
Monday, June 25, 2012
အဖေ (သို့) လွမ်းဆွတ်ခြင်း
ငယ်စဉ်တောင်ကျေး
ကလေးဘဝမှ နွေးထွေးချစ်ခင်
အပိုစကားမဆို အပြုံးချိုချိုဖြင့် နှုတ်နည်းလွန်းတဲ့ အဖေ..
အပြောဆို သိမ်မွေ့
မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ်
ရှောင်ခွင်းစေတဲ့ တရားသမား .အဖေ
ကြွေတစ်လှည့်
ဝေတစ်လှည့် လောကဓံကြားမှာ
မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ ... အဖေ
ဘယ်ဆီမှန်းလို့ တမ်းတရမလဲ
မသိသေးတဲ့ အမေက
အဖေ့ကို လွမ်းနေတဲ့အကြောင်း..
ခပ်ဖွဖွ ညည်းရင်း အမေ့ရင်ထဲက
ကြေကွဲမှုတစ်ချို့ဟာ
လစ်ဟာမှုတစ်ခုထဲကြောင့်တော့ မဟုတ်ဘူး အဖေ..
မပြေလည်မှုတွေ
အခက်ခဲဆိုတာတွေကို
ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး
အမျိုးမျိုး ပြောရင်း ခုချိန်ထိ အမေ မျှော်နေတုန်းပဲ အဖေ..
သွားလေသူရေ...
အေးချမ်းတဲ့ ခရီးလမ်းမှာ..
အမှန်တစ်ကယ် ငြိမ်းချမ်းနေပါစေရယ်လို့
အဖေရဲ့ ဆန္ဒ သိမ်းဆည်းထားတဲ့ အမေ့ရင်ထဲက အပူ
ဘယ်သူမှ မှီမယ်မထင်ပါဘူး အဖေ...
မရှိမှန်းသိလျှက်နဲ့
ရှာဖွေနေမိဆဲ နေသားမကျသေးတဲ့
အမေတစ်ယောက် အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့
အဖေ့ပုံရိပ်တွေထဲက အမေနိုးထဖို့ ခွန်အားမရှိသေးဘူး အဖေ...
ဘဝတစ်ခုလုံး
နှလုံးသားလှ ခဲ့တဲ့အဖေ
အပြုံးတစ်ခုနဲ့ ဘဝကို ထုဆစ်ခဲ့တဲ့အဖေ
သည်းခံခြင်းကိုကျင့် မေတ္တာတရားပွား သဒ္ဒါလည်းမရှားတဲ့ အဖေ့အတွက်
ငြိမ်းချမ်းခြင်းဆိုတဲ့ တရား ထာဝရအဖေ့အတွက် ဖြစ်ပါစေ...
ယနေ့အထိ အဖေ့တွက်ရည်စူး ပြုပြုသမျှသော ကောင်းမှုတွေအတွက် ရောက်ရာ ဘဝက သာဓုခေါ်ပါအဖေ။
##############
( ၁၀.၆.၂၀၁၂ )နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် အိန်ဂျယ့် အဖေအတွက် အမှတ်တရ ရေးဖွဲ့သော ကဗျာမပီ သော အမှတ်တရ တစ်ခုမျှသာ ဖြစ်ပါသည်။ ဖခင် တစ်ယောက်ရဲ့ နောက်ဆုံး အချိန်နဲ့ နောက်ဆုံး ခရီးမှာ အဝေးဆုံး ရောက်နေရလို့ ရည်မှန်း မျှော်မှန်းပြီး ရှိခိုးကန်တော့ ရုံက လွဲပြီး ဘာမှ မတက်နိုင်တဲ့ အခြေနေမို့ ဝမ်းနည်း ကြေကွဲမှုက ပိုရပါတယ်။ မိဘနှစ်ပါး အတွက်လို့ အခက်ခဲတွေ ကြားမှာ ရုန်းကန် ခဲ့ရချိန်တိုင်း အမေနဲ့အဖေ အတွက်လို့ အားတင်းနေခဲ့ ရသူမို့ အဖေ မရှိတော့ဘူး ဆိုတဲ့ အသိက တော်တော်လေး ဆိုးပါတယ်။ တစ်ကယ်ဆို အဖေ့အတွက် သမီးတစ်ယောက် အနေနဲ့ ကျေးဇူးဆပ်ခွင့် ဆိုတာ နည်းပါး လွန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း...အဖေရယ် နောက်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင် အဖေ့သမီးပဲ ဖြစ်ချင်ပါတယ်လို့...သာ။
Written By Angelhlaing
Monday, June 25, 2012
9.44 Pm (Austria)
17 comments:
အဖေအတွက်ရည်စူးပြီး ရေးထားတဲ့ကဗျာလေးကိုဖတ်ပြီး
မျက်ရည်လည်မိတယ်
ကိုယ်ချင်းစာတယ်ညီမရေ
ဖဘ မှာတွေ့တယ် ဘယ်ကစပြီးမေးရမှန်းမသိလို့
နောက်ပြီးအဲတာကိုလဲ မေးရမှာအားနာနေမိတယ်
ညီမအရမ်းဝမ်းနဲနေမယ်ဆိုတာသိလို့ပါ
ညီမအဖေလဲ ကောင်းကင်ဘုံကနေညီမကိုကြည့်နေမှာပါ
ချစ်တဲ့ jasmine
ဖတ်ပြီး အဖေကိုသတိရသွားတယ်၊
ညီမအဖေကောင်းရာဘုံကိုရောက်မှာပါ
ထပ်တူလို့ မပြောချင်ပေမဲ့ 
စိတ်မကောင်းဖြစ်မိပါတယ်..
ညီမပြုသမျှကုသိုလ်အစုကို ရရှိပါစေ..
လူသားတိုင်းကြုံတွေ့ရမှာသိရက်နဲ့ ကဗျာလေးဖတ်ရင်း တူညီတဲ့ခံစားချက်နဲ့ ကျေးဇူးရှင်ဖခင်ကို သတိရလွမ်းဆွတ်မိသွားတယ် အိန်ဂျယ်ရေ။
အိန်ဂျယ့်ဖေဖေ ကောင်းရာဘုံဘဝမှာ တရားထူးတရားမြတ်တို့ပွားများအားထုတ်နိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်ခဲ့ပြန်တယ်နော်..... :)))
ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း ...
အဖေ နဲ့ တော့ အတူမနေခဲ့ရပါဘူး ။
အဘိုး လေ ...
အမေ ရဲ့ အဖေ ဆိုပါတော့ ... ။ သူလည်း
JANUARY ထဲမှာ ဆုံးသွားတော့ ... တော်တော်
ဝမ်းနည်းခဲ့ရတယ် ။ အဓိက ကတော့
အမေ့အတွက်ပါလေ ...။
တနေ့မှာလူတွေအားလုံး
မလွဲမသွေ ကြုံရမဲ့အခြေအနေတခုပါ ညီမ
ခံနိုင်ရည်ရှိအောင်ကြိုးစားပါ..
အဖေမရှိတော့ပေမဲ့
အမေရှိနေပါသေးတယ်..
အားမလျော့လိုက်ပါနဲ့..
အစားထိုး မရနိုင်သော မိဘချင်းမို့ ကိုယ်ချင်းစာမိပါတယ်၊ အဆိုးဆုံးကတော့ ဖခင်တစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ အဝေးဆုံးရောက်နေသူတစ်ယောက်ရဲ့ ရင်ထဲကို မြင်နိုင်တဲ့ အတွက် စာနာမှုတွေ လွန်ကဲရပါတယ်...တစ်ဦးတည်းသော ကျန်ရစ်သူ အမေကို အတိုးချပြီး စောင့်ရှောက်နိုင်ပါစေ...
အဖေ့မေတ္တာဟာ ဆေးခါးကြီးနဲ့ တူတယ်တဲ့ ညီမရေ...ရောဂါပျောက်ပေမယ့် အ၀င်ဆိုးလွန်းလို့ တစ်ချို့ကလည်း ခံတွင်းမလိုက်ကြဘူးတဲ့ဗျား...အဖေတစ်ယောက်ရဲ့ တန်ဖိုးနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်တိုင်ခံစားခဲ့ရတာမို့ ကိုယ်တိုင်အဖေဖြစ်လာရင်တောင် ကိုယ့်အဖေလောက် တာဝန်ကျေနိုင်ပါ့မလားလို့ စဉ်းစားမိတိုင်း ရင်မောမိပါရဲ့...
ငါ့ညီမရဲ့အဖေ ကောင်းရာသုဂတိလားပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
အဖေ့အတွက် ကဗျာလှလှလေး ဖတ်ပြီး ခံစားရတယ် မမရေ...
ချစ်တဲ့
နော်
ကဗျာလေး ဖတ်သွားတယ် လှိုင်
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းလျက်။
မြတ်
ကဗျာလေးပာာ တကယ်ပဲ အဖေ့အတွက် ခံစားချက်လေးနဲ့ 
ရေးထားတာမို့ အရမ်းကို ကျွန်တော့်ရင်ကို ထိစေပါတယ်
သူရသာဝါရေးတဲ့ ကဗျာတပုဒ်ဖတ်ဖူးတယ်
အမေဟာ ကမ္ဘာကြီးဆိုရင်
အဖေက ကမ္ဘာကြီးကိုဖန်တီးသူတဲ့
ကဗျာဖတ်ရင်း အဖေနဲ့အမေ့ကိုလွမ်းတယ်ညီမလေး
တိုက်ဆိုင်စွာပဲ ဒီနေ့အိမ်ပြန်မှား)း)
မောင်ဘကြိုင်
ညီမလေး ရေ လာလာဖတ်ဖြစ်ပါတယ် ။ ကွန်မန့်မရေးဖြစ်လို့သာ ။ ဒီမနက် ညီမ ကို အေအေဘီ မျာ မျက်ရည်ကျနေတဲ့ ပုံလေး နဲ့ တွေ့လို့ စိတ်မကောင်းလို့ ထပ်လာပြီး အားပေးပါတယ် ။ မျက်ရည်တွေ မကျပါနဲ့တော့ ညီမရယ် လို့ ပြောရင် ကိုယ်ချင်းမစာ ရာ ကျမှန်းသိပေမဲ့ ညီမ ကို ချစ်တဲ့ ဖေဖေ ကလဲ သူ့သမီးလေး မျက်ရည်တွေ ကျနေမှန်းသိရင် ဘယ်စိတ်ကောင်းမလဲနော် ။ ဖေဖေ့ အတွက် ကုသိုလ်ကောင်းမှူလုပ်ပီးအမျှသာ ပေးဝေပါနော် ။
အိန်ဂျယ့်အဖေ ကောင်းရာသုဂတိလားပါစေ...
မစံပါယ်ရေအဖေချစ်တဲ့သမီးဘဝတူမို့ဒီကဗျာလေးကိုကူးယူခွင့်ပေးပါနော်
ဖေဖေတနှစ်ပြည့်အမှတ်တရအဖြစ်FBမှာတင်ခွင့်ပြု့ဖို့တောင်းဆိုပါရစေ
Post a Comment