
Monday, November 10, 2014
တစ်ချိန်တုန်းက..... ဝက်ဝံရုပ်ကလေး
တစ်ချိန်တုန်းက …. ဝက်ဝံရုပ်ကလေး
ရင်ခုန်တတ်စအရွယ် မဟုတ်တော့ပေမယ့် အချစ်ဦးဆိုတာကို
တက္ကသိုလ်ကျောင်းပြီးချိန်မှ ဆုံခဲ့ရသော သူကိုတော့ ကျွန်မ တစ်ခါတရံတော့
သတိရမိပါသည်။ အစွဲလန်းကြီးတတ်သူရယ်လို့ သူငယ်ချင်းတွေ ထင်ကြေးပေးခဲ့သလို သူ့အမြင်မှာတော့
ကျွန်မက မတုန်မလှုပ် အေးစက်စက်ရယ်ပါ။ အထူးသဖြင့် သူနှင့်ပါတ်သက်ခဲ့ရင်
ကျွန်မနှလုံးသားတွေက အခုထိအောင် အေးစက်နေတတ်စမြဲ။ ဒါကို သူသာသိရင် ကျွန်မကို
အရင်လိုပဲ ခွင့်လွတ်နေဦးမှာလား။ ဒါမှမဟုတ် သူရော အရင်လို ဟုတ်ပါတော့မလား
ဆိုတာကိုတော့ ကျွန်မလည်း သေချာ မသိနိုင်တော့ပါ။
အချိန်တွေကို ရေတွက်ကြည့်မည်ဆိုလျှင်ပင် ဆယ်စုနှစ်
တစ်ခုနီးပါးစာပင် ရှိရော့မည်ဖြစ်သည်။ သူရော ဘယ်ဒေသကို ရောက်နေပြီလဲ။ အိမ်ထောင်များ
ကျနေလောက်ပြီလား။ သားသားမီးမီးတို့ဖြင့် အခြေကျနေပြီလား။ ဘာရယ်မျှ မသေချာ။
ကျွန်မမှာသာ ကံကြမ္မာ အလှည့်အပြောင်းကြားမှာ ခုချိန်ထိ မားမားမတ်မတ် တစ်ကိုယ်တည်း
ရပ်တည်နေတုန်းရယ်ပါ။ တစ်ကယ်တော့လည်း သူနှင့်ပါတ်သက်သော အကြောင်းအရာတို့သည် မရေမရာ
ဝါးတားတားမျှသာ။ အရင်လို သွယ်လျလျ မဟုတ်တော့သော ကျွန်မသည်ပင်လျှင် ဝဖြိုးသည်ဟု
ဆိုရလောက်အောင်ပင် လူလတ်ပိုင်းအမျိုးသမီး အရွယ်သို့ ဝင်ရောက်လို့နေပြီ ဖြစ်သည်။ သူရော
အရင်လိုပဲ သွယ်လျလျ ပါးလျှပ်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နေဆဲပဲလား။
အတွေးတို့က မရေရာ မသေချာ။ အခွင့်ကြုံလို့များ တစ်နေရာရာမှာ ဆုံခွင့်ရခဲ့လျှင်
အရင်လို ရှက်ပြုံးတို့ဖြင့် ကျွန်မကို သူငေးကြည့်နေဦးမလားလို့ တစ်ခါတရံတော့
ကိုယ်လိုရာ ဆွဲတွေး ဖြစ်မိသည်ကတော့ အမှန်ပင်။
အသက်(၂၁) နှစ်အရွယ်မှာ ကျောင်းပြီးလို့
လုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့ ကျွန်မနဲ့ အသက်(၂၃)နှစ်အရွယ် ကျောင်းမပြီးသေးတဲ့
အဝေးသင်ကျောင်းသားလေး တစ်ယောက်ရဲ့ ရိုးစင်းတဲ့ သံယောဇဉ် တစ်စွန်းတစဟာ
ပြန်တွေးကြည့်တော့လည်း ဘာရယ်ဟု ရေရေရာရာ မရှိခဲ့ပါ။ သက်ပြင်းသဲ့သဲ့ဖြင့်
အတိတ်တစ်ချို့ကသာ ကျွန်မအတွေးထဲ အစီအရီ ဝင်ရောက်လို့လာသည်။ သူအမြဲပြောခဲ့သလို
ကျွန်မက အတော်ပင် အေးစက်စက်နိုင်လွန်းသူ တစ်ယောက်များ ဖြစ်ခဲ့လေသလားပင်။ ဟင့်အင်း..။
တစ်ကယ်ဆို ကျွန်မက သွေးဆူလွယ်သောသူ တစ်ယောက်ပါ။ ခံစားချက်ကို ဖုံးကွယ်ဖို့
ခက်ခဲလောက်အောင်ပင် မြိုသိပ်ခြင်း ကင်းတဲ့ သူတစ်ယောက်ပါ။ သူပြောခဲ့သလို ကျွန်မက
အေးစက်ခဲ့တာ မဟုတ်ပဲ သူကကို လူကဲခတ် ညံ့လွန်းသူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သူသိမှ
သိပါလေစ။
ဟုတ်ပါတယ်။ သူဆိုတဲ့သူက တပါးသူရဲ့ အရိပ်အကဲကို
နားလည်အောင် ကြိုးစားဖို့ထက် သူဘက်က ဘာတွေဖြည့်စည်းပေးနိုင် မလဲဆိုတဲ့ အတွေးကိုပဲ
ဦးစားပေး တွေးတောတတ်သူပါ။ အဲ့ဒီအတွက်လည်း အခုချိန်ထိပင် ကျွန်မ ဘာတွေ
နှစ်သက်တတ်လဲဆိုတာ သူ့ကိုမေးကြည့်မယ်ဆိုလျှင် သူသိမည် မဟုတ်တာ ရာနုန်းပြည့် ပါပဲ။
ထိုအကြောင်းအရာကပဲ ကျွန်မတို့ နှစ်ယောက်ကို အဝေးဆုံး ဝေးသွားစေတဲ့ အဓိက အချက်များ
ဖြစ်နေမလားဆိုတာ ကျွန်မအဖို့ အဖြေမထုတ်ချင်တော့သော ပုစ္တာတစ်ပုဒ်ရယ်ပါ။ သေချာသည်က
တိုက်ဆိုင်မှု ရှိသည့်အခါမျိုးမှာတော့ ကျွန်မ သူ့ကို သတိရမိသလို တစ်ခါတရံတော့လည်း
သူငယ်ချင်း မိတ်ဆွေတွေလို စကားလက်ဆုံ ပြောချင်မိတာတော့ အမှန်ပင်။ ဘာအတွက်ကြောင့်ဲ
ဆိုလျှင် ချစ်သူရည်စားရယ်မို့ ဆိုပြီး အထူးတလည် စကားအလျော့မပေးတတ်သော သူ့အကျင့်ကြောင့်လည်း
ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ဒါကလည်း သေချာတိကျသော အချက်တစ်ခုတော့လည်း
မဟုတ်သေးပေ။ ကျွန်မ သက်ပြင်းပျော့ပျော့ တစ်ခုသာ အသာချလိုက်မိသည်။
သူနှင့် ပါတ်သက်သော အမှတ်တရ တစ်ချို့သည် နည်းပါးသော်လည်း
ထင်ထင်ရှားရှား ရှိနေဆဲ။ ထိုအချိန်က ကျွန်မသည် လှည်းတန်းတွင် ရှိသော
အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် ပြည်တွင်းဌာနကို တာဝန်ယူ ပေးရသော Operation
Staff ရာထူးဖြင့် လုပ်ကိုင်နေချိန်လည်း ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ ဌာနရယ်ဟု
နှစ်ခုခွဲထားသော်လည်း ကျွန်မ တာဝန်ယူရာ ပြည်တွင်းပိုင်းမှ အရာအားလုံး
အဆင်ပြေချောမွေ့သော်လည်းံ ပြည်ပဌာနမှ အခက်ခဲများကြောင့် သူဌေးအတွက်
စိတ်ထွက်ပေါက်ပေးရာ နေရာသည် ကျွန်မတို့ ဌာနဖြစ်ပင် ဖြစ်သည်။ လူ မပင်းပန်းသော်လည်း
စိတ်ဖိစီးမှုများဖြင့် ကျွန်မတို့ဌာနသည် ပြည်ပဌာန၏ မကြာခဏ ဖိအားပေးခြင်းကို
ခံရတတ်သော အချိန်လည်း ဖြစ်သည်။
အလုပ်ကပေးသော စိတ်ဖိစီးမှုများ၏ ရိုက်ခတ်မှုသည်
ကျွန်မနှင့်သူ တွေ့ဆုံနေကြဖြစ်သော ညနေခင်းများတွင်ပါ သိသိသာသာတစ်မျိုး မသိမသာ
တစ်မျိုး ဝင်ရောက်လို့ လာခဲ့သည်။ လှပသော ညနေခင်းများ ဖြစ်သည့်တိုင်
မငြိမ်းချမ်းသော ညနေခင်းများ ဖြစ်နေကြသည့် ကျွန်မတို့၏ ညနေခင်းလေးသည် ယခုတော့လည်း
လွမ်းမောဖွယ်ရာ ဖြစ်လို့နေခဲ့လေပြီ။ တစ်ကယ်ဆို ကျွန်မ နေထိုင်ရာ မြို့နယ်နှင့်
သူနေထိုင်ရာ မြို့နယ်သည် တောင်နဲ့မြောက် ဖြစ်နေသော်လည်း ကျွန်မရုံးဆင်းချိန်ကို
အမှီလာရောက် တတ်သော သူ့ကို ကျွန်မ နွေးထွေးစွာ ကြိုဆိုဖို့ မေ့နေခဲ့သည်မှာ
အမှန်ပင်။ ခုချိန်မှ ပြန်တွေးစစ်မိလျှင် ကျွန်မ သူ့ကို အားနာနေမိသည်။ ထိုအချိန်က
ကျွန်မ သူ့ကို စာနာတတ်ဖို့ မေ့လျော့ခဲ့သည်မှာ အသေအချာပင် ဖြစ်နေတော့သည်။
တစ်ကယ်ဆို သူသည် ကျွန်မနှင့် ပါတ်သက်လျှင်
အသေးအဖွဲများကို အလေးအထား ပြုမှုဆောင်ရွက်တတ်သူ တစ်ယောက်လည်း ဖြစ်သည်။ ဥပမာ
ကျွန်မကိုယ်တိုင်ပင် မေ့လျော့နေတတ်သော ကျွန်မမွေးနေ့ကို သတိတရ ရှိနေပေးတတ်သူလည်း ဖြစ်သည်။ မှတ်မှတ်ရရ
၂၀၀၆ ခုနှစ်မှာ ကျရောက်တဲ့ မွေးနေ့မှာတော့ မိုးရေတွေ ရွဲရွဲစိုနေတဲ့ သူ့ဆီမှ
နှင်းဆီပန်းစီး လက်ဆောင်နှင့်အတူ သူ့လက်ရေးဖြင့် ရေးထားသော ပို့စ်စကတ်
လှလှလေးတစ်ခု ပိုင်ဆိုင်ခဲ့ရဘူးသည်။ ကြည်နှုးကျေနပ်မယ်ဆို ကျေနပ်စရာ ဖြစ်သော်လည်း
မိုးရေတွေ ရွဲရွဲစိုနေတဲ့ သူ့ကိုကြည့်ပြီး အဲ့ဒီအချိန်က ကျွန်မ ပျော်ရွင်ဖို့ မေ့လျော့ခဲ့တာ
အမှန်ပင်။ အကြောင်းရင်းက ရင်ကျပ်ရောဂါ အခံရှိသောသူက အအေးမိဖို့ လွယ်ကူပြီး
မကြာခဏဆိုသလို ဖျားနာတတ်သောကြောင့်လည်း ဖြစ်သည်။ ကျေးဇူးတင်ဖို့ထက်
အပိုအလုပ်တွေရယ်လို့ ကျွန်မသူ့ကို ညည်းညူ အပြစ်ဆိုဘူးခဲ့တာ ပြန်အမှတ်ရမိပြန်သည်။
သူနှင့် ပါတ်သက်လာလျှင် တစ်ခါတရံ အားမလိုအားမရ ဖြစ်ရသလို စိတ်မရှည်မှုများနှင့်
ကျွန်မတို့ နှစ်ယောက်ရဲ့ ရန်ပွဲများက စိပ်လို့နေသည်။ ထိုသို့ ရန်ဖြစ်
စကားများချိန်တိုင်း အလျော့ပေးဖို့ ဘယ်တော့မှ စိတ်ကူးမရှိသော်လည်း စတင်ချော့တတ်သူက
သူပင်ဖြစ်လေသည်။ ရန်ဖြစ်ချိန်တိုင်းမှာတော့ ကျွန်မရဲ့ လက်သုံးစကားတစ်ခု ဖြစ်တဲ့ “
ဒီအတိုင်းဆို ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်တော့ဘူး… ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင် …
ဘယ်တော့မှ လာမဆက်သွယ်နဲ့တော့ .. ဒါနောက်ဆုံး တွေ့ဆုံခြင်းပဲ ..” စသည်ဖြင့် အဆုံးသတ်တတ်သလို သူကလည်း စကားတစ်ခွန်းမဆိုပဲ ကျွန်မရဲ့ စကားကို
ခေါင်းညိမ့် လိုက်လျောခဲ့တာကြီးပင်။ သို့သော်လည်း နောက်တစ်နေ့မှာတော့
ကျွန်မရုံးဆင်းချိန်မှာ ပုံမှန်အတိုင်း သူစောင့်လို့နေစမြဲပင်။ အရင်ကနေ့ ဘာမှ
မဖြစ်ခဲ့သလို သူမျက်နှာက ခပ်ပြုံးပြုံး။ စိတ်ဆိုးရသည့် ကျွန်မမှာသာ အူကြောင်ကြောင်
ဖြစ်ရသည်က များသည်။
တစ်ကယ်ဆို ကျွန်မနှင့် ပါတ်သက်လျှင် သူက အလွန် အမှတ်သညှာ
နည်းပါးသူ တစ်ယောက်လည်း ဖြစ်သည်။ ကျွန်မ၏ အပြစ်တင် ပြောဆိုမှုများသည် သူ့အတွက်
ပန်းနှင့်ပေါက်သည့်နှယ်ပင် ထူးထူးခြားခြား နာကျင်ကြေကွဲပြတာမျိုး မရှိခဲ့ပါ။
သူနာကျင်ပြသည့် အရာက တစ်ခုတည်းရယ်ပါ။ ထိုအရာက သူ့ထက်ငယ်သော ကျွန်မက ကျောင်းအရင်ပြီးထားနှင့်
သူမို့ ပညာရေးကို တစ်ဝက်တပျက်နှင့် ရပ်ထားသော သူ့ကို ကျောင်းပြီးအောင်
တတ်စေချင်သော ကျွန်မ ဆန္ဒကို တမင် ဆန့်ကျင်ခြင်းပဲ ဖြစ်သည်။ နေ့ရှိသ၍ ကျွန်မတို့
နှစ်ယောက်၏ ပြဿနာသည် သူကျောင်းဆက်မတတ်ပဲ ရပ်ထားသည်က အစဖြစ်သည်။ ထိုအကြောင်းနှင့်
ပါတ်သက်တိုင်း သူသည် ခါးခါးသီးသီး အမြဲပင် ကျွန်မကို တုန့်ပြန်လေ့ ရှိသည်။ “
ဘွဲ့မရတာနဲ့ပဲ လူဖြစ်ရှုံး ရရောလား၊ အဲ့လို အယူအဆတွေ ရှိနေတဲ့ လူတွေကိုပဲ
မကြိုက်လို့ မတတ်ချင်လို့ကို ဆက်မတတ်တာ …
ဘယ်တော့မှ မတတ်ဘူး … ဘယ်လိုတွန်းအားမျိုးနဲ့မှ ဖိအားမပေးနဲ့..” သူ့အကြောင်းပြချက်နှင့်
သူ့အတွေးက သူ့ဘဝအတွက်တော့ ခိုင်လုံသည်ဟု သူအမြဲဆိုတတ်သည်။
သူထိုသို့ ဆိုလေတိုင်း ကျွန်မပြောလေ့ရှိသည်က “
ဘွဲ့… ရတဲ့ တစ်နေ့မှ ဘွဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို သိလိမ့်မယ် …
တစ်သက်လုံးစာအတွက် ဘွဲ့တစ်ခုတောင် မရဘူးတဲ့ လူတစ်ယောက်ဆီက ဘယ်လိုပဲ ဘဝတစ်ခုလုံး
ပြိးပြည့်စုံတယ်ပဲ ဆိုပါစေ အဲ့ဒီခံစားချက်ကို တစ်သက်စာ ခံစားခွင့် မရှိဘူး…
ဘွဲ့ဆိုတာ သူများ အကြည်ညို ခံအထင်ကြီးဖို့ ဆိုတာထက် ဘွဲ့ယူထားတဲ့ လူတစ်ယောက်ရဲ့
ယုံကြည်ချက် ခံစားချက်ကို ဘယ်လိုအရာမျိုးကမှ အစားထိုးလုပ်ယူလို့ မရဘူး…”
ဟု ကျွန်မပြန်လည် ချေပချိန်တွင်တော့ တရူးရူးထွက်နေသော ဒေါသတို့ဖြင့် သူက ကျွန်မကို
မျက်မှောင်ကုတ်ကြည့်ကာ နုတ်ဆိတ်နေလိမ့်ရှိတတ်သည်။ အခုချိန်ဆိုလျှင် သူ ဘွဲ့တစ်ခုခုများ
ရနေလောက်ပြီလား။ ဒါမှမဟုတ် သူ့ယုံကြည်ချက်အတိုင်း ပေတေနေဆဲပဲလား။ ကျွန်မအတွက်
သူ့ကိုခန့်မှန်းရသည်မှာ မလွယ်ကူလှပေ။
သူကရော သူ့အပေါ် အမြဲ ငြူစူရန်လိုနေခဲ့သော ကျွန်မကို သတိမှ
ရပါလေစ။ မေ့များ မေ့နေလောက်ပြီလား။ သို့မဟုတ် နာကျည်းနေခဲ့မှာလား မသေချာ။
သေချာသည်က ကျွန်မတို့နှစ်ယောက်ကို ခွဲခွာသွားစေသည့် အရာကို ကျွန်မဘက်မှ မစတင်ခဲ့တာ
အသေချာပင်ဖြစ်သည်။ အကြိမ်ပေါင်းများစွာ ရန်ဖြစ်နေခဲ့ကြသော်လည်း ကျွန်မတို့ တစ်ယောက်နဲ့ မပြတ်စဲခဲ့ကြပါ။ သူကလည်း
မကြိုးစားသလို ကျွန်မဘက်ကလည်း တင်းမခံခဲ့တာကြောင့် ရန်ဖြစ်ပြီး နောက်တစ်နေ့ဟာ
ကျွန်မတို့အတွက် ထူးထူးခြားခြားကြီး ဖြစ်မနေခဲ့ပါ။ အလုပ်ကြောင့်၊အိမ်ကြောင့်
စသည်ဖြင့် သူဟာ ကျွန်မနဲ့ လားရာ မတူတဲ့ ဒေသတွေကို အကြိမ်ကြိမ်
ခွဲခွာသွားခဲ့ဘူးပါသည်။ သို့ပေသည့်တိုင်အောင်ပင် ကျွန်မကို တနည်းနည်းဖြင့် မရရအောင် ဆက်သွယ်ခဲ့တာလည်း
သူပင် ဖြစ်သည်။ ထိုအခါမျိုးများတွင် သူ့ထံမှ ကျွန်မအတွက် အမှတ်တရ
ပစ္စည်းတစ်ခုခုလည်း လက်ဆောင်အဖြစ် ပါလာတတ်သေးသည်။
တစ်ခါက ကျွန်မထံသို့ သူ့ဆီမှ ရရှိခဲ့ဘူးသော
ဝတ်ဝံရုတ်လေးတစ်ခု ကျွန်မနှင့်အတူ အချိန်ပေါင်းများစွာ
ရှိနေခဲ့ဘူးသည်ပင်။ ထိုဝက်ဝံရုပ်လေးသည် ထူးခြား၏။ တခြားအရုပ်များကဲ့သို့ အဝတ်များ၊
ဂွမ်းသား ကဲ့သို့သော အသားစ အိအိလေးများဖြင့် ပြုလုပ်ထားသော ဝက်ဝံရုပ်လေး
မဟုတ်ခဲ့ပါ။ သူလက်ဖြင့် သူကိုယ်တိုင် ဂျုံများကို ရောစပ်သမပြီ်း ဖုတ်ထားသော စားစရာ
ဂျုံမုန့် ဝက်ဝံရုပ်ကလေး တစ်ခုပင် ဖြစ်သည်။ သူ့ထံမှ ရရှိဘူးသော တခြားသော အမှတ်တရများထက်
ကျွန်မ ထိုအရုပ်ကလေးကို ပိုချစ်ပါသည်။ ပို၍လည်း မြတ်နိုးမိပါသည်။ ထိုကြောင့်လည်း
ဒိတ်လွန်ဖြစ်သွားသည့် တိုင်အောင် ခြောက်ကပ်နေသော ထိုဝက်ဝံရုပ်ကလေးသည် ကျွန်မနှင့်
နှစ်အတော်ကြာသည့်အတိုင် အတူရှိခဲ့ဘူးသော တစ်ခုတည်းသော ဝက်ဝံရုပ်ကလေး ဖြစ်သည်။
ယခုထိတိုင်ပင် ဂျုံဖြင့် ပြုလုပ်ထားသော တိရစ္ဆာန်ပုံ မုန့်အရုပ်ကလေးများကို
တွေ့တိုင်း ဝက်ဝံရုပ်ကလေးများကို ကျွန်မ ငေးကြည့်နေတတ်ခဲ့သည်။ သဏ္ဍန်တူသော်လည်း
သူပေးခဲ့သော အရုပ်ကလေးလောက် ချစ်စရာ မကောင်းဘူးဟု တစ်ယောက်တည်း တွေးနေမိတတ်သေးသည်။
ခွဲခွာဖို့ အကြောင်းဖန်လာသည်ဟု ဆိုရလေမည်လားမသိ။ ကျွန်မသည်လည်း
လုပ်နေကြအလုပ်က ထွက်ကာ သင်တန်းပေါင်းစုံ ပြောင်းတတ်ခဲ့ရသလို သူသည်လည်း အလုပ်ဖြင့်
အိမ်နီးခြင်း နိုင်ငံတစ်ခုကို ထွက်ခွာဖို့ အခွင့်ကြုံလာခဲ့တော့သည်။ နှစ်ဦးကြားက
မပြေလည်မှုတွေကို ကိုယ်စီမေ့က လက်ရှိဘဝကို အကောင်းဆုံး ကြိုးစားဖို့ နှစ်ဦးသဘောတူ
သဘောထား ခံယူခဲ့ကြသည်။ သည်လိုနှင့် စတင်ထွက်သွားသူက သူဖြစ်ခဲ့ပြီး ကျန်ရစ်ခဲ့သူက
ကျွန်မဖြစ်သည်။ အမှန်ဆို ထိုအချိန်က ကျွန်မသည်လည်း ကျန်ရစ်သူ အစစ်တော့ဖြင့်
မဟုတ်ခဲ့ပါ။ အချိန်မတန်သေး၍ မထွက်ခွာဖြစ်သေးသော ရထားတစ်စင်းကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။
ကျွန်မနှင့် ပါတ်သက်ပြီး အစမှ အစဆုံးထိ သူဘက်မှ အဆက်သွယ် မပြတ်တောက်ခဲ့ပါ။ နောက်ဆုံးအကြိမ်ထိပင်
သူဘက်မှ ကြိုးစားခဲ့သည်ကို ကျွန်မအသိဆုံးဖြစ်သည်။ သူ အိမ်နိးခြင်း
နိုင်ငံတစ်ခုသို့ ရောက်ရှိပြီး သိပ်မကြာခင်မှာ ကျွန်မထံသို့ လိပ်စာတစ်ခုပါသော
ဖုန်းနံပါတ်တစ်ခုနှင့်အတူ သူ့နှင် အ့ဆက်သွယ် ရရှိနိုင်ရန်အတွက် သူထံမှ
ပေးပို့လာခဲ့သည်။
တစ်ချိန်ချိန် အခြေကျတဲ့အခါ ဆက်သွယ်ဖို့အတွက် ကျွန်မ
အသေချာသိမ်းဆည်း ထားခဲ့သော်လည်း ထိုလိပ်စာကတ် ပျောက်ရှသွားခဲ့သလို သူနှင့်လည်း
ယနေ့ထိတိုင် အဆက်သွယ် ပြတ်တောက်သွားခဲ့ရသည်။ ကျွန်မတို့နှစ်ယောက်
ဝေးကွာစေဖို့အတွက် ကျွန်မ၏ ပေါ့လျော့မှုမှ စတင်ခဲ့သည်ဟု ဆိုရမည်ပင် ဖြစ်သည်။ ထိုအချိန်က
ယခုကဲ့သို့ အင်တာနက် အီးမေးလ် တွင်ကျယ်ခဲ့မည်ဆိုလျှင် ကျွန်မနှစ်ယောက်သည်
တစ်မျိုးတစ်မည်ပင် ဖြစ်သွားမည်လားပင် မဆိုတတ်ချေ။ သို့သော်လည်း ဒါကလည်း သေချာမှု
တစ်ခုတော့လည်း မဟုတ်ပေ။ ဤသို့ဖြင့် နှစ်တို့သည်ပင် အတော်ချို့လာခဲ့ပြီမို့
သူသည်လည်း ကျွန်မကို မေ့လောက်နေပြီထင်သည်။ ကျွန်မသည်ပင် တစ်ခါတရံမှ လွဲပြီး သူ့အပေါ်
မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့သည်ပင် မဟုတ်ပါလား။ အချစ်ဆိုသော အရာသည် ထိုကဲ့သို့
အချိန်နှင့်အလိုက် မှေးမှိန်လျော့ပါး သွားတတ်ပါသလား။ ကျွန်မအဖို့တော့ မရေရာသော
အတွေးလှလှ တစ်ခုမျှသာ ဖြစ်သည်။
လူနှင့်အတူ အရာအားလုံးသည် အချိန်နှင့် အမျှ
ပြောင်းလဲနေတတ်သည် မဟုတ်ပါလား။ သူသည်လည်း လူသားတစ်ဦးမို့ ပြောင်းလဲခွင့်
အပြည့်ရှိပါသည်။ ပြောင်းလဲမှုတိုင်းသည် သူ့အတွက် အကောင်းဆုံးဖြစ်ဖို့ ကျွန်မ
မျှော်လင့်မိပါသည်။ ကံဆုံလို့ တစ်ချိန်တခါ ပြန်ဆုံကြမည် ဆိုပါလျှင်
သူနှင့်ပါတ်သက်ပြီး လှပသော အနာဂတ်တစ်ခုကိုသာ ကျွန်မ မြင်တွေ့လိုပါသည်။
ကျွန်မသည်လည်း အဖြူစင်ဆုံး အပြုံးတစ်ခုဖြင့် သူ့ထံသို့ လက်ကမ်းနုတ်ဆက်နိုင်ဖို့
အသင့်အနေအထားဖြင့် စောင့်ကြိုချင်မိသည်။ ဟိုတစ်ချိန်ကလို ရန်လိုမှုတွေ မပါပဲ
အတွေးချင်း ဖလှယ်သောအနေဖြင့် စကားလက်စုံ ပြောချင်ပါသေးသည်။ ကျွန်မတို့ နှစ်ဦးတွင်
ပြန်လည် ဆုံတွေ့စရာ တစ်စုံတရာ ရေစက်ကျန်ပါသေးသည် ဆိုလျှင် ကျန်းမာရွင်လန်း၍
အောင်မြင်သော ဘဝတစ်ခုတွင် အသားကျနေသော ဘဝမျိုးဖြင့် ဆုံတွေ့နိုင်ပါစေလို့
အရိုးသားဆုံး ကျွန်မ ဆန္ဒပြုမိပါသည်။
လေးစားစွာဖြင့်…,
အိန်ဂျယ်လှိုင်
9:10 PM (Aus;)
Monday, November 10, 2014
5 comments:
ငယ်ဘ၀ရင်ခုန်သံလေး ဖတ်သွားပြီ
ဆန္ဒလေးပြည့်ပါစေလို့ဆုတောင်းပေးပါတယ်ညီမလေးရေ
သွေးအေးအေးလေးနဲ့ချစ်တတ်ခဲ့သူလို့ ထင်ရပေမယ့် သံယောဇဉ်က တော်ရုံမဟုတ်ဘူးဆိုတာ ရေးထားတဲ့ စာသားလေးတွေကသက်သေခံနေတယ် အိန်ဂျယ်ရေ...
စာအရေးအသားလေးတွေသဘောကျတယ်။
အခွင့်ကြုံလို့များ တစ်နေရာရာမှာ ဆုံခွင့်ရခဲ့လျှင် အရင်လို ရှက်ပြုံးတို့ဖြင့် ကျွန်မကို သူငေးကြည့်နေဦးမလားလို့
တချိန်မှာ ပြန်ဆုံဖြစ်ခဲ့ရင် နွေးထွေးရင်းနှီးတဲ့
အပြုံးစစ်စစ် နဲ့ နှုတ်ဆက်လိုက်ပါညီမလေးရယ်...
ဆုံတွေ့စကားပြောခွင့်လေးလည်း ၇ပါစေလို့ အမဆုတောင်း
ပေးတယ်နော်..
အိန်ဂျယ်ရဲ့ ရင်ခုန်သံက အေးစက်တယ်လို့ ထင်ရပေမဲ့
နက်ရှိုင်းလှပါတယ်ကွယ်..
ချစ်တဲ့အမ..ပစ်ပစ်
အင်းးးးး ဒဏ်ရာ ဆိုတာကတော့ ဒီလိုပဲ ကိုယ်ဆီ ရှိတတ်ကြတာပါပဲလေ။ ဝက်ဝံရုပ်လေးရော ခု ရှိသေးလား။
Post a Comment