http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, April 3, 2011

ဘဝရထားပေါ်က အနုပညာသည်

ဘူတာ ဆိုက်ရောက် လာတဲ့ ရထားပေါ် လုတက်နေတဲ့ ခရီးသည် တွေရဲ့နောက်မှာ ကျွန်မနဲ့ မောင်လေး အသာရပ်ပြိး စောင့်နေ လိုက်တယ်။ ရထားရပ်ချိန်က အချိန် မကြာတာမို့ အပြေးအလွှား နေကြတဲ့ ခရီးသည်တွေလည်း အော်တဲ့သူတွေနဲ့ မနက်အာရုံဦး ဆိုပေမယ့် ဘူတာရုံက တိတ်ဆိတ်မနေပဲ ဆူညံ ပွက်လောရိုက်လို့ နေ့တစ်နေ့ရဲ့ အစကို နိဒါန်းပျိုးလို့ နေပြန်တယ်။ ကုန်သလောက် ရှိတော့မှ ကျွန်မနဲ့ မောင်လေးလည်း ရထားပေါ် တက်ဖို့ ကြိုးစားရင်း လက်ထဲရှိ ခုံလက်မှတ် နှစ်စောင်ကို သတိတရ ဆုပ်ကိုင်ရင်း ရထားပေါ် ရောက်တယ် ဆိုရုံရှိသေး ရထားက ဘီးလိမ့်နေပြီ။

တစ်ကယ်ဆို ကျွန်မ ရထားစီး ရတာကို နှစ်သက်ပါတယ်။ ရထားလမ်းဘေး တစ်လျှောက် မြင်ရတဲ့ ရူခင်းအလှတွေ၊ ငေးမောမဆုံးတဲ့ လယ်ကွင်းပြင်တွေ၊ နှစ်ချို့နေတဲ့ သစ်ပင်ကြိးတွေ၊ တစ်သွင်သွင် စီးဆင်းနေတဲ့ မြစ်တွေ၊ချောင်းတွေနဲ့ လှပတဲ့ စိမ်းစိမ်း စိုစို ရှုမျှော်ခင်းတွေကို ငေးမော ခွင့်ရတဲ့ အရသာ ကိုဘယ်လို နှစ်သက်မှန်းမသိ။ ဒါပေမယ့် ကားတွေမှာ တွေ့ရ မြင်ရခဲတဲ့ ဈေးသည် တွေကိုတော့ ရူခင်းတွေ ငေးမောရတဲ့ ဆိတ်ငြိမ်မှုကို ဆန့်ကျင်စွာ တစ်ဦးပြိး တစ်ဦးပြိး သူ့ထက်ငါ အပြိုင်ဆိုင် ရောင်ဝယ် ဖောက်ကားနေတဲ့ အော်ဟစ် သံတွေ ကတော့ တော်တော်လေး ဆူညံလှပါတယ်။

ပနာမလှပေမယ့် ဒါကလည်း ဘဝအတွက် ရုန်းကန်နေ ကြတဲ့ သူတွေမို့ ရထားကို အမှီပြုလို့ အသက်မွေး ဝမ်းကျောင်း ပြုကြတဲ့ ဘဝထဲက လူတွေပဲ မဟုတ်လားလေ။ရထားဘီး စလိမ့်ပြီ ဆိုတာနဲ့ တရွှေ့ရွှေ့ နေရာယူ လို့ရောင်း ဝယ်ဖောက်ကား နေကြတဲ့ ဈေးရောင်း သူတွေက အစီအရီ။ ကျွန်မနဲ့ မောင်လေးလည်း တာဝန်ကျ ရထားတွဲထိန်းကို လက်မှတ်ပြပြီး ထိုင်ခုံရှာဖို့ အကူတောင်း တော့ အတွဲမှားနေတာ ကြောင့် သူကပဲ ဦးဆောင်ကာ အစီအရီ ဖြစ်နေတဲ့ ဈေးသည်တွေ ကြားမှ တိုးတိုက်ပြိး ခုံနံပါတ် ရှိရာသို့ ဦးဆောင် ခေါ်လာပေးလို့ ကျွန်မတို့ မောင်နှမ နှစ်ယောက် ထိုင်ခုံမှာ ထိုင်မိကြရင်း ထုံးစံ အတိုင်း ငေးမောခြင်း ကိုနှစ်သက်တဲ့ ကျွန်မရဲ့ အစဉ်လာအတိုင်း ပတ်ဝန်းကျင် မှာရှိတဲ့ အသက်မဲ့တဲ့ ရူးခင်းတွေရဲ့ စွဲဆောင်မှု အောက်မှာ မိန်းမော နေခဲ့တယ်။

မောင်လေးကတော့ ရထားစီးရတာ ကိုစိတ်ပျက် တဲ့သူ တစ်ယောက်မို့ စိတ်ရှုပ် နေဟန် အပြည့်။ အလိုမကျတဲ့ မျက်နှာလေးနဲ့ ဟိုကြည့် ဒီကြည့်နဲ့ ဈေးသည်တွေကို အထူးအဆန်း သဖွယ် ငေးမောနေလျှက်။ နယ်မှာ ရှိတဲ့ အမကြိးဖြစ်သူ ထံအလည်သွားဖို့ ပူဆာသူကလည်း သူ။ စာမေးပွဲပြိးလို့ စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ အိမ်ကို ပြောပြတော့ မမကြိးကလဲ အလည်လာဖို့ လူကြုံပါးတာနဲ့ မောင်နှမ နှစ်ယောက်သား ခရီးထွက် လာခဲ့ခြင်းလေ။ခရိးသွားရတာ နှစ်သက်ပေမယ့် ရထား မစီးချင်ပေမယ့် ကျွန်မကလည်း ရထားစီးပြိး ငေးမောရတဲ့ အရသာကို နှစ်သက်လေ့ ရှိတာကြောင့် အလိုမကျ ပေမယ့် ဘာမှ မပြောလို့ အခုလို ရထား စီးဖြစ်ခြင်းပါ။ မဟုတ်ရင် ဒီခရီးကို ကားဖြင့်သာ သွားဖြစ်ကြမှာပါ။

ရထား  ထွက်တာ  တော် တော် လေး ခရီး  ရောက် တော့ ကျွန်မ တို့ စီးတဲ့ အတွဲမှာ ဈေးသည် တွေ တော် တော် လေး စုံ သွား ခဲ့ပြီ။  ကျောက် ဖရုံယို ရောင်းတဲ့သူ၊ ထမင်းထုပ်  ရောင်း တဲ့ သူ၊ ပြောင်းဖူးပြုတ် ရောင်းတဲ့
သူ၊  အသုတ်စုံ ရောင်းတဲ့
သူ၊ အညာ မရွေး ထုတ် ရောင်း သူ တွေနဲ့ တော် တော် လေးကို ဈေးသည် စုံသလောက် ရှိခဲ့ပြီ။ မရိုးရဘူး ကုန် ပစ္စည်း အမျိုးမျိုး နဲ့ ဈေးသည် တော်တော် များများ အလှည့် ကျပဲ သူ ပြိးရင် ငါ ဆိုပြိး အလု အယှက် ရောင်း ဝယ် ဖောက် ကားနေ လိုက်တာ။ ဘဝ ဝမ်းရေး လှုပ်ရှား ကြတဲ့ သမာ အာဇီဝ အလုပ်သမားတွေ ပေါ့။ " မောင်လေး စားချင်တာ ရှိရင် ဝယ်စားလေ " လို့ကျွန်မရဲ့ အပြောကို မောင်လေးက " ဟာ မမကလည်း မစားချင် ပါဘူး" လို့  မောင်လေးက အကြောက် အကန် ငြင်းပါသည်။

မောင်လေးရဲ့ အပြုအမှုကို ကျွန်မက သဘောတကျ ရယ်မောရင်း " မဟုတ်ဘူးလေ မောင်လေးရဲ့ ဥပမာ မာလကာသီး တို့ ဘာတို့လေ အဲဒါတွေဆို တောတွေက တက်ရောင်းတာတွေ လက်လက်ဆတ်ဆတ်နဲ့ ချိုတယ်လေ ဒီဘက်တွေက နယ်ဘက်တွေ ဆိုတော့ ရန်ကုန်လို ဈေးမကြိးဘူး အသီးအနှံတွေ ပေါတယ်၊ သက်သာတယ်လေ " လို့ကျွန်မ ရှင်းပြ ပေမယ့် မောင်လေးက ခေါင်းခါမြဲပါ။ ရထားစထွက်ချိန် တစ်နာရီလောက် ကြာတော့ ကျွန်မတို့ စီးတဲ့ အတွဲမှာ ဈေးသည် တစ်ယောက် ရောက်လာတယ်။ အသံနေ အသံထားက တော်တော်လေး လူတွေကို လွမ်းမိုးနိုင်တဲ့ အသံပိုင်ရှင်မျိုး။

ပြင်ပ ရူးခင်း တွေမှာ မိန်းမောနေတဲ့ ကျွန်မရဲ့ အာရုံတွေကနေ သူ့အသံက စွဲဆောင် နိုင်နေလိုက်တာ။ ကျွန်မ ဆိုဈေးသည်ကို မကြည့်မိသေးပဲ အသံရဲ့ စွဲဆောင်မှု၊ အပြောရဲ့ ထိရောက်မှု တွေနဲ့ တရားတွဲ တစ်တွဲလုံး သူရဲ့အသံအောက်မှာ ငြိမ်သက် နေတယ် ဆိုတာတော့ ကျွန်မ သိလိုက်တယ်။ နားထောင်ရတဲ့ အသံရှင်ကို ဘယ်လို ပုံစံမျိုးနှင့် သူပါလဲဆိုတဲ့ စိတ်နဲ့ ကျွန်မရှာ ဖွေကြည့်လိုက်တော့ ခုတ်မောင်းနေတဲ့ ရထားတွဲရဲ့ အလည်မှာ မားမားမတ်မတ် စမတ်ကျကျ ရပ်လို့ သူ့ရဲ့ ရောင်းဝယ်တဲ့ ပစ္စည်းကို အသေးစိတ် ရှင်းပြလို့ အားကျိုး မန်တက် ပြောနေလိုက်တာ သူရဲ့ နဖူးစပ်တွေမှာ ချွေးသီးလေးတွေ စို့လို့။

အရွယ်အားဖြင့် ကျွန်မနဲ့ သိပ်မကွာလှသလို ကြိးတစ်နှစ် ငယ်တစ်လောက်ပဲ လို့တွေးရင်း သူရဲ့ အသက်မွေး ဝမ်းကျောင်းမှု အပေါ် စိတ်ဝင်တစားနဲ့ ကျွန်မရဲ့ အာရုံတွေက သူ့ထံမှာ ကျရောက်နေလျှက်။ ဖြူဝင်းနု ဖတ်နေတဲ့ အသားရေဟာ မိန်းခလေး တစ်ယောက်လိုပဲ အစိမ်းရောင် သန်းနေလျှက်။ ညို့စိမ်းမည်းနက် နေတဲ့မျက်ခုံး နှစ်ဖက်ကလည်း အသားဖြူ ပေါ်မှာမို့လားမသိ စိမ်းညို့နေတဲ့ တောတန်းတစ်ခုလိုပဲ။ ထူမယောင်နဲ့ လေးကိုင်းသဏ္ဍန် နှုတ်ခမ်း တွေကလည်း အတက်အကျ ညီစွာ လှုပ်ရှားနေ လိုက်တာ ကျွန်မ စိတ်ထဲ ဒီလူ လူနဲ့ လုပ်နေရတဲ့ အလုပ်နဲ့ ဘာမှ မသက်ဆိုင် သလိုပဲလို့ စိတ်ထဲ တွေးနေ မိရင်း သူရဲ့ ကုန်ပစ္စည်း ရောင်းဝယ်မှုကို ကျွန်မ အကဲခတ် နားထောင်နေ မိသည်။

သူရဲ့ လုပ်ငန်းပေါ်မှာ သူက ကျွမ်းကျင်၊လိမ္မာမှု အပြည့် ရှိသလို စိတ်ဝင်စားမှု အပြည့်နဲ့ လူတွေရဲ့ အာရုံစိုက်မှုကို ပိုင်ပိုင်နိုင်နိုင် ရယူထားတဲ့ သူတစ်ယောက်ပဲလို့ ကျွန်မ တွက်လိုက်မိရင်း သူရဲ့လှုပ်ရှားမှုတွေကို အဆက်မပြတ် ငေးမော ကြည့်ရင်း ကျွန်မနဲ့အတူ မောင်လေးကပါ ထိုသူကို စိတ်ဝင်တစား စူးစိုက် ကြည့်နေတယ်လေ။ခဏကြာတော့ မောင်လေးက ကျွန်မနား ကပ်ပြိး " ဒီလူ ရုပ်နဲ့ လုပ်နေတဲ့ အလုပ်နဲ့ ဘာမှမဆိုင်ဘူး " လို့ ခပ်တိုးတိုး လာပြောတော့ ကျွန်မတို့ မောင်နှမ နှစ်ယောက် သူ့ကိုကြည့်ပြိး သဘောတကျ ရယ်မောမိခဲ့ ကြသည်။ သူက သူ့ရဲ့ ကုန်ပစ္စည်းကို အသေးစိတ် ရှင်းပြနေ ချိန်မှာလဲ အပြောထိထိ မိမိရှိရုံသာ မက အရွန်းအဖောက် ကြောင့်လည်း ရထားပေါ်မှာ ရယ်မောသံ တွေနဲ့ညံလို့ပါပဲ။

သူရှင်းပြ ပြိးတဲ့ အချိန်မှာ သူက သူ့ရဲ့ ကုန်ပစ္စည်းကို ရောင်းချ ချိန်မှာတော့ တခြားဈေး သည်တွေနဲ့ ခြားကာ သူရဲ့ ပစ္စည်းက အရောင်းသွက် လှပါသည်။သိပ်မကြာတဲ့ အချိန် တွင်းမှာပဲ သူရဲ့ ကုန်ပစ္စည်း ကုန်သွား ပြီဖြစ်ကြောင်း သူ့ဆီက ကြေငြာ သံကြောင့် ကျွန်မနဲ့ မောင်လေး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြိး ပြုံးမိလိုက်သည်။ ရထားကြိးကတော့ တရွှေ့ရွှေ့နဲ့ ခရီးဆက် နေဆဲ။ ကျွန်မတို့ မောင်နှမရဲ့ ထိုင်ခုံက ရထားတွဲ တစ်တွဲနဲ့ တစ်တွဲဆက်ရာ အစွန်ဆုံး နေရာတစ်ခု ဖြစ်သလို အတက်အဆင်း နဲ့နီးသည့် နေရာ တစ်ခုဖြစ်တာကြောင့် ဈေးသည်တွေအတွက် တစ်တွဲနဲ့တစ်တွဲ ကူးသန်းရောင်ဝယ် ဖို့အတွက် ဂိတ်တစ်ခုလို ဖြစ်လို့။ ကျွန်မတို့ရဲ့ ရှေ့မှာ ဈေးသည်တွေ အစီအရီ ရှိနေတက်ပြန်တယ်။

ကျွန်မတို့နဲ့ အနီးဆုံး အဝင်ဝ အတွဲနားမှာ စောစောက ဈေးရောင်းတဲ့ အသံပိုင်ရှင် လူက လာရပ်လျှက် ကျွန်မတို့ကို ပြုံးပြ နှုတ်ဆက်တော့ ကျွန်မလည်း ပြန်လည် ပြုံးပြနှုတ်ရင်း အသိမှတ် ပြုလိုက်ရင်း စိတ်ထဲမှလဲ ဒီလူ့အကြောင်း စိတ်ဝင်တစား အကဲခတ်နေ မိသည်။ ခဏကြာတော့ မောင်လေးက အဘွားအို တစ်ယောက်အတွက် နေရာထပေးတော့ သူနဲ့မောင်လေးက ရထားပေါ်မှာ မတ်တက် ရပ်လိုက်ပါရင်း စကား တစ်ပြောပြောနဲ့ ခဏတွင်း ရင်းနှိးလို့။ ကျွန်မက ခပ်ဝေးဝေးက ရူခင်းတွေဆီ အကြည့်ကို ပို့ထားခဲ့ပေမယ့် ထိုသူအကြောင်း ကိုတွေးနေမိတယ်။

အလိမ်အညာတွေ ပေါလှတဲ့ ဒီလိုလောက ထဲမှာ ရုပ်ရည်နဲ့ ဆန့်ကျင်စွာ လုပ်ကိုင်နေတဲ့ အဲဒီလူရဲ့ အကြောင်းတွေ ကျွန်မရဲ့ အတွေးတွေထဲမှာ စိုးမိုးနေလျှက်။ လူငယ်တွေမို့ ထင်ပါရဲ့ ခဏလေး အချိန်တွင်းမှာ ရင်းနှီးသွားတဲ့ မောင်လေးနဲ့ ထိုလူက အပြန်အလှန် စနောက်နေကြတယ်။ ကျွန်မဘေးမှာ မောင်လေးနေရာမှာ ဝင်ထထိုင်တဲ့ အဘွားကလည်း သူနဲ့မောင်လေးနဲ့ အပြန်လှန် စနောက်နေတဲ့ စကားတွေပေါ်မှာ သဘောတကျ ရယ်မောလျှက်။ တစ်ခဏ ဆိုမှ တစ်ခဏပါပဲ သူက အဲဒီနား တစ်ဝိုက်မှာ ရှိတဲ့ ဈေးသည် အချင်းချင်း၊ ခရီးသွား တွေကို အမတန်သည်အမ၊ အဒေါ်တန်သည် အဒေါ်၊ အဘွားတန်သည် အဘွားနဲ့ လှည့်ပတ် စနောက်နေလိုက်တာ ရထားတွဲ တစ်လုံးမှာ သူရဲ့ နောက်ပြောင်မှု အောက်မှာ ရယ်မော ပြုံးရွင်နေ ကြလျှက်။

ဘေးနားက အဘွားက သူ့မဆင်းရမဲ့ ဘူတာရောက်မှ ဆင်းသွားတော့ မောင်လေးက သူ့ခုံနေရာ မှာ ပြန်ထိုင်ရင်း ကျွန်မတို့ သုံးယောက်သား အပြန်အလှန် စကား မမြည် ပြောရင်း ထိုသူနဲ့ အသိအကျွမ်းသဖွယ် ခဏလေး အတွင်းမှာပဲ ရင်းနှိးခဲ့ရတယ်။သူနဲ့ စကား စမြည် ပြောဖြစ်မှ ပိုပြိး အံ့သြစရာ ကောင်းတာက သူက ကျွန်မတို့လိုပဲ ခတ်ပညာတက် ဘွဲ့ရတစ်ယောက် ဖြစ်နေတဲ့ အပြင် ကျွန်မထပ် တစ်နှစ်ခွဲ ကြိးတဲ့ ထိုသူက ဇာတ်ပွဲ(အငြိမ်ပွဲ) တွေမှာ လူပျက် အဖြစ် သရုပ်ဆောင်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့ အကြောင်း သိရတော့ ကျွန်မမှာ တော်တော်လေး အံ့သြခဲ့ရတယ်။

" ရှင့်ရုပ်နဲ့ ရှင်ကတဲ့ ဇတ်တွေမှာ မင်းသားထပ် ချောနေတဲ့ အတွက် ရှင့်ကို ပရိသတ်ပို သဘောကျ မယ်ထင်တယ် " လို့ ကျွန်မရဲ့ အပြောမှာ သူက သဘောတကျ ပြုံးနေလျက်။ " ခင်ဗျား လူပျက်မလုပ်ပဲ မင်းသား လုပ်ရမှာဗျ " လို့ မောင်လေးကပါ ထောက်ခံ ဝင်ပြောတော့ ဘာရယ်မဟုတ် ကျွန်မတို့ သုံးယောက်ရဲ့ စကားဝိုင်းက စိတ်ဝင်စားဖို့ ပိုကောင်းလာခဲ့တယ်။ " ကျွန်တော်ရဲ့ ရည်မှန်းချက်က နိုင်ငံကျော် ဟာသ သရုပ်ဆောင် ဖြစ်ချင်တာ လေ" လို့ ရယ်နေလျှက်မှ အပြုံး မျက်နှာတဲ့ သူက ပြောပြတယ်။ " ဖြစ်မဖြစ်ကတော့ ဘုရားပဲ သိမှာပါ ကျွန်တော်ကတော့ ကြိုးစား နေရဆဲ ဘဝအခြေနေပါ ဗျာ" လို့ခပ်အေးအေး ဆိုပြန်တယ်။

" ရှင့် ရူပကာနဲ့ဆို မင်းသားလဲ လုပ်လိုရတယ်နော် အဲဒါ တစ်ကယ်ပြောတာ " လို့ ကျွန်မက ပြောတော့ " ကျွန်တော် ဟာသ သရုပ်ဆောင်ပဲ ဖြစ်ချင်တာ အဲဒါဖြစ်ရရင် တော်ပါပြီ မင်းသား ဖြစ်ဖို့ ကျွန်တော် မမျှော်လင့်ရဲပါဘူး " လို့သူက ပြန်ဖြေတယ်။ " ပြောတော့ ရှင်က ပွဲတွေ က တယ်လည်းဆိုသေး ဘယ်လိုလုပ် ရထားပေါ် ဈေးရောင်းတဲ့ ဘဝ ရောက်နေရတာလဲ " လို့ကျွန်မ မေးတော့ " ဒီလိုလေဗျာ ပွဲတွေက နွေမှ ကကြရတာလေ၊ မိုးတွင်းဆို ကျွန်တော်တို့ ဇတ်အဖွဲ့ သမားတွေ အလုပ်မရှိဘူး ၊ ဝမ်းစာရေးက မိုးတွင်း အလုပ်မရှိလို့ ဆိုပြိး မစားပဲ နေလို့မရ ဘူးလေ၊ အဲဒီတော့ ဒီလိုပဲ ကျွမ်းကျင်ရာ လိမ္မာရာ ဝမ်းတစ်ထွာ အတွက် ရုန်းကန် လှုပ်ရှားကြရတာလေ ဘဝဆိုတာ အဲလိုပါပဲ ဟောဒီ ရင်ဘတ် ထဲမှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ပေါ့ဗျာ၊ ရည်မှန်းချက် မပြည့်ခင် လဲကျအလျှော့ ပေးလို့ ဘယ်ဖြစ်ပါ့မလဲနော်၊ မဟုတ်ဘူးလား ကြိုးစားနေမှ တန်ရာကြတယ်လေ၊ ခင်ဗျားလဲ သိမှာပါ ဒူးလောက်တင်မှ ရင်လောက် ကျတာကိုလေ" လို့ခပ်အေးအေး ပြန်ပြော ပြန်ပါတယ်။

သူရဲ့ မျက်ဝန်းတွေမှာ အရောင်တွေ လက်နေလျှက် သူတစ်ကယ်ပဲ နိုင်ငံကျော် ဟာသ သရုပ်ဆောင် ဖြစ်ချင်ရှာတဲ့ သူ့ရဲ့ အပြောတွေက မျက်လုံးတွေမှာ ဖိတ်ဖိတ်လက် နေခဲ့တာကို ကျွန်မ အကဲခတ်မိရင်း " သေချာပါတယ် ရှင်သာ ရည်ရွယ်ချက် မပျောက်အောင် တစ်စိုက်မက်မက် လုပ်ဆောင်ရင် ရှင့်အတွက် နေရာ တစ်ခု ရလာမှာပါ အခုလဲကြည့်လေ ရှင်ရထားပေါ်က ခရီးသည်တွေကို ဘယ်လောက် စွဲဆောင်နိုင်လဲ အဲဒါက လက်တွေ့ပဲလေ၊ ဇတ်ပွဲတွေမှာဆို အခုထပ် ပိုဆိုးမှာပေါ့ လူတွေက ရှင့်ဆီမှာပဲ အာရုံ စိုက်မှု ပိုရမှာပါ ၊ ရှင်သိလား တစ်ခါတစ်လေ ပရိတ်သက်က မင်းသားထပ် ဇတ်ရံတွေကို ပိုနှစ်သက်ကြတယ် ၊ဇတ်မင်းသားထပ် ဟာသ လုပ်တဲ့ လူပျက်တွေကို ပိုသဘောကျကျတယ်လေ" လို့ ကျွန်မပြောတော့ သူက ပြုံးလျှက် ခေါင်းငြိမ့်ရှာတယ်။

အဲလိုတွေ စကားတွေ အပြန်အလှန်ပြော ဖြစ်ရင်း ကျွန်မတို့ ဆင်းရမဲ့ ဘူတာရောက်ခါနီးတော့ ကြုံရင်လာလည် ပေါ့ကျွန်မတို့ မောင်နှမနှစ်ယောက် ဆီကို ဆိုပြိး ကျွန်မတို့ရဲ့ လိပ်စာ ရွတ်ပြတော့ ဥာဏ်ကောင်းတဲ့ သူက ချက်ချင်းပဲ ကျွန်မတို့ မောင်နှမ နှစ်ယောက်ရဲ့ လိပ်စာကို အလွတ်ကျက်လို့ မေ့သွားမှာ ဆိုးလို့ ဆိုပြိး မှတ်စုစာအုပ်လေးမှာ ခုတ်မောင်းနေတဲ့ ရထားနဲ့ အပြိုင် ချရေးရင်း " ကျွန်တော် ဆက်ဆက် လာလည်ပါ့မယ် ဗျာ" လို့ပြောတော့ မောင်လေးက " အိမ်မှာ ခင်ဗျားလာလည်ရင် ကိုက်ဖို့ ခွေးကြိးကြိး တစ်ကောင် မွေးထားတယ် မကြောက်ရင် လာခဲ့ဗျ" လို့ အရွန်းဖောက်ပြောပြန်တယ်။

သူကလဲ အားကျမခံ " ကျွန်တော်ကလည်း ခွေးလောက်တော့ စာမဖွဲ့ပါဘူး ဗျာ " ဆိုပြိး အရွန်းဖောက်ရင်း ခရီးသွားရင်း မိတ်ဆွေဖြစ်လို့ ခရီးသွား အမှတ်တရ အနေနဲ့ သူနဲ့သိကျွမ်းခဲ့ရတယ်။ အဲဒီလိုနဲ့ အချိန်တွေ တစ်လလောက် ကြာတော့ ကျွန်မတို့ အိမ်ကို သူစိုက်စိုက် မတ်မတ် အလည်ရောက်ခဲ့တယ်လေ။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ ကျွန်မရဲ့ မွေးနေ့ဖြစ်သလို ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလည်း (နိုင်ငံရပ်ခြားမှာ ဘဝအတွက် ပညာရေး လေ့လာဆည်းပူရန်) ဖြစ်နေတာမို့ အိမ်မှာ သူငယ်ချင်းတွေနဲ့ စုစုရုံးရုံး ဆူဆူညံညံ ဖြစ်နေတဲ့ အချိန်။

သူကလည်း လိပ်စာနဲ့ တည့်မတ်စွာ ရောက်လာတော့ " ဘယ်ဆိုးလို့လဲ ရှင့်ရဲ့ ကိုယ်စောင့်နတ်က အရမ်းတော်တာပဲ ဘယ်မှာ ဝါးတီးရှိတယ် ဆိုတာ အတက်သိနေ သလိုပဲ နော် " လို့ ကျွန်မရဲ့ နောက်ပြောင်မှုကို သူကလည်း အားကျမခံပါပဲ " ဒါပေါ့ဗျာ အလှူရှိလို့ ထမင်းစားခွင့်ကြုံတာ မနာလို မဖြစ်ပါနဲ့ အဟဲ " တစ်ကယ်ကို မိတ်ဆွေ ရင်းချာတွေလိုပဲ ပြောမနာ ဆိုမနာပါပဲ။ ကျွန်မရဲ့ အမေကတောင် အခုမှ လာတဲ့ ဧည့်သည်ကို အဲလိုပြော ရကောင်းလားလို့ ဆူနေပေမယ့် မမျှော်လင့်ပဲ သူနဲ့ကျွန်မနဲ့ မောင်လေးနဲ့ အပြန်အလှန် စနောက်နေကြရင်း တစ်ဆက်တည်း သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးတော့ သူရဲ့ ပရော်ဖက်ရှင်းနယ် ကြောင့် သူငယ်ချင်းတွေ မိန်းခလေးတွေက သိပ်သဘောမကျ ကြဘူးလေ။

" နှင်းဆီ နင်နဲ့ အဲလူက ဘာတွေလဲ " သူငယ်ချင်းက စိတ်ဝင်စားစွာ မေးတော့ " အမလေး မမရယ် ဘာကမှာလဲ ခရီးသွားရင်း မိတ်ဆွေပါဟ သူရဲ့ ဘဝက စိတ်ဝင်စား ဖို့ကောင်းသလို သူကျင်လည်တဲ့ ဘဝကလည်း ငါတို့နဲ့ ဘာမှမဆိုင်ဘူး ပြိးတော့ သူရဲ့ရည်မှန်း ချက်ကဘာလဲဆိုတော့ နိုင်ငံကျော် ဟာသ သရုပ်ဆောင် ဖြစ်ချင်တာ တဲ့သိပြီလား " လို့ သူငယ်ချင်းကို တိးတိုးရှင်းပြ တော့မှ သူငယ်က " သြော် မသိပါဘူး နင်နဲ့ ဘာညာ လားလို့ " တဲ့လေ။ " မိတ်ဆွေပါ ဟုတ်တယ် မိတ်ဆွေလို့ သုံးနှုန်းတာ ပိုမှန်တယ် " လို့ တိးတိုး ပြန်ပြောရင်း အဲဒီနေ့က တော်တော်လေး ပျော်ဖို့ ကောင်းခဲ့ပါတယ်။

ကျွန်မရဲ့ မောင်နှမတွေ သူငယ်ချင်းတွေ ကြားထဲမှာ လူငယ်တွေ အပြန်လှန် စကြ နောက်ကြရင်း တော်တော်လေး မိုးချုပ်မှ အားလုံးနှုတ်ဆက် ခွဲခွာ ဖြစ်ကြတယ်။  နှုတ်ဆက်ခွဲခွာ ချိန်မှာ နောက်ဆုံးနှုတ်ဆက် ဖြစ်တာက သူနဲ့ကျွန်မ နှစ်ယောက်သား။ တစ်ကယ်ကို ခဏလေး ခင်ကြမင်ကြပေမယ့် တစ်သက်မမေ့ စရာမိတ်ဆွေ တွေအဖြစ်နဲ့ပေါ့။ အသင့်ရေးထားတဲ့ သူရဲ့ နာမည်နဲ့အတူ လိပ်စာ၊ ဖုန်းနံပါတ်တွေ နဲ့ စာရွက်လေးကို ကျွန်မဆီသို့ ကမ်းပေးရင်း " စိတ်မကောင်းပါဘူး ခင်ဗျားနဲ့ ခင်မင်ခွင့် ရတဲ့အချိန် နည်းလို့ အချိန်တွေ အများကြိး ခင်မင်ခွင့်ရချင်ခဲ့တာ အခုတော့ ခင်ဗျားက အဝေးကြိးကို သွားဖို့ ခြေလှမ်းတွေ တစ်သီးကြိးနဲ့ ကျွန်တော်ကတော့ သတိရနေမှာပါဗျာ " လို့ နှုတ်ဆက်စကား ပြောရှာတဲ့သူ။

" ကျွန်မတို့တွေ တစ်ချိန်ချိန် ပြန်လည်ဆုံ တွေ့ကြမှာပါ အဲဒီအချိန် ရှင်မျှော်လင့်သလို နိုင်ငံကျော် ဟာသ သရုပ်ဆောင်ဖြစ်ရင်သာ ကျွန်မကို မမေ့သွားနဲ့ အခုလောလောဆယ် ကျွန်မက ပထမဆုံး ရှင့်ကို ယုံကြည်မှု အပြည့်ရှိတဲ့ ပရိသတ် တစ်ယောက် အနေနဲ့ ကျွန်မရဲ့ လက်ကိုင်ပဝါလေးမှာ ရှင့်ရဲ့ လက်မှတ်လေး အမှတ်တရ လိုချင်ပါတယ် ရှင်" လို့ ကျွန်မရဲ့ အပြောကြောင့် သူက တစ်အံ့တစ်သြ ကျွန်မကို စိုက်ကြည့်လို့။ ပြိးတော့ ကျွန်မပေးတဲ့ လက်ကိုင်ပဝါ လေးပေါ်မှာ လက်မှတ်ထိုးပြိး ကျွန်မထံသို့ ပြန်လည် ကမ်းပေးရင်း " ကျွန်တော်ကို အခုလို ယုံကြည်တဲ့ အတွက်ရော ခင်ဗျားရဲ့ ခွန်အား ဖြစ်စေတဲ့ စကားတွေကြောင့် ကျွန်တော် ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ကြိုးစားပါမယ် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ခင်ဗျား ပြန်လာဖြစ်ခဲ့ရင် ကျွန်တော်အတွက် အချိန်ပေးနိုင်မယ် ဆိုရင် ခင်ဗျားနာမည် ကြားရုံနဲ့ ကျွန်တော် ခင်ဗျားဆီ ခဏလေးပဲဖြစ်ပါစေ အပြေးလာခဲ့ပါ့မယ် " လို့ ဝန်ခံ ကတိတွေနဲ့ သူရဲ့ စကားသံတွေက တုန်ရီနေ လျှက်။

" စိတ်ချပါ ကျွန်မလည်း ရှင့်ရဲ့ သတင်းကောင်း စောင့်မျှော် နေပါ့မယ်" လို့ အပြန်လှန် နှုတ်ဆက်ရင်း နှုတ်ဆက်ဖြစ် ခဲ့ကြတယ်လေ။ ကျွန်မလည်း အမိမြေကို ခတ္တခဏ စွန့်ခွာလျှက် တစ်ခါတစ်လေ သူဘယ်လို လုပ်နေလဲလို့ သတိရရုံကလွဲပြီး သူ့ဆီ အဆက်သွယ် မလုပ်ဖြစ်ခဲ့သလို သူ့ရဲ့ သတင်းတွေလည်း မကြားနိုင်ခဲ့ဘူး။ အဆင်ပြေ ပါ့မလား ဘာတွေများ လုပ်နေပါလိမ့်လို့ တွေးမိပေမယ့် ကျွန်မကိုယ်တိုင်လည်း ကျွန်မရည်မှန်းချက် တွေအတွက် ကြိုးစားနေရ တာမို့ သူ့ကို မေ့လျှော့လို့ သွားခဲ့တယ်။

တစ်နေ့ ကျွန်မ သူငယ်ချင်းနဲ့ အချိန်တော်တော် ကြာဖုန်းပြောဖြစ်တော့မှ သူငယ်ချင်း ဆီက " နှင်းဆီ နင်ရဲ့ နှုတ်ဆက်ပွဲ တုန်းက ရထားပေါ်က ခင်တယ်ဆိုတဲ့ တစ်ယောက်လေ အခုတော်တော် ဟုတ်နေတာ TV က အစီစဉ် တွေတော်တော်များများ ပါနေသလို ဟာသ ခန်းတွေမှာလဲ နေရာရနေပြီ သိလား " လို့ သတိတရ ပြောပြလို့ သူ့သတင်း ကြားရတဲ့ အခိုက် ကျွန်မက ဘာမဆိုင် ညာမဆိုင်နဲ့ ဝမ်းသာ ကြည်နူးလိုက်ရတာ။

သူရဲ့အောင်မြင်မှု အတွက် ဂုဏ်ယူ နေမိတာ။ အပြေးအလွား ပို့စ်စကတ် တစ်ခု ရေးပြိး သူရေးပေးတဲ့ လိပ်စာအတိုင်း သူ့အတွက် ထပ်တူ ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း ရေးပြိး စာတိုက်မှ ပို့လိုက်ပြီး စာရောက်မည့် ရောက်လောက် မှန်းပြီး သူ့ဆီ ဖုန်းခေါ် ဖြစ်တော့ ဝမ်းသာ နေလို့ စကားလုံးတွေ မေ့နေတဲ့ သူရဲ့ စကားတွေ က ထစ်ငေါ့နေလိုက်တာ၊ အစီအရီမဖြစ်တဲ့ သူရင်ထဲက စကားသံ တွေကို ပီတိ တစ်ခုအနေနဲ့ နားဆင်ရင်း ကျွန်မကပဲ သူ့ကိုယ်စား " ရှင် စကားလုံးတွေ မှားနေတာ စင်ပေါ် ရောက်ရင် ဒုက္ခ ရောက်နေမယ် နော် ဘာပဲပြောပြော ကျွန်မလို အဝေးရောက် နေတဲ့သူဆီ ရောက်လာတဲ့ ရှင့်ရဲ့ အောင်မြင်မှု သတင်း အတွက် ကျွန်မက ဂုဏ်ယူ ဝမ်းမြောက်တယ် ဆိုတဲ့ အကြောင်း ရှင်သိစေချင် လို့ပါ " လို့ပြောပြိး နှုတ်ဆက် ရင်း ဖုန်းချဖြစ်ခဲ့တယ်။

ဒီလိုပါပဲ ဘဝလမ်းပေါ်မှာ ရည်ရွယ်ချက်တွေနဲ့ လျှောက်လှမ်း ကြရတဲ့ ကျွန်မတို့လို လူငယ်တွေမှာ မမြင်ရတဲ့ အခက်ခဲတွေ ၊ ဒုက္ခတွေ ဆိုလည်း မရေတွက်နိုင် အောင်ရှိနိုင်ပါတယ်လေ။ ရည်ရွယ်ချက်သာ မပျောက်ပဲ မတိမ်းမစောင်း ကြိုးစား ခဲ့ကြမယ်ဆိုရင် ကျွန်မရဲ့ မိတ်ဆွေ လိုပဲ သူရည်ရွယ်ရာ ပန်းတိုင် ကိုအရောက်လှမ်း နိုင်မှာပဲ မဟုတ်ပါလား လို့ စိတ်နှလုံး သွင်းရင်း မပြည့်သေးတဲ့ ကျွန်မ ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်သို့ လျှောက်လှမ်းဖို့ ခွန်အားတွေ ကျွန်မရဲ့ ခန္ဒာကိုယ် သွေးကြော ထဲ စီးဆင်းနေလျှက်။

စာဖတ်သူများအား
အစဉ်အမြဲလေးစားလျှက်
ကြိုးစားပါအုံးမည်။







15 comments:

အဲဒါ ဇာဂနာထင်တယ်နော်။ ဒါမှမဟုတ် ရာဇာနေ၀င်းလား၊ မြန်မာနိုင်ငံမှာတော့ အဲဒိလို ဘ၀ရပ်တည်မှုမျိုး သိပ်မတွေ့ရဘူး။ ထက်ကို ထပ် ထပ်နဲ့ ပြောတာတော့ တော်တော် စိတ်ပျက်စရာကောင်းပါတယ် ဖတ်၇တာ အနှောက်အယှက်ဖြစ်တယ်။ တမင်လုပ်ရေးတာလို့ပဲ ထင်တယ်။ အောင်မြင်ပါစေ။

ညီမရေ စာဖတ်သွားတယ်ဗျာ..
အားပေးနေတယ်နော်..
ကျေးလက်သားလေး

အင်း...
တော်တော် ကောင်းတယ်ဗျ၊
ရေးတာ နဲနဲ သွက်နေလို့  ရင် နဲနဲ ခုန်ရပေမယ့်  အဲ..
ရင်ကို နဲနဲ လှုပ် သွားရတယ်ဆိုကတဲက ကောင်းလို့ ပေါ့ ဗျာ..။
အဲ့ဒီ ပါရမီရှင်နဲ့  ဇာတ်လမ်းတစ်ခု ဆက်ဖွဲ့ လို့ ရမယ်ထင်..။
ဓါတ်ပုံလေးများနဲ့  ဝေဆာ.. နေလို့  ပိုလို့ တောင်ကောင်း...။

အမရေ လာဖတ်သွားတယ်ဗျာ..အဲဒီလူရဲ့ ဇွဲကိုတော့ချီးကျုးပါတယ်..

စကားမစပ်..စာပိုဒ်လေး နည်းနည်းပို ခွဲပေးပါလားဟင် ဖတ်ရင်းနဲ့ပျောက်ပျောက် သွားလို့ ကျနော်က မျက်လုံးသိပ်မကောင်းဘူးဗျ. :P

have a good day

အဲဒီလူ အပြင်မှာတကယ်ရှိရင် လေးစားပါတယ်လို့ ပြောလိုက်ပါ ညီမရေ
လူတွေတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရထားလိုမောင်းနှင်နေရချိန်မှာ ရည်မှန်းချက်ကြီးကြီးထားပြီး ခုတ်မောင်းနိုင်ပါမှ ပန်းတိုင်ကို ရောက်မှာပါ။
ဘယ်နေရာရောက်နေနေ မလျော့သောဇွဲနဲ့ ကြိုးစားမယ်ဆို အဲဒီလူအတွက် ပန်းတိုင်ဆိုတာ ရောက်ကိုရောက်ရမှာပါ။ လူငယ်တွေခွန်အားပေးတဲ့ ၀တ္ထုလေးအတွက် ကျေးဇူးပါညီမရေ။
အပေါ်ကတစ်ယောက်ပြောသလို စာနည်းနည်းများရင် စာပိုဒ်ကို တစ်ပိုဒ်နဲ့တစ်ပိုဒ် ခြားပေးတာ ဖတ်ရပိုအဆင်ပြေမယ် ညီမလေး။
ဇာတ်လမ်းလေးက သိပ်ကောင်းနေရက်နဲ့ စာဖတ်ရအဆင်မပြေဖြစ်ရင် အားနည်းချက် ဖြစ်သွားနိုင်တယ်။
အဆင်ပြေပျော်ရွှင်ပါစေညီမလေးရေ

ရည်မှန်းချက်ကို မြဲမြဲမြံမြံဆုတ်ကိုင်ထားနိုင်သူတွေက လူတော်တွေပေါ့ .. လက်မလွတ်သွားအောင် သတိကြီးကြီးနဲ့ ရှေ့ဆက်ဖို့ ပြတ်သားတဲ့စိတ် ခိုင်မာတဲ့ စိတ်ဓါတ်လဲ လိုလိမ့်မယ် ..

ဟုတ်တယ်ဟုတ် ..း)

ညီမလေး စာပိုဒ်လေးတွေ ခြားထားလိုက်ပါပြိ။
ကိုထွဋ် ရေ စောရိးပါနော်...တစ်ခါတစ်ခါ အဲလိုပဲ..အဟီး။
မမချော ကျေးဇူးပါနော်။
ဘုန်းဘုန်းဘုရား သတ်ပုံက တမင်လုပ်ရေးတာ မဟုတ်ပါဘူး မှားကို
မှားနေကျလို ဖြစ်နေတာ..သတိထားပြိးပြင်ပါ့မယ်။

ရာဇာနေ၀င်းမဟုတ်လောက်ပါဘူး ဘုန်းဘုန်းရဲ့။ ရာဇာနေ၀င်းက သင်္ဘောသားလုပ်နေတာအကြာကြီး။ ပြီးတော့ သူတို့အသိုင်းအ၀ိုင်းက နာမည်ရှိ ပိုက်ဆံချမ်းသာတယ်ဆိုတော့ ရထားပေါ်မှာဈေးလိုက်မရောင်းဘူး ထင်တာပဲ။

ညီမ ရေ

ခွန်အားရှိစေတဲ့ စာလေး ကိုလာဖတ်သွားတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လောကဆိုကတော့ ထူးတော့လည်း ထူးဆန်းသား။
အရာရာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်သွားနိုင်တယ်။
ရောက်ရာ နေရာမှာ ပျော်ရွှင်တတ်ဖို့ အဓိကပါပဲ။

စာလာဖတ်သွားပါတယ်...ကောင်မွန်တဲ့အေ၇းအသားတွေကို အသေအချာဖတ်သွားတယ်.........။

ဘ၀ သမားတွေပေါ့။ ဘ၀အတွက် ရုန်းကန်နေရပေမယ့် ရည်မှန်းချက်တော့ အပျောက်မခံဘူးနော်။ အဲဒါတော့ ချီးကျူးစရာပဲ။ ရထားပေါ်မှာ ဈေးရောင်းပေမယ့် သူဖြစ်ချင်တာကို ရအောင်လုပ်သွားနိုင်တယ်။

ဒီစာကတော့ ဖတ်လို့ ကောင်းပါတယ်။ သူက လက်တွေ့ သမားပေါ့။

စာအရေးအသားလေး ဖတ်ရတာ အဆင်ပြေပါတယ်။ ဇာတ်လမ်းလေးကလည်း ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့စေတယ်။ အဖြစ်မှန်ကို ရေးထားတာလား။ စိတ်ကူးယဉ် ဇာတ်လမ်းလေးလားပာင်။

လက်ရာလေးတွေ အရမ်းကောင်းတယ်ညီမရေ...။
အားပေးလျှက်...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More