http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

Sunday, December 14, 2014

ကျွန်မ နေပျော်ခဲ့ပါတယ် မောင်

                           ကျွန်မ နေပျော်ခဲ့ပါတယ် မောင်
                      ======================



ကမ်းစပ်က လှိုင်းလေးတွေ ဂယက်ထနေချိန်မှာ ရေပြင်တစ်ခုလုံး တည်ငြိမ်နေပါစေလို့ ဆုတောင်းလိုက်တာဟာ အသိမဲ့ခဲ့လေမလား..။ ဒါမှမဟုတ် စကားလုံးလှလှသုံးပြီး ကလေးဆန်ကြည့်တာပါလို့ ဆိုလေမလား..။ သေချာမှုတွေကို ဝေဝေဝါးဝါးဖြစ်အောင် စိတ်ကိုပဲ လှည့်စားလိုက်ရမလား..။ အရာအားလုံးဟာ ဟိုတစ ဒီတစ စပြန့်ကျဲနေတဲ့ အပိုင်းအစတွေ အဖြစ်နဲ့ နေသားတကျ ရှိနေခဲ့တာ။

သတိတရ ရှိနေတာကို မေ့ထားဖို့ .. ကြိုးစားရတာ  လွမ်းနေရတာထက် ခံရခက်တယ်။ မတွေ့မိအောင် ကွေ့ရှောင်နေရတာကို မျက်နှာချင်း ဆုံအောင်လုပ်တော့ ... ကျွန်မနေရခက်တယ်...မောင်။ ဘာရယ် မဟုတ်ပါဘူး...တိတ်တဆိတ် ပျောက်ကွယ် သွားစေချင်ရုံလောက်ပါ။


မောင်သုံးလိုက်တဲ့ ပညာရပ်က လှပသေသပ်လွန်းလို့..
အသက်ရူဖို့ မေ့သွားတဲ့ တဒင်္ဂ... ကျွန်မ ဆွံ့အ  ခဲ့ရတယ်။ ဒီလိုနဲ့ မောင်ရယ်သံ လွင်လွင်လေးတွေက .. ကျွန်မဆီကို... နီးလာလိုက် ဝေးသွားလိုက်နဲ့ ... ။

ကျွန်မ ပိုင်ဆိုင်တဲ့ မောင်ရဲ့ အစိတ်အပိုင်းတွေကို ကျွန်မ ထုတ်ကြည့်လိုက်တော့ ... ကြည်လင်နေတဲ့ အပြုံးတစ်ခုနဲ့ မောင့်ပုံရိပ်လေးက အထင်အရှား။ ကြည့်ပါဦး.. မောင်ပြုံးနေပုံက ဖြူစင်နေလိုက်တာ...။ ရှက်နေဟန်ဖြင့် ပြန်တည်သွားတဲ့ ရူတည်တည် မောင့် မျက်နှာထားက ကျွန်မကို ကျည်စယ်နေသလို..။

အိပ်မက် မဟုတ်ခဲ့ပါဘူးမောင်။ ဒါဟာ တစ်ကယ့်အဖြစ်အပျက် တစ်ခုပါ။ စွဲလမ်းမှုက အစပြုတဲ့  ချစ်ခြင်းမေတ္တာဆိုပေမယ့် အဲ့ဒီချစ်ခြင်းမှာ ပိုင်ဆိုင်ရမှ ဆိုတဲ့ အတ္တ လုံးဝ မပါခဲ့ပါဘူး။ ဟော ..ပြောပြရရင် မောင် ယုံမှာ မဟုတ်ပါဘူး။ ရယ်စရာ ဟာသ တစ်ခု ကြားလိုက်ရသလို မောင် ရယ်မောနေဦးမှာ မလား..။

မောင် မရှိတော့တဲ့ အရပ်တစ်ခုမှာ ကျွန်မက မောင့်ခြေရာတွေ ကောက်နေခဲ့တာများ မောင်သာ သိခဲ့မယ် ဆိုရင်... အံ့သြနေမှာလား..။ ဒါမှမဟုတ် ထူထူထဲထဲ မျက်ခုံးတန်းကြီး နှစ်ခု နီးကပ်သွားအောင်အထိ မျက်မှောင်ကုတ်ပြီး စဉ်းစားကြည့်နေလေမလား...။ ဒါမှမဟုတ်... အဓိပ္ပါယ် မရှိတဲ့ ရူးကြောင်ကြောင် အလုပ်ရယ်လို့ မှတ်ချက်ပေးလေ မလား... ။

ကျွန်မ မသိဘူး... ဒါပေမယ့် ကျွန်မကတော့ မောင့်..ခြေရာတွေကို ခရေပန်း ကောက်သလို ကောက်နေခဲ့တာ...။ ဟုတ်တယ် .. မောင်က ခရေပန်း အရမ်းကြိုက်တယ်လေ။ ပြိးတော့ မိုးရာသီကို အနှစ်သက်ဆုံး။  ဟာဝေယံရှပ်လက်တို လေးတွေကို ကချင်ပုဆိုး အကွက်ဆိပ်လေးတွေနဲ့မှ သေသေသပ်သပ် ဝတ်တတ်သူ။

ဖြစ်နိုင်ရင်... ကျွန်မ မေ့ထားချင်တာပါ။ မောင့်ကို သတိမရချင်ပါဘူး။ တည်ငြိမ်နေတဲ့  ရေမျက်နှာပြင်ပေါ်ကို ခဲလုံးလေး ကျသွားသလိုပဲ.. ခဲလုံးလေးကတော့ အောက်ခြမှာ ငြိမ်သက်မှု ရနေတာတောင် ရေပြင်မှာတော့ .. ဂယက်ထလို့ မရပ်နိုင်သေးတဲ့အဖြစ်။ အဲ့လို အဖြစ်ကိုမှ တစ်ခါတစ်ခါ လေပြေကပါ ကူညီတိုက်ခတ်တော့... လှိုင်းကြက်ခွပ်လေးတွေ အဖို့....  ဘယ်မှာ ရပ်တန့်ပစ်ဖို့ ခွန်အားရှိပါ့မလဲ။

ဆောင်းတွင်းမို့ နှင်းရိုက်လို့ သရက်ကင်းတွေ ကြွေတယ်မောင်။ လေနဲနဲကြမ်းတော့  မောင်စာဖတ်နေကျ စကားဝါပင်အောက်မှာလည်း စကားဝါပန်းတွေ ပြန့်ကျဲနေတော့မှာ...။ ခရေနဲ့.. စကားဝါကို  ကြွေကျနေမှ သဘောကျတတ်တဲ့မောင်...။ သူတို့နှစ်မျိုး သဘော၊သဘာဝ တူကြတယ်လို့  မောင်က မှတ်ချက်ပေးဘူးတယ်လေ။


ဗန်ဒါပင်က အရွက်ကြွေတွေကို တွေ့ရင် အရင်လိုပဲ သဘောတကျ မောင် ပြုံးနေဦးမှာလား..။  မကြွေခင်မှာ အလှဆုံးနေပေးသွားတဲ့ အရွက်တွေရယ်လို့.... ဂုဏ်ပြုစကား ဆိုနေဦးမှာလား....။ ရွက်ခြောက် ကြွေတွေထဲကမှ အလှဆုံးအရွက်ကို သိမ်းဆည်း ထားလေဦးမလား....။

ကျွန်မဆီမှာလေ ရနံ့ပျယ်နေတဲ့ ခရေပန်းခြောက်တွေ၊ စကားဝါ ပန်းခြောက်တွေ ပြိးတော့ အရောင်ပျယ်နေတဲ့ ဗန်ဒါရွက်ခြောက်တွေ ရှိနေသေးတယ်..မောင်။


ဆုပ်ကိုင်ထိတွေ့လို့ မရတဲ့ ခံစားချက်တွေနဲ့ အသက်ရှင်သန်နေရတဲ့ ဘဝထက်ဆာရင် တစ်ခါတစ်ခါတော့ မောင့်ရဲ့ ရွေးချယ်မှုဟာ ပိုပြီး အဓိပ္ပါယ် ရှိသလားလို့... ထင်မိတယ်မောင်..။ ဒါပေမယ့် အဲ့ဒီခံစားချက်တွေထဲကနေ .. ကျွန်မမှ ရုန်းမထွက်ချင်ခဲ့တာ..။


ကျွန်မ နေပျော်ခဲ့ပါတယ် မောင်။



Angelhlaing

10:58 PM (Aus;)

Sunday, December 14, 2014

Photo Credit to .... Owner (Copy from Google)

8 comments:

အချိုးအစားပြေပြစ်ပြီး ရိုးရှင်းတဲ့ စကားလုံးလှလှလေးတွေနဲ့ ၀တ္ထုလေးတစ်ပုဒ် ခံစားသွားတယ် အိန်ဂျယ်လ်ရေ။

ဆောင်းတွင်းမို့ နှင်းရိုက်လို့ သရက်ကင်းတွေ ကြွေတယ်မောင်။
မောင့်အတွက်ရေးတယ်ဆိုပေမဲ့ အဲဒီသရက်ကင်းလေးကို တော့စားချင်မိတယ် ငယ်ငယ်က ညောင်ရွှေဖွားဖွားအိမ်မှာ သရက်သီးအကင်းလေးတွေကိုလိုက်ကောက်ခဲ့ဖူးတယ်လေ။
ဖတ်ပြီးတော့ တမြေ့မြေံလေးတော့ ရှိနေခဲ့တယ်
မောင်နဲ့ပြန်ဆုံသေးလား(စကားမစပ်)

ဖတ်သူကို မျောပါသွားစေတယ်ရှင့်..

သတိတရ ရှိနေတာကို မေ့ထားဖို့ .. ကြိုးစားရတာ လွမ်းနေရတာထက် ခံရခက်တယ်။ မတွေ့မိအောင် ကွေ့ရှောင်နေရတာကို မျက်နှာချင်း ဆုံအောင်လုပ်တော့ ... ကျွန်မနေရခက်တယ်...မောင်။ ဘာရယ် မဟုတ်ပါဘူး...တိတ်တဆိတ် ပျောက်ကွယ် သွားစေချင်ရုံလောက်ပါ။

...........ခံစားသွားတယ် အိန်ဂျယ်ရေ

ခရေ ပန်းခြောက်လေးတွေနဲ့ပတ်သတ်တဲ့
စာတပုဒ် ရေးမလားလို့ စိတ်ကူးနေတာအိန်ဂျယ်..
အမစီမှာလည်း ခရေပန်းခြောက်လေးတွေ ရှိတယ်..
စက္ကူလေးနဲ့ ထုပ်သိမ်းထားတာ...

ညီမရေ ခံစားချက်ဆိုတာကတော့ နှလုံးသားထောင့်မှာ
အမြဲခိုနေတတ်တာမျိုး ပေါ့
အခါအခွင့်သင့်တာနဲ့ သူက အရိပ်အယောင်လေးတွေ ပြန်ပြန်
ပြတတ်တယ်...
အဲဒီတော့ မေ့ထားဖို့မကြိုးစားဘဲ နေရအောင်လားနော်..
မေ့ဖို့ကြိုးစားလေ ပိုသတိရလေ ဖြစ်တတ်လို့

blackroze ပြောသလိုပါပဲ တိုက်ဆိုင်မှုတွေ ရှိလာရင်................. သတိရတတ်တယ်ပေါ့

အဲ့ခရေက အမပုံလေး... ဟိဟိ <3

ဟိဟိ.. ဟုတ်လား မမသက်ဝေ... google ကတွေ့လို့ ယူသုံးလိုက်မိတာ.. ခုတော့ ပိုင်ရှင်ပေါ်လာပြီဆိုတော့ Credit ပေးမယ်နော်..မမ <3 <3 <3

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More