲ မဟုတ်လားနော်။ ကိုယ့် ယုံကြည် ချက်အတွက် ဘယ်လိုသော တိုက်ခိုက်မှု မျိုးမဆို သည်းခံ နိုင်ဖို့ ကြိုးစားရမယ်လေ။

..................။.............

ဒီနေ့ ကျောင်းစတက် ရမယ့်နေ့ ဆိုတော့ မနက်ကထဲက ရင်တွေခုန် စိတ်တွေ လှုပ်ရှားနေခဲ့ ရတာ တစ်ချိန်လုံးပဲ။ တက္ကသိုလ် ဆိုတဲ့ နယ်မြေ တစ်ခုကို ခြေချခွင့် ရပြီ ဆိုတဲ့ အသိက ဘာနဲ့မှ မတူ။ လျှောက်နေ ရတဲ့ခြေလှမ်းတွေ မြေနဲ့ မထိ သလိုပါပဲ။ တက္ကသိုလ် ဆိုတဲ့ အသိလေး ကတောင် ဒီလောက် စွဲဆောင် နိုင်နေတာ ကျောင်းသူ ဖြစ်ခွင့် ရသူတစ်ဦး အနေနဲ့က ပိုလို စွဲဆောင် မှုတွေ ခံရတယ် မဆန်းပါဘူးလေ။

" ဆေးကျောင်းနဲ့ စက်မှု ပြိးရင် စီးပွားရေးက တတိယ နေရာယူလို့ နာမည်ကြိး ကျောင်းပဲလေ "

" စီးပွားရေး တက္ကသိုလ် ဆိုတော့ မိန်းမလှကျွန်း လို့နာမည်ကြိး နေတာ အခုတော့ မိန်းမလှကျွန်း ရောက်တော့ မှာပေါ့နော် "

" ဘာလို့ စီးပွားရေး တက္ကသိုလ် ကို မိန်းမလှကျွန်းလို့ ခေါ်ရတာလဲ ဆိုတော့ မိန်းခလေးတွေ အများကြိး ရှိတဲ့ ကျောင်းမို့လေ။ ယောက်ကျားလေး နည်းတယ်လေ အဲဒီမှာ အဓိက အနေနဲ့လည်း မိန်းခလေး တွေပဲ စိတ်ဝင်စား တဲ့မေဂျာ ဖြစ်နေ လို့လား မသိပါဘူး "

စီးပွားရေး တက္ကသိုလ် ကို ကျောင်းလျှောက်ခဲ့ ကတည်းက ကြိုတင် ဝေဖန် ခဲ့ကြတဲ့ ဆရာတွေ ဆီက ကြားဖူး နားဝ လေးနဲ့တင် ဂုဏ်ယူ နေမိခဲ့တာ အခုတော့ ကိုယ်ကိုတိုင် ကျောင်းသူ တစ်ယောက် ဖြစ်ရလို့ ဝမ်းသာမိတာ မလွန်ပါဘူးနော် လို့ကိုယ်ကိုကိုယ် အားပေးရင်း။ တရိပ်ရိပ်နဲ့ မောင်းနှင်နေတဲ့ ဖယ်ရီကား ကိုလည်း အမြန်ရောက် ချင်နေတဲ့ ဇောကြောင့် ထင်ပါရဲ့ နှေးလိုက်တာ လို့တီးတိုး ရေရွတ်နေမိတယ်။

ကားပေါ်မှ ဆင်းဆင်းခြင်း လှမ်းမြင်ရတဲ့ စီးပွားရေး တက္ကသိုလ် မုခ်ဦး ကလည်း ထည်ထည် ဝါဝါ ခန့်ခန့် ညားညားနဲ့။ လူတစ်လုံး ရှိန်ဆင်းသွား ရလောက်အောင် ပဲတက္ကသိုလ်ရဲ့ အရှိန်အဝါက စီးမိုးလို့။ ခြေချင်းလိမ် မတက် ရှုပ်ထွေး များပြား လှတဲ့ ကျောင်းသား ကျောင်းသူ တွေကလည်း ဝင်တဲ့သူ၊ ထွက်တဲ့ သူနဲ့ စည်ကား နေလိုက်တာ။ ကျောင်းဖွင့် ကာစမို့ အတန်းကြိး သမားတွေက သူငယ်ချင်း တွေနဲ့ အပြန်လှန် နှုတ်ဆက်သူ နှုတ်ဆက်။ အနယ်နယ် အရပ်ရပ်က လာရောက် ကျောင်းတက် ကြတဲ့ တိုင်းရင်းသား တွေကလည်း ရိုးရာ အက်ျီဆင်တူ လေးတွေနဲ့ အလှဆင်လို့။

ကျောင်းသား သစ်မို့ အရာရာဟာ အသွင်ဆန်း အမြင်ဆန်းနဲ့ အရာရာ ငေးမော မင်သက် နေမိတဲ့ ကျွန်မ။
ကျောင်းမုခ်ဦး ကနေ လှမ်းမြင်နေရတဲ့ လမ်းမကြိးက လည်း မျက်စိတစ်ဆုံး ငေးမောချင် စရာ။ လမ်းမကြိး တစ်လျှောက်မှာ အပူခံ ရေတမာ ပင်တွေနဲ့ အတူ မလေးရှား ပိတော်လို့ လူသိများတဲ့ အပင်တွေက လည်း အစီအရီ။ သက်ဆိုင်ရာ ကျောင်းခန်း အသီးသီး ကိုဦးတည် နေကြတဲ့ ကျောင်းသူ ကျောင်းသား တွေကလည်း အလှမျိုးစုံနဲ့ သက်ဝင် လှုပ်ရှား နေလိုက်တာ မြင်သူ ငေးမော ကြည့်ရလောက်အောင် ပါပဲ။

တော်တော်လေး လှမ်းမိတော့မှ အပင်တွေ ကြောင့် မမြင်ရတဲ့ လေးထပ်ဆောင် အဆောက်ဥိးကြိး နှစ်ခုကလဲ အပြိုင်အဆိုင် ခန့်ငြား ထည်ဝါ နေလိုက်တာ။ အဲဒီနောက်မှာ မှ သီရေတာ ကျောင်းဆောင် တွေကလည်း ကျောင်းရဲ့ ပုရဝုဏ် မှာမျက်နှာစာက လေးထပ်ဆောင်ကြိး တွေနဲ့အတူ အလှချင်း ပြိုင်လို့။ တစ်ကယ်တော့ စာရေးသူ တွေဖွဲ့ဆို တင်စားချက် တွေကလည်း အသက်ဝင်လှ သလို တက္ကသိုလ် ဆိုတဲ့ နမ်စား တစ်ခုကလည်း တစ်ကယ်ကို ကြိးကျယ် ဂုဏ်ယူ စရာ ဝင့်ကြွား နေလိုက်တာ။ မြင်မြင်သမျှ ငေးမောရင်း ငေးမော နေကြတဲ့ ကျွန်မတို့လို့ ကျောင်းသူ အသစ်လေးတွေ ကလည်း အစီအရီ။ သူ့ထက်ငါ အလှချင်း ပြိုင်နေကြတဲ့ ပန်းဥယျာဉ် ထဲက ရောင်စုံ ပန်းလေးတွေ အလား။

အမျိုးမျိုး အသွင် တစ်မျိုးဆီ ဆန်းသစ်နေ လိုက်ကြတာ မြင်ရတာ မရီုးရ အောင်ပါပဲ။ နားမလည် သောဘာသာ စကားဝဲဝဲ လေးတွေက လည်းဟို တစ်စ ဒီတစ်စနဲ့ ကြားနေရတာ ပီတိ ဖြစ်စရာ၊ ကြည်နူးစ၇ာ။ ဒေသပေါင်းစုံ ကလာတက်ကြတဲ့ တိုင်းရင်းသားတွေ အများကြိး မို့ သစ်လွင်လှပတဲ့ ရောင်စုံပန်း တို့စုစည်းရာ တက္ကသိုလ် နယ်မြေလဲ ဖြစ်တာကြောင့် ဒီလောက် အသက်ဝင် နေရတာ ထင်ပါရဲ့။ ကျောင်စ ဖွင့်ရက်မို့ ကျောင်းသား ရေးရာမှာ ကျောင်းအပ်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကား နေတာကလည်း တစ်မျိုး ကြည်နှူး စရာ။

ကျောင်းသူ ကျောင်းသား အချင်းချင်း ဆိုတဲ့ အသိနဲ့ တစ်ဦးနဲ့တစ်ဦး တလေးတစား ဆက်ဆံ နေကြတဲ့ အခါ ဘာရယ်မသိ ဘဝတစ်မျိုးက ရင်ကို ထိရောက်လျှက်။ အလှပတွေ စုစည်း တည်ရှိနေ သောအရပ် သို့မဟုတ် မအိုသော နယ်မြေ ဆိုတဲ့ တက္ကသိုလ် နယ်မြေသို့ ချဉ်းနင်းဝင် ရောက်ခွင့် ရခဲ့တဲ့အတွက် မမေ့နိုင်သော အမှတ်တရ တွေနဲ့ အတူ အမိကျောင်းတော် ကြိးက ကျောင်းသား ကျောင်းသူ တွေကို ဖန်ဆင်းပေး စေခဲ့ခြင်းက ဘဝအတွက် အမှတ်တရတွေ မှတ်တမ်း တင်စရာ နေရာတစ်ခု အဖြစ်နဲ့ပေါ့။
.....................။.................
ကျောင်းတက်တာ ကြာလာလေလေ ကျောင်းရဲ့ ပတ်ဝန်းကျင် အနေအထား၊ ဒေသ ကျောင်းရဲ့ ဓလေ့ စရိုက်နဲ့ အတူ ကျောင်းပွဲတွေ အတော်အတန် သိလာတဲ့ အခါ ကျောင်းတက် ရက်တွေက ပိုလို အသက်ဝင်ခဲ့ ရတယ်။ ကျောင်းသား သဘာဝ အပျော်တမ်း အမှတ်တရ ပေါင်းများစွာနဲ့ ဖြတ်သန်း နေကြတဲ့ ကျောင်းသားတွေ ။ စာပေဝါသနာ အရင်းခံနဲ့ အပျော်တမ်း ကဗျာ စာအုပ်တွေ ထုတ်ဝေသူ ရောင်းချ သူတွေနဲ့ စည်စည် ကားကား။ ကျောင်းရဲ့ လုပ်ရှားမှုတွေ မှာ မေဂျာအလိုက် သော်လည်းကောင်း၊ နှစ်အလိုက်သော် လည်းကောင်၊ အတန်းလိုက်သော် လည်းကောင်း၊ အမျိုးမျိုးသော လှုပ်ရှားမှု တွေနဲ့ ကျောင်းတော်ကြိးက အသက်ဝင် လှုပ်ရှားလို့။

မနက် ကျောင်းရောက်ချိန် ကစလို့ ညနေကျောင်း ဆင်းချိန်အထိ ကျောင်းရဲ့ အဓိပတိ လမ်းလို့ နာမည်ကြိးတဲ့ လမ်းမကြိး ဝဲဟာက ခုံတန်းတွေမှာ အုပ်စုလိုက် ထိုင်လို့ ကျောင်းသား ကျောင်းသူ တွေရဲ့ လှုပ်ရှားမှုကို ထိုင်ငေးမော ခွင့်ရတဲ့အခါ ဘာနဲ့မှ မတူတဲ့ ရင်မှာ ကြည်နှူးမှု တစ်မျိုး စီးဆင်းလျှက်။ နေ့စဉ် မြင်တွေ့ ငေးမော ရသည့် တိုင်အောင် အမြင်ရိုးသွား ခြင်းမရှိအောင် ဖမ်းစားနိုင်တာ တက္ကသိုလ်ရဲ့ လျှိုဝှက်ချက် တစ်ခုပေလားမသိ။ ဆင်ယင် ထုံးဖွဲမှု အမျိုးမျိုး အရောင်သွေး အစုံအလင်နဲ့ အလှအမျိုးမျိုး အောက်မှာ လှချင်တိုင်း လှနေကြတဲ့ ကျောင်းသူ တွေကလည်း နတ်မိမယ် လေးတွေအလား မိန်းခလေးချင်းပင် လည်ပြန်ငေးရလောက် အောင်ပဲ ဘာတွေများစားပြိး မွေးဖွားခဲ့ သလဲလို့ မေးယူရလောက်ပဲ အချော အလှတွေ တစ်ကယ်ပဲ ပေါတဲ့ မိန်းမလှကျွန်း တစ်ခုပါပဲ။

အုပ်စုလိုက် တစ်မျိုး၊ တစ်ယောက်ထဲ တစ်မျိုးနဲ့ အပြောင်၊အပျက်၊ အစ၊အနောက်တွေနဲ့ နေ့စဉ်မရိုးသော မြင်ကွင်းဆန်း တွေကြားမှာ မရိုးနိုင်သော ဇတ်လမ်းပေါင်းစွာ နဲ့ ဘယ်တော့မှ မမေ့နိုင်သော အမှတ်တရ တွေပုံ ဖော်ကြရင်း သုံးနှစ်ဆိုတဲ့ ပညာသင် ကာလတွေကို ဖြတ်ကျော် ခဲ့ကြတာ ပြန်စဉ်စား ကြည့်ရင် အမှန်ပဲ လွမ်းမောဖွယ် အတိ။ နောက်ဆုံး နှစ်ကျောင်း တက်တဲ့အခါ နောက်ဆုံး ဆိုတဲ့ အသိနဲ့တင် အရာရာဟာ အဖိုးတန် နေလိုက်တာ။ 

လွမ်းမော နေလိုက်ရတာ အချိန်တိုင်း စက္ကန့်တွေတိုင်း နောက်ဆုံးနှစ် ဆိုတဲ့ အသိတစ်ခုနဲ့ အမှတ်တရ တွေရှာဖွေဖန်တီး နောက်ထပ်မဖြစ် နိုင်တော့တဲ့ တွေ့ဆုံမှုတွေ၊ လမ်းခွဲမှုတွေ နဲ့ကြည်နှူး စရာအမှတ်တရ၊ ဝမ်းနည်းစရာ သင်္ကေတ၊ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေ ရှာဖွေ ပြုလုပ်ကြရင်း တက္ကသိုလ်ကျောင်းသား ဘဝကို ဖြတ်သန်းကြရတာ တစ်ကယ်ပဲ ဝမ်းနည်း စရာကောင်း လှပါတယ်။

ဘယ်အချိန် တွေးတွေး စိတ်ထဲက နုပျိုလာတဲ့ စိတ်၊ မနေ့တစ်နေ့ မှကျောင်းစတက်တဲ့ ကျောင်းသူ တစ်ယောက်ရဲ့ အတွေးမျိုးတွေနဲ့ ရင်မှာ စီးဆင်းနေတဲ့ အသိတွေ။ ဘဝမှာ ပြန်တွေးကြည့်တိုင်း အဖြူစင်ဆုံးသော နေ့ရက်တွေ အဖြစ် တက္ကသိုလ် ကျောင်းတော်ကြိးက ကျွန်မအတွက် လွမ်းမောဖွယ် အတိဖြစ်လို့နေတယ်။ သတိရတိုင်း ပြန်တွေး မိနေတဲ့ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ၊ ပျော်ခဲ့ဘူးတဲ့ အတိတ်နယ်စပ် လေးကို တို့ထိမိတိုင်း ရင်မှ တထိတ်ထိတ် ခုန်နေလျှက် အစဉ်အမြဲ လွမ်းမော နေရဆဲပါ အမိတက္ကသိုလ်ရယ်။

.........................။.........................





12 comments:

ညီမလေး.
ဖတ်ပြီး အလွမ်းဝေဒနာလေး ထပ်တူခံစားသွားရပါတယ်.။
ဘယ်တော့မှ မမေ့နိုင်တဲ့ ရင်ထဲမှာ နစ်ဝင်နေမယ့် ခြေရာလေးတွေပေါ့။
ခုတွေးလိုက်တိုင်း ခုပြန်ရောက်သွားသလိုပါပဲညီမလေးရယ်..။

ခင်မင်စွာ
သဒ္ဓါ

အောင်မယ်လေးလေး...ရေးထားလိုက်တာ သူတို့ကျောင်းကြီးကို
ဟိဟိ... ကျောင်းအဝင်ကနေ ဟိုးးးးးးးနောက်ဆုံး ဘယ်အပေါက်ကနေ
ခိုးထွက်ရင် ဘယ်ရောက်တယ်ဆိုတာကစ သိနေတော့လည်း
ဟိဟိ...အမရေ့ မဖွတော့ဘူးနော။။။။
ရေးထားတာကတော့ အရမ်းမိုက်တယ်ဗျို့။။။။။။။။။။။။

ညီမရေ အမှတ်တရ တက္ကသိုလ်လေးကို သတိတရ အဖြစ် ဖတ်သွားပါတယ်။

ငယ်ငယ်ကတည်းက
သချာင်္ဆို မုန်း ...
ရှမ်း က ရှမ်းသေး .. ဟီးးဟီးး
ဒါကြောင့် အတွက်အချက် ဆို
ရှောင်လေ ဝေးဝေးး ပဲ ..း))
လာဖတ်သွားပါတယ် ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကျောင်းသူကျောင်းသား ဘဝက လောကမှာ အပျော်ရွှင်ရဆုံးပါဘဲ
ဒါပေမဲ့ မမကတော့ ချစ်ချစ်ကြီးတန်းလန်း တန်းလန်း နဲ့ ဆိုတော့ ဟဲဟဲ သိပ်တောင် မပျော်လိုက်ရဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

RC2နဲ့ ကပ်လျက်က Eco ကိုတောင် လွမ်းသွားတယ်ကွယ်....

တက္ကသိုလ်ကတော့ ဘယ်ခါဖြစ်ဖြစ် အမြဲ အမှတ်၇နေမဲ့ နေရာလေးတစ်ခုပါ။
ပျော်စရာ လွမ်းစရာ ကြေကွဲစရာ တွေ ရှိတတ်တဲ့ နေရာလေးတစ်ခုပေါ့။


ချော(အစိမ်းရောင်လွင်ပြင်)

အောင်မြင်ခြင်း ဆိုတာ ကြိုးစားတတ်တဲ့ လူတိုင်းအတွက် စောင့်ကြိုနေစမြဲပါပဲလေ>>>>>
မဟုတ်ဘူးလား? :)

မိလှိုင်ရေ ရွာသာကြီးကျောင်းက လှပါပေတယ် ဒါပေမဲ့ အရူးထောင်နဲ့ နီးတာ ခက်ပါပေတယ်း))) အကိုလည်း Eco ပါပဲကွယ် ဒါပေမဲ့ ရွာသာကြီးကတော့ မဟုတ်ဘူးး))) မိန်းမလှကျွန်းတဲ့ ဟုတ်တယ် နာမည်အရမ်းကြီးလွန်းတဲ့ သက္ကသီလကျွန်းသာပါပဲ . . . . ငါ့ညီမ ၂၀၀၂ အသုတ်တွေဖြစ်လိမ့်မယ် စနစ်သစ်အစဆိုတော့း)သိပ်မငယ်ဘူးပဲ အကိုက ၂၀၀၁ ပြီးပါ . . . Eco တော့ Eco ပဲ D နှစ်လုံးပဲ ကွာသွားတယ် Day and Distant :)))))))

ညီမက 2002 ကိုး အကိုက 2001 လေ... စီးပွားရေးတော့ဟုတ်ဘူး..
ဘာပဲပြောပြော ကျောင်းသားဘ၀ကို ပျော်တယ်ဗျ...
ကျေးလက်သားလေး

02 ကဆိုရင်တော့ နှစ်ချင်းတူမယ်ထင်တယ်။ ကျနော်တို့လည်း စနစ်သစ် စပြီးပြောင်းတဲ့နှစ်လေ။ ဆယ်တန်းကတည်းက စလိုက်တဲ့ စနစ်သစ် တက္ကသိုလ်ရောက်တော့လည်း စနစ်သစ်နဲ့တိုးတယ်၊ နောက်ဆုံး ဒီအလုပ်လေး ရတာကို စနစ်သစ်လို့ ပြောလို့ရတယ်ဗျာ။ ခံစားမှု့လေးတွေ တော်တော်များများ တိုင်ဆိုင်လို့ ကျောင်းသားဘ၀ကို လွမ်းမိပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာကို အရင်တုန်းက ကြားသာကြားဖူးတာ ရောက်ဖူးလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ဒါပေမဲ့ ဘ၀မှာ ပထမဆုံး ရန်ကုန်မြေကို ချေချရတော့ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ ဖြစ်နေတယ်။ နေခဲ့ရတာ သိပ်မကြာပေမဲ့ ပြောရရင်တော့ အများကြီးပဲ။ ဘလော့မှာ ရေးပါအုံးမယ်။ ရန်ကုန်ရောက် ကျွန်တော်အညာသား အလွဲလေးတွေအကြောင်း....:P စီးပွားရေတက္ကသိုလ်ဆိုတာကို သီချင်းတွေထဲမှာတော့ ရင်းနှီးနေတာကြာပြီ။ အခုတော့ ပိုပြီး ပြည့်ပြည့်စုံစုံ သိခွင့်ရတယ် ကျေးဇူးတင်ပါတယ်.... ပျော်ရွှင်ပါစေဗျာ....

ကျွန်မမလဲတစ်ခါတစ်လေဆိုကျောင်းကိုအရမ်းလွမ်းတာပါပဲ
ဒီဆိုဒ်ကိုမကြာမကြာရောက်ပေမယ်
ကော်နက်ရှင်မကောင်းလို့ဘာမှချန်ခဲ့လို့မရဖြစ်နေတာလေ...
့ကျွန်မဆီကိုဗျာတွေလာဖတ်တာကျေးဇူးတင်ပါတယ်ရှင်...
စနစ်သစ်ပြောင်းတဲ့နှစ်မှ၁၀တန်းရောက်တာပါ...
ကျောင်းတက်တော့၁၂၇-တက္ကသိုလ်ရိပ်သာလမ်းအဆောင်မှာနေခဲ့တာ(အပြင်ဆောင်)
IFL ရှေ့လမ်းလေးက၀င်ရတာလေ...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More