http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

Monday, April 11, 2011

လမ်းခွဲခဲ့ပြီးသည့်နောက်

တစ်ကယ်တမ်း လမ်းခွဲကြ တယ်ဆိုတာ အယူအဆ အမျိုးမျိုး၊ အကြောင်း အမျိုးမျိုး၊ ခံယူချက် အမျိုးမျိုးကြောင့် သဘော ထားတွေ မတိုက်ဆိုင်တဲ့ အခါ လမ်းခွဲ ကြဖို့ ဆုံးဖြတ် ဖြစ်ကြတာ မှန်ပေမယ့် သူနဲ့ကျွန်မ ကတော့ ဘာအတွက်ရယ် လို့မှ မသေချာ မရေရာ မှုတွေနဲ့ ကျောခိုင်း လမ်းခွဲဖို့ ဥိးတည်ခဲ့ရတာကတော့........။။။

#####################

အဲဒီနေ့က တစ်ကယ်တမ်းလည်း ကြည်လင် သာဟာနေတဲ့ ပြာလဲ့လဲ့ ကောင်းကင်ရယ်၊ နွေဦးမို့ လေတဖြူးဖြူးနဲ့ ရာသီဥတု အပါအဝင် အရာအားလုံးက လှပနေခဲ့တာ။ ကြည်နူးခွင့် ရတဲ့ နှစ်ကိုယ်တူ အချိန်လေးက တန်ဖိုးထားစရာ လေးနက်မှု တွေနဲ့ ပြည့်နှပ်နေတဲ့ အခါသမယ။ လေတိုးသံကြောင့် လှပတဲ့ မြေခနေတဲ့ ရွက်ကြွေတွေကလည်း တစ်ချွင်ချွင်နဲ့ စည်းချက်ကျကျ လှပနေ လိုက်တာ။

" မ ကိုချစ်လား ဟင် "

ရိုးရိုး ရှင်းရှင်းနဲ့ အလင်္ကာမပါ ရုတ်တရက် မေးလိုက်တဲ့ အမေးစကား တစ်ခွန်းက ရင်ထဲကနေ ကြားချင်နေတဲ့ ချစ်ခြင်းမေတ္တာ တစ်ခုကြောင့်ပါပဲ။ ရုတ်တရက် အံ့သြ သလို အမူအယာနဲ့ သူက ကျွန်မကို ပြန်လည် မော့ကြည့်ရင်းမှ

" မ ကရော ကျွန်တော်ကို ချစ်လား "

လို့ ပြန်လည်မေးခွန်း ပြန်ထုတ်တဲ့ သူကို ကြည့်ပြိး ကျွန်မ ပြုံးမိရင်းမှ သဘောတကျ ရယ်မော လိုက်မိသည်။


" မရပါဘူးနော် မ ကအရင်မေးတာလေ မ မေးတာအရင် ဖြေပေါ့ "

တစ်ကယ့်ကို ရင်ထဲက အဖြူစင်ဆုံး ဘယ်လို သဘောတရားမှ ပါဝင်နေခြင်း မရှိတဲ့ အဖြူထည် စိတ်သန့်သန့်နဲ့ ကျွန်မ ပြောမိလိုက် တဲ့ စကားတစ်ခွန်းပါ။ အချိန်အတော်ကြာ သူဘက်က ရုတ်တရက် တိတ်ဆိတ် သွားလိုက်တာ ကျွန်မ အံ့သြ နေမိရင်း တော်တော် ကြာတော့မှ သူဘက်က

" အဲဒါ မ ကကျွန်တော်ကို အခုထဲက နိုင်ချင်နေတာပဲ ကျွန်တော်က နိုင်တာမကြိုက်ဘူးလေ "

လို့ ရုတ်တရက် အပြောကြောင့် ကျွန်မ တစ်ချက် တွေဝေ သွားရတယ်။ ကျွန်မပြော လိုက်တဲ့ အဓိပ္ပါယ် တစ်ခုထည်းက ဖြူစင်စွာ ရိုးရိုး သားသား မေးလိုက်တဲ့ အမေးစကား တစ်ခွန်းပေါ်မှာ သူရဲ့အမြင် သူ့ရဲ့ ခံယူချက်တွေက အဲလောက် နက်ရိုင်း နေမှန်း ကျွန်မ သတိမထား မိလိုက်တာ ကျွန်မက တော်တော် တုံးတဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့တာလား သူကပဲ အတွေးနက်တဲ့ ယောက်ျား တစ်ယောက် ဖြစ်ခဲ့လေသလား မရေရာခဲ့ဘူးလေ။
" အင်း အနိုင်ယူ ချင်တယ်လို့ ပြောရင်လဲ ပြောလို့ ရပါတယ် ဘာလို့လဲဆိုတော့ အထူးသဖြင့် ကိုယ်ချစ်သူက အလျှော့ပေး အလိုလိုက်တာ မျိုးတော့ လိုချင်တာပေါ့နော် "

" ကျွန်တော်က ကျွန်တော်ကို အနိုင်ယူ တာမျိုး မကြိုက်ဘူးလေ၊ ကျွန်တော်လည်း အနိုင်မယူဘူး "

" ဘယ်သူမဆို ချစ်သူက အလိုလိုက် ချစ်တာမျိုးတော့ လိုချင်တာပဲလေ "

" မ မှာအဲလို အနိုင်ယူချင် တဲ့စိတ်မျိုး ရှိနေမယ် ဆိုရင် ကျွန်တော် ပြန်စဉ်းစား ရအုံးမယ် လေးလေး နက်နက်ပေါ့ "

ရုတ်တရက် ပြောလာတဲ့ သူ့အပြောကြောင့် ကျွန်မ ခေါင်းကြီး သွားသလိုပါပဲ။ သူ့မျက်နှာ အရိပ်အကဲ ခတ်တော့လည်း နောက်ပြောင် နေတဲ့ အမူအရာ မရှိသလို တွေးတွေးဆဆ ပြောတာ အသေအချာပါပဲ။ လှိုက်ခနဲ ဖြစ်သွားတဲ့ ရင်ထဲက ကြေကွဲမှု၊ ရုတ်တရက် နာကျင်လာတဲ့ ခံစားချက် တစ်ချို့က စူးစူး နင့်နင့် နှလုံးအိမ်ကို ရိုက်ခတ်လို့ အေးစက်လာတဲ့ လက်ဖျားတွေ၊ ခြောက်သွေ့ခဲ့တဲ့ လည်ချောင်း တစ်လျှောက်မှ အသံတစ်ခု ဖြစ်ပေါ်ဖို့ ကြိုးစားရတာ အဲဒီ တဒင်္ဂ တော်တော်လေးပဲ ခက်ခဲလှပါတယ်။ တော်တော်လေး အားယူလိုက်ပြိးမှ

" အင်းလေ ပြန်စဉ်းစားဖို့ လိုတယ်လို့ ယူဆရင် ပြန်စဉ်းစားပါ သဘောပဲလေ "

လို့ ကြိုးစားပြိး ပြောလိုက်တော့

" ဟုတ်တယ်လေ ဘယ်လောက်ပဲ လျှောက်ချင်တဲ့ လမ်းဖြစ်ပါစေ မလျှောက်သင့်တဲ့ လမ်းမှန်းသိရင် ရှေ့ဆက် မလျှောက်ဖို့ ပြင်ဆင် ရမှာပဲ မဟုတ်လား "

လို့ တွေးတွေး ဆဆ ပြောနေတဲ့ သူ့ကိုကြည့်ပြိး ကျွန်မမှာ စကားတွေ ဆွံ့အခဲ့ရတယ်။ ကျွန်မရဲ့ အပြောတွေမှာ တစ်စုံ တစ်ရာများ မှားယွင်းခဲ့တယ်လို့ ကျွန်မ မထင်မိ သလို၊ အမှားတွေလဲ မပါခဲ့ဘူးလို့ ကျွန်မ ယုံကြည်နေမိဆဲ။

" ကောင်းပါတယ် ဘယ်အရာမဆို အမြဲ ဆင်ခြင် နိုင်ခဲ့မယ် ဆိုရင် အကောင်းဆုံးပေါ့ "

လို့ ကျွန်မ သူ့ကို ပြန်လည် ပြောဖြစ်ခဲ့ ပေမယ့် အချိန်တော် တော်ကြာ သူ့ဘက်က အတွေးတွေနဲ့ နှုတ်ဆိတ် နေခဲ့တယ်။

သူ့ရဲ့ အတွေးတွေကို ကျွန်မဝင်ကြည့် နိုင်စွမ်း မရှိခဲ့သလို၊ သူရဲ့ ယူဆချက်တွေကိုလဲ ကျွန်မ နားမလည် နိုင်ခဲ့ဘူးလေ။ ကျွန်မ သိလိုက်တာက သူ့ကို အဆုံးရှုံး မခံနိုင်အောင် ချစ်နေမိတယ် ဆိုတာ တစ်ခုတော့ သေချာသွားခဲ့တယ်။ ဒါပေမယ့် အဲဒီချစ်ခြင်းတွေ ကို သူလက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကျွန်မရင်မှာ တည်နေမဲ့ ချစ်ခြင်းတွေ ပါပဲ။ တစ်စုံ တစ်ရာဖြင့် ချည်နှောင် တားမြစ်ခြင်း မပြုပဲ သူ့ရဲ့ သဘောအတိုင်း ကျွန်မ လိုက်နာဖို့ အသင့် ဖြစ်နေခဲ့ တယ်လေ။ တစ်ကယ်တမ်း စကားအဖြစ် ပြောကြေး ဆိုရင်တောင် ချစ်မိပြီ ဆိုတာနဲ့တင် အနိုင်ဆိုတာ မရှိပဲ သူ့ကို ချစ်မိသွားတာ တစ်ခုနဲ့ တင်ရှုံးနှိမ့် နေခဲ့တာ ကျွန်မကိုယ်တိုင် ထပ်ဘယ်သူကများ သိမှာ ပါလိမ့်နော်။

ကျွန်မက ယောက်ျား တစ်ယောက်ရဲ့ အရွေးချယ်ခံ ဘဝကို အသေအလဲ မုန်းသူတစ်ယောက် ဖြစ်သလို ကျွန်မကို အရွေးချယ်ခံ မိန်းမသား အဖြစ် သတ်မှတ်မှာလဲ သေလောက်အောင် ကြောက်သူ တစ်ယောက်။ ကျွန်မရဲ့ အရည်အချင်း ကယောက်ျား တစ်ယောက် အတွက် စိတ်ကြိုက် အရွေး ချယ်ခံ ဖြစ်ရလောက်အောင် ရှိကောင်း ရှိနေမှာ မှန်ပေမယ့် သူက ကျွန်မကို ရွေးချယ်ခြင်း မဟုတ်ပဲ ကျွန်မကသာ ရွေးချယ်တဲ့သူ ဖြစ်စေ ချင်ခဲ့မိတာ ကျွန်မရဲ့ ဆန္ဒတစ်ခုပါ။ ကျွန်မရွေးချယ် လိုက်တဲ့ ယောက်ျား တစ်ယောက်ဟာ အရည် အချင်းတွေ ပြိးပြည့် စုံချင်နေမှ ပြည့်စုံမယ် ကျွန်မ ရင်ခုန်ရသော ရင်ခုန်ဘက် တစ်ဦးပဲ ဖြစ်စေချင် တာလေ။

ခုတော့ ကျွန်မရဲ့ ချစ်ခြင်းတွေ အပြည့်အဝ ရရှိတဲ့ ယောက်ျား တစ်ယောက်က ကျွန်မကို ပြန်လည် စဉ်းစားရ လောက်အောင် ပဲကျွန်မရဲ့ အရည် အချင်းတွေ က ညံ့ဖျင်း နေသတဲ့လေ။ မာနကြောင့်ပဲ ထင့်ပါရဲ့ သူ့ရဲ့ ဆန္ဒအတိုင်းပဲ ခွင့်ပြုလိုက်ဖို့ ဆုံဖြတ် မိပေမယ့် နာကျင်နေမဲ့ ရင်ထဲက ဒဏ်ရာ အကြောင်းတော့ သူသိအောင် ပြောပြဖို့ မကြိုးစား တော့ပါဘူး။ တစ်ကယ်ဆို သူကျွန်မကို မချစ်ခဲ့လို့ပါ။ ချစ်ခြင်းတွေသာ ရှိခဲ့မယ်ဆိုရင် ခွင့်လွတ် နားလည်းမှုတွေနဲ့ အရာမထင်လောက် တဲ့ပြသနာ သေေးသးလေးက အခုတော့ အက်ကြောင်းတစ်ခုလို အရာထင် ကြိးမားခဲ့တာ မပြည့်စုံတဲ့ ချစ်ခြင်း တစ်ခုကြောင့် လိုပဲ ကျွန်မ သုံးသပ်လိုက် မိရင်း စိတ်ရော ကိုယ်ပါ အကြိမ်ကြိမ် ကျရှုံးခဲ့ရတယ်။ ဘယ်အတွက်ရယ် လို့မသေချာ ပေမယ့် ကျောခိုင်းပြီ ဆိုတဲ့ အသိက ရင်ကို မွမွ ကြေစေတယ်လေ။

ကြည်လင်နေတဲ့ သဘာဝအလှနဲ့ ဆန့်ကျင်စွာ သူနဲ့ကျွန်မ နှစ်ဦးသား နှုတ်ဆိတ်စွာ ကျောခိုင်း ဖြစ်ခဲ့ကြတယ်။ သူ့ရင်မှာ ဘယ်လိုနေ တယ်မသိ၊ ဝင်ကြည့်လို့ မရလို့လား မသေချာ သေချာတာ ကျွန်မ ရုတ်တရက် လမ်းပျောက် သွားခဲ့ရသလို ပါပဲ။ မက်ခဲ့ဘူးတဲ့ အိမ်မက် ရုတ်တရက် ပျော်ကွယ် ခဲ့ရတဲ့အဖြစ်။ ကျောခိုင်းပြီးမှ ဝေဝါးလာတဲ့ အမြင်အာရုံက မျက်ရည်စတွေ ကို ယောင်ယမ်းပြီး စမ်းကြည့်မိမှ သြော် မျက်ရည်ဆိုတာ ကျွန်မအတွက် တော်တော်လေး စိမ်းသက်တဲ့ အရာတစ်ခု ကအခုတော့ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်နေရ ပြီလေ။ အမုန်းမရှိ သလို နားကျည်းမှုလည်း သူ့အပေါ်မှာ စိုးစဉ်မျှ မရှိအောင်ပဲ ကျွန်မရဲ့ သဘောထားတွေ ဖြူစင် နေမိဆဲ။

########################

ကျွန်မ နှစ်သက်စွဲလမ်း ခဲ့ရတဲ့ သြရှရှနဲ့ နားထောင်လို့ ကောင်းတဲ့ အသံပိုင်ရှင်လေး။ ကျွန်မရဲ့ စိတ်ကူးတွေကို အပိုင်ယူ စိုးမိုးလို့ ကျောခိုင်းသွားသည့် တိုင်အောင် ရင်မှာ အချိန်ပြည့် အရိပ်တစ်ခုအနေနဲ့ စိုးမိုးလို့ နေရာယူနေဆဲ။ သူထားခဲ့တဲ့ အတိတ်မှာ နေသားတကျ နေထိုင်ရင်း အတွေးထဲက အရိပ်လေးနဲ့ ကျွန်မရဲ့ နေ့ရက်တွေ ဖြတ်သန်း ခဲ့သလို နောက်တစ်ကြိမ် သူနဲ့ ဆုံတွေ့ ချိန်မှာ ကျွန်မရဲ့ အမှတ်မရှိ တဲ့ရင်ခုန်သံ တွေက အမှတ်မရှိ မြန်နေခဲ့တယ်လေ။

" အဆင်ပြေလား နေကောင်းတယ် မလား "

လောကရဲ့ ဝတ္တရားအရ သော်လည်းကောင်း၊ ယဉ်ကျေးမှု အရသော် လည်းကောင်း၊ အဲဒါတွေနဲ့ ခြားနားစွာပဲ ကျွန်မရင်ထဲက အမုန်းမရှိတဲ့ အချစ်ကြောင့်ပဲ လားမသိ ကျွန်မ သူ့ကို နှုတ်ဆက်တော့ သူက ယောင်ယောင်အအ ဖြင့်

" ဟုတ်ကဲ့ "

လို့ ပြန်ဖြေတယ်။ သူနဲ့ ပြန်လည်ဆုံတွေ့ ချိန်မှာ ဟိုးအရင် ကလိုပဲ ရင်ခုန်နေတာ တစ်ခုကလွဲရင် စကားတွေ ပျောက်ဆုံးလို့ ဘာပြော ရမှန်း မသိအောင် နှစ်ဦးသား နှုတ်ဆိတ် နေမိကြတယ်။ မတွေ့ ဖြစ်ခဲ့တဲ့ ရက်တွေမှာ ဒီအချိန်ဆို တွေ့နေကြ ဆိုတဲ့ အသိမျိုး၊ ရခဲ့ဘူးတဲ့ အတိတ်နယ် ပါးပါးလေး တစ်ချပ်ကို ခဏခဏ လှန်ကြည့်မိရင်း တမ်းတ လွမ်းဆွတ် ကြေကွဲ နေခဲ့ ဖူးတာတော့ အသေအချာပဲ။ ဟိုတစ်ချိန်က ကျွန်မက စကားနည်းသူ အဖြစ်ရပ်တည်ပြီး သူကတော့ ကျွန်မကို စနောက်လျှက် သူ့ရဲ့ အတွေ့အကြုံတွေ သူ့ရင်ထဲက ခံယူချက်တွေကို ဖွင့်ဟ ပြောဆိုခြင်းဖြင့် ကျွန်မက နားထောင်သူ တစ်ယောက် ဖြစ်ခဲ့တယ်လေ။ ခုတော့ စကားတွေ ရှာကြံ ပြောသူက ကျွန်မ ဖြစ်နေပြိး သူကတော့ နှုတ်ဆိတ်ပြီး " ဟုတ်ကဲ့ ၊အင်း " ဆိုတဲ့ အဖြေ နှစ်ခုကြားမှာ ချာချာ လည်နေခဲ့တယ်။

" ကျွန်တော် ဒီလမ်းတွေကို နောက်ဆို ရောက်ဖြစ်တော့မယ် မထင်ဘူး၊ ရောက်စရာလည်း အကြောင်းမရှိ တော့ဘူးလေ "

လို့ တွေးတွေးဆဆ ပြောလိုက်တဲ့ သူ့အပြောကြောင့် ကျွန်မ ရင်တစ်ခု လုံး ဟာဆင်း သွားခဲ့ရတာ သူကတော့ သိမယ် မထင်ပါဘူး။ ဟုတ်တာပေါ့လေ ဒီလမ်းတွေ ဒီနေရာတွေ ဆိုတာ သူနဲ့ ကျွန်မ အတွက် အတိတ်ရဲ့ ခြေရာတွေ အများကြိး တည်ရှိခဲ့တဲ့ အမှတ်တရတွေ ဖုံးလွမ်းနေတဲ့ တစ်စိတ် တစ်ဒေသပဲလေ။ ထားခဲ့သူနဲ့ ကျန်ခဲ့သူ ဘယ်သူက ပိုလို့ခံသာ မလဲမသိ ပေမယ့် နေရစ်ခဲ့ရတဲ့ ကျွန်မကတော့ ဒီသံသရာ ထဲမှာပဲ နေ့စဉ်ရက်စက် အချိန်ပေါင်း များစွာ ကျင်လည်နေရင်း ပြန်မရနိုင်တဲ့ ဟိုးတစ်ချိန်က ရက်တွေကို တမ်းတလို့ လွမ်းလို့ နေဆဲပဲ။

" ပျော်နေတယ် ထင်တယ်နော် "

တွေးတွေး ဆဆလေး သူကကျွန်မကို ကြည့်ပြီးမေးတော့

" မပျော်ပါဘူး ဘာကိစ္စ ပျော်ရမှာလဲ "

လို့ ပြန်ဖြေတော့ ခြောက်ကပ်ကပ်နဲ့ သူက ရယ်နေလျှက်မှ

" အနိုင်လိုချင်တာ အနိုင်ရလို့ ပျော်တယ်မလား "

တဲ့လေ။ သူ့အပြောကို ချိုသည် ခါးသည် ပြန်မဖြေပဲ ကျွန်မ နှုတ်ဆိတ် နေခဲ့လိုက်ပြီး ရင်ထဲမှတော့ တိတ်တဆိတ် ပြန်လည် ချေပမိတာ ကတော့ အနိုင်အရှုံး စကားပြောကြေး ဆိုရင်တောင် ကျွန်မက မာနကြောင့် နှစ်ခါ ရှုံးရပါလို့ လေ။ သူ့အပေါ် နက်နက်နဲနဲ ချစ်မိသွားလို့ ရှုံးရတာက တစ်မျိုး၊ သူရဲ့ ရွေးချယ်မှုမှ ပယ်ချခံရတဲ့ အတွက် မာနကြောင့် ရှုံးရတာ တစ်မျိုး။ အဲဒီလို နာကျင်ရတဲ့ ခံစားမှု တွေကို ခွန်းတုန့်ပြန် ချေပလိုက် တော့ရော ကျွန်မအတွက် ဘယ်အရာကများ ပိုမို ထူးခြားလာ မှာလဲလို့လေ။ သက်ပျင်းသဲ့သဲ့ ချလို့ တိတ်ဆိတ် နေလိုက်တာကိုပဲ သူကတော့ ကျွန်မအနိုင် ရနေတယ် လို့များ ထင်လေမလားပဲ။

" ဒီရက်တွေ စိတ်နည်းနည်း ညစ်စရာလေးတွေ ရှိတယ်လေ အဲဒါကြောင့် စိတ်ညစ်နေတာ "

လို့ ကျွန်မက ပြောတော့ သူက

" စိတ်ညစ်စရာ ဆိုတာ လူတိုင်းမှာ ရှိပါတယ် စိတ်ညစ်တာကိုပဲ တွေးနေရင် ပိုစိတ်ညစ်နေ ရမှာပေါ့ မတွေးနဲ့လေ ဘယ်သူကရော စိတ်ညစ်စရာနဲ့ မကြုံပဲ နေမှာလဲ အဲဒီအပေါ်မှာပဲ အတွေးတွေ ရောက်နေရင် ပိုပြိး စိတ်ညစ်နေရမှာပေါ့ "

လို့ ဟိုအရင်ချိန် ကလိုပဲ ကျွန်မကို သူက စကားတွေ အရှည်ကြိး ပြောပြန်ပါတယ်။ ကျွန်မ နှစ်သက်တဲ့ မကြားရပြီ ဖြစ်တဲ့ သြရှရှ အသံလေး တစ်ခုမှာ ပြုစားခံ ရသူအလား ကျွန်မ မိန်းမော နေမိရင်းမှ

" ခက်တယ်လေ လူဆိုတာ သိတဲ့အတိုင်း မလုပ်နိုင်တဲ့ အရာတွေ အများကြိးပဲလေ၊ အသိက အသိပဲ ၊အသိအတိုင်း လိုက်မလုပ် နိုင်တာလည်း ရှိတာပဲလေ ၊ သိသလိုသာ လုပ်နိုင်တဲ့ သူတွေ ဆိုတာလည်း မရှိသလောက် ရှားပါတယ် မ ကတော့ သိတဲ့အတိုင်း လုပ်နိုင်တဲ့ သူထဲမှာ မပါသေးပါဘူး "

သူ့ကို ပြန်လည်ဖြေ ရှင်းနေမိရင်း လမ်းခွဲ ပြီးမှ တွေ့ဆုံရတဲ့ ပထမအကြိမ်ကို ကောင်းမွန်စွာပဲ ကျွန်မတို့ နှစ်ယောက် ဖြတ်ကျော် ခဲ့ကြတယ်လေ။ ကျွန်မနဲ့ ပတ်သက်လို့ သူ့ရင်မှာ ဘယ်လိုရှီနေမလဲ ကျွန်မမသိဘူး သေချာတာ ကျွန်မသူ့ကို မမုန်းနေဘူး ဆိုတာ တစ်ခုပဲ။ နာကျည်း မနေသလို သူရဲ့ ခွဲခွာခြင်း အပေါ်မှာ စိုးစဉ်မျှ အပြစ် တင်လိုစိတ် ရှိမနေခဲ့ တာတော့ အသေချာ ပါပဲ။ ကျွန်မရဲ့ ချစ်ခြင်းတွေက သူ့အပေါ်မှာ ချစ်ခြင်း သက်သက်နဲ့ ဘယ်လိုပေတံ ဘယ်လို ဘောင်တွေနဲ့မှ စံချိန် စံညွန်းနဲ့ ကိုက်ညီလို့ ချစ်ခဲ့တာမျိုး မဟုတ်ပဲ ချစ်လို့ ချစ်ခဲ့တဲ့ ဖြူစင်တဲ့ ရင်ခုန် ခြင်းတွေနဲ့ ဖွဲ့တည်ခဲ့တဲ့ ချစ်ခြင်းကြောင့် မို့ ထင်ပါရဲ့လေ။

######################

ရိုးရှင်းတဲ့ ကိုယ်နေ ဟန်နဲ့ အသားလတ်လတ် ကောင်လေး တစ်ယောက်၊ ပြုံးလိုက်ရင် ပါးချိုင့်လို့ သတ်မှတ်လို့ မရတဲ့ ပါးနှစ်ဖက်မှာ မသိ မသာလေး ရှိနေတက်တဲ့ ပါးချိုင့် လေးနဲ့ ကောင်လေး။ ကျွန်မထပ် နှစ်နှစ်လောက် ငယ်တာလေးကို အကြောင်းပြပြီး တစ်ခါ တစ်လေ ကလေး တစ်ယောက် လိုပြောနေ တက်ပြိး တစ်ခါ တစ်လေ လူကြိးလေး ဆန်ဆန် ဘဝအတွက် ခံယူချက်တွေ ကျင့်သုံးနေတာ တွေကို ခိုင်ခိုင်မာမာ နဲ့ တည်တည် ငြိမ်ငြိမ် ပြောတက်တဲ့ ကလေး လူကြိး လေးတစ်ယောက်။ ပဟေဠိ လိုလို အတည် လိုလိုနဲ့ ကျွန်မကိုလည်း အတည်ပေါက်နဲ့ အရူးလုပ်တက်တဲ့ ကောင်လေး။ ပြိးတော့ ကျွန်မ စွဲလမ်းရဆုံး အသံသြသြ လေးနဲ့ ရယ်မောတဲ့အခါ ဘယ်လို ချစ်မှန်းမသိ အောင်ပါပဲ။ သူရယ်မော နေတာ မြင်ရရင် ကျွန်မ အရမ်း ကြည်နူးမိတဲ့ စိတ်လေး ဖြစ်အောင် လုပ်ဆောင် နိုင်တဲ့ ကောင်လေး။

ကျွန်မရဲ့ အဝေးဆုံး တစ်နေရာကို သူထွက်သွားခဲ့ ပေမယ့် ကျွန်မမှာတော့ အတွေးတွေနဲ့ ရပ်တည်လို့ နေမိဆဲ။ တစ်ခါတစ်ရံ သူသိထားတဲ့ ဗဟုသုတ လေးတွေ ကျွန်မ မသိသလို လုပ်ြ့ပီးမေး တဲ့အခါ တစ်ကယ့် ကလေးငယ် တစ်ယောက်ကို စာရှင်းပြ သလိုပါပဲ သေသေချာချာ ရှင်းပြ တက်ပြိး ပြိးသွားတဲ့ အခါကျရင်တော့

" မ ကတော့နော် သိပြိးသားတွေကို မသိချင် ယောင်ဆောင် ဟန်လုပ် နားထောင်ပြီး စိတ်ထဲကနေ လှောင်နေတာပေါ့ လေ ဟုတ်လား "

လို့မကျေ မချမ်း ရေရွတ် တက်ပုံလေးတွေ။

" မဟုတ် ပါဘူး အဲလို သဘောမျိုး မဟုတ်ဘူးလေ ကလေးလေးက စာတွေအများ ကြိးဖတ် ထားတာပဲ အဲဒါကြောင့် အကြောင်း အရာ တစ်ခုခု ကိုခုလို ပိုင်ပိုင် နိုင်နိုင် ပြောပြ တက်တာပေါ့ မဟုတ် ဘူးလား စိတ်ထဲက သိပြီးသား ဆိုပေမယ့် စာတွေ အများကြိး ဖတ်ထား တယ်ဆို တဲ့ အသိနဲ့ အသိမှတ်ပြုတဲ့ အနေနဲ့ နားထောင်နေတာ ပါနော်.. လှောင်ချင်တဲ့ စိတ်မျိုး မရှိပါဘူး "

လို့ အကြိမ်ကြိမ် ရှင်းပြခဲ့ရတဲ့ လွမ်းမောဖွယ် အချိန်လေးတွေက မနေ့ တစ်နေ့ ကလိုပါပဲ။

" အသက် ငယ်တဲ့ ကောင်လေး တစ်ယောက်ဆိုပြီး အရေးမလုပ်မှာ ဆိုးပါတယ် "

လို့ တွေးတွေး ဆဆ ချင့်ချင့် ချိန်ချိန် ပြောပြိး ခုတော့ သူက ပြန်လည် စဉ်းစားရမယ် ဆိုတဲ့ အတွေး တစ်ခုနဲ့ ကျောခိုင်း သွားရက် ပြန်တယ်။ တစ်ကယ်ဆို ချစ်ခြင်း တစ်ခုသာ အပြည့်အဝ ရှိခဲ့မယ် မပြောပ လောက်တဲ့ အပြစ် တွေအတွက် စာတင်စရာ ရာဇဝင်တည်ဖို့ အကြောင်း မရှိတာ သူမှ မသိလေတာ။ ထမင်းဟင်း မချက်တက်တဲ့ မိန်းမ တစ်ယောက်ဆီက ထမင်းဟင်း အရသာ ရှိမရှိ ဆိုတာထပ် သူ့အတွက် ဖွယ်ဖွယ် ပြင်ဆင်ပေးမယ့် ထမင်းပွဲ ဖြစ်အောင် ကြိုးစား ချက်ပြုတ် ကျွေးမယ့် ကျွန်မ ရင်ထဲက မေတ္တာကို သူနားမလည် နိုင်ခဲ့ဘူး။ ဘယ်သူမှ စင်းလုံးချော ပြိးပြည့်စုံမှု ဆိုတာ မရှိနိုင် ပါဘူး၊ သေချာတယ် တစ်ခုခု တော့လိုအပ် ချက်တွေ ရှိနေကြတဲ့ လူသားတွေ ပါပဲ။ ချစ်ခြင်း မေတ္တာနဲ့သာ တစ်ယောက်ပေါ် တစ်ယောက် နားလည်လို့ ဖေးမလက်တွဲ ကြမယ်သာဆို ကြေကွဲ စရာ ဇတ်လမ်းတွေ ရှိလာ ခဲ့မှာ မဟုတ်ဘူးလေ။

အမြဲတမ်း အတွေး နယ်မှာပဲ နေသားကျ နေထိုင်ရင်း ပိုင်ရှင် လက်မခံတဲ့ ရင်ခုန်သံ တိုးတိုး လေးတွေ ကိုအဖော်ပြုရင်း ရာသီ စက်ဝန်း လည်နေဆဲ၊ အချိန် ကာလတွေ ပြောင်း၊ ပြက္ခိန် တွေဟောင်းလို့ နှစ်ပေါင်းလဲ ကြာခဲ့ပြီ။ သတိရတိုင်း ပြန်ကြည့် မိတဲ့ အတိတ်နယ် ပါးပါး လေးကသာ မပျက်မစီး ဟိုးယခင် အတိုင်းတည် ရှိနေမြဲ။ တစ်ခါတစ် လေတော့လည်း ပြတ်သား တက်တဲ့ သူတွေရဲ့ အသည်း နှလုံး တွေကို အားကျတယ်။ ကိုယ်ကို တိုင်လည်း " ဟင် " ဆိုရင် လှည့်မကြည့် တက်တဲ့ သူမျိုး ဖြစ်ချင် ခဲ့တယ်။ မာနတွေနဲ့ အထပ်ထပ် ဖုံးလို့ ဟန်ဆောင် ကောင်းတဲ့ သူတစ်ယောက် ဖြစ်ချင် ခဲ့တယ်။ ဖြစ်ချင်ရာ ဖြစ်ဇွတ်တိုး လုပ်နိုင်တဲ့ သူရဲကောင်း မဟုတ်၊ လူမိုက် မဟုတ်တဲ့ ခပ်ဆိုးဆိုး ဥာဉ်တွေ ပိုင်ဆိုင် တဲ့သူ ဖြစ်ချင်တယ်။

မရည်ရွယ်ပဲ ခဏ ခဏ ကျဆင်း တက်တဲ့ မျက်ရည် လွယ်တဲ့ ကိုယ့်အဖြစ်ကို ပိုမုန်းမိတယ်။ မရှိသင့်တဲ့ အတိတ် နယ်ထဲမှာ ကျင်လည် နေရတဲ့ ဘဝကို နှစ်သက်နေတဲ့ စိတ်တွေကို ရိုက်ချိုး ပြစ်လိုက် ချင်တယ်။ မာနနဲ့ တင်းခံ ပြိးသူများ တွေလို ဖြစ်သင့် တာတွေ လုပ်သင့် တာတွေ ခေါင်းထဲမှာ ထည့်ပြီး ပိုင်ပိုင် နိုင်နိုင် မလုပ်နိုင်တဲ့ ကိုယ့်အဖြစ်ကို စိတ်နာတယ်။ မေ့မသွားတဲ့ အသိဥာဏ် ထဲမှာ သူ့ကြိုက် တက်တဲ့ အရာလေးတွေ အစီအရီ မှတ်မိ နေတက်တာ။ တစ်ခါ တစ်လေ အာရုံတွေ ဝေဝေ ဝါးဝါးနဲ့ သူ့ရယ်သံ တွေကြားယောင် ခဲ့ရတဲ့ ညတွေလဲ အသင်္ချေ။ မကြာ ခဏရောက် ဖြစ်တဲ့ အတူ ရှိခဲ့ဘူးတဲ့ နေရာတွေ။ အတွေး တွေထဲ ဒီအချိန် ဘယ်သူ နဲ့များ ရှိနေမလဲ ဆိုတဲ့ အတွေးတွေနဲ့ အကြိမ်ကြိမ် ကြေကွဲ နေမိတဲ့ အဖြစ်တွေ။ အိပ်ပျက် ညတွေရဲ့ ခပ်တိုးတိုး ညည်းသံ အောက်မှာ မမေ့ မလျှော့ ရေရွတ်နေတဲ့ အလွတ် ရနေတဲ့ အမည်နာမ တစ်ခု ဖွဖွလေး ရေရွတ်မိ ချိန်မှာတော့ ကျွန်မရဲ့ ပါးပြင်မှာ မျက်ရည် စီးချောင်းတွေ တားကျိုးခဲ့ ရတယ်လေ။

############################

စာဖတ်သူများကို
အစဉ်အမြဲ လေးစားလျှက် အမြဲ ကြိုးစားနေမယ့်
##### Angelhlaing #####

10 comments:

မိုက်တယ်အမရေ...
ပို့စ်ထဲက ဇာတ်ကောင် ကောင်လေးရဲ့စရိုက်ကိုကြိုက်တယ်..
ချစ်တာနဲ့အနိုင်ယူလိုတာနဲ့မတူတာမို့ ခွဲခြားပြီးမထားနိုင်တဲ့မိန်းကလေး
ချစ်သူကို လမ်းခွဲတာ ဝမ်းနည်းစရာတော့မဟုတ်ဘူးပေါ့နော..
"ဟင်"ဆိုရင် လှည့်ကြည့်ရတာ ဇက်ညောင်းတယ်လို့ယူဆထားတာ
လည်းကြိုက်တယ်..ဒီပို့စ်ထဲမှာ ဇာတ်ကောင် ၂ ယောက်လုံး တစ်ခုခု
မှားနေတယ်..သေချာတယ် ..တစ်ခုခုမှားနေတယ်...ဟိဟိ

ဇတ်ကောင် 'မ' ရဲ့ အချစ်တွေကို တွေ့လိုက်ရသလိုပဲ..၊ 'ကောင်လေး' ရဲ့ အတွေးတချို့က တမျိုးလေး ဆိုပေမယ့် ဒါတွေဟာလည်း အချစ်မှာ တကယ့်ကို ရှိနေတာပါပဲ၊ ဖတ်ရတာ ကြိုက်ပါတယ်၊ အဆင်ပြေရင် ဆက်ရေးပါဦးဗျာ...။

အင်း .. ကောင်လေး စိတ်သဘောထားကို သဘောမကျဘူး .. အင်း တလုံးဖြေရုံနဲ့ လုံလောက်နေတဲ့ ကိစ္စကို .. :-\

မိန်းကလေးဘက် လိုက်တယ်တော့ မထင်ပါနဲ့ .. ကောင်မလေး တုံ့ပြန်ပုံကို ကြိုက်တယ် .. :D

ညီမ ရေ

အလွမ်းစာလေးကို ဖတ်သွားပါတယ်

ခင်တဲ့
အမရွှေစင်

အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး အနိုင်ယူတာတွေ၊
မာနတွေ မရှိဘဲအပြန်အလှန်နားလည်မှုနဲ့ ဖေးမ
ကူညီခြင်းတွေနဲ့သာ တည်ဆောက်ထားရင် အလွမ်း
ဆိုတဲ့ ဇတ်လမ်းလေးတွေ ဖြစ်ပေါ်လာမှာ မဟုတ်
ပါဘူး။ဇတ်လမ်းလေးက ဖတ်ရတာကောင်းပါတယ်။
နောက်လည်းအားပေးနေပါဦးမယ်။

တော်တော်ပူလောင်တာပဲ၊ အင်း...ပူပူလေးနဲ့ကောင်းတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်နော်။ အကြောင်းချက်က လုံးဝမခိုင်လုံဘူး။ အပျော်သဘောကို အဆုံးသတ်ချင်တာဖြစ်ချင် ဖြစ်၊ မဖြစ်ရင်တော့ စိတ်ကုန်တာဖြစ်မယ်။ အောင်မြင်ပါစေ။

တော်တော် အ တဲ့ ကောင်လေးဘဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ မိန်းခလေးကို ထားခဲ့ရက်တယ်။း)))အမှန်ဆို အခုလောက်ဆို သူ နောင်တရနေလောက်ပြီ။ ကောင်လေး ကောင်လေး မင်း အတွားမှေး အတွေးမှားသွားတာဘဲ ဖြစ်ရမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အမည်ကိုသဘောကျမိတယ်
လမ်းခွဲခဲ့ပြိးသည့်နောက်...ဆိုတာ
ခံစားသွားပါတယ်။

Woww ! အတော်လေး ဖတ်လို့ကောင်းတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ
ဝတ္တုဇာတ်ကောင်ထဲက ကောင်မလေးထက် ပိုပြီးခံစားသွားရပါတယ်

ဆွတ်ပျံ့စရာ ဇာတ်လမ်းလေးကို ဖတ်ရှုခံစားသွားပါတယ် ညီမလေး...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More