http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, June 29, 2012

ကျိမ်စာသင့်သောနှလုံးသားများ


အခန်း(၁ )

ကုန်းကောက် စရာမရှိအောင် ဆင်းရဲ့ဖူးလို့.. အဲဒီလို ဆင်းရဲမှုတွေနဲ့ မကြုံရအောင်... ရည်ရွယ်ချက် ကြိးကြီးထားပြိး အောင်မြင်တဲ့ ဘဝရအောင် ကြိုးစားခဲ့ရတာ.. အဲဒီအတွက် နှလုံးသား တစ်စုံ စတေးခဲ့ ရတယ်.... (မမ)။

မချစ်တက်တဲ့ ကျွန်တော်ကို ချစ်တက်အောင် သင်ပေးပြိး.. လက်တွေ့ ဘဝထဲ ဝင်မလာရဲတဲ့ မမနေရာကို နောက်တစ်ယောက် အစားထိုးလို့ မရအောင် ချစ်တယ်ဆိုတာ မမသိအောင် သက်သေပြဖို့ မလိုသလို ထားသွားလို့ ကျန်ခဲ့ရတယ် ဆိုပေမယ့်.. အဲဒီအတွက် ကျေနပ်တယ်... ကျွန်တော်ချစ်တဲ့ မမက အဲလို ထက်ထက် မြတ်မြတ် ရှိနေလို့လဲ ပိုလေးစားတယ် ....................(မောင်)။

နင့်ရင်ထဲက တစ်ယောက်ကို နင်ချစ်တာထက် ငါမုန်းတယ်.... အစားထိုး ဖြေသိမ့်ဖို့ အတွက်တောင် ငါ့ကို အရာမသွင်းတဲ့ နင့်ကိုလည်း မုန်းလို့ မရအောင် ချစ်တယ်.... ငါတို့ သုံးယောက်စလုံး.. အပြုံးတွေနဲ့ ပြုံးပြ နေကြပေမယ့်... နာကျင်တဲ့ ခံစားချက် တွေကတော့... အပြုံးတွေ နောက်မှာ သွေးစိမ်း ရှင်ရှင် ထွက်လို့ပေါ့.................(လမင်း)။


အခန်း(၂ )

" ဆင်းရဲတဲ့ ဘဝမှာ ကြိးပျင်းခဲ့ရလို့. .နောက်တစ်ခါ အဲလို ဘဝမျိုး မရောက်ချင်ဘူး မောင်... အဲဒါကြောင့် လည်း အမြဲ ကြိုးစားခဲ့တယ်.. .ဘဝအတွက် ကြိုးခဲ့တဲ့ တစ်လျှောက်လုံး အမှား အနည်းဆုံး ဖြစ်အောင် ကြိုးစား ရပ်တည်ခဲ့လို့ ..ဒီလို အနေအထား ရောက်နေပြီးမှ အခုလို မောင်နဲ့ ဆုံခဲ့တာလေ.."

ကျွန်တော် နှုတ်ဆိတ်စွာပဲ မမကို ငေးကြည့်နေမိတယ်။ စကား ပရိယာရ် ကြွယ်ဝသလို စကားပြောကောင်းတဲ့မမကို ကျွန်တော် မယှဉ်နိုင်ခဲ့ဘူးလေ။ သောက်လက်စ စီးကရက်ကို မြေမှာချနင်းပြီး မမကို ခပ်ငေးငေးကြည့်ကာ ကျွန်တော် စကားစ ဟန်ပြင်တော့ မမက
" နေအုံးမောင်...မမစကား မဆုံးသေးဘူး...မမ ပြိးအောင်ပြောမယ်.. .မောင့်ကို ချစ်တာ ရယူခြင်း လည်းမရှိဘူး.. စွန့်လွတ်လိုက်တာ မျိုးလည်း မဟုတ်ဘူး... ချစ်လို့ချစ်ခဲ့တာ.. အကြောင်း ပြချက်မရှိဘူး.. .မောင်က ဘယ်တော့မှ မမရဲ့အသိ၊ မမရဲ့အတွေး၊ မမရဲ့ နှလုံးသား ထဲမှာ. .ပျောက်ပျက် သွားမှာ မဟုတ်ဘူး... ..မမရဲ့ နောက်ဆုံး ထွက်သက်ထိ ချစ်နေမှာ.. လမ်းခွဲတာ မဟုတ်ဘူး.. မဆုံနိုင်လို့ မဆုံကြတာ.. ..မောင်နဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားလည်း မမမောင့် ဆိကို လာတွေ့မှာ.. အဲဒီအချိန် မောင်အိမ်ထောင် ကျချင်လည်း ကျနေမယ်.. .မိသားစုတွေနဲ့လည်း ဖြစ်ကောင်း ဖြစ်နေမယ်... မမအတွက် မောင့်ကိုချစ်တဲ့ အချစ်တွေ.. ဘာမှအရောင် မပြောင်းလဲဘူး.... အခြေနေပေးရင် ပေးသလို မောင့်ဆီကို တစ်ခေါက်တော့ အနည်းဖြစ်အောင် လာတွေ့ဖြစ်မယ် ......ဒီကြားထဲမှာ ... မမရဲ့နှလုံးသားက ..အမြဲတမ်း မောင့်တစ်ယောက်ထဲပဲ ...သေချာတယ်.. အဲဒါမမရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ခံယူချက်ပဲ...." .

စကားတွေ အရှည်ကြီး..မိန့်ခွန်း ပြောသလို ပြောနေတဲ့ မမကို.. ကျွန်တော် အမြဲ ငေးကြည့် နေခဲ့ရတယ်။ မေးခွန်းတွေ မေးရင် ပညာသား ပါပါနဲ့ မေးခွန်း ပြန်ထုတ်ချင်ထုတ် မထုတ်ရင်... မေးခွန်း ပြန်လှည့်မေးတက်တဲ့ မမကို.. ထိရောက်တဲ့ စကားတစ်ခွန်းဆိုဖို့.. ကျွန်တော်မနည်း ကြိုးစားနေရတယ်...။ ဘာပဲလုပ်လုပ် အစီစဉ် ချပြီးမှ လုပ်တက်တဲ့ မမမှာ... Plan တွေ အမြဲ ရှိနေ တက်သလို ထောင့်စေ့တက်တဲ့ မမ။ ဘာပဲလုပ်လုပ် တိတိကျကျနဲ့ ဇောက်ချလုပ်တက်တဲ့ မမကို.. မေးဖို့ မေးခွန်းတစ်ခု ကိုခပ်တိုးတိုးပဲ... မေးလိုက်တယ်။

" မမ အဲလိုဆုံးဖြတ်ချက်တွေ ဒီလောက်ခိုင်နေပါရဲ့လျှက်..မောင့်ကိုဘာလို့ချစ်ခဲ့တာလဲ
မမ မချစ်ခဲ့သင့်ဘူး....."

" ဒီမှာမောင်....အဲဒီလိုတွေရှိတယ်ဆိုပေမယ့်...အချစ်ဆိုတာ..မချစ်ပါနဲ့လို့..မချစ်သင့်ဘူးလို့
တားစီးလို့ရတဲ့အရာတွေလားမောင်..ကဲပြောပါအုံးမောင်.."

" မဟုတ်သေးဘူးလေ...မမ"

" ဒီမှာမောင် မမတို့ နှစ်ယောက်စလုံး တားဆိးလို့ မရလို့ချစ်ခဲ့တယ်.... လက်တွဲဖို့ မဖြစ်လို့လမ်းခွဲတယ်. ဒါပေမယ့်ချစ်နေတဲ့ အချစ်တွေကို မချစ်သင့်ဘူး... မဖြစ်သင့်ဘူး ဆိုပြိး ရင်ထဲက အချစ်တွေကို.. ရိုက်သတ်ပြစ်လို့ မရဘူးမောင်...ရဲ့.."

" ကျွန်တော်ကတော့ အဲလို မယူဆဘူးမမ.. ချစ်တယ်.. ချစ်ရင် လက်တွဲမယ်... ဆင်းရဲကောင်း ဆင်းရဲမယ် ဒါပေမယ့် မမရှိနေရင် မောင်ယောင်္ကျားပါ.. ကြိုးစားမယ်.. မမဘေးမှာ ရှိနေဖို့ပဲလိုတယ်...
နှစ်ယောက် အတူ ကြိုးစားကြမယ်လေ မမ.."

" မောင်.. စိတ်ကူး မယဉ်ပါစမ်းပါနဲ့.. ဘဝက မောင်ထင်သလောက် မလွယ်ဘူး.."

" အဲဒါဆို မောင့်ကို မမပြောတယ်လေ... မနက်ဖြန်တိုင်းမှာ ဆုံချင်ပါတယ်ဆို... ဒီနေ့ထက် မနက်ဖြန် ပိုချစ်မယ် ဆိုတာတွေက.. အခုလို ထားသွားဖို့လားမမ.. ဟင် ..ပြောပါအုံးမမရဲ့"

ယောင်္ကျားတန်မဲ့ ဝေ့ဝဲနေတဲ့ မျက်ရည်တွေနဲ့ မောင့်ကို ကျွန်မ ကျောခိုင်းလိုက်တယ်။ မကြည့်ရက်ဘူး မောင် အဲလိုတွေ မောင့်ကိုမြင်ရင် တင်းထားတဲ့ ကျွန်မရဲ့စိတ်တွေ ကြာရှည်တင်ထားဖို့ မလွယ်ဘူးမောင်။ မောင့်ရှေ့မှာ ဘာမှ မဖြစ်သလို ခပ်အေးအေး စကား ပြောနေပေမယ့် မောင့်ရဲ့ မျက်ဝန်းတွေနဲ့ တည့်တည့် ရင်ဆိုင်ပြော ကြေးဆိုရင်.. ကျွန်မ ဘယ်လိုမှ ဟန်မဆောင်နိုင်ပဲ ဖြစ်နေလိမ့်မယ် မောင်။ ထုံးလိုမွေ ရေလိုနှောက်. အရုပ်တစ်ရုပ်လို ကျွန်မရဲ့ တစ်ခွန်းမှာ ရပ်တည်တဲ့ မောင်က ခပ်ညံ့ညံ့ ယောင်္ကျားထဲမှာ မပါပေမယ့် ကျွန်မအတွက်ဆို ယောင်္ကျားမာနဆိုတာ ထည့်တွက်တဲ့ သူမဟုတ်တာ.. ကျွန်မသိနေတော့ ပိုခက်တယ်မောင်။ မောင့်ကို လွမ်းနေပေမယ့် မသိသလို နေနေပြီး မောင်မရှိလည်း ဖြစ်တယ်ဆိုတဲ့ အနေမျိုး နေနေပေမယ့် ကျွန်မလည်း မောင့်ကို အရမ်း တွေ့ချင်ခဲ့တာပါမောင်...။ အဲဒါတွေ မောင်မသိလည်း ဖြစ်တယ်လေ.။ ရင်ထဲက အမောတွေကို မြိုသိပ်ပြီး မောင့်နဲ့ ရင်ဆိုင်ဖို့ ကျွန်မအားယူ လိုက်ပြီး...

" ချစ်တယ်မောင်... အရမ်းကိုချစ်တာ... မမအတွက် မောင်နဲ့နေရမှ ချစ်တာမဟုတ်ဘူး... မမနဲ့ အဝေးဆုံးမှာ မောင်ရှိနေလဲ အမြဲချစ်လို့ရတယ်။ မမအတွက် နီးခြင်း ၊ဝေးခြင်းနဲ့ မသက်ဆိုင်တဲ့ ချစ်ခြင်းတွေနဲ့ ချစ်တာ မောင်.... မောင်ဘယ်နေရာ ဘယ်ဒေသရောက် နေနေ၊ ဘာတွေဖြစ်နေ ဖြစ်နေ. မမရဲ့အချစ် ကမောင့်အပေါ် မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ ချစ်နေမယ် ဆိုတာ... မောင်ကို အချိန်က သက်သေပြ သွားမှာပါမောင်... မောင်လည်း. .မမနဲ့ ပက်သက်ပြီး နေသားကျဖို့ တစ်ခုပဲလိုတာပါ.. .နောက်ဆို မောင်နေသား ကျသွားမှာပါ "

ကျွန်တော် ခံစားချက်တွေနဲ့ ဆန့်ကျင် ဘက်တွေကို ခပ်အေးအေး ပြောနိုင်လောက် အောင် တည်ငြိမ်လွန်းတဲ့ မမကို.. ကျွန်တော် အများကြိး လေးစားပါတယ်.... ဘယ်လောက်ပဲ နာကျင်အောင် လုပ်လုပ် နာကျင်ရ ကောင်းမှန်း မသိအောင်.. ကျွန်တော် မမကို နားလည်နေမိတယ်။

" မမကို မောင် မုန်းမယ်ဆိုရင်လည်း မမ ခံယူဖို့ အသင့်ပဲမောင် ...မမကတော့ အဆုံးစွန်ထိ ပြောပြိးပြီလေ... မမမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ မောင် ပျော်နေတယ် ဆိုလည်း မောင့်ကို ချစ်နေမှာပဲ... အိမ်ထောင်ကျ နေပြီ ဆိုရင်လည်း မမဝမ်းသာမိမှာပဲ.. မုန်းလို့ မရအောင်ချစ်တယ် ဘယ်လို အကြောင်း အရာတွေကမှ မောင့်ကို ချစ်တဲ့
မမရဲ့ အချစ်တွေကို မဖျက်စီးနိုင်ဘူးဆိုတာ ..ခုနေ မောင့်ကို ပြောဖို့ စောပါသေးတယ်....."

ကျွန်တော် ကတော့.. မမကိုချစ်တာ.. တစ်ဘဝလုံး အတွက် ပုံပြီးချစ်ခဲ့တာ... တစ်ကယ်ကို ရိုးရိုးသားသား အဖြူစင်ဆုံး ၊အလေးစားဆုံး မိန်မတစ်ယောက် အနေနဲ့ ရင်နှင့်အောင် ချစ်ခဲ့တာပါ မမရယ်။ ကျွန်တော် နာကျင်အောင် ကျွန်တော် မမကို မုန်းအောင်.. ကျွန်တော်နဲ့ ပက်သက်သမျှ အရာတွေ အားလုံးကို အလေးအနက် မထားသလို... မမှတ်မိဘူး မောင်ရဲ့... .မေ့နေပြီမောင်ရဲ့ လို့ ကျွန်တော် နာကျဉ်း မုန်းတီးအောင် စကားလှည့် ပြောနေတာတွေကို... သိနေ၊ နားလည်နေ လျှက်နဲ့ မမဖြစ်စေ ချင်သလို... နာကျဉ်း မုန်းတီးလို့ မရဘူးဆိုတာ.. မပြောပေမယ့် မမနားလည်မှာပါ။

အခန်း(၃ )

" နင့်ရဲ့ မမဆိုတဲ့ မိန်းမအတွက်နဲ့ နင့်မှာ ယောက်ျားမာန ဆိုတာတွေ ခဝါချပြိး ဘဝပျက် နေရလားမောင်... ငါနင့်ကို သိပ်စိတ်ပျက် လာပြီနော်..မောင်"

ကျွန်တော်ကို စိတ်ပျက်လက်ပျက်နဲ့ ဒေါသတစ်ကြိး အော်ဟစ်နေတဲ့ လမင်းကို ကျွန်တော် ကျောခိုင်းနေ လျှက်ကပဲ..

" ဒီမှာ လမင်း... အချစ်ဆိုတာကို နင်က ဘာနားလည်လို့လဲ .မမက မချစ်လို့ လမ်းခွဲခဲ့ တာမဟုတ်ဘူး ငါမမကို နားလည်တယ်... သူဘာတွေ လုပ်လုပ် အကျိုးအမဲ့ အကြောင်းမဲ့ ဘာမှမလုပ်ဘူး. ဘဝအတွက်ဆိုတဲ့ လုံးပန်း ချက်ထဲ့မှာ
အိမ်ထောင်သည် ဘဝတစ်ခုထဲမှာပဲ နှစ်မြုပ်နေချင်တဲ့ မိန်းမတွေထပ်တော့ မမက အမြဲသာတယ်.. အဲဒါနင်မှတ်ထား.."

အချစ် ဆိုတာ ဘာမှ နားမလည်ဘူးလို့ နင်ထင်ထားတဲ့ ကောင်းမလေးရဲ့ ရင်ထဲမှာ နင့်အတွက်ဆို နာကျဉ်းရ ကောင်းမှန်းမသိ ၊မာနထားရ ကောင်းမသိတဲ့ ချစ်ခြင်းတွေကို နင့်ဘာကြောင့်များ မမြင်ရတာလဲ မောင်။

"" တော်စမ်းပါ မောင်ရာ... ချစ်တယ်ဆိုတဲ့ စကား တွင်တွင်သုံးပြီး ဆင်းရဲမှာ ကြောက်လို့ ချစ်သူကို လက်မတွဲရဲတဲ့ အတ္တကြိးတဲ့မိန်းမ.. သရဲဘောကြောင်တဲ့ မိန်းမ..""

"" လမင်း..."""

ပြောနေတဲ့ စကားတောင် မဆုံးသေး ဒေါသတကြိး မောင့် အော်သံကြောင့် လမင်း ကိုယ်လေး တုန်အောင်ပဲ လန့်သွားရတယ်။ ရင်ထဲမှာလည်း နာကျင် ဝမ်းနည်းလွန်းလို့ ဝေ့ဝဲလာတဲ့ မျက်ရည်တွေကို သူမမြင်စေဖို့ လမင်းသူနဲ့ ဆန့်ကျင်ဘက်ကို ကျောခိုင်းလိုက်တယ်။ ရုတ်တရက် ဆို့လာတဲ့ ဝမ်းနည်းမှုကို ထိန်းချုပ် နိုင်လောက်အောင်. လမင်း ဟန်မဆောင် တက်သေးဘူး မောင်။ နင့်ရဲ့မမကို... မကောင်းပြောရင် နင်မခံနိုင်မှန်း. .အခုလို ခဏခဏ အအော်ခံ နေရတာ သိနေပေမယ့် လည်း.. နင့်ဘက်က မခံနိုင်လို့ ဝင်ပြောတက်တဲ့ ငါ့ကို နင်ညှာတာရ ကောင်းမှန်း မသိသလို.. အမှတ်မရှိတဲ့ ငါကလည်း အကြိမ်ကြိမ် ပြောနေမိတယ်.။

" စောရီး လမင်း....နင် ငါမကြိုက်မှန်း သိရင် နင်နုတ်ဆိတ်နေဖို့ ကောင်းတယ်....."

ကျွန်တော် အဲလောက်ထိ မမနဲ့ ပါတ်သက်ရင် သူများ ဝေဖန်တာတောင် မခံနိုင်အောင် ဖြစ်ရတာ.. မမတစ်ယောက် သိပါလေစ ။ ဖြစ်လာတဲ့ ဒေါသကြောင့် ငိုမဲ့မဲ့ဖြစ်နေတဲ့ လမင်းရဲ့ မျက်ရည်စ တွေကို ကျွန်တော် မသိချင်ယောင် ဆောင်နေမိတယ်။ မမြင်ချင်ယောင် ဆောင်ပရစေ လမင်း.။ နင့်ရင်ထဲက သံယောဇဉ် အတိမ်အနက်ကို ငါမသိလို့ မဟုတ်ပါဘူး လမင်းရယ်... နင်အ ခုခံစားနေရတာကို ငါကိုယ်တိုင် ခံစားတက်လို့ ကိုယ်ချင်းစာ ပါတယ်။ ဒါပေမယ့် ငါမညာချင်ဘူး လမင်း...ရယ်.. ငါဘယ်လောက် အော်အော်.. ဘယ်လောက်ပဲ စိတ်ဆိုးအောင် ပြောပြော.. ခဏသာ စိတ်ကောက်တက်ပြီး ဘာမှမဖြစ်သလို ရယ်မောစရာတွေနဲ့ မချော့ရပဲ စိတ်ကောက် ပြေတက်တဲ့ လမင်းဆိုသော မိန်းခလေးကလည်း နယ်နယ်ရရ မဟုတ်ဘူးလေ.။ တက္ကသိုလ်က ကျူတာ ဆရာမလေးတစ်ယောက် ဖြစ်သလို ဘယ်တော့ပဲ ကြည့်ကြည့် ပွင့်ပွင့်လင်းလင်းနဲ့ အမြဲ ထာဝရ လန်းဆန်း တက်ကြွ နေတက်သလို.. အမြဲပျော်ပျော် နေတက်တဲ့ သူလေးပါ.။ ရင်ထဲက သောကတွေကို ဖုံးပြိးထာဝစဉ် သွက်လက်နေတက် ပေမယ့် ..နင့် ရင်ထဲက ဝေဒနာတွေကို ကိုယ်ချင်းပဲ စာပေးလို့ရတယ်... ဖြေသိမ့်ပေးဖို့တော့... ငါမဝံရဲဘူး ကောင်မလေးရယ်...။

" ငါဘာပြောပြော နင့်အတွက် မခံနိုင်လို့ ပြောတာမောင်... အဲဒီအတွက် နင့်ဆီက ပြန်ရတာတွေက ဒေါသတွေ၊ အော်ဟစ် အပြစ်တင်မှု တွေပဲမောင်... ငါ့ကို အော်သလို နင့်ကို ပက်ပက်စက်စက် ထားသွားတဲ့
အဲဒီ မိန်းမကို သွားအော်ပါလား...မောင်...""

ခံစားရတာတွေ များလွန်းလွန်းလို့ မျက်ရည်တွေ စီးကျရင်း .ဒေါသတကြီး ပြန်အော်နေတဲ့ လမင်းကို. ကျွန်တော် ကျောခိုင်းထွက်ခဲ့တယ်။ ခွင့်လွတ်ပါလမင်း... နင်ရော၊ ငါရော ၊မမပါ.. .ခံစားနေရတာ အတူတူပါပဲ။ နင်က ကလေး ဆန်ဆန်မို့ စိတ်ရပ် ထွက်ပေါက်တစ်ခု အဖြစ် ငိုချပြီး ရင်ဖွင့်လို့ ရပေမယ့်.. ငါ့မှာတော့ ယောက်ျားတန်မဲ့ အခန်း တံခါးပိတ်ပြီး လူခြေတိတ်မှ ငိုပွဲဝင်ရတာ.. နင်မသိပါဘူး လမင်း။ လူတွေရှေ့မှာ မားမားမတ်မတ် ရပ်တည်နေပြီး ခပ်ထန် မာကျောတယ်လို့ နင်ထင်နေတဲ့ မမက ကွယ်ရာ ချုံးပွဲချ ငိုနေမှာ နင်မှ မသိတာ လမင်း။ စိတ်ညစ်စရာတွေ ဘယ်တော့မှ တခြားသူကို ဝေမျှမပေး တက်တဲ့မမက တစ်ယောက်ထည်း သောကတွေကို ကျိတ်ခံစား နေရှာမှာလို့ တွေးမိတိုင်း ငါ့ရင်တွေ မချိဘူးလမင်း... အဲဒါတွေ နင်သိရင် မမကိုပဲ ကျိန်ဆဲမလား... ငါ့ကိုပဲ အပြစ်တင်မလား.... ခက်တယ် လမင်းရယ်။ ငါ့တို့ နှစ်လုံးသားတွေ ကျိမ်စာသင့်နေ တာဖြစ်မယ်။

စောရီးဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျောခိုင်းသွားတဲ့ မောင့်ရဲ့ ကျောပြင်ကို ကြည့်ပြိး လမင်း မျက်ရည်တွေ တားဆီး မရအောင် ကျလာရတယ်။ မောင်ငါလည်း နင့်ကို... အဲလို ကျောခိုင်းပြီး ဘာမှ မဖြစ်သလို ထွက်သွားချင် လိုက်တာမောင်။ ငါ လေနင်နဲ့ ပက်သက်လာရင် အဲလိုလုပ်ဖို့ နေနေသာသာ အရာရာကို ပျော့ညံ့ လွန်းတဲ့ ငါ့စိတ်တွေကို ငါမုန်းတယ်။ ငါ့အပေါ်မှာ ဥပေက္ခာ ပြုနိုင်လွန်းတဲ့ နင့်ကို မုန်းလို့ မရအောင် ချစ်တယ်မောင်....။

အခန်း(၄)

မောင့် သူငယ်ချင်းဦးစီးတဲ့ ပရဟိတ လုပ်ငန်းလေးမှာ လမင်းရော မောင်ပါ အားရင် အားသလို. ကိုယ်တိုင် ကိုယ်ကျရော... ငွေကြေးအားဖြင့်ပါ ပါဝင် ထည့်ဝင်ရင်း ဒီပရဟိတ လုပ်ငန်းလေးကြောင့် မောင်ရော၊ လမင်းပါ မကြာခဏ ဆုံဖြစ်ကြတယ်.။ လက်တွေဆန်တဲ့ အလုပ်တွေလုပ်ရင်း. စိတ်ဒဏ်ရာတွေကို ကုစားနေကြတဲ့ မောင်နဲ့ လမင်းဟာ... ရာသီတွေပြောင်း အချိန်တွေ ပြောင်းနေပေမယ့် အိမ်ထောင် မပြုဖြစ်ကြပဲ.. ဒီအတိုင်း.. ရပ်တည်နေ
ကြတယ် လေ။ အခုဆိုရင် လမင်းတောင်...အသက်(၃၀) ပြည့်လို့ အပျိုကြိးဆိုတဲ့ ဘွဲတောင် ရနေပါရောလား... သူငယ်ချင်းတွေနဲ့ ဆုံတိုင်း မျက်နှာမထားတက်အောင် အစသန် ကြသူတွေ ဖြစ်ပေမယ့် မောင်နဲ့ လမင်းကတော့.... ကိုယ်ရင်တွင်းက ဒဏ်ရာ ကိုယ်တိုင်သာ အသိဆုံးဖြစ်တာကြောင့်။ သူငယ်ချင်း တွေကလည်း နောက်ပိုင်း မစတော့ပဲ ကွယ်ရာမှာ တီးတိုးပြောရင်း... မောင်နဲ့ လမင်းကို စောင့်ကြည့်နေတဲ့ ပရိတ်သက်တွေ ဖြစ်မှန်းမသိ ဖြစ်လာကြတယ်။ ဒီနေ့လည်း လမင်းတို့ရဲ့ လူမူရေး အဖွဲ့လေးရဲ့ နှစ်ပတ်လည်နေ့မို့ မောင်နဲ့ ဆုံရအုံးမယ်လေ။ သီးသန့် မဆုံဖြစ်ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ အဆက်သွယ် မပြတ်ခဲ့ ပါဘူး..။

" လမင်း"

ခေါ်သံကြောင့်လှည့်ကြည့်မိတော့

" သြော်ကိုမှိုင်း..."

မောင့်ရဲ့ သူငယ်ချင်းကိုမှိုင်းက အခုလုပ်နေတဲ့ ပရဟိတလုပ်ငန်းရဲ့ ကြီးကြပ်ရေးမှုးပါ။

" လမင်း.. ဒီနေ့ဧည့်သည် တစ်ယောက်လာမယ် သူက ဒီပရဟိတလုပ်ငန်းရဲ့ အလှူရှင် တစ်ဦးပေါ့ဟာ... အဲဒါသူလာလိမ့်မယ်... နင်သတိထားပြိး ကြိုဆိုရေး ဆင်းထားစမ်းပါ.. ငါလိုအပ်တာ လေးတွေ သွားဝယ်ချင်လို့..""

"" အင်း ရတယ်လေ ကိုမှိုင်း.. သွားလေ.. လမင်း ဧည့်ခံထားလိုက်မယ်... စိတ်မပူနဲ့"

" အိုကေလမင်း.. .ကျေးဇူး. .အဲဒါဆို.. ကိုယ်သွားပြီ စိတ်ချပါတယ် လမင်းကို...""

ကိုမှိုင်းက ပြောပြောဆိုဆို လမင်းကို နုတ်ဆက်ပြီး ထွက်သွားတော့သည်။ ဘာရယ်မဟုတ် လမင်း မျက်ဝန်းတွေက အမိန့်မပေးရပဲ တစ်စုံတစ်ယောက်ကို ရှာဖွေနေမိတယ်။ ဒီလိုပါပဲ တည်ငြိမ် သင့်နေပေမယ့် အခုထိတောင် အနည်မကျချင်တဲ့ ခံစားချက်တွေက လမင်းအတွက် သူ့ပုံရိပ်တွေ မြင်ရတာနဲ့ တပြိုင်ထည်း... အမှတ်မရှိတဲ့ ရင်ခုန်သံတွေက ဟိုးလွန်ခဲ့တဲ့(၈) နှစ်ကျော်က အတိုင်းပါပဲလား... ခက်ပါတယ် လမင်းရဲ့ နှလုံးသားလေးရယ်.... ။ဟော. .တွေ့ပါ
ပြီ။ ဟာဝေယံရှပ် အစိမ်းနုလေးကို လက်တစ်ဝက်လောက် ရောက်အောင် ခေါက်တင်ပြိး ကျွေးမွေး ဧည့်ခံရေးပိုင်းမှာ ချွေးစတွေနဲ့ အလုပ်များ နေတဲ့မောင်.။ လမင်း မောင့်ကို
အချိန်အတန် ကြာစိုက်ကြည့် နေမိတယ်။ ခဏကြာတော့မှ မောင်က လမင်းကို မြင်သွားပြိး လက်ပြ နုတ်ဆက်တော့.. လမင်းလည်း လက်ပြ နုတ်ဆက်ရင်း.. .မောင်ကို ပြိးရင်လာခဲ့မယ်ဆိုတဲ့ သင်္ကေတမျိုးနဲ့ ခေါင်းဆတ် ခနဲငြိမ့် ပြမိတယ်.။

် "" ညီမ...""""

ခေါ်သံကြောင့် လမင်းလှည့် ကြည့်မိတော့... အမျိုးသမီး တစ်ယောက်။ အသက်အားဖြင့် လမင်းတို့နဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိပါတယ်.။။ ဟိုက်ခုမှ သတိရတယ် ကိုမှိုင်းပြောတဲ့ ဧည့်သည်ဖြစ်မယ်။ လမင်းလည်း ဖော်ရွေစွာပြုံးပြရင်း

"" ဟုတ်ကဲ့မမ.. မမက ကိုမှိုင်းပြောတဲ့ မမထင်တယ်.. ခဏနော်မမ.. ကိုမှိုင်းက အပြင်သွားလို့ လမင်းကို ကြိုဆိုရေး လုပ်ခိုင်းထားတာလေ..အင်း မိတ်ဆက်ရအုံးမယ်... လမင်းငယ်ပါမမ ..လမင်းလို့ပဲ ခေါ်ပါနော်.."""
.
လမင်းကပဲ သွက်လပ်စွာ စတင်မိတ်ဆက်ရင်း.. ပြုံးလိုက်ရင် လှတယ်ဆိုတာထက် ကျက်သရေရှိတဲ့ အပြုံးလို့ တင်စား လို့ရအောင် သိပ်လှတဲ့ အမျိုးသမီးလို့ စိတ်ထဲက လမင်းအမှတ်ပေးရင်း. ဘာရယ်မဟုတ် ခဏလေးအတွင်းမှာပဲ လမင်းနဲ့မမက စကား တွေအများကြိး ပြောဖြစ်ကြတယ်.။

တက္ကသိုလ် ဆရာမပီပီ စကားသွက်တဲ့ ကောင်မလေးလို့ အများက သတ်မှတ်ထားတဲ့ လမင်းရဲ့ ဦးဆောင် ဧည့်ခံမှုအောက်မှာ. .ပြုံးရုံလေးပြုံး ပြိး ခေါင်းငြိမ့်နေတဲ့ မမကို လမင်း တစ်ခဏအတွင်းမှာ တစ်ကယ်ကို ညီသား ချင်းတစ်ယောက် လိုချစ်မိသွားတယ်.။ အင်း လမင်းစိတ်ထဲမှာ ကိုမှိုင်းကိုပြောပြရင်... လမင်း.. အဲဒါစိတ်ချင်းညီလို့ လို့ သူရဲ့ခံ.ယူချက် အတိုင်းပြောမှာ သေချာတယ်...။ ပရဟိတအလုပ်နဲ့ ပါတ်သက်လာရင် အရိုးကြေကြေ အရေခမ်းခမ်း ဆိုပြိး ဦးဆောင်ကောင်း လုပ်တက်တဲ့ ကိုမှိုင်းကြောင့်လည်း အခုလို အဖွဲ့လေးက ပိုမိုစည်ကားလာခဲ့ တာလေ။

ခဏလေး အတွင်းမှာပဲ..စကားသွက်တဲ့ လမင်းကြောင့်. မမက. နိုင်ငံခြားမှာ အခြေချနေထိုင်တဲ့ မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်တဲ့အကြောင်း၊ မိဘများထံ အလည်အပတ် လာရောက်တဲ့အကြောင်း၊ ခွင့်ရက် သိပ်မရတာကြောင့် နောက်တစ်ပတ်ထဲမှာ ပြန်ထွက်ရမှာ ဖြစ်ကြောင်း စုံလို့ပါပဲ။ ဘာပဲပြောပြော လမင်း အတွက် အဖော်မက်တဲ့ လမင်းချစ်ရမယ့် မမတစ်ယောက်ရလို့ ပျော်လိုက်တာ။

စကားသွက်လွန်း တဲ့လမင်းကို ကြည့်ပြီး.. တစ်ချိန်က စကားတက်တဲ့ မမလို့ ပြောဖူးတဲ့ မောင့်ကို သတိရပြန်ပြီမောင်။ အချိန်တွေ ရာသီတွေသာ လည်နေတယ်... တစ်ခုခု တိုင်ဆိုင်တိုင်း မောင်ဆိုတဲ့ အသိက.. မမရင် ကိုနွေးစေတယ် မောင်။ ဘယ်အရာ တွေပဲကြည့်ကြည့် မောင်ရဲ့ အရိပ်တွေ ပြည့်နေတဲ့ မမဘဝမှာ. .မောင်က ခွန်အား အဖြစ် ရပ်တည် နေတယ်လေ။

 ဖြစ်ချင်တာတွေ မလုပ်ပဲ ဖြစ်သင့်တာတွေ ဦးစားပေး ခဲ့ရပေမယ့်.. ဘဝဆိုတာ ဒီအတိုင်း ရပ်နေတာ မဟုတ်ဘူးလေ မောင်... ဘာရယ်မဟုတ် အမြဲလိုလို မောင့်နဲ့ မဆုံဖြစ်တာ ကြာခဲ့ပေမယ့် မောင့်အကြောင်း တွေးရင်း မမရင်ထဲမှာ အလွမ်းတွေ ပြေရတယ်...။ မောင် ဘယ်ဆီမှာ ဘာတွေလုပ် နေမလဲဆိုတာ မသိပေမယ့် ဘဝမှာ အကျိုးရှိမဲ့ အလုပ်တွေ လုပ်ရင်း တက်နိုင်သလောက် ဖြစ်ချင်တဲ ဆန္ဒတွေကို ထိန်းချုပ် ထားရတာ။ လွမ်းနေပေမယ့် လွမ်းရကျိုး နပ်ပါတယ်မောင်။

"" မမပျင်းနေပြီထင်တယ် လမင်းက စကားတအား များတာ စိတ်ညစ်လား ဟင် မမ""

မောင့်ကို သတိရသွားလို့ ဘေးနားမှာ စကား တီတီတာတာ ပြောတက်တဲ့ လမင်းကိုတောင် အားနာစွာ ကျွန်မပြုံးပြရင်း ကျွန်မရဲ့ အတွေး နယ်လွန်မှုတွေကို ရှက်ပြုံးနဲ့ထိန်းရင်း

"" မဟုတ်ဘူး လမင်းရဲ့ မမအတွေး လွန်သွားတာစောရီးနော် လမင်း...""

" ရပါတယ်မမရဲ့..ခဏလေးနော်..လမင်းပြန်လာခဲ့မယ်""

ပြောပြောဆိုဆို ကျွန်မဘာမှ မပြောရသေးခင် လမင်းက ကျွန်မအနားမှ ထွက်သွားတော့ ဘာရယ် မဟုတ်လမင်း ထွက်သွားရာသို့ ကျွန်မလိုက်ငေး ကြည့်နေမိတယ်.။

"" ဟင်..."

ဖျတ်ခနဲ မြင်လိုက်ရတဲ့ ပုံရိပ်၊ ကျွန်မစိတ်တွေ ထင်ရောင် ထင်မှား ဖြစ်နေတာ လားလို့ သေချာကြည့် မိတော့ သေချာတယ် မောင်မှမောင် အစစ်၊ ဘယ်တော့မှ မမှားမဲ့ကျွန်မ ရင်ထဲက မောင်၊၊ ရုတ်တရက် မြန်ဆန်လာတဲ့ ရင်ခုန်သံတွေ ၊ခြေဖျား လက်ဖျားတွေ အေးစက်လာတဲ့ အထိ ကျွန်မစိတ်တွေ လှုပ်ရှားနေလိုက်တာ... လူကလည်း ဘာရယ်
မဟုတ် မတ်တက်ရပ် ပြိးသားဖြစ်နေပြီး။ ဟာဝေရှပ် လက်ရှည်လေးကို ခေါက်ပြိး နဖူးပြင်မှာ ချွေးစတွေဆို့နေတဲ့ မောင်က ဟိုအရင်က ထပ်ပိုတည်ငြိမ် လာတာကလွဲရင် ဘာမှမပြောင်းလဲ သေးတဲ့ မောင်မှမောင် အစစ်။ ကျွန်မရဲ့ ခြေလှမ်းတွေ ကအလိုလို မောင်ရှိရာ နေရာသို့.. ဦးတည်လျှက်...။

"" မောင်..""

ကျွန်မရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တဲ့ မောင်က မထင်မှတ်ထားလို့ ဖြစ်မယ်ထင်ပါတယ်။

" မမ"

ဆိုပြီး မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့..... ကျွန်မပြုံးပြီး..

" ဟုတ်တယ်မောင် မမပါ...""

အခုမှ အသက်ဝင် လာသလို မောင်တစ်ယောက် ပြာပြာသလဲနဲ့

"" မမက ဘယ်က ဘယ်လို... ဟာခဏလေးမမ.. ခဏလေး ""

ဆိုပြီး... လုပ်လက်စ အလုပ်ကို လက်စသက်ဖို့... ကျွန်မကို ကျောခိုင်း ထွက်သွားတဲ့ မောင့်ကျောပြင်ကို ကြည့်ရင်း ကျွန်မရဲ့ရင်တွေ ဟိုတစ်ချိန် တုန်းကလိုပဲ ရင်ခုန်သံ တွေမြန်နေ သေးပါလားလို့ သိလိုက်ရတယ်။



အခန်း(၅)


" လမင်း."

" အင်းဘာလဲမောင်"

" နင်အားတယ်မလား.လမင်း"

" အင်းအားတယ်မောင် ဟာ ဧည့်သည်တော့ရှိတယ်အင်းပြော"

"" ငါ့အလုပ်တွေ နင်ခဏကူပေး...ရော့ရော့""

လို့ပြောပြီး လမင်းလက်ထဲ ဟင်းရေချိုင့်ကြိး ထာ်းပြီး ကျာခိုင်းသွားတဲ့ မောင့်ကိုကြည့်ရင်း.. ဟွန်း ဘာဖြစ်လို့ပါလိမ့် ဟူသောအတွေးနဲ့ မောင်သွားရာကို လှမ်းကြည့်မိတော့

" ဟင် မမနဲ့မောင်...အဲဒါဆိုမမက..ဟာ""

မဖြစ်ပါစေနဲ့ လမင်း စိတ်ထဲမှ။ နှစ်ပေါင်းများစွာ မုန်းနေမိတဲ့ အမျိုးသမီးက အခု မမ မဖြစ်ပါစေနဲ့။ ခဏလေး အတွင်းမှာ ချစ်ဖို့ကောင်းတယ် ဆိုပြီး လမင်းချစ်မိတဲ့ မမဆိုတာ လမင်း နှစ်ပေါင်းများစွာ မုန်းတီး ရေရွတ်မိနေတဲ့ မောင့်ကို ထားသွားခဲ့တဲ့ မမတဲ့လား..။ မရက်စက်ပါ နဲ့ကံကြမ္မာရယ်. .လမင်းတို့ကို အဲလောက် မရက်စက်သင့်ပါဘူး။ ဟင်အင်း နော်ဆိုပြီး ကလေး တစ်ယောက်လို လမင်း အော်ဟစ် ငိုလိုက်ချင်တော့တယ်။ မဟုတ်ဘူးနော်... မဖြစ်ရဘူး မောင့်ရဲ့မမ။ ဟာ...... .မမရယ်... လမင်းတို့ ဘာအပြစ်တွေများ ကျုးလွန်မိလို့ အခုလို နာကျင် ကြေကွဲကြ ရတာပါလိမ့်နော်..။ မဖြစ်သင့်ဘူးနော်.. အဲလို မဖြစ်သင့်ဘူးလေ။ ကံကြမ္မာရယ် တအား ရက်စက် လိုက်တာနော်။

.................................
ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေနုအေးတွေကို ခံစားရင်း.. မောင်နဲ့ကျွန်မ တော်တော်နဲ့ စကားမဆို ဖြစ်ကြဘူးလေ။ ပြောစရာတွေ အမြောက်အများ ရှိနေတာ သေချာနေပေမယ့် တိတ်ဆိတ် နေခြင်းကလည်း စကားပြော နေခြင်းထက် လေးနက် နေပြန်တယ်လေ။ အချိန်တော်တော် ကြာကြီး မောင့်ကို ငေးခွင့်ရတဲ့ အခွင့်ရေးမျိုး နောက်ထက် တစ်ကြိမ်ရဖို့ ဆိုတာ... နောက် ဘယ်လောက် ကြာအုံးမယ် မသိ။ အချိန်ကြောင့်လား အသက်ကြောင့်လား တော့မသိ မောင်အများကြိး ရင့်ကျက် လာတယ်။ ဟိုအရင် အချိန်တုန်း ကထက်လည်း မောင်က ပိုကြည့် ကောင်းလာတယ်။ တော်တော်လေး ကြာမှ မောင်က အားယူလိုက်ပြီး တိတ်ဆိတ်မှု ကို ဖြိုခွဲလို့..

" အဆင်ပြေတယ် မလားမမ၊ ဘယ်လိုလဲ မမစိတ်တိုင်းကျ ရွေးချယ်ထားတဲ့ ဘဝမှာ စိတ်တိုင်းရော
ကျရဲ့လားမမ.."

" အင်း ကျတယ်မောင်... .ဖြစ်ချင်တာ တစ်ခုကိုစွန့်လွတ်ပြီး ဖြစ်သင့်တာတွေ လုပ်ခဲ့တာ အားလုံး မမစိတ်တိုင်းကျ ပါပဲ...မောင်ရော နေသားကျနေပြီ မလား"

ကျွန်တော် အမေးကို အေးဆေး တည်တည်ငြိမ်ငြိမ် ဖြေပြီး ကျွန်တော်ကိုပါ တစ်ဆက်တည်း မေးခွန်းထုတ်တဲ့ မမကို.. ကျွန်တော်ပြုံးလိုက်ပြီး

" အဟက်"

ကျွန်တော်ရဲ့ ရယ်မောသံဟာ ခြောက်ကပ်ကပ် ဖြစ်နေမယ်ဆိုတာ ကျွန်တော် မပြောပေမယ့် မမသိမှာပါ။

" ကောင်းပါတယ် ၊ဘယ်အရာမဆို အစီမံ ကောင်းကောင်းနဲ့ Plan ချပြိးမှ လုပ်တက်တဲ့မမ အတွက် ဘာမဆို အစီစဉ်တကျ ဖြစ်နေမယ်ဆိုတာ ယုံကြည်ပြီး သားပါမမ "

" အင်း"

လို့ကျွန်တော် အမေးကို ခပ်အေးအေး ဖြေနေတဲ့မမက ကျွန်တော်ကို ထားသွားတုန်း ကလိုပဲ တည်ငြိမ် ရင့်ကျက်နေဆဲပါ။ အရွယ် ကြောင့်လား အချိန်ကြောင့်လား မသိ ပိုတည် ငြိမ်လာတယ်လို့ ပြောရလောက်က မမက တည်ငြိမ်သော အလှနဲ့ ရှိနေပြန်ပါလား။ မမကို ငေးကြည့်ရင်း. ကျွန်တော် သက်ပြင်း မောတွေကို အကြိမ်ကြိမ် ချမိရင်း ခံစားချက် ဆိုတာတွေကို မရိပ်မိ အောင် ဖုံးကွယ်နိုင်စွမ်း ရှိနေပေမယ့် မမအကြောင်း နောကြေအောင် နားလည်နေတဲ့ ကျွန်တော်က မမရင်ထဲကို မြင်နိုင်သလို.. ကျွန်တော် ပါးစပ်မဟခင် ကတည်းက ဘာပြောမယ် ဆိုတာ ကြိုသိနေတဲ့ မမလည်း. .ပြောင်းဆန်နေတဲ့ ရင်အစုန်ကို နားလည်နေမှာပါ။

" မမဘာလို့ခုချိန်ထိ တစ်ယောက်ဖြစ်နေတာလဲ..မမ""

လို့ကျွန်တော်အမေးကို..

"" အဲဒါဆို မောင်ကရော ဘာလို့ ခုချိန်ထိ တစ်ယောက်ထဲ ဖြစ်နေရတာလဲ"

ဆိုပြီး အပြုံးလှလှနဲ့ပြန်မေးတယ်လေ။

" မမအရင်တိုင်းပဲနော်...ဘာမှမပြောင်းလဲဘူး ပိုတည်ငြိမ်လာတယ် ပြောရအောင်လည်း မမကအ မြဲတည်တည် ငြိမ်ငြိမ်နဲ့ လုပ်သင့်တာ လုပ်တာဆိုတော့..""

ကျွန်တော် စကားတွေ လည်းချောင်းမှာ တင်ပျောက်ပြိး စကားမဆက် နိုင်ခဲ့ဘူး။ အဲဒါကို နားလည်တဲ့ မမက အကင်းပါးစွာပဲ

"" အင်း ဟုတ်တယ်မောင်... .စိတ်ကြိုက် ဖြစ်အောင် တည်ဆောက် ထားရတာလေ.. ရင်းထားရတဲ့ အရင်းနှီးကလည်း မနည်းဘူးမလား.... .စိတ်ရော လူရော ခံစားချက်တွေ ရောလေ"

လို့ တည်တည်ငြိမ်ငြိမ်ပဲ စကားဆက်တယ်။ ကျွန်တော်ကိုယ် ကျွန်တော် ရင့်ကျက်ပြီလို့ ထင်ထားခဲ့ ပေမယ့် တစ်ကယ်တမ်း မမနဲ့ စကားပြောရင် ဟိုအရင်တုန်း ကလိုပဲ. မရင့်ကျက် နိုင်သလို စကားတွေကလည်း ဟိုမရောက် ဒီမရောက်နဲ့။

" မမပြန်ရင် ကျွန်တော်လိုက်ပို့ချင်တယ် လေဆိပ်ကို"

လို့ကျွန်တော်ပြောတော့မမက

" မပို့နဲ့မောင် မမ မခံစားနိုင်ဘူး...အဲလိုမျိုးကြီးနဲ့မောင်ကို မကြည့်ရက်ဘူး""

တဲ့လေ ။ အချိန်တွေ တော်တော်ကြာ စကားတွေ ပြောနေမိပေမယ့် ပြောတဲ့စကားတွေက ဘာအကြောင်း အရာကိုမှ ဥိးတည်မနေတဲ့ ဟိုဟိုဒီဒီင်္ တောင်စဉ် မရတွေပဲ ဖြစ်နေတယ်လေ။ နာရီတွေ အချိန်တွေကို ဖြစ်နိုင်ရင် ရပ်တန့် ထားလိုက်ချင်ပါတယ် မမ။

" မမကျန်းမာရေး ဂရုစိုက် ၊နေကောင်းအောင် နေနော်၊"

" အင်းပါမောင်ရဲ့ စိတ်မပူနဲ့မမကို"

" အင်း"

"" မမ မကြာခဏတော့ အလည်ပြန်လာမယ် နှစ်နစ်တစ်ကြိမ် သုံးနှစ်တစ်ကြိမ်ပေါ့ မောင်ရဲ့သူငယ်ချင်း ဦးစီးတဲ့ပရဟိတ လုပ်ငန်းနဲ့တော့ မမအမြဲ အဆက်သွယ်ရှိနေမှာပါ မောင်လည်း ကျွန်မာရေး ဂရုစိုက်နော်""

"" ဟုတ်..မမ"

လို့ကျွန်တော်ပြောတာကို မမကပြုံးလို့ကြည့်ပြီး

"" မမပြန်တော့မယ်မောင်...လိုက်မပို့နဲ့တော"

့လိုပြောပြီး ပြန်ဖို့ပြင်နေတဲ့မမ။ ကျွန်တော် ခေါင်းငြိမ့်ပြရင်း... ကျောခိုင်း သွားတဲ့ မမရဲ့ နောက်ကျောကို ကြည့်ပြီး. ဟန်ဆောင် နေရတဲ့ နာကျင်မှု တွေကို ကျွန်တော်နဲ့ တွေ့နေစဉ်မှာ လှလှပပ အကောင်းဆုံး ထိန်းချုပ် ထားနိုင်ပေမယ့် ကျောခိုင်းပြီ ဆိုရင်တော့ မမရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ တွဲခိုလို့ နေရာယူ နေတော့မယ် ဆိုတာ မမကို အမြဲနားလည်ပါတယ် ဆိုတဲ့ ကျွန်တော် သိနေတယ်ဆိုတာ. မမနဲ့ထပ်တူ ကျွန်တော်လည်း...!!! အခုလို နှလုံးသားတွေ စတေးပြီး လွမ်းနေရတဲ့ ဘဝမျိုးက ဒီဘဝ အတွက်နဲ့တင် လုံလောက် ပါပြီမမရယ်..။ နောင်ဘဝ ဆိုတာများ ရှိခဲ့မယ်ဆိုရင်. ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ကျိမ်စာ မသင့်စေဖို့...ဆုတောင်းနေ ပါ့မယ့်မမ။
....................................................။...............................

Written By Anglehlaing
Friday,June 29,2012
10;46 Pm (Austria)

15 comments:

ဟီး လမင်းတဲ့ အားကျတယ် ညီမရေ
ရေးတတ်ချင်လိုက်တာ..
အားပေးနေမယ်နော်..

မမ-မောင်ဇာတ်လမ်းလေးကရင်ထဲရောက်ခဲ့ပါတယ်
သူငယ်ချင်းဖြစ်ဖြစ် မိဘဖြစ်ဖြစ် ချစ်သူကိုပဲဖြစ်ဖြစ် နှလုံးသားကိုစတေးပြီးတော့မလွမ်းချင်ပါဘူးညလေးရေ
ချစ်တတ်တဲ့ မကြီး
အာဘွားးးးးးး

ကောင်းတယ် ညီမလေး။
ကြိုက်မိတဲ့ စာလုံးလေးတွေရှိခဲ့တယ် ..... :)

This comment has been removed by the author.

ဒီပို့ စ်လေးကိုသဘောကျတယ်...
ညီမလေးရေ...စာတွေလာဖတ်သွားတယ်...။

မဖြတ်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ဇာတ်ကမျောနေတုန်းပေါ့...

ဒါနဲ့..
သုံးယောက်လုံး အခုထက်ထိ တကိုယ်တည်းသမားတွေ ဖြစ်နေကြရောလား ညီမ။ သူတို့ကလဲ တစ်မျိုးဘဲ။ အဆင်မပြေကြတာလဲ မဟုတ်ဘဲနဲ့။ အတူတူ လျှောက်လိုက်ကြ ပြီးရော။ ဒါပေမဲ့ လမင်းလေးတော့ သနားစရာပါ။း(

ဘာလို့ခွဲလိုက်ရတာလဲဇာတ်ဆရာရယ်
တစ်ယောက်၊တစ်ယောက်ချင်းဘဲဥစ္စာ..။
မျက်ရည်မခိုင်ပါဘူးဆိုမှ
နှလုံးရောဂါပါအဆစ်တိုးပြီ...း)
ဒီလိုဇာတ်လမ်းမျိုးများများသာဆို
တကယ်မလွယ်ဘူးဘဲနော်..အဟင့်..။
အဆုံးမှာပေါင်းရတဲ့ရိုလာကိုစတာ
ဇာတ်လမ်းလေးတွေရေးပေးဖို့
ဇကောပန်ပါရစေ... :)

ချစ်ခြင်းအားဖြင့်
မိစံ

အဟမ်း...မကြီးလွမ်း ဖတ်ရင်း (လမင်းဆိုတော့ ချစ်စံအိမ်များလားလို့)..အဟဲ.. သူကလည်း သူ့ မောင်လို့ ခေါ်ချင်ခေါ်မှာပေါ့။
အားပေးသွားတယ်။

ခင်မင်တဲ့
မကြီးလွမ်း

တစ်ယောက်ယောက်နဲ့  ပေါင်းပေးလိုက်တာ မဟုတ်ဘူး။ စိတ်မကောင်းအောင်....... လူဇိုး :D

တစ်ဦးဦးနဲ့မပေါင်းလိုက်တာကိုသဘောကျတယ်....၊
သနားတော့သနားစရာ....၊မမ ရဲ့စိတ်ထား ကိုတော့ ကြိုက်ပါဘူး...။အဲ့လို စက်ရုပ်ဆန်ပြီး ခံစားချက်တွေကို
စတေးတာမျိုး မုန်းထှာဗျာ...:)

နာကျင်ကြေကွဲစရာလေးပါလား ညီမငယ်လေး..။ ဘဝတစ်ခုမှာ စိတ်ချမ်းသာမှုတစ်ခုထက် ငွေကြေးကိုအဓိကထားပြီး စတေးရတာ တန်ဖိုးသိပ်ကြီးလွန်းတယ်.။
စာရေးကောင်းတဲ့ ညီမငယ်လေးရဲ့ လက်ရာကြောင့် ခံစားသွားရပြီ။။။
ချစ်တဲ့
မမသဒ္ဓါ

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

ကျိန်စာ မသင့်ချင်ဘူး ဇာတ်ဆရား)

ကျိန်စာသင့်မှာကို ကြောက်တယ်ခင်ည...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More