http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, December 1, 2013

ကျွန်မ ရှင့်ကို မကြိုက်ခဲ့ဘူး





ကျွန်မ ရှင့်ကို မကြိုက်ဘူး။ သဘောမကျဘူး။ မနှစ်သက်ဘူး။ ဒီထပ်ပိုပြီး ရှင်းလင်း ပြတ်သားတဲ့ ဝေါဟာရ ရှိခဲ့မယ်ဆိုရင် ကျွန်မ ရှင်သိအောင် ပြောပြချင်သေးတယ်။ ကျွန်မရှင့်ကို မကြိုက်တဲ့ အကြောင်းတွေကိုပေါ့။ ရှင့်ကို မကြိုက်တဲ့ အကြောင်းအရာတွေကို ချပြရမယ်ဆိုရင် ကျွန်မဘဝရဲ့ လေးပုံပုံရင် သုံးပုံစာက ရှင့်ကိုမကြိုက်တဲ့ အကြောင်းတွေကြိးပဲ ဖြစ်နေတော့မှာ။

ယောက်ျားလေး ဖြစ်ပါရက်နဲ့ သန့်ပြန့်လွန်းနေတဲ့ ရှင့်ရဲ့ အပြုမှု၊ အနေထိုင်တွေကအစ ကျွန်မ မကြိုက်ဘူး။ လိုတာထပ် ပိုပြီး သပ်ရပ်နေတက်တဲ့ ဝတ်စားဆင်ယင်မှုက ကျွန်မကို မျက်စိ စပါးမွှေးစူးစေတယ်။ ညိုညက်နေတဲ့ ခြေချောင်းလေးတွေကတစ်ဆင့် ဖွေးသန့်နေတဲ့ ခြေသဲခွံအဖြူရောင်တွေက အနက်ရောင်ကတ္တီပါ ဖိနပ်ပေါ်ကနေ ကျွန်မကို လှောင်ပြောင်နေသလိုပဲ။

ရှပ်အကျီအဖြူရောင်ကိုမှ ကွပ်စိပ်အဆင်အမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ရှင်ပုံစံက ရုံးစာရေးတစ်ယောက်မှန်း မမေးပဲ သိသာစေတယ်လေ။ ဘာရယ်လို့ ကျွန်မ မသိတဲ့ ဖိုင်တွဲတစ်ခုနဲ့ ရှင့်ခါးကြားက ထီးခေါက်ကြီးကိုလည်း ကျွန်မ ကြည့်မရပြန်ဘူး။


မထင်မှတ်ပဲ ဘေးချင်းယှဉ်သွားမိရင်တောင် ဘာရယ်လို့ အမည်မသိတဲ့ သင်းပျံ့ပျံ့ရနံ့ တစ်ခုက နောက်လှည့်ကြည့်ဖို့ မလိုပဲ ရှင်ပဲ ဆိုတာကို ကျွန်မကို တပ်အပ် သိစေနိုင်တယ်။ သူများတွေပြောတဲ့ စကားပြော သိမ်မွေ့တယ်ဆိုတာ ကျွန်မအတွက်တော့ ယောက်ျားတစ်ယောက်ရဲ့ အသံဟာ အဲ့လောက်ထိ တိုးလျှနေဖို့ မလိုအပ်ဖူးလို့ထင်တယ်လေ။ ခက်တာက အဲ့ဒီလေသံ တိုးလျှလျှကပဲ အသံတွေ အများကြီးထဲကမှ သိသိသာသာ ကွဲထွက်နေတာမျိုးကို ကျွန်မ မကြိုက်တာ။ တစ်ကယ်ဆို အဲ့ဒီလောက် အသံသေးသေးလေးက အသံတွေအများကြိးထဲမှာ တိုးဝင် ကွယ်ပျောက်နေခဲ့သင့်တာ မဟုတ်ဘူးလား။

သာမန် မိန်းခလေးတွေထဲမှာမှ သိသိသာသာ မဟုတ်တောင် မြင့်မားတဲ့ ကျွန်မရဲ့ အရပ်က ရှင်နဲ့ ယှဉ်လိုက်ရင် ခေါင်းတစ်လုံးလောက် နိမ့်ကျသွားရတာကို ကျွန်မ မကြိုက်ဘူး။ ခြေသံလုံလုံ အသုံးပြုပြိး ကျွန်မနားမှာ ကပ်ပါးကောင် တစ်ကောင်လိုပဲ မခွဲတမ်း ကပ်နေဖို့ ကြိုးစားနေတဲ့ ရှင့်ကို ကျွန်မ မကြိုက်ဘူး။ ရှင့်ကိုလေ မကြိုက်တကာ့ မကြိုက်ဆုံးက ကျွန်မဘဝထဲကို ဝင်ဖို့ ကြိုးစားလာတဲ့ ရှင့်ရဲ့ ခြေလှမ်း၊ ရှင့်ရဲ့ ကြိုးစားမှုတွေကိုပဲ။ ဟုတ်တယ် ကျွန်မ ရှင့်ကို မကြိုက်ခဲ့ဘူး။

“ အို… ညည်းဟာညည်း ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ၊ ခုဟာက ညည်းကို သူ…..ခိုးပြေးသွား ပြိးပြီ။ လူသိရှင်ကြားလည်း ဖြစ်နေပြီ။ ဒါကိုမှ ညည်းက မိဘတွေမျက်နှာကို အိုးမည်းသုတ်ချင်သေးတာလား၊ ညည်းဘာတစ်ခွန်းမှ ဝင်မပြောနဲ့ လုပ်သင့်တာကို ဆက်လုပ် ဒါပဲ ငါပြောမယ်”

အိမ်ထောင်တစ်ခု တည်ထောင်ဖို့ ဘာမှ မပြင်ဆင်ရသေးခင်မှာပဲ ကျွန်မက ဘုမသိ ဘမသိနဲ့ အိမ်ထောင်ရှင်မ ဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရတယ်။ ပြိးတော့ အိမ်ထောင်ဖက်က ကျွန်မ မကြိုက်တဲ့ ရှင်ဖြစ်နေခဲ့တဲ့ အတွက်လည်း အရာရာဟာ ကျွန်မအတွက် မနှစ်သက်စရာတွေ တပုံတပင် ဖြစ်လို့နေခဲ့တယ်။ မနက် စောစောမထတက်တဲ့ ကျွန်မက မိုးမလင်းခင် အိပ်ယာကထလို့ ဘုရားဝတ်ပြုနေတဲ့ ရှင့်ကြောင့် ကျွန်မ အနေခက်ခဲ့ရဖူးတယ်။။ ညနေစောင်းလို့ ရုံးဆင်းချိန်တိုင်း တစ်နေ့တစ်မျိုး မရိုးရအောင် မုန့်တစ်မျိုးမျိုးကို လက်မှာ အသင့်စွဲလို့ အိမ်ပြန်လာတဲ့ ရှင့်ကို ကျွန်မ မကြိုက်ဘူး။

မိန်းမသားဖြစ်တဲ့ ကျွန်မထက် အချက်အပြုတ်ပိုသာနေတဲ့ ရှင့်ကို ကျွန်မမကြိုက်ဘူး။ ကျွန်မချက်သမျှ ဟင်းတွေကို ဘယ်လောက်ပဲ အစပ်ဟပ် မတည့်နေပါစေ အပြုံးမပျက် စားတတ်တဲ့ ရှင့်ကို ကျွန်မ မကြိုက်ဘူး။ တစ်ကယ်ဆို ချိုသည်ခါးသည် ဆိုတာလောက်တော့ ပြောသင့်တယ် မဟုတ်လား။ အခုတော့ ဘာစကားမှ အပိုမဆို ခေါင်းမဖော်တမ်း စားနေလိုက်တာများ ကျွန်မဖြင့် အသဲတယားယား။ ရှင်ကတော့ ဘာမှ မသိလို အချိုးမျိုးနဲ့။ အဲ့ဒါတွေကြောင့် ရှင့်ကို ကျွန်မ မကြိုက်တာ။

အချိုးမကျ ကြေမွနေတဲ့ ရုံးဝတ်စုံတွေကို မညည်းမညူ အပြစ်မဆိုပဲ ကိုယ်တိုင် မိးပူတိုက်တတ်တဲ့ ရှင့်ကို ကျွန်မသဘော မကျဘူး။ တစ်ကယ်ဆို ကျွန်မကို ချော့မော့ပြောရင်ပြော ဒါမှမဟုတ်လည်း အပြစ်တင်မယ်ဆိုလည်း တင်နိုင်တာပဲလေ။ ခုတော့ ပြဿနာ ဖြစ်ပါစေလို့ မရည်ရွယ်ပေမယ့် ဖြစ်လာသမျှတိုင်း အရှုံးပေး နှလုံးအေးတယ်လို့ သတ်မှတ်ထားတဲ့  အတိုင်း စကားနည်း ရန်စဲ နည်းကိုသုံးတဲ့ ရှင့်ကို ကျွန်မ မကြိုက်ဘူး။

ကျွန်မက ရုပ်ရှင် ဝါသနာအိုး။ ရုပ်ရှင်ဆိုတဲ့ အသံကြားရင် ဘယ်နေရာ ဘယ်ပွဲဆိုတာကို ကျွန်မနားက စွင့်လျှက်သားပဲ။ နှစ်ခါ ပြန်မေးဖို့ မလို။ အဲ့လောက်ထိ ကျွန်မ ရုပ်ရှင်ကြိုက်သူ တစ်ယောက်။ တစ်ခါတစ်လေများ သူငယ်ချင်းတစ်ယောက်က ဒါမှမဟုတ် အိမ်နိးနားချင်း မိတ်ဆွေကများ ဒီနေ့တင်တဲ့ ရုပ်ရှင် သိပ်ကောင်းတာပဲ ဆိုရင် လုပ်လက်စ ဘာအလုပ်ကိုပဲ ဖြစ်ဖြစ် တစ်ဝက်တပျက်နဲ့ ရုပ်ရှင်ရုံကို အပြေးအလွှား သွားဖို့ ဝန်မလေးသော ကျွန်မ။

တစ်ခါတစ်လေများ ချက်လက်စ ထမင်းဟင်းတောင် ပြိးအောင် မချက်ပဲ ရုပ်ရှင်ကို အပြေးအလွှားကြည့်တက်တဲ့ ကျွန်မကို ရှင်က ဆူပူရကောင်းမှန်း နားမလည်ခဲ့ဘူး။ ကျွန်မ ပစ်ထားခဲ့တဲ့ အလုပ်တွေကို လက်စသက်ပြိး စားဖို့ အဆင့်သင့်ပြင်ထားတဲ့ ထမင်းဝိုင်းနဲ့ စောင့်ကြိုတက်သေးပြန်တယ်။ ဘာမှ ထွေထွေထူးထူး မရှိခဲ့သလို ရုပ်ရှင်ကောင်းလား၊ ဘယ်မင်းသား၊ ဘယ်မင်းသမီးလဲ ဆိုတာတောင် မေးဖော် မရဘူးလေ။ သေချာတာက အဲ့ဒီလိုနေ့ဟာ ကျွန်မ အကြိုက်ဆုံး မင်းသား ရုံတင်တဲ့နေ့ဆိုတာ ရှင်သိနေခဲ့လို့ပေါ့။ ပြောပါပြီကော အဲ့ဒါတွေကြောင့် ကျွန်မ ရှင့်ကို မကြိုက်တာပါဆို။

အပေါင်းသင်းမင်တဲ့ ကျွန်မက အဖေါ်ကောင်းရင် ကောင်းသလိုလည်း အိမ်ကို ပစ်သွားတက်သေးတယ်။ တစ်ခါတစလေတော့လည်း လူကြုံရှိရင် လူကြုံနဲ့ အမှာစကား ပါးလိုက်တာပေါ့။ မရှိတော့လည်း မမှာခဲ့ဘူးပေါ့။ အချိန်တန် အိမ်ပြန်ရောက်မှ သိတဲ့ အခါလည်း သိပေါ့။ ဒီလိုပါပဲ ကျွန်မ အိမ်က ပျောက်သွားတိုင်း ကျွန်မ ပြန်မလာမချင်း ရှင်ထိုင်နေကျ ထိုင်ခုံလေးကနေ အိမ်အဝင်ဝကို ငေးရင်း ရှင် … ကျွန်မ ပြန်အလာကို စောင့်နေတတ်တယ်လေ။

ကျွန်မ ရုတ်တရက် ပျောက်သွားလို့ ရှင်ရော အိမ်နိးချင်းတွေပါ အလုပ်ရှုပ်သွားတဲ့ အကြောင်းလည်း သူတို့ ကျွန်မကို ပြန်ပြောပြကြသေးတယ်။ ရှင်ကတော့ ခရီးဝေး အလည်လွန်ရာက ပြန်လာတဲ့ ကျွန်မကို ဆူပူဖို့တောင် သတိမရပဲ မသိချင်ယောင်ဆောင် နှုတ်ဆိတ်တက်နေသေးတာ။ ဒီလိုနဲ့ တဖြေးဖြေး ကျွန်မရဲ့ အကျင့်တွေနဲ့ နေသားကျလာတဲ့ ရှင်က ကျွန်မ အိမ်က ပျောက်သွားတိုင်း လိုက်မရှာတော့ဘူး။ ကျွန်မ အဖော်မင်တာကို ရှင်သိနေ နားလည်နေတာကိုလည်း ကျွန်မ မကြိုက်ခဲ့ဘူးလေ။

အိမ်ကို ရှင့်ရဲ့ မိတ်ဆွေတွေ၊ ဒါမှမဟုတ် ဧည့်သည် တစ်ယောက်ယောက် ရောက်လာတိုင်း ဒါ ကျွန်တော့်အမျိုးသမီးလေ တဲ့။ အသက်ရွယ် ရလာသည့်တိုင် သားသမီးတွေကို ကျော်ပြီး ကျွန်မကိုသာ ပထမ ဦးစားပေးအဖြစ်နဲ့ ရှင်က သတိတရ မိတ်ဆက်ပေးတက်တုန်း။ သားတွေ၊ သမိးတွေရဲ့ အစနောက်တွေထဲမှာ ခပ်တည်တည်နဲ့ ရှင်က ရှင်မဟုတ်သလိုပဲ။  ပြီးတော့လည်း မသိချင်ယောင်ပြီး တစ်ဖက်လှည့် ပြုံးတုံတုံ့ လုပ်နေတက်သေးတယ်။ အဲ့ဒါတွေပေါ့ ကျွန်မ ရှင့်ကို မကြိုက်တာ။

သြော်.. ပြိးတော့ ရှိသေးတယ် ရှင်က ကွမ်းယာ သိပ်ကြိုက်တာလေ။ ကွမ်းကိုများ ဘယ်လောက်တောင် ကြိုက်လဲဆို အိပ်ရင်တောင် ကွမ်းယာငုံပြိး အိပ်တတ်တဲ့ လူစားမျိုးပေါ့။ ကျွန်မ တစ်ခုခုပြောရင် မဆိုင်းမတွ ချက်ချင်းပြုပြင်တက်တဲ့ ရှင်က ကွမ်းယာကိုတော့ ကျွန်မ ဘယ်လောက်ပဲ ညူစူညူစူ စွဲစွဲမြဲမြဲ စားနေတက်စမြဲ။ တစ်ခါတစ်လေများ အမြင်ကပ်ကပ်နဲ့ ရှင့်အိပ်ကပ်ထဲက အကြွေစတစ်ချို့ကို ကျွန်မဖွက်ထားတဲ့ အခါမျိုးမှာတော့ မအူမလည်နဲ့ ရှင်က ကျွန်မလုပ်ထားမှန်း တပ်အပ်သိနေသလို။ ညီမရယ် အကို ကွမ်းစားဖို့ သိမ်းထားတာလေးတွေပါတဲ့။ ပြန်ပေးစမ်းပါတဲ့လေ။ ကြည့်ပါလား ဘာမှ အရေလည်းမရ အဖတ်လည်း မရတဲ့ ကွမ်းကိုများ အရေးတယူလုပ်နေတာ။ အဲ့ဒါတွေကြောင့် ရှင့်ကို ကျွန်မ မကြိုက်တာ။

“အဖေကလည်း ဒီမှာ သား၊သမီးတွေကိုတော့ အရင် မိတ်မဆက်ပေးဘူး၊ သူ့ အမျိုးသမီးမှ သူ့အမျိုးသမီး.. သိပ်ကြွားတာပဲ”


“အင်းလေ ဟိုနေ့က ..အမေလေ အန်တီထားတို့နဲ့ လိုက်သွားတာ အိမ်ကို ဘာမှ မမှာခဲ့ဘူးလေ၊ အမေ့ကို မတွေ့လို့ အဖေရယ်လေ  ပွစိပွစိနဲ့ သိလား   ဘယ်သွားလို့ ဘယ်လာမှန်းမသိ ဆိုပြီး..  ဆူနေတာ …. ခဏနေ သူ့အမျိုးသမီးလည်း ပြန်လာရော အသံကို တိတ်လို့ စောစောက ဆူနေတာ သူမဟုတ်သလိုနဲ့”


“ဟုတ်ပ …. တို့များ ဟင်းချက်ရင် ပေါ့သလေး ငန်သလေးနဲ့ သူ့အမျိုးသမီး ချက်တဲ့ဟင်းတော့ ငန်တူးနေတာတောင် ဘယ်သူချက်တာလဲလို့ တစ်ခွန်းမမေးဘူး ခေါင်းမဖော်တမ်း စားလို့ အဖေတို့များ သိပ်မျက်နှာ လိုက်တာပဲ”


“ဒါတင်ပဲလား မမလေးရ …ဟိုတစ်နေ့ကလေ အလှူသွားမယ်ဆိုလို့ ငယ်လေးက အဖေ့အတွက် အဝတ်အစား ထုတ်ပေးတာကို မဝတ်ဘူးရယ်လေ အမေထုတ်ပေးတာ မဟုတ်လို့ နင်တို့အမေရောတဲ့…. အဲ့ဒါနဲ့ ငယ်လေးမှာ အမေ့ကို လိုက်ရှာရသေးတယ်၊ အမေက သူ့ဘာသာ ပြင်ဆင်ထားတာဖြင့် ကျော့လို့… အဖေ့ကို သတိတောင် ရတာမဟုတ်ဘူး..”


“ မိုးတွေ အရွာတဲ့ နေ့တုန်းကလည်း… အမေရယ်လေ မိုးရွာထဲမှာ ခရေပန်းတွေ ကြွေနေလို့ ဆိုပြီး သွားကောက်တာ…. အဲ့ဒါ … အမေ့ရှေ့မှာတော့ မဆူဘူးရယ် သူ့မိန်းမ ပန်းကောက်တဲ့ ခရေပင်ဘက်ကို မျက်နှာမှုပြိးတော့ …  ဝယ်ပြီး ပန်မယ်ဆိုလည်း ရတာကို ..အလကား  အပင်ပန်းခံပြီး မိုးရေစိုခံပြီး မိုးထဲရေထဲ သွားကောက် ရမလာ့း  ဆိုပြီး ပွစိပွစိ ပြောနေတာ.. အမေလည်း ခရေပန်း ကောက်ပြန်လာတော့ ဘာအသံမှ မကြားရတဲ့အပြင်  သူကပါ ပန်းတွေ ဝိုင်းသီ ပေးနေသေးတယ်လေ ..”


တစ်ယောက်တစ်မျိုးနဲ့  အမျိုးမျိုး ဝိုင်းစနေတဲ့ သားသမိးတွေရဲ့ စကားသံကို ကျွန်မ မသိချင်ယောင် ဆောင်လိုက်တယ်။ အရွယ်တွေ ရောက်လာကြတဲ့ သူတို့လေးတွေ တောင် ရှင့်အကြောင်းကို သိနေကြပြီ။ ခက်တာက ကျွန်မမှ မသိချင်ခဲ့တာ။ သိအောင်လည်း မကြိုးစားချင်ဘူး။ ကျွန်မသိတာ ကျွန်မ စိတ်တိုင်းကျ နေချင်သလိုနေဖို့နဲ့ စိတ်လွတ်လပ်နေဖို့ပဲ။ ဒါကိုလည်း ရှင်သိနေခဲ့တာပဲလေ။ ဒါပေမယ့် ကျွန်မကတော့ ရှင့်ကို မကြိုက်ခဲ့တာ အမှန်ပဲ။ ခုထိလည်း ကျွန်မ ရှင့်ကို မကြိုက်ပါဘူး။

အစထဲက စကားနည်းတဲ့ ရှင်က အသက်ရွယ် ရလာတော့ ပိုစကားနည်းလာတယ်။ ကျွန်မကသာ အသက်ကြိးလာလေလေ စကားပိုများ လာလေလေ။ ရှင်က ဘယ်လောက်တောင် စကားနည်း သွားလဲဆိုရင် ခံစားနေရတဲ့ ဝေဒနာကိုတောင် ပြောပြဖို့ ဝန်လေးတဲ့ အထိပေါ့။  ကျွန်မ အဲ့ဒါတွေ မကြိုက်တာလေ။ အနည်းဆုံးတော့ ကိုယ်ခံစားရတဲ့ ဝေဒနာအကြောင်းကို ရှင် ပြောပြမှ ကျွန်မ သိမှာပေါ့။ ဘယ်နေရာကဖြင့် နာတယ်။ ဘယ်လို ခံစားနေရတယ် ဆိုတာမျိုးတော့ အနည်းဆုံး ရှင်ပြောဖို့ သင့်တာပေါ့။ ခုတော့ ရှင်က တေမိမင်းသား လုပ်နေတာဖြင့် ကျွန်မတော့ သိပ်စိတ်မရှည် ချင်ဘူးရယ်။ ကျွန်မအနေနဲ့ကလည်း ဆရာဝန်မှ မဟုတ်တာ…။ ကျွန်မ မြင်ရသလောက်က တဖြေးဖြေး ဖောယောင်လာနေတဲ့ ရှင့်ဗိုက်ကြီးရယ် ဘာကျွေးကျွေး အစား သိပ်မစားတော့တဲ့ အကြောင်းရယ်က လွဲပြိး ကျွန်မ ဘာမှ မသိဘူးလေ။

ဆေးပုလင်းတွေ အများကြီး ချိတ်ထားတဲ့ ရှင်က တစ်နေ့နေ့ ဟင့်အင်းနဲ့ အင်း ကိုတောင် အဖြေမပေးနိုင်အောင် နုတ်ဆိတ်သွားခဲ့တယ်နော်။  ကျွန်မမှာသာ ဘေးကနေ ရှင့်ကို မချင့်မရဲ ကြည့်ပြီး တစ်ခွန်းလောက် ဖြစ်ဖြစ် ဖြေလိုက်ပါလားလို့ အားမလို အားမရ ဖြစ်ရသေးတယ်။ အဘ ဘယ်လိုနေသေးလဲတဲ့။ ဂရုတစိုက် အလေးထားပြီး ရှင့်ကို မေးနေတဲ့ ဆရာဝန်ကြိးတွေကို ကျွန်မ အားနာလာရတယ်။ အရင်ကဆို ရှင်က စကားပြော အရမ်း ကျွမ်းကျင်တယ်လေ။ ကျွန်မ ဖြေရမယ့် အဖြေတွေ တော်တော်များများကိုတောင် ရှင်က အစား ဖြေပေးခဲ့သေးတာပဲ။ အခုမှ ဘာလို့ ရှင်နုတ်ဆိတ်နေတာလဲ။ ကြည့်ပါဦး အဲ့လို မတုန်မလုပ်နဲ့ ရှင့်ကို ကျွန်မ မကြိုက်ပါဘူး။

သားလတ်က ရှင့်ကို အိမ်ပြန်ခေါ်ဖို့ ဆရာဝန်ကြိးဆီက ခွင့်ပြုချက် ရလာပြီတဲ့။ ကျွန်မနားကိုကပ်ပြိး ပြောလိုက်တော့  ကျွန်မ ဝမ်းသာသွားတယ်သိလား။ ဆေးရုံမှာဆိုတော့ ရှင်ဘယ်ကြာကြာ နေချင်ပါ့မလဲလေ။ ဟုတ်တယ်မလား။ အဲ့ဒါကောင့် ရှင်စကားမပြောတာလည်း ဖြစ်မှာပေါ့။ ဒါကြောင့်လည်း ရှင်စကားမပြောပဲ ဆန္ဒပြနေတာ မဟုတ်လား။ အဲ့လို မေးရင်မဖြေ၊ ခေါ်ရင်မထူးတဲ့ အပြုအမှုတွေက ကျွန်မ လုပ်နေကြ အလုပ်တွေပါ။ ရှင်ဆေးရုံမှာ ကြာကြာမနေချင်လို့ပဲ ဖြစ်ရမယ်။

အိမ်ပြန်ရောက်မှ ရှင့်ကို ကျွန်မ မေးချင်တာတွေ မေးရမယ်လေ။ အဲ့ကျရင်တော့ ရှင် ကျွန်မကို ဖြေမှာပါ။ ဟုတ်တယ်မလား။ သူများတွေ မေးလို့ မဖြေပေမယ့် ကျွန်မ မေးရင်တော့ ရှင်ဖြေမယ်လို့ ကျွန်မ ယုံကြည်နေတယ်လေ။  အိမ်ပြန်ရောက်တော့ လူနာလာမေးတဲ့ သူတွေကို ရှင် မျက်လုံးတောင် ဖွင့်မကြည့်တော့ဘူး။ ကျွန်မထင်တယ် ရှင်က အိမ်မှာ မိသားစုကလွဲပြီး အပြင်လူတွေ လာတာ မကြိုက်ဘူးရယ်လေ။ အဲ့ဒါကြောင့်နေမှာပါ။ ဟုတ်တယ်မလား။

ကျွန်မမှာသာ လူနာလာမေးတဲ့ ဧည့်သည်တွေကို  ဆေးရုံက အဖြစ်ပျက်တွေကို ပြန်ပြောပြရင်း ဧည့်ခံရတယ်။ ရှင်ကတော့ တုတ်တုတ်တောင် မလုပ်ဘူး။ ဧည့်သည်တွေ ရှင်းသွားချိန်မှာမှ ရှင့်နားကို ကပ်ပြိး ဘယ်လိုနေသေးလဲ သက်သာလားလို့ ကျွန်မ မေးဖို့ ကြိုးစားရတယ်။ ငြိမ်သက်နေတဲ့ ရှင်ကတော့ စကားလေး တစ်ခွန်းတောင် မဆိုခဲ့ဘူး။ အဲ့ဒါမျိုးတွေ  ရှင့်ကို ကျွန်မ မကြိုက်တာ။

ရှင်နဲ့ မနီးမဝေးမှာ နေရင်း ရှင့်ကို ကျွန်မ ငေးကြည့်နေမိတယ်။ ဘာလို့များ ရှင်စကား မပြောတော့ပါလိမ့်။ ကျွန်မကိုများ စိတ်ကောက်သွားတာလား။ အရင်ကလည်း ရှင် စကားနည်းပါတယ်။ ရှင်ချစ်တဲ့ ချွေးမကြိးကတော့ ရှင့်ကို ဆေးတိုက်ချိန်၊ အစာစားချိန်နဲ့ သူ့ဘာသာသူ အချိန်မှန် ပြုစုနေတော့တာပါပဲ။ ရှင်ကတော့ ကျေးဇူးတင်ပါတယ် သမိးရယ်လို့တောင် မပြောဘူးနော်။ ကျွန်မကို ဘာတွေများ စိတ်တွေ ကောက်နေတာပါလိမ့်။

အရင်ကလည်း ကျွန်မရှင့်ကို မချော့ခဲ့ပါဘူး။ ရှင်ဘာသာ ရှင် ကျွန်မကို အလျော့ပေးပြိး စကားလာပြောတာပဲဟာ။ ခုတစ်ခါမှ ရှင်က ဘာတွေများ အကြိးအကျယ် စိတ်ကောက်နေပါလိမ့်။ ကျွန်မလည်း သူငယ်ချင်းတွေနဲ့ အလည်မသွားတာ ဘယ်လောက်ကြာပြီလဲ။ ကျွန်မ ကြိုက်တဲ့ ရုပ်ရှင်တွေတောင် ရှင့်ကြောင့် မကြည့်ဖြစ်တော့တာ ကြာပြီလေ။

“မြင့်ရယ် နင်ကလေ ယောက်ျားရ သိပ်ကံကောင်းတာပဲ နင့်ယောက်ျားနဲ့ ငါ့ယောက်ျား လဲကြမယ်..လေ ဒါမှ ငါအိမ်က လူ ငါ့စေတနာ နားလည်မှာ… နင့်လို ခပ်ဆိုးဆိုး မိန်းမမျိုးနဲ့မှ တန်မှာ … ငါ့ကိုဆို အကောင်းကို မပြောဘူးအေ ဘယ်လောက် ကောင်းကောင်း လုပ်ပေးပေး အပြစ်ကို မလွတ်ဘူး..”


“ မြင့်ရယ်…. သနားပါတယ် သူငယ်ချင်းရယ် သိပ်လည်း အနိုင်မကျင့်စမ်းပါနဲ့ သူ့မှာ နင့်ကို ဒီလောက်ချစ်တာ.. စဉ်းစားကြည့်ပါဦး နင်ကိုဆို အပြစ်စကား တစ်ခွန်းမှ မဆို ..အရာရာ တစ်အိမ်လုံး နင့်သဘောကြိးပဲ…. ဒါတောင် နင်က မကျေနပ်ချင်သေးဘူး…”


“ မြင့်နော် …လူက နေပေမယ့် ငရဲက မနေဘူး အဲ့ဒီလောက် ကိုယ့်ယောက်ျားအပေါ် မဆိုးပါနဲ့.. သူ့ခဗျာ ငါတို့ လာလည်ရင်တောင် ပျာယာခတ်နေတာပဲ နင့်ကို ဂရုစိုက်ရတာ… တစ်ကယ်ဆို ငါတို့တွေ ဆုံတိုင်း နင့်ကိုပဲ အားကျနေတာ။ တစ်ဘဝလုံး အဲ့လိုမျိုး အလိုလိုက်တဲ့ ယောက်ျား ရထားတာ ….. တို့တွေများ နင့်လောက် ကံမကောင်းလို့ပါ….နေရာချင်းသာ လဲလိုက်ချင်တော့တယ် ..သိလား”


ရှင်သိလား။ ကျွန်မ သူငယ်ချင်းတွေက ရှင်နဲ့ပါတ်သက်လာရင် ကျွန်မကို အားကျလို့တဲ့။ ကျွန်မကတော့ ရှင့်ကို မကြိုက်ပါဘူး။ ခုလည်း ကြည့်ပါဦး။ ကျွန်မမှာသာ  ရှင့်ဆီက စကားသံတစ်ခုခု ကြားရဖို့ နားစွင့်နေရတာ။ ရှင်များ ဘယ်သူမှ မကြားအောင် တိုးတိုးလေး လှမ်းခေါ်လိုက်မလားပေါ့။ ရှင်ကတော့ တုတ်တုတ်တောင် မလုပ်ဘူး။ ကျွန်မ ရှင့်နဲ့ အဝေးကြိးလည်း မသွားတော့ဘူး။ ရှင် လှမ်းခေါ်ရင် ကျွန်မ မကြားမှာ စိုးလို့လေ။

ရှင်စကား ပြောပါတော့။ မဟုတ်ရင် ကျွန်မ စိတ်ကောက်လိုက်မှာနော်။ ရှင်သိပါတယ် ကျွန်မက စိတ်ကောက်ရင် အနည်းဆုံး သုံးရက်လောက်ထိ ကောက်တတ်တာလေ။ အဲ့ဒါကို သိလို့လည်း ကျွန်မကို စိတ်မကောက်အောင် ထားတယ်ဆိုတာ ကျွန်မ သိတာပဲ။ ခုတော့ တစ်ကယ်ပဲ ကျွန်မ ရှင့်ကို စိတ်ကောက်ချင်နေပြီ။ အနည်းဆုံးတော့ ရှင် တစ်ခုခုတော့ ပြောသင့်တာပေါ့။ အဲ့ဒါတွေကြောင့် ရှင့်ကို ကျွန်မ မကြိုက်တာပေါ့။

ခရေပန်းဆို အရမ်းကြိုက်တဲ့ ကျွန်မ။ ခုဆို ပန်းမကောက်ဖြစ်ခဲ့တာတောင် ကြာပြီ။ ရှင်နေမကောင်း စဖြစ်ထဲကပေါ့။ အရင်ကဆို မနက်စောစော ရှင် ဘုရားဝတ်ပြုချိန်မှာ ကျွန်မက ပန်းကောက်ထွက်တယ်လေ။ ဓါတ်မီးတစ်လက်နဲ့ပေါ့။ ပန်းကောက်၊ပြီး ပြန်လာချိန်ဆို ရှင်လည်း ဘုရားဝတ်ပြုပြိးပြီ။ ကျွန်မကောက်လာတဲ့ ခရေပန်းတွေကို ဝိုင်းသီပေးဖို့ ကြိုးနဲ့ အပ်က အဆင့်သင့်ပြင်ပြီး ရှင်ကစောင့်နေကြ။ မိုးရွာတဲ့ နေတွေ့များဆို ဖွေးဖွေးလုပ်နေတဲ့ ခရေပန်းအကြွေတွေ ကြားမှာ ကျွန်မက အလုပ်တွေများလို့ပေါ့။ အဲ့လိုနေ့တွေဆို ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်လာတဲ့ ကျွန်မမျက်နှာက မိုရတဲ့ မျက်နှာမျိုးလို့ ရှင်ပဲ ပြောခဲ့တယ်လေ။

အရင်နေ့က ဘုရားကပ်ထားတဲ့ ခရေပန်းကုံးတွေဟာ လတ်လတ်ဆက်ဆက်နဲ့ မွှေးကြူနေဆဲပဲ။ အဟောင်းကို စွန့်ပြိး အသစ်ကပ်။ ပြိးတော့ ဘုရားပန်းက စွန့်ထားတဲ့ ခရေပန်းကုံးတွေကို ကျွန်မခေါင်းမှာ ပန်လိုက်ရင် ကျွန်မက ကျေနပ်စွာ ပြုံးတယ်။ ရှင်ကတော့ ကြည်နူးစွာ ပြုံးတယ်။ တစ်ခါတစ်လေ ရှင်က ပန်းတွေအများကြီး တစ်ခေါင်းလု့းပြည့်အောင် ပန်ထားတဲ့ ကျွန်မကို အရူးမကြီးနဲ့ တူတယ်တဲ့။ သနပ်ခါး ခြေဆုံးခေါင်းဆုံးနဲ့ ခရေပန်းတွေ ဖွေးနေတဲ့ ကျွန်မကိုများ ပြောရက်လိုက်တာ။ အဲ့ဒါတွေကြောင့်ပေါ့ ရှင့်ကို မကြိုက်တာ။

ခုလည်းကြည့် ရှင်က စကားမပြောတော့ ကျွန်မ ပန်းလည်း ထွက်မကောက်ရတော့ဘူး။ ရှင်စကားပြောမလားလို့ ကျွန်မ စောင့်နေရလို့ပေါ။ ရှင်ကတော့ နည်းနည်းလေးမှတောင် မလုပ်ဘူး။ တစ်ကယ်ဆို ဒီလောက်စောင့်မျှော်နေတဲ့ ကျွန်မကို ရှင် စကားတော့ ပြောသင့်ပြီမဟုတ်လား။ အနည်းငယ် ဟနေတဲ့ ရှင့်နုတ်ခမ်းတွေကို ကျွန်မ ပိတ်ပေးလိုက်တယ်။ ရှင်က အဲ့လိုပဲ အိပ်ရင်လည်း ပါးစပ်ဖွင့်ပြီး တခေါခေါနဲ့ အိပ်မောကျတက်သူလေ။ ကျွန်မမှာသာ ရှင့်ဟောက်သံ ဆူဆူညံကြားမှာ အိပ်ရေးပျက်ရသူပေါ့။ ခုတော့ ရှင် အိပ်မော မကျသေးဘူးထင်တယ်။ ဟောက်သံ မကြားရသေးဘူး။ ဒါဆို ရှင် မအိပ်သေးဘူးပေါ့။ ဒါနဲ့များတောင် ရှင်ကျွန်မကို စကားမပြောသေးဘူးနော်။ ဘာလဲ ဆေးရုံမှာ ရက်တွေ အများကြီး နေခိုင်းလို့ ကျွန်မကို စိတ်ကောက်နေတာလား။ အဲ့ဒါတွေပေါ့ ကျွန်မ ရှင့်ကို မကြိုက်တာ။

တစ်စတစ်စနဲ့ ရှင့်ကိုယ်ပေါ်မှာ ယင်ကောင်တွေက လာလာနားနေတယ်။ ကျွန်မဖြင့် အဲ့ဒီ ယင်ကောင်တွေကို သိပ်မုန်းတာပဲ။ ဟုတ်တယ် ဘယ်လောက်တောင် မုန်းလည်းဆို သရက်သီးမှည့်ဆို တအားကြိုက်တဲ့ ကျွန်မ အဲ့ဒီ ယင်ကောင်တွေကြောင့်ပဲ မစားဖြစ်ခဲ့တာ အတော်ကြာပြီပေါ့။ ခုလည်းကြည့်ဦး ရှင့်ခန္ဒာကိုယ်ပေါ်မှာ လာလာနားနေတဲ့ ယင်ကောင်တွေကို ကျွန်မ ယပ်တောင်နဲ့ မောင်းထုတ်လိုက်တယ်။ ဒါလည်း ခဏပဲ ပြိးတော့ ပြန်ပြန်လာတယ်။ ရှင့်ဘေးမှာ ထိုင်ရင်းနဲ့ ရှင့်ဆီမှာ လာလာနားနေတဲ့ ယင်ကောင်တွေနဲ့ ကျွန်မ ရန်ဖြစ်နေတယ်လေ။

ရှင့်ကိုကြည့်တော့လည်း ကျွန်မကိုတောင် မျက်လုံးလေး ဖွင့်ကြည့်ဖော် မရဘူး။ ရှင် သိပ်နေနိုင်တာပဲ။ ကျွန်မမှာသာ ရှင့်ဆီက စကားသံ ကြားရနိုးနိုးနဲ့ မျှော်လင့်နေခဲ့တာ။ ဘယ်လောက်တောင် ကြာပြီလဲ ကျွန်မ မသိတော့ဘူး။ အချိန်တွေက သိပ်ကြာလွန်းနေသလိုပဲ။ ကျွန်မ အတွက်ပေါ့။ ကျွန်မ စိတ်မရှည်ဘူးဆိုတာ ရှင်သိရက်သားနဲ့နော်။ စောင့်မျှော်ရတာကို ကျွန်မ အမုန်းဆုံးဆိုတာ ရှင်သိသားနဲ့။ ဒီလောက်ကြာကြာ စကားမပြောပဲ မနေသင့်ဘူးလေ။ မနေနိုင်တဲ့ အဆုံး ကျွန်မ ရှင့်လက်ကလေးတွေကို ဖွဖွလေး ဆုပ်ကိုင်လိုက်တယ်။

အို… ရှင့်လက်လေးတွေက ပူနွေးနေတာပဲ။ ကြည့်ပါဦး ကျွန်မ ရှင့်လက်တွေကို တစ်ခါမှ အဲ့လို မဆုပ်ကိုင်ခဲ့ဖူးဘူး။ ပူနွေးတဲ့ အသိနဲ့ နွေးထွေးတဲ့ လက်တစ်စုံ ရှင့်မှာ ရှိမှန်း ကျွန်မ မသိခဲ့ဘူး။ ကြည့်ပါဦး … ရှင်ကရော ဘာလို့များ ကျွန်မကို မပြောပြခဲ့တာပါလိမ့်။ ဟိုးအရင်ကတည်းကသာ ကျွန်မ သိခဲ့မယ်ဆိုရင် ရှင့်လက်ကလေးတွေကို ကျွန်မ မကြာခဏ ထွေးဆုပ်မိမှာ အမှန်ပဲ။ ရှင်ကတော့ နေစိမ့်လိုက်တာ ကျွန်မကို တစ်ခွန်းတစ်လေတောင် ဖွင့်ဟ မပြောခဲ့ဘူး။ တွေ့လား… အဲ့ဒါတွေကြောင့် ကျွန်မ ရှင့်ကို မကြိုက်ခဲ့တာပေါ့။

သည်းခံမှုရဲ့ နောက်ဆုံး အချိန်ကို ရောက်လာပြီ ထင်တယ်။ ကျွန်မ ရှင့်ကို စောင့်မျှော်ရတာ စိတ်မရှည်တော့ဘူး။ ရှင်တစ်ခုခုတော့ ပြန်ပြောသင့်နေပြီလေ။ ဒါကြောင့် ကျွန်မ စိတ်ကူးလိုက်တယ်။ ပြိးတော့ ဆုံးဖြတ်ချက် ချတယ်။ ရှိသမျှ အင်အားကို စုပြီး ကျွန်မ .. ကျွန်မလေ… ရှင့်နားကို ကပ်ပြီး အသံအကျယ်ကြီးနဲ့ အော်လိုက်တယ်။ ကျွန်မ ရှင့်ကို ကြိုက်ဘူးလို့ပေါ့။ ရှင်သိလား ကျွန်မ ဘယ်လောက်အော်အော် ကျွန်မ အသံတွေက လည်ချောင်းဝကနေ ထွက်မလာကြဘူး။

ကျွန်မ လက်အစုံက ရှင့်ရဲ့ ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်ချင်ခဲ့တာ။ ဒါပေမယ့် နွေးထွေးနေတဲ့ ရှင့်လက်ဖဝါးတွေထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ ကျွန်မ အသံကုန် အော်ဟစ်တယ်။ ကျွန်မ အသံတွေလည်း ထွက်မလာသလို ရှင်ကလည်း ကျွန်မကို စကားလေး တစ်ခွန်းတောင် တုန့်ပြန်မှု မရှိခဲ့ဘူး။ စိတ်ထဲရှိသမျှ အားကုန်ရုန်းလို့ ကျွန်မ ရှင့်ကို မကြိုက်ဘူးလို့ အော်ဟစ်ပစ်လိုက်ချင်တာ… ကျွန်မရဲ့ဆန္ဒွနဲ့ ကျွန်မ လုပ်နိုင်တဲ့ အင်အားတွေဟာ… တစ်စစီ လွင့်ကြေမွသွားတယ်ဆိုတာ……..။


အိန်ဂျယ်လှိုင်
1;02 AM (Aus;)
Monday, November 18, 2013

12 comments:

ညီမရဲ့ ဝတ္ထုလေးတွေက သက်ဝင်နေလျက်ပါပဲ.
ဘလော့စာရေးတဲ့ဘဝလေးကို လွမ်းမောနေရင်း..
ချစ်ခင်စွာ
သဒ္ဓါ

လှိုင်ရေ ..... ဒီ ဝတ္ထုလေးတင်ထားတာကိုတောင် လင့်ခ် ပေးဖော်မ၇ပူး ..
ကိုယ့်ဘာသူ ဝင်ဖတ်မှ ဖတ်ကတော့တာပဲ ..
ရှင်နော် ..... အာ့တာ တွေ မ ကြိုက် တာ .... ;)

မမ သဒ္ဓါရေ... ထပ်တူထပ်မျှ သတိရ လွမ်းလျှက်ပါမမ.. ကျေးဇူးပါနော် ... <3

သဲရေ... ချစ်ရင် ခွင့်လွတ်ပေးလေနော် .. <3 :D ;)

ဒီဝထ္ထုလေးက တကယ်ကိုသင်ခန်းစာရစေတဲ့
အကြောင်းအရာလေးဘဲ အိန်ဂျယ်၇ယ်..
သူတို့နှစ်ယောက်ကြားက အချိန်တွေ
အချိန်တွေနှမြောဖို့ကောင်းလိုက်တာနော်..

အကြိုက်ဆုံးပဲဗျာ .... လက်ရည်တတ်လာတယ် .. .
မိုက်လေစွ .... အရေးအသား ... :D

ပူနွေးတဲ့ အသိနဲ့ နွေးထွေးတဲ့ လက်တစ်စုံ
ဆုပ်ကိုင်နိုင်ပါစေညလေးရေ

ဝတ္ထုကောင်းလေးတစ်ပုဒ် ဖတ်သွားတယ် အိန်ဂျယ်ရေ...ပညာပေးလေးပဲ... ပြန်မရနိုင်တော့တဲ့ အချိန်လေးတွေကို မကုန်ဆုံးခင်အမိအရဆုပ်ကိုင်ဘို့လိုတယ် ...

မေတ္တာဖြင့်
တီတင့်

မြတ်ဖြင့် မြင့်ကိုရော၊ သူ့အမျိုးသားကိုရော သနားတော့တာပဲ။ အဆုံးသတ်မှာ နောင်တတွေနဲ့ ရူးပြီးကျန်ခဲ့ရတဲ့ မြင့်က တကယ်သနားဖို့ ကောင်းပါတယ်။

သူ့အမျိုးသားလို ယောက်ျားမျိုးကို မြတ်တွေ့ဖူးတယ်။ သူတို့တွေကြတော့ ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတာလေးနဲ့ ကျေနပ်နေပြီး၊ သူတို့အိမ်ထောင်ဖက် ဘာလုပ်လုပ် နားလည်ခွင့်လွှတ်နေချင်ကြတော့တာ။

မမရေ ..ကျေးဇူးပါနော်...လို့.. <3 (blackrose၊ စပါယ်ချို)

မိုးစက်ရေ လက်ရည်တက်ရင် မုန့်ကျွေးလို့... :P

တီတင့်ရေ... မဆုံဖြစ်တာကြာပြီ ..ကျေးဇူးပါလို့.. <3

မြတ်ရေ ..သတိရနေတယ်လို့... ကျေးဇူးပါနော်... <3

ဝတ္ထုလာဖတ်ပါ၏ ။

စိတ် ရဲ့ ထွေပြားမှု ၊ အတွေးစဉ် ပြန့်ကြဲမှု တို့ ကို

ဖတ်ရပါ၏ ။

ကျေးဇူးပါ မ အိန်ဂျယ် ...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More