
Monday, February 18, 2013
အရိုင်းတစ်ကောင်၏ အဖေသို့ တမ်းတခြင်း
တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…
သိမ်မွေ့တဲ့ အဖေအပြုံးကို
အဓိပ္ပါယ်တွေ ဖွင့်ဆိုရင်း ညတွေက ပိုနက်လာသလို
အဖေ ရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ် ..
အဲ့လိုသာဆို အဖေ့ရဲ့ ဆုံးမသံတွေ အခုထက် ပိုရခဲ့မှာ အမှန်ပဲ….
ဖြစ်နိုင်မယ် ဆိုရင်လေ
အဖေမသိနိုင်တော့တဲ့.. ပြောင်းလဲလာတဲ့ ဝေါဟာရတွေ
အဖေနဲ့ ဆွေးနွေးချင်သေးတယ် …
ဒီနှစ်….
ထူးထူးခြားခြား အရိုင်းတွေမှ
လူရာဝင်နေတယ် အဖေ…
ကျေလွယ်အေးလွယ်တဲ့ ရိုးသားခြင်းတွေ..
မေ့လွယ်ပျောက်လွယ်တဲ့ သစ္စာတရားတွေ...ကြားမှာ
သူ့ဘာသူတည်ရှိနေတဲ့ သမိုင်းတွေတောင်
အလိမ်အညာတွေနဲ့ ဆေးသုတ်ခံနေရပြီ..အဖေ
အဖေသိထားတဲ့ ယဉ်ကျေးမူ့တွေတောင်
အခုဆို အမျိုးအစား အစုံအလင်နဲ့ အဆင့်တွေ ကွဲကုန်ပြီအဖေ..
တက်ထားတဲ့ ပညာ မတက်တခေါက်လေးကို
ဓါးအိမ်ထဲ သိမ်းလို့သိမ်းနဲ့ ..ပညာတွေ ရှားနေလိုက်ပုံများ
ဘဝကို မပုတ်မသိုးအောင် ဆေးစိမ်ထားရတယ် အဖေ..
တစ်ဒိုင်းဒိုင်းပစ်ဝင်လာတဲ့ မြှားချက်တွေမှာ
ခောတ်သစ် ကျရှုံးမှုတွေနဲ့ …
စိတ်ဒဏ်ရာတွေသာ အများဆုံးပါလာတယ်အဖေ
ခနလောက် ပြန်လာပါ အဖေ …
မညီမညွတ်တဲ့ အဖေသား၊သမီးတွေကို
အိမ်တွင်းစည်းရုံးရေး အတက်ပညာ သင်တန်းတစ်ခုလောက် ဖွင့်ပေးခဲ့ပါ..
မငြိမ်းမချမ်းနဲ့
အိပ်စက်ရတဲ့ ညတွေမှာ
ငြိမ်းချမ်းရေးဆိုတာ ဟာသတစ်ခုလိုပဲ…အဖေ
မြေနီလမ်းလည်း မသိတော့ဘူး…
ဂစ်တာအိုလည်း မတီးဖြစ်ဘူး…
တိုးတိုးသဲ့သဲ့ အမေ့ညည်းသံကို
စိုးရိမ်စိတ်နဲ့ မောနေအောင်ပဲ နားစွင့်နေမိတယ်…
တစ်ယောက်တစ်မျိုး အမျိုးမျိုးဆိုးနေတဲ့
အဖေသား၊သမိးတွေကလေ
အခုချိန်ထိ ကံကြမ္မာအလှည့်ကို
စောင့်လို့ကောင်းတုန်း…
လူစဉ်မမှီတဲ့ ဘဝကို
နာရကောင်းမှန်း မသိကြသေးဘူး..
ဆယ်ကျော်သက်တွေလို
လေပြေဒဏ်တောင် ခံနိုင်ရည် မရှိကြပြန်ဘူး..
ဘယ်ဓါးတွေ ဘယ်လိုမိုးမိုး
စကားလုံး ငှားသုံးတဲ့အထှာ ခုချိန်ထိ ကျင့်သုံးနေတုန်း…
ခနလေးပါ အဖေ ..
လေပြင်းထန်ရာ ဘဝဓလေ့ အကြောင်း….
မိုက်သိနဲ့ သွေးကြီးနေတဲ့ အဖေ့သား၊သမီးတွေကို..
ကိုယ့်ကျင့်တရား ပြဿနာနဲ့ ပြဿဒါးတွေ ဆွဲဆွဲမထည့်ဖို့ ပြောပေးပါဦး အဖေ
ကျွန်တော့် ခံယူချက်ကတော့လေ..
ဘဝမှာ ကျီးကန်းဖြစ်ရတာ ရှက်စရာ မဟုတ်ပါဘူး..
ဒေါင်းယောင်မဆောင်ဖို့ အဓိကပါလို့ ငယ်ငယ်တုန်းက သင်ဖူးတဲ့စာ
အတန်းထဲမှာ မေ့ခဲ့မှာပဲ စိုးမိတယ်….
အိန်ဂျယ်လှိုင်
Saturday, December 29, 2012
8;55 (PM) Austria
24 comments:
ကဗျာရှည်ရှည်ကြီးကို ဖတ်သွားတယ်နော်
ကောင်းပါ၏
မပေးစဖူး ကွန်မန့်ပေးလို့ ထီပြေးထိုးရင် ကောင်းမလားလို့ ..စဉ်းစားနေတာ ....:P (Ye Zaw) ကျေးဇူးပါလို့ .... :)
ပေါက်ရင်တော့တစ်ဝက်ပဲနော် ဟီးဟီး
အဲ့ဒီလိုဆို သေချာအောင် မနက်ဖြန် ပြေးထိုးထားလိုက်မယ်.. မပေါက်ရင်တော့ ပြန်လျော်ရမယ် ..:D
အော် ဒီကဗျာလေးဖတ်မိတော့ အဖေ့ကို သတိရမိတယ်
(.........တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…...)
..ကျေးဇူးပါရှင် ... (Anonymous)
အဓိပ္ပာယ်နက်နက်နဲ့ ကဗျာရှည်လေးတစ်ပုဒ် ဖတ်သွားရင်း အတွေးထဲမှာနစ်နေတယ် အိန်ဂျယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဖေရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ်...
ဘယ်လောက်လှတဲ့ အတွေးပါလိမ့်...သည်တစ်ပါဒထဲနဲ့တင် ကဗျာက ပြည့်စုံသွားပြီ...မော်ဒန်ကို အပျော်ကြံရုံတောင် ဖီလင်မလာတဲ့ ဦးဟန်ကြည် အကျွတ်တရား ရသွားစေတဲ့ ကဗျာပဲ ညီမရေ...
ကွန်ဂရက်ဗျာ...
နေပါစေဗျာ အေးအေးလူလူ
ဖုံထူထူ နေပူနေတဲ့ကာလ တစ်မှေးလောက်ဖြစ်ဖြစ် သူရပါစေ.....။
ကဗျာလေးက အစမှာတင် ရင်ထဲထိရှသွားခဲ့ရတဲ့
ကဗျာလေးပါပဲ....တစ်ပုဒ်လုံးအစအဆုံးဖတ်ပြီးသွား
တဲ့အခါမှာတောင် ကဗျာရှည်ဖတ်ရမှာပျင်းတဲ့ မိမိုးနတ်
နောက်ထပ် ၂ခေါက်တောင်ပြန်ဖတ်မိသေးတယ်..
အဓိပ္ပါယ်က လေးနက်တာမို့ ရင်ဘတ်ထဲထဲ့ပြီးသေချာ
ခံစားခဲ့ကြောင်းပါ....:)
ခင်တဲ့....မိုးနတ်
ကဗျာလေးအတွက် ဂုဏ်ယူပါတယ် ညီမလေး.
ရိုးသားတဲ့အရိုင်း...
ချစ်တဲ့
သဒ္ဓါ
တီတင့်ရေ... ကျေးဇူးပါရှင်လို့.. :)
အကိုရေ... ကျေးဇူးပါနော်လို့.. :) (ဆရာ ဟန်ကြည်)
ကျေးဇူး မောင်လေး.... (နွေတေးရှင်(မင်းဧရာ))
သေချာခံစားပေးလို့ ကျေးဇူးပါ မိုးနတ်ရေ...:)
မမသဒ္ဓါ... ကျေးဇူးပါနော်.... (သဒ္ဓါလှိုင်း)
“ဘဝမှာ ကျီးကန်းဖြစ်ရတာ ရှက်စရာ မဟုတ်ပါဘူး.. ဒေါင်းယောင်မဆောင်ဖို့ အဓိကပါ” ညီမလေး... မိန်းကလေးတစ်ယောက်အနေနဲ့ သားတစ်ယောက်နေရာကနေ သေသေသပ်သပ် ခံစားရေးဖွဲ့သွားတာ သဘောကျမိတယ်။
အဖေသိထားတဲ့ ယဉ်ကျေးမူ့တွေတောင်
အခုဆို အမျိုးအစား အစုံအလင်နဲ့ အဆင့်တွေ ကွဲကုန်ပြီအဖေ..
တက်ထားတဲ့ ပညာ မတက်တခေါက်လေးကို
ဓါးအိမ်ထဲ သိမ်းလို့သိမ်းနဲ့ ..ပညာတွေ ရှားနေလိုက်ပုံများ
ဘဝကို မပုတ်မသိုးအောင် ဆေးစိမ်ထားရတယ် အဖေ..
အဖေအကြောင်းရေးဖွဲ့ထားတဲ့ ဒီကဗျာလေးကို ဖတ်မိလိုက်တော့ အရင်က ဖေဖေနဲ့ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို
ပြန်ပြီးတော့ သတိရမိတယ်....
အားပေးဖတ်ရှုခဲ့ပါတယ်ရှင်..
ကောင်းလိုက်တဲ့ ကဗျာလေး။
ရေးထားတာက ဒီဇင်ဘာလကထဲကဆိုတော့ အတော်ကြာခဲ့ပြီဘဲ။ အဖေ ကောင်းကောင်း အနားယူပါစေ ညီမရယ်။ အားလုံး အရိုင်းတွေထဲမှာ ရှင်သန်ရင်း ရုန်းကန် တည်ဆောက်ကြတာပေါ့။ တစ်နေ့နေ့တော့ ယဉ်ကျေးလာပါလိမ့်မယ်။
မမရေ.. ကျေးဇူးပါလို့ .. (မမမြသွေးနီ)
ကျေးဇူး မိုးဇက် ...
နွယ်လေးရေ... ကျေးဇူးပါရှင်လို့...
အကို ..ကျေးဇူးပါလို့..(ကိုကိုမောင်(ပန်းရနံ့))
''ဘဝမှာ ကျီးကန်းဖြစ်ရတာ ရှက်စရာမဟုတ်ပါဘူး ... ဒေါင်းယောင်မဆောင်ဖို့သာ အဓိကပါလို့'' ငယ်ငယ်က အတန်းထဲမှာ သင်ခဲ့ဖူးတဲ့ သင်ခန်းစာလေးကို မေ့မှာ စိုးရိမ်နေတဲ့ မရိုင်းခဲ့ဖူးသေးတဲ့ အဖေ့ရဲ့ အရိုင်းတစ်ကောင် ကဗျာလေးကို အားပေးသွားပါတယ် မမရေ ...
မရှိတော့တဲ့ ဖေဖေကိုအရမ်းလွမ်းမိတာပါပဲ
မိုးညရေ... ကျေးဇူးနော် ..:) (မိုးညချမ်း)
မမရေ ..အတူတူပါပဲရှင် ... :( ( စံပယ်ချို)
ကဗျာတစ်ပုဒ်ကို ကဗျာဖတ်နေရင်း ဇာတ်အိမ်ကလေးတစ်ခုပါ ရုပ်လုံးကြွပေါ်လာတယ်။
နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တယ်။
သုံးနှုန်းသွားတဲ့ စကားလုံးလေးတွေ သဘောကျတယ်။
အစ်မ ၀တ္ထုတွေကိုသိပ်မခံစားတတ်ဘူး..။ကဗျာတွေ ထဲမှာတော့ ဆန်းသစ်မှု နူးညံ့မှု နာကျင်မှု..တွေကို ဌာန်ကရိုဏ်းကျကျ..စီစီရီရီသွားတွေ့တယ်..။ ကဗျာရေး တဲ့လက်က ပိုအဆိပ်ရှိတယ်လို့ပြောခဲ့ပါရစေ..။
Post a Comment