
Sunday, March 31, 2013
“ အလွမ်းဟု…. မမြည်စေရ”
ကာလအတန်ကြာ
လွမ်းနေခဲ့ရတဲ့ နေရာလေးကို တိတ်တိတ်ကလေးပဲ ခြေချလိုက်တော့မယ်။ လွမ်းမော ဆွံ့ပျံ့ဖွယ်
ရေတမာပင်လမ်းတွေကို တစ်ကိုယ်တည်းပဲ လျှောက်ဖြစ်မယ်ထင်တယ်။ ကန်ရေပြင်ပေါ်မှာ ဆော့ပြေးကစားနေတဲ့
ကြက်ခွက်လှိုင်းလေးတွေနဲ့ ရေမျက်နှာပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့် လေတိုးသံသဲ့သဲ့ကို
ဂီတတစ်ခုလို နားဆင်မယ်။ နံဘေးမှာ မရှိနေတဲ့ ချစ်သူဆီကို အတွေးနဲ့ တီးတိုးစကားဆိုတဲ့အခါ
…ကိုယ်တစ်ယောက်တည်း ရှက်ပြုံးလေးနဲ့ ပြုံးနေမယ်။ ဒီအချိန်ဆို ပိတောက်နဲ့အတူ ငုတွေလည်း
လှိုင်နေတော့မယ်..။ ပန်း မပန်တက်ပေမယ့် ပန်း ချစ်သူမို့ ငုပန်းတွေအောက်မှာ.. ခြေဆင်းထိုင်ရင်း
ငေးမောဖြစ်မယ်ထင်တယ်။
ပိတောက်နဲ့အတူ
အေးမြတဲ့ ရေစက်ရေမှုန်လေးတွေကို ထိတွေ့ဆော့ကစားမယ်။ တစ်ချို့တစ်ချို့သော အပြောင်းအလဲတွေကို
ပြန်လည်ဆန်းစစ်ရင်း တိတ်ဆိတ်သော နေရာတစ်ခုမှာ ကိုယ်တစ်ယောက်တည်း အတွေးနယ်ချဲ့နေလိုက်မယ်။
ရှုပ်ထွေးလှများပြားလွန်းတဲ့ လူတွေရဲ့ လှုပ်ရှားမူကို အေးချမ်းတဲ့ နေရာလေးတစ်ခုကနေပြီး
ကော်ဖီတစ်ခွက်နဲ့ ထိုင်ငေးမယ်။ မိုးလင်းသွားမှာ စိုးထိတ်နေသလိုမျိုးနဲ့ ညအခါ ကောင်းကင်ကြီးကို
မော့ကြည့်ပြီး ကြယ်တွေနဲ့ စကားပြောမယ်။ (ဘာလိုလိုနဲ့ ညအချိန်မှာ ကောင်းကင်နဲ့ ကြယ်တွေကို
မခံစားမိရတာ အတော်ကြာခဲ့ပြီ….ပဲ)။
အနားမှာ ရှိနေသူတွေ၊
အဝေးရောက်နေသူတွေ ကိုယ့်အတွေး၊ ကိုယ့်ဘဝထဲက လူတွေအကြောင်း ပြန်လည်သတိရမိတဲ့အခါ သူတို့တွေလည်း
ကိုယ့်လိုပဲ တစ်ချိန်တည်းမှာ သတိရမိပါစေလို့ ဆန္ဒပြုချင်တယ်။ ဝေးကွာနေခဲ့တဲ့ ကိုယ့်ရဲ့
အချစ်တော် မိချောင်းဘီးလေးနဲ့ ဟိုတစ်ချိန်ရဲ့ လွတ်လပ်မှုတွေကို ပြန်လည်ရှာဖွေမယ်။ ဟိုး…တစ်ချိန်ကလိုပဲ
ထောင့်ကျကျ ထိုင်ခုံတစ်ခုမှာ ကျစိမ့်တစ်ခွက်နဲ့ လူတွေရဲ့ ရှုပ်ထွေးပွေလီမှုတွေ၊ ရုပ်ဝထ္ထု ပြောင်းလဲမှုတွေ၊ ကျော်လိုက်ခွလိုက် လူ့သဘော၊လူ့မနောတွေကို
ရောက်တက်ရာရာ တွေးမယ်…ငေးမောမယ်…။
အပြိုင်အဆိုင်
ငြင်းခုန်ခဲ့ကြဘူးတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ စာကြည့်တိုက်လေးမှာ … ခြေရာဟောင်းလေးတွေ
ရှာဖွေမယ်။ အရင်လို အားမနာတမ်း စကားနိုင်လုကြ၊ စိတ်ဆိုးခဲ့ကြဘူးတဲ့သူတွေ … အရင်လိုပဲ
ရှိနေကြဆဲလား.. သို့တည်းမဟုတ်.. ပြောင်းလဲနေကြပြီလားလို့ တွေးမိရင်းနဲ့ ရင်ခုန်တယ်။
အတိတ်တစ်ချို့ တူးဖော်မိတဲ့အခါ မျက်ရည်မကျမိဖို့လည်း ကြိုးစားရဦးမယ်။ တစ်ယောက်တစ်မျိုး
အတိုင်အကြော အမျိုးမျိုးနဲ့ သူတို့တွေရဲ့ အပြုအမှုတွေကြားမှာ ကိုယ်ပြုံးနေမိမယ်ထင်တယ်။
ကိုယ့်ကို
နာကျင်စေခဲ့သောသူ… ကိုယ့်ကို ပြုံးရယ်စေခဲ့သော..သူ၊ ကိုယ့်ကို အားပေးတတ်သော…သူ၊ ကိုယ့်အနားမှာ
မရှိနိုင်တော့သော..သူ၊ ကိုယ့်အတွေး ကိုယ့်စိတ်… ကိုယ့်ရင်ထဲမှာ နေရာပေးခဲ့ဖူးသူ… ရခဲ့ဖူးသူ
.. အားလုံးကို သတိရမိတော့မှာပါပဲ.။ ပြီးတော့ ကိုယ့်ရင်ကို ဟာလာဟင်းလင်း မဖြစ်စေပဲ ခံစားမှုတွေနဲ့
လွမ်းဆွက်မှုတွေ ပြည့်နေစေခဲ့တဲ့အတွက် ကျေးဇူးလည်းတင်ရမယ်….။ကိုယ့်ကို လာကြိုသူတွေရဲ့
မျှော်လင့် မျက်ဝန်းတွေကို အနီးကပ် ဖတ်ခွင့်ရစေမယ်။ကိုယ့်အပေါ် အမြဲတမ်း ယုံကြည် အားပေးတတ်သော
အမေ့ရဲ့ ရင်ငွေ့ကို အနီးကပ်ခိုလုံခွင့် ရမယ်။
အိမ်ပြန်ချိန်
ရောက်တိုင်း ကိုယ့်မိသားစုမှာ လူဦးရေ လျော့နေတာမျိုး မဖြစ်စေချင်ခဲ့ဘူး။ ခုတော့ စကားအဆိုနည်းပြီး
အပြုံးတွေနဲ့ ကျေနပ်စွာ ပြုံးလို့ “ဖေ့သမီး” ရယ်လို့ ထွေးပွေ့ကြိုနေမယ့်သူ ကိုတော့
ဘယ်မှာများ ရှာတွေ့နိုင့်ပါ့မလဲနော်..။ အဖြူရောင် သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့တတ်
သူတွေကို သတိရမိတဲ့အခါ ကိုယ့်နှလုံးသားလေး အသက်ရူခက်မှာ စိုးမိပြန်တယ်။ တွေ့ချင်သူနဲ့
လွဲမှာဆိုးမိသလို မဆုံချင်သူတွေနဲ့ တွေ့ရမှာလည်း ဆိုးထိတ်မိတယ်။ အရောင်စုံ ကမ္ဘာကြီးမှာ
ကိုယ်က မှိန်မှိန်ပါးပါးမို့ တောက်ပလွန်းသော အရောင်တွေကို ရှောင်တယ်။ မဟုတ်ရင် ကိုယ်ပိုင်
အရောင်မှိန်မှိန်လေး ပျောက်သွားနိုင်တယ် မဟုတ်လား။
ကန့်သတ်ထားတဲ့
အချိန် အတိုင်းအတာ တစ်ခုအတွင်းမှာ တာဝေးအပြေးသမား တစ်ယောက်လို ကိုယ်…ပြေးလွှား လှုပ်ရှားရဦးမယ်။
မမျှော်လင့်ထားတဲ့ အချိန်မှာ မမျှော်လင့်တာတွေ ဖြစ်တတ်တာမို့ ကိုယ့်အတွက် အလွဲသစ်လေးတွေလည်း
စောင့်ကြိုနေဦးမှာပါလေ…။
အိန်ဂျယ်လှိုင်
1.11 pm (Austria)
Sunday,
March 31, 2013
3 comments:
ညီမလေးရေ..ဆရာအောင်သင်းပြောတဲ့စကားလေး အမှတ်ရမိတယ် ..လောကမှာ မျှော်လင့်မထားတာ တွေကဖြစ်လာတတ်တာကြောင့်..မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတဲ့အခါ အံ့သြ၀မ်းသာမိပါတယ်ဆိုတဲ့ စကားလေးပါ .. ဖြစ်လာသမျှလေးတွေကို အတတ်နိုင်ဆုံး လက်ခံပေး နိုင်အောင် နေထိုင်လိုက်တာ ကိုယ့်အတွက် ရှင်သန်ခြင်းမှန်ကန်မယ်လို့ အမကတော့ ယူဆမိပါတယ်ကွယ် ။
အလွမ်းဟု...မမြည်ဘဲ ...အပြုံးလေးတွေနဲ့ ဆင်မြန်းနိုင်ပါစေကွယ် .....
“မမျှော်လင့်ထားတဲ့ အချိန်မှာ မမျှော်လင့်တာတွေ ဖြစ်တတ်တာမို့ ကိုယ့်အတွက် အလွဲသစ်လေးတွေလည်း စောင့်ကြိုနေဦးမှာပါလေ…။” ဟုတ်တယ် မမရေ ... မမျှော်လင့်ထားတဲ့ အချိန်မှာ မမျှော်လင့်တာတွေကို ကြုံလာရတဲ့အခါ အလွမ်းဟု မမြည်စေရ ... :)
အလွမ်း ဆိုတာအသံမည်တတ်တဲ့ အရာမဟုတ်ပေမယ့်
တင်စားရင်အမျိုးမျိုးဖွင့်ဆိုတတ်ကြပါတယ်။
ဋ္ဌာနေကိုေ၇ာက်ချိန်မှာ ပျော်ရွှင်မှုတွေနဲ့ပြည့်စုံနေပါစေလို့
ဆုတောင်းလိုက်ပါတယ်။
Post a Comment