http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, November 10, 2013

အရောင်မဲ့ခဲ့သော






၁။

နိုဝင်ဘာဟာ အရင်လိုပဲ ကိုယ့်အပေါ် အေးစက်စက်ဆက်ဆံတယ်။ သူ့ကြောင့်ပဲ အပင်တိုင်းလိုလိုက အရွက်တွေက ဝါတာကတစ်မျိုး နီစေတာကတသွယ်နဲ့ နောက်ဆုံးတော့လည်း ကြွေဖို့ဆီကိုပဲ ဦးတည်ကြရတယ်လေ။ နိုဝင်ဘာကတော့ သူ့ဘဘာဝ မထီမဲ့မြင် ပုံစံအတိုင်း အေးစက်စက်နဲ့ သူ မဟုတ်သလို ခပ်တည်တည် ရယ်သာ။ တစ်ခါတရံလည်း တစ်နေ့လုံးကို မြူတွေနဲ့ အုပ်ဆိုင်းနေစေသလို၊ တစ်ခါတစ်လေတော့လည်း အေးစက်စက် မိုးရေစက်တွေနဲ့ ခိုက်ခိုက်တုန်စေပြန်တယ်။ နေရာတိုင်းမှာ ဟိုဒီ ပြေးလွှားနေတဲ့ ရွက်ကြွေတွေဟာ လေအဝှေ့မှာ ယိမ်းလို့ တိမ်းလို့။ လွင့်ချင်ရာ လွင့်နေကြဆဲ။ ရွက်ကြွေဘဝကို နာကျင်ဖို့တောင်မှ သတိမရနိုင်အောင်ပဲ ပြေးလွှားနေကြပြန်တယ်။

“ဟေ့ တစ်ယောက်တည်းလား၊ အဖော်မပါဘူးလား၊ ဈေးလာဝယ်တာ ထင်တယ်”

အသံနဲ့အတူ လက်ကိုဖမ်းဆုပ်ကာ နှုတ်ဆက်ဟန် ပြင်နေတဲ့ မျက်မှန်းတန်းမိရုံသာ ရှိတဲ့ အမျိုးသမီးကို အလိုက်သင့်ပဲ ပြုံးပြလိုက်တယ်။ မနေ့တစ်နေ့ကမှ လူသစ်အဖြစ် ပြောင်းလာသူ မဟုတ်သော်လည်း ကိုယ်တိုင်က လူတွေနဲ့ သိပ်ရောရောနှောနှောနေရတာကို မနှစ်သက်သူမို့ ဘယ်သူ့ကိုမှ အရေးတယူ နှုတ်ဆက်တာမျိုး မလုပ်ခဲ့သလို ကိုယ့်ကို တရင်းတနီး လာနှုတ်ဆက်တော့လည်း မရိုင်းချင်သူမို့ ပြုံးလိုက်ခြင်းမျှသာ။ ဒါကိုပင် အလိုက်မသိတဲ့ သူမက ဆွဲထားသော ကျွန်မလက်ကို လွတ်ဖို့မေ့နေဟန်နဲ့ အမေးစကားတွေကို အားမနာစတမ်း ဖောင်ဖွဲ့နေပြန်တယ်။ စိတ်ရှုပ်စွာပဲ သူမရဲ့ လက်ထဲမှ မသိမသာရုန်းထွက်ရင်း သူမရဲ့ အမေးစကားတွေထဲကပါ သိသိသာသာပဲ ရှောင်ထွက်ဖို့ ကျွန်မကြိုးစားလိုက်တယ်။


“သွားတော့မယ်နော် ကျွန်မ ဈေးလာဝယ်တာ မဟုတ်ပါဘူး၊ ရုံးက ဒီနားမှာမို့လေ”

ခပ်သွက်သွက် အဖြေပေးပြီး သူမကို နှုတ်ဆက်လိုက်ပေမယ့် သိချင်တဲ့ အမေးစကားတစ်ချို့ကို ဇွတ်အတင်း မြိုချလိုက်ရသလိုမျိုး သူမမျက်နှာက မသာမယာ။ ဒါပေမယ့်လည်း မတက်နိုင်ဘူးလေ။ ကျွန်မက လူတွေနဲ့မှ မပတ်သက်ချင်တာ။ အထူးသဖြင့် သူတပါးရဲ့ အတွင်းရေးကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ဝင်စွက်ဖက်တက်သော သူတွေနဲ့ပေါ့။ ဒါကြောင့်လည်း နေရာတစ်ခုထဲမှာ အချိန်အကြာကြီး မနေဖြစ်ခဲ့တာ။ ဒါတောင်မှ ရောက်တဲ့နေရာတိုင်းမှာ နားလည်မှုမရှိတဲ့ လူတွေရဲ့ စပ်စုတာကို မကြာခဏဆိုသလို ကြုံတွေ့ရစမြဲ။ ကြုံရတိုင်းမှာလည်း အဆင်ပြေသလို ရှောင်ထွက်နေရတော့ ဒီလိုအပြုနဲ့ ကျွန်မဟာ တော်တော်လေး အသားကျလာခဲ့ရတယ်။

စိတ်ထဲမှာတော့ နေရာ၊ အတည်တကျရယ်လို့ မရှိပဲ ခဏခဏ ပြောင်းရွှေ့နေရတာကို ငြီးငွေ့လာသူပီပီ ဒီတစ်ခါတော့ ဒီပတ်ဝန်းကျင်ကနေ မပြောင်းရွှေ့တော့ဘူးရယ်လို့တော့ တွေးထားမိခဲ့သေးတာ။ တိုက်ခန်း ယဉ်ကျေးမှုဆိုတာ လုံးခြင်း အိမ်ယာတွေလို တစ်သီးတစ်သန့် မဆန်သော်လည်း သင့်တင့်သလောက်တော့ သီးသန့်ဆန်မယ်လို့ ယုံကြည်ခဲ့မိတာ။ တံခါးချက်တွေရဲ့ နောက်မှာလည်း မျက်ဝန်းပေါင်းများစွာ ရှိနေတက်တာကို ကျွန်မ သိခဲ့ရချိန်မှာတော့ အနည်းငယ် စိတ်ပျက်သွားမိတာ အမှန်။

တစ်ဖက်ကလှည့်တွေး ကြည့်မယ်ဆိုရင်တော့ လူတိုင်း ကျွန်မကို သိနေတာမျိုးထက် ဆာရင်တော့ ယခုလို မသိတာကပင် တော်သေးတယ်လို့ပဲ သတ်မှတ်ရမှာ။ လုပ်ငန်းခွင်မှာလည်း အလုပ်အကြောင်းကလွဲရင် အပိုစကားတွေ ပြောစရာ မလိုတာကြောင့် လူတွေနဲ့စကားများများ မပြောဖြစ်ခဲ့ဘူး။ သူတို့တွေနဲ့ ပါတ်သက်ဖို့ မလိုအပ်တာကပဲ ကျွန်မကိုအများကြီး စိတ်သက်သာရာ ရစေတာကလည်း တစ်မျိုး ကျေနပ်စရာပင် ဖြစ်နေသေးပြန်တယ်။။ မဟုတ်ရင်တော့ ကျွန်မအတွက် ရပ်တည်ရန်နေရာ တစ်ခု အလွန်အမင်း ခက်ခဲနေဦးမည်သာ။

ပတ်ဝန်းကျင်နဲ့ ရောရောထွေးထွေး မနေတက်တဲ့ ကျွန်မအတွက် အဖော်ဆိုတာ ကျွန်မကိုယ်တိုင် ဖန်တီးထားသော ဒီဇိုင်းများ၊ ဒါမှမဟုတ် စိတ်လိုလက်ရ စပ်ထားသော အရောင်များရဲ့ပုံရိပ်  ကျွန်မလက်ရာ ပန်ချီကားများ၊ နောက်တစ်ခုက လွမ်းဆွက် မွတ်သိပ်မှု တစ်ခုအနေနဲ့ မြတ်နိုးစွာ ထွေးပွေ့တက်တဲ့ ကျွန်မအိပ်ယာထက်က Hollow Guitar တစ်လက်။ ဟုတ်ပါတယ်...။ Guiter မတီးတက်သော ကျွန်မအတွက် အဲ့ဒီ Guiterလေးက အလွမ်းပြေ အမှတ်တရမျှသာ ပါပဲ။ အဲ့ဒီအရာတွေကပဲ ကျွန်မကို အဖော် ပြုပေးနေခဲ့တာက  နာရီပေါင်းများစွာ ၊နေ့ရက်ပေါင်းများစွာ၊  နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီလေ။ ဒီနေ့အထိ ဘယ်တုန်းကမျှ ကျွန်မ အထီးမကျန်ခဲ့ဘူးဆိုတာ ဘယ်သူကမျှ အသိအမှတ်ပြု ယုံကြည်ခဲ့ခြင်း မရှိနိုင်ပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင်ဘဝလေးမှာ ကျွန်မက နေသားတကျ စီးမြောနေခဲ့သူပါ။

“အခုချိန်ထိ တစ်ယောက်တည်းပဲလား ၊ အဖော်မရှာသေးဘူးလား”

စာနာမှုလား၊ စိုးရိမ်မှုတွေလား၊ ဒါမှမဟုတ် လှောင်ပြောင် ကဲ့ရဲ့လိုခြင်းများလား၊ မဝေခွဲတက်တဲ့ စုတ်သက်သံမျးနဲ့ကျွန်မကို သနားစရာ သတ္တဝါတစ်ကောင်လို အကြည့်ခံရတိုင်း ခံရခက်ရသည်က အမှန်။ လူတစ်ယောက်ရဲ့ အားနည်းချက်၊ ပုဂ္ဂိုလ်ရေးအရ စည်းမစောင့်မှုတွေကို ငယ်စဉ်ကတော့ ဆတ်ဆတ်ကြဲ အမုန်းခံ ရန်တွေ့ခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်မ ပြုံးပြီး ခွင့်လွတ်တတ်လာခဲ့ပြီ။  လူတွေတော်တော်များများ ဒါမှမဟုတ် လူအများစုက နားမလည်ပေးနိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ခဲ့ရခြင်းဟာ ကျွန်မဘဝအတွက် သေရာပါ ကျိမ်စာတစ်ခုလို့ ဆိုရမလား။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုလောက်ကတော့ ကျွန်မဟာ လူတွေကို မခွင့်လွတ်နိုင်သူပီပီ နားကျည်းမှုတွေနဲ့သာ  ကျွန်မကိုကျွန်မ အကျဉ်းချခဲ့သူပေါ့။

(၂)

“မ .. မအတွက် ကျော် လက်ဆောင် တစ်ခုဝယ်ခဲ့တယ်သိလား၊ ဒီနေ့  အလုပ်မှာ အဆင်ပြေခဲ့တယ် ၊ မှတ်မှတ်ရရလေး ဖြစ်သွားအောင်  ဝယ်ဖြစ်ခဲ့တာ မရဲ့… ဘာများ ဖြစ်နိုင်မလဲ မှန်းကြည့်ပါလား…မ”

 အိမ်သို့ ရောက်ရောက်ချင်းမှာပဲ ပဟေဠိ ဆန်ဆန် အားပါးတရ ပြောနေတဲ့ ကျော်ကို ကျွန်မ သက်ပြင်းမောနဲ့ ကြည့်လိုက်မိတယ်။ တစ်ဆက်တည်း နှုတ်မှလည်း…

“ဘာတွေ ဝယ်လာပြန်ပြီတုန်း ကျော်ရာ… မ အဲ့ဒါတွေ မလိုပါဘူး၊ မမှာ အရာအားလုံး ပြည့်စုံနေပြီးသား၊ အထူးသဖြင့် ကျော်ရှိနေတာကပဲ  ၊ မ.. ဘဝအတွက် ကျော်က လွဲပြီး ဘာမှကို နောက်ထပ် မလိုချင်တော့တာ”

ကျွန်မရဲ့ စကားကို ကျော်က နားမဝင်စွာပဲ ကျွန်မရင်ခွင်ထဲသို့ အတင်းတိုးဝင်လာခဲ့တယ်။ ပြိးတော့ သူ့လက်ညိုနဲ့ ကျွန်မ နှုတ်ခမ်းပေါ်ကို အသာဖိကပ်လိုက်ရင်းမှ

“ သိတယ်   မ …ကျော်သိတာပေါ့ မ ဘာကိုဆိုလိုချင်မှန်း ၊ မ ဘာတွေ လိုအပ်လဲ ဒါတွေ အားလုံး ကျော်က သိပြိးသား၊ ဒါပေမယ့် မရယ် စဉ်းစားကြည့်ပါဦး ကျော်ဘက်ကရော.. ကျော်လည်း မကို တစ်ခုခုတော့ အမှတ်တရတွေ ပေးချင်တာပေါ့၊ မအတွက် မလိုအပ်ပေမယ့် ကျော်ရဲ့ သတိတရ ချစ်ခြင်း လက်ဆောင်ကိုတော့ မငြင်းပါနဲ့ မ.. ရယ်နော်  နော်"

ကျော်ရဲ့ သဘောထားကို နားလည်ပေမယ့် ကျော်ဆီက လက်ဆောင်တစ်ခု ရတိုင်း ကျွန်မအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလို ပိုပိုလေးသွားတာကိုတော့ ကျော် ဘယ်သိနိုင်ပါ့မလဲ။ ကျွန်မ ကျော်ကလွဲပြီး ဘာမှ အလို မရှိခဲ့တာပါ။ ဒါကို ကျော်လည်း နားလည်စေချင်မိတယ်။ မကြာခဏ ဆိုသလို ကျော်ပေးခဲ့တဲ့ အမှတ်တရတွေကလည်း အတူနေ သုံးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ အတော်လေးကို မျာလားခဲ့ပြီ။ ဘယ်လိုပဲ ကျွန်မငြင်းခဲ့စေဦး သိပ်မကြာတဲ့ အချိန်တစ်ခုမှာ ကျော်တစ်ယောက် အကြောင်းပြချက် တစ်မျိုးမျိုးပြပြီး နောက်တစ်ကြိမ် လက်ဆောင် ဝယ်ခဲ့ဦးမယ်ဆိုတာ ကျွန်မ စိတ်က သိနေပြန်တယ်။

“ မ .. လိပ်ပြာပုံစံ ရင်ထိုးလေး . ကြည့်ပါဦး. ချစ်စရာလေးနော်မ ..သဘောကျတယ် မဟုတ်လားဟင်… အဲ့လိုကြီး မျက်နှာ ညိုမနေပါနဲ့ မရဲ့.. ကျော်မှာလည်း သတိတရ ချစ်သက်လက်ဆောင် ပေးစရာ မပဲ ရှိနေခဲ့တာလေ။ ကျော်ရဲ့ ချစ်ခြင်းကို အသိမှတ်ပြုရင်း ကျော်ကို ပြုံးပြစမ်းပါ…နော်….နော်လို့ မ…”

ကျော်ကျေနပ်စေဖို့ ကျွန်မနှုတ်ခမ်းက အပြုံးတွေကလည်း အလိုက်တသိနဲ့ပေါ့။ ကျွန်မအပြုံးတွေ မြင်ရတဲ့ ကျော်ကလည်း ကျေနပ်စွာနဲ့ ပြုံးလို့နေတယ်။ တစ်ကယ်တော့ ကျော်က သတ္တိရှိရှိ မိသားစုကို ဆန့်ကျင်ပြီး ကျွန်မနဲ့ အတူနေဖို့ အိမ်က ဆင်းလာခဲ့သူပါ။ ကျော်က ထက်မြက်သလို သွက်သွက်လက်လက်နဲ့ အပြောဆို ပွင့်လင်းချိုသာသော သူမို့ အပေါင်းသင်းလည်း များတဲ့သူ။ ကျောင်းစာမှာ ထူးချွန်သလို ဘာသာစကားမှာလည်း ၅မျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူမို့ လူတော်တစ်ယောက်လို့ ဆိုရမယ့်သူတစ်ယောက်လည်း ဖြစ်တယ်။ လူမျိုးခြား စပ်တာကြောင့် ဖြူဝင်းနေတဲ့ အသားရေနဲ့အတူ စိမ်းညို့နေသော မျက်ခုံးတန်းသွယ်သွယ်နဲ့ ကျော်က မပြင်ဆင်ပဲနဲ့ကို လှနေတက်သော သူတစ်ယောက်။

ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အလုပ်ပေါင်းစုံကို တစ်ပြိုင်တည်း လုပ်တက်သော ကျော်ကို တစ်ခါတစ်လေ ကျွန်မ နားမလည်တတ်ပါ။ ဒါရိုက်တာအလုပ်ဆိုလည်း ကျော်၊ သီချင်းရေးဆရာ တစ်ယောက် ဖြစ်ချင်ခဲ့တာလည်း ကျော်၊ တစ်ခါတစ်လေတော့လည်း သတင်းဓါတ်ပုံဆရာ၊ တစ်ခါတစ်လေကျပြန်တော့လည်း Tour Guite (ဧည့်လမ်းညွှန်) တစ်ယောက်အဖြစ် အလှည့်ကျ လုပ်ကိုင်တက်ပြန်သေးတယ်။ ကျော်နဲ့ ကျွန်မ စသိစအချိန်က ကျော်ရဲ့ professional က ဘာကိုအတည်ယူထားလဲလို့ မေးခဲ့ဖူးတယ်။ ကျော်အဖြေ့တွေက ကျွန်မကို အံအားသင့်မှုတွေကို ပေးစေခဲ့တာကြောင့်ပဲ ကျွန်မဘဝထဲမှာ ကျော်ဆိုတဲ့ လူသားတစ်ယောက် ထဲထဲဝင်ဝင် ဝင်ခွင့် ရခဲ့တာပဲ ဖြစ်မယ်ထင်ပါတယ်။

“ကျော်ရဲ့ professional က ရှိပြိးသားလေ မရဲ့ ၊ ကျော်က Mechanical Engineer တစ်ယောက်ပါ၊ အခုလုပ်နေတာတွေက ဝါသနာ အရပေါ့၊ ဘယ်အလုပ်နဲ့များ အကျိုးပေးကောင်းမလဲလို့ စမ်းကြည့်နေတာလေ မရဲ့၊ ဝါသနာပါတာတွေကလည်း များတော့ လူတောင် နည်းနည်း ကြောင်ချင်နေပြီ ထင်တယ်သိလားမ ၊ သြော်… ကျန်သေးတယ် ကျော်က ကဗျာတွေ၊ စာတွေမှာလည်း ရူးသွပ်တတ်သေးတယ် သိလား”

ကျွန်မအတွက်တော့ ကျော်က လူထူးလူဆန်း တစ်ယောက်လိုပါပဲ။ သူ့ဘဝလေးက တစ်ကိုယ်ရေ၊တကာယ ကိုယ့်ဘဝကို ကိုယ်တိုင် ရုန်းကန်နေရတဲ့ မိဘမဲ့ ကျွန်မအတွက်တော့ အားကျစရာပါပဲ။ လေးစားအားကျဖွယ် ပညာတတ် မိဘနှစ်ပါးကနေ ပေါက်ဖွားကြိးပြင်းလာရတဲ့ သူ့ဘဝလိုမျိုးဆိုတာ ကျွန်မအတွက်တော့ အိပ်မက်တစ်ခုမျှ သာပါပဲလေ။ တစ်ခါတရံ ကျွန်မအတွက် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကိုလည်း ကျော်က ယူလာတက်သေးတယ်။ အပြောင်းအလဲ များစွာထဲကမှ တစ်နေ့ ကျောပိုးအိတ်တစ်လုံးနဲ့ ကျွန်မနေတဲ့ တိုက်ခန်းဆီကို ကျော်ရောက်လာတဲ့ နေ့ပေါ့။ အလည်လာတယ် ထင်ထားတဲ့ကျွန်မကို ကျော် စကားများက အံအားသင့်စေခဲ့တယ်။

“မ… ကျော် ဒီနေ့ပဲ အိမ်က ဆင်းခဲ့ပြီ၊ ဘာမှလည်း မယူလာခဲ့ဘူး၊ သူတို့ စီစဉ်ထားတာကိုလည်း ကျော် လက်မခံနိုင်ဘူး၊ အဲ့ကြောင့် ဒီနေ့က စပြီး မနဲ့အတူ ကျော်နေတော့မယ်၊ ဘယ်လိုလဲ မ..ကျော်ကို လက်ခံမှာလား..”

ကျော်က အဲ့ဒီလိုလည်း မာရေကျောရေနဲ့။ လောကကြီးနဲ့အတူ ကျွန်မအပေါ်မှာလည်း အပေါ်စီးက အပိုင်တွက်လို့ မချေမငန် ဆက်ဆံ တက်သေးတယ်။ ကျော်စကားကြောင့် ကျွန်မမှာ လက်ပဲခံရမလို၊ ငြင်းပဲ ငြင်းလိုက်ရမလိုနဲ့ အနည်းငယ်တော့  စိတ်ထဲ ဘဝင် မကျချင်။ ဒါကိုသိတဲ့ ကျော်ကလည်း ချထားတဲ့ လွယ်အိတ်ကို ကောက်ကိုင်ကာ ထွက်သွားဖို့ ပြင်တယ်။ မနေနိုင်တဲ့ ကျွန်မကပဲ ကျော်လက်ကိုဆွဲကာ ချော့ရသူပေါ့။

“ ကျော် …ဆန္ဒရှိသလောက် နေပါ၊ ကျော် ပျော်သလောက်နေဖို့ … မ … ခွင့်ပြုပါတယ်”

ကျွန်မရဲ့ ခွင့်ပြုချက်ရတော့ ကလေးတစ်ယောက်လို အပျော်မျိုးနဲ့ ကျော်က ကျွန်မရင်ခွင်ထဲကို တိုးဝင်လားခဲ့တယ်။ မွတ်သိပ်တဲ့ အနမ်းတွေနဲ့ အတူပေါ့။ အဲ့ဒီနေ့ကစပြီး အနှောင်အဖွဲ့ကင်းခဲ့တဲ့ ကျွန်မမှာ ဘာရောင်ရယ်လို့ ခေါင်းစဉ်တပ်ဖို့ မသေချာသေးတဲ့ ကြိုးလေးတစ်ချောင်းရဲ့ ရစ်ပတ်နှောင်ဖွဲ့ခြင်းတွေကို ကျေနပ်စွာဖြင့် ခံယူတက်လာခဲ့တယ်။ ကျွန်မကို ထုံးဖွဲ့ထားတဲ့ အဲ့ဒီ ကြိုးထုံးလေး ပြေလျော့ သွားမယ့်နေ့ကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်လာခဲ့ရတာ ဘာလိုလိုနဲ့ သုံးနှစ်သုံးမိုး သို့တိုင်ခဲ့ပြီလေ။

၃။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့က အပြင်မှာ မိုးတွေ သဲသဲမဲမဲ ရွာလို့ပေါ။

“ကျော်…. မ ကျော်ကို မစောင့်တော့ဘူး အိပ်နှင့်တော့မယ်"

ကျွန်မရဲ့ အပြောကို ကျော်က နားမလည်သော အကြည့်ဖြင့် လှမ်းကြည့်တယ်။

“မ.. ဘာဖြစ်နေတာလဲ ကျော့်ကို စိတ်ကောက်နေတာလား၊ မကောက်ပါနဲ့ မရယ် ကျော် ဒီအလုပ်လေး အပြီးအပ်ရမှာမို့ပါ၊ မကို ပစ်ထားတာမျိုး မဟုတ်ရပါဘူး..နော် စိတ်မကောက်နဲ့နော် …”

“ အင်း မကောက်ပါဘူးကျော်…ရဲ့  .. မ အရင်အိပ်ချင်နေလို့ပါ ပြိးတော့ ကျော်အလုပ်လည်း ကြာဦးမှာ မလား”

“အင်း အဲ့ဒါတော့ ဟုတ်တယ် .. မ   အိပ်ချင် အိပ်တော့လေ… စိတ်မကောက်ရဘူးနော်၊ ကျော်  .. မကို ဘယ်လောက်ချစ်တယ်ဆိုတာ မ သိတယ်မလား”

“အင်း သိတာပေါ့ ကျော် .. အဲ့ဆို မ အိပ်နှင့်တော့မယ် ဂွတ်နိုက်”

“ဂွတ်နိုက်..မ”

အလုပ်က အရေးကြိးနေလို့ အလုပ်ထဲ စိတ်ရောက်နေတဲ့ ကျော်က နှုတ်ဆက်ပြီးသည့်တိုင်အောင် သူ့နောက်မှာ ရှိနေသေးတဲ့ ကျွန်မကို သတိထားမိဟန်ပင် မပေါ်။ သူ့အလုပ်စားပွဲပေါ်က စာရွက်တွေနဲ့ အလုပ်ရှုပ်လို့နေတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ကျွန်မမှာသာ အိပ်ယာထဲ ဝင်ရနိုးနိုး၊ ဒါမှမဟုတ် စကားပဲ စပြောရမလို ဝေခွဲရ ခက်လို့နေတယ်။ တစ်ကယ်ဆို ကျော် အလုပ်များနေတာမို့ ကျွန်မကို သတိမထားနိုင်ခဲ့ပေမယ့် ကျွန်မ တစ်ယောက်တည်း သွေးပျက်နေခဲ့တာ ရက်အတော် ကြာခဲ့ပြီလေ။ တစ်နေ့တစ်နေ့နဲ့ ရက်တွေကို စွဲလာလိုက်တာ တစ်ရက်ပြိး တစ်ရက်သာ အချိန်ကုန်သွားခဲ့တယ်။ ကျွန်မ နှုတ်ခမ်းတွေ ဆွံ့အနေဆဲ။

“ကျော်…”

“ဟင် မ …. မအိပ်သေးဘူးလား ဘာရပ်နေတာလဲ ၊ ကျော်ကိုပြောတော့ အိပ်ချင်ပြီဆို၊ ပြောတော့ စိတ်မကောက်ပါဘူးတဲ့၊ ကြည့်ပါဦး ကျော်ကို စိတ်ကောက်နေပြိးတော့များ…”

ပြောပြောဆိုဆို ကျော်က အလုပ်စားပွဲမှ ထလာပြိး ကျွန်မကို ချော့ဖို့ဟန် ပြင်လိုက်တယ်။

“ မဟုတ်ဘူး ..ကျော်     မ ..ကျော်ကို ပြောစရာ ရှိနေလို့ ..ပြိးတော့ ကျော့်ကို မ…  ဆက်မလိမ်ချင်တော့ဘူး..”

ရုတ်တရက်မို့ ထင်တယ် ကျော်မျက်နှာက နားမလည်ဟန်များနဲ့ ပြည့်လို့နေတယ်။

“အင်း… ကဲပြောစေ…. ဘာပြောမှာလဲ မရဲ့ စကားပလ္လင်တွေကလည်း ခံနေလိုက်တာ ကျော် သိပ်စိတ်မရှည်ချင်ဘူးနော်မ၊ အရင်ကဆို မ    …. အဲ့လိုမဟုတ်ပါဘူး ၊ ဒီညမှ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး”
“ ကျော် …. မ တခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်”

“ဘာ…. ဘာပြောတယ် မ… မ ဘာပြောလိုက်တယ် ပြန်ပြောစမ်းပါမ ..ဒါဟာ….နေပါဦး  ဒီလို စကားက နောက်စရာလို့များ … မ… ထင်နေလို့လား၊ အဲ့လိုတွေ မနောက်နဲ့ မ…ရာ ကျော်မကြိုက်ဘူး၊ စိတ်ဆိုး ၊စိတ်ကောက်ရုံလောက်နဲ့တော့ မ..ကျော့်ကို ဒီလိုစကားမျိုး မပြောသင့်ဘူး..ထင်တာပဲ”

ကျွန်မ စကားကြောင့် ရူးရူးရှားရှား စိတ်ရှုပ်ရှားနေတဲ့ ကျော်ကို ကြည့်ရင်း ကျွန်မမှာ ဒူးတွေပင် ခွေကျချင်သွားတယ်။ ကျွန်မ လဲကျလို့ မဖြစ်ဘူးဆိုတဲ့ အသိကို တင်းရင်းမှပဲ စမိတဲ့ စကားကို အဆုံးထိပြိးဆုံးဖို့ ကျွန်မကြိုးစားလိုက်တယ်။ တစ်ဖက်ကိုလည်း ကျွန်မ ကတိပေးခဲ့ပြိးပြီ။ ကျွန်မ မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒီတစ်သက် ကျွန်မ ကိုယ့်လိပ်ပြာ ကိုယ်လုံတော့မယ် မထင်။ သေချာတာက ဒါဟာ ကစားပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဘဝလမ်း ရွေးချယ်မှု ပြဿနာ တစ်ခုပါ။

“ကျော်….. မကို ခွင့်လွတ်ပါ၊ မ ကျော့်အပေါ်မှာ အပြစ်ရှိခဲ့ပါတယ်၊ တစ်ကယ်တော့ ကျော်ကို မ… မချစ်ခဲ့ဘူး၊ အသုံးချခဲ့မိတာ၊ ကျော်ကိုလေ… မ   တစ်ကယ်မချစ်ခဲ့ဘူး၊  ချစ်ခဲ့တယ် ဆိုရင်လည်း မောင်နှမလို သံယောဇဉ်မျိုးနဲ့ ချစ်ခဲ့တာပဲ ဖြစ်မယ်… ကျော် ထင်သလို မဟုတ်ခဲ့ဘူး”

“ဘာပြောတယ်….. ခင်ဗျား ဘာပြောတယ်…. ဒီမှာ ကျုပ်ခင်ဗျားကို ရင်ဘတ်နဲ့ ..ဟောဒီနှလုံးသားထဲက ပုံပြီး ချစ်ခဲ့တာ..၊ ကျုပ်ဘာတွေ ခင်ဗျားအတွက် စွန့်စားခဲ့လဲ ၊ ဘာတွေ ဘယ်လို ပြုမှု ဆောင်ရွတ်ခဲ့လဲ… အားလုံးဟာ နှလု့းသားနဲ့ ခံစားပြိး ချစ်ခဲ့ လုပ်ခဲ့တာတွေဗျ….၊ အချိန်တွေတောင် ဘယ်လောက် ကြာခဲ့ပြီလဲ… ဒါတွေကို ခင်ဗျားက ခုမှ ..”

“ အဲ့လို ကျော့်ကို အသုံးချခဲ့တဲ့ အတွက် မကို ကျော် ကြိုက်တဲ့ အပြစ်ပေးနိုင်ပါတယ်၊ ပြိးရင်တော့ ကျော့်ဘဝထဲက မကို ထွက်သွားခွင့် ပြုပါ… ကျော် မဟုတ်ဘူး ..မကို လွတ်လပ်ခွင့်ပေးပါ”

“ဒီမှာ ခင်ဗျား ပြောတာ လွယ်လှချည်လား…… ခင်ဗျား …ခင်ဗျား ပါးစပ်မို့ အဲ့ဒါမျိုး ပြောထွက်တယ်ဗျာ… အချိန်တွေ အကြာကြိး ခင်ဗျား ကျုပ်ကို အယုံသွင်းခဲ့တာ၊ အသုံးချခဲ့တာ၊ မလိုတော့ဘူး ဆိုမှ အခုလို ကန်ထုတ်ပစ်ချင်တာလား၊ ဒီအချိန်ထိ ကျုပ်ရပ်တည်မှုတွေ ကျုပ်ပတ်ဝန်းတွေမှာ ကျုပ်ကို သက်သက် အရှက်ကွဲစေချင်လို့ အခုလို ချိုးခဲ့တာလား..ပြော… ပြော ခင်ဗျား ပြောစမ်းပါ၊ ခင်ဗျား …

 ကျုပ်လေ ခင်ဗျားသတင်းတွေ သူများတွေဆီက နားနဲ့ မဆံ့အောင် ကြားခဲ့တုန်းကတောင် ကျုပ် ခင်ဗျား တစ်ယောက်တည်းထဲကိုပဲ မျက်စိစုံမှိတ်ပြီး ယုံခဲ့တာ အဟားဟား…..ခုတော့ ဒါတွေက အမှန်တရားတွေ ဖြစ်လာပြီပေါ့ .. ဟုတ်လား ။

ဒီမှာ…. ခင်ဗျား ဘယ်တော့မှ မမေ့နဲ့ ..ကျုပ် ခင်ဗျားကို တစ်သက်စာ ခွင့်မလွတ်ဘူး မှတ်ထား..ကျုပ်က တခြားသူတွေလိုတော့ ခင်ဗျား ဘဝ ကောင်းစားပါစေလို့ ဟန်လုပ် ဆုတောင်းပေးမဲ့ သူမျိုးမဟုတ်ဘူး၊ ဖြစ်နိုင်ရင် ခင်ဗျားကို ကျိမ်စာ တိုက်ခဲ့ချင်ခဲ့တာ…. ခင်ဗျား ကံကောင်းသွားတယ်မှတ်..”

မျက်ရည်တွင်တွင်ကျနေကာ စိတ်လှုပ်ရှားမှုတွေနဲ့ ကျော်ဟာ အရူးတစ်ယောက်လိုပဲ စိတ်လှုပ်ရှားနေခဲ့တယ်။ အပြင်မှာ သဲသဲမဲမဲရွာနေတဲ့ မိုးတွေလိုပဲ ကျော်ဟာ ကျွန်မ စကားတွေမှာ စောင့်တည်ရာ မဲ့နေလိုက်တာ။ ကျော့်ရဲ့ ကျရှုံး ကြေကွဲနေတဲ့ မြင်ကွင်းက ကျွန်မနှလုံးကိုလည်း သွေးစိမ်းရှင်ရှင် ကျစေခဲ့ပါတယ်ဆိုတာကိုတော့ ..ကျော် သိနိုင်လိမ့်မှာ မဟုတ်တော့ပါဘူးလေ။

၎။

 “ သမီး …  အခုချိန်ထိ တစ်ယောက်ထဲပဲလား၊ အန်တီ အလည်လာတာ သမီးဆီကိုပဲ ဆိုပါတော့၊ ပြိးတော့ ကျော်ပုံလေးတွေလည်း သမီးကို ပြချင်လို့လေ၊ ကျော်ကို အခုလို ဖြစ်စေခဲ့တဲ့ သမီးကို အန်တီက ကျေးဇူးတင်တယ်ဆိုတာလေးလည်း ပြောချင်လို့ ၊ ပြိးတော့  သမီးအကူညီ လိုတာလေး ရှိမယ်ဆိုရင် အန်တီ ဖြည့်စည်းပေးချင်လို့ပါ ၊ တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတဲ့ သမီးကို ကြည့်ပြီး အန်တီ ကိုယ့်လိပ်ပြာ မလုံချင်ဘူးရယ်…သိလား”

ကျွန်မကို နားလည်စွာနဲ့ ကြည့်နေတဲ့ ကျော့်မေမေကို ကျွန်မ နှစ်လိုဖွယ် ပြုံးပြလိုက်တယ်။  ကျော်မေမေဟာ လွန်ခဲ့သော နှစ်များစွာကလိုပဲ  အသက်အရွယ် ရလာခဲ့သည်တိုင်တောင်ပင် အတော်ကြည့်လို့ ကောင်းနေဆဲ။ အေးချမ်းစွာ ပြုံးလိုက်တဲ့ သူမ မျက်နှာ နုနုလေးကို မြင်တော့ ကျွန်မ မမှားခဲ့ပါလားလို့ အတွေးကဝင်တယ်။ ဒါဟာ စိတ်ချမ်းသာမှုရဲ့ ပြပုဒ် တစ်ခုပဲ မဟုတ်လား။ အန်တီ လှမ်းပေးသော ဓါတ်ပုံအိတ်လေးကို စိတ်စောစွာနဲ့ပဲ ကျွန်မ ဖွင့်လိုက်တယ်။

“ဟင်…. အို ကျော်ရယ်… လှလိုက်တာ..ဒါ… ကျော့်သားလေးပေါ့နော် အန်တီ”

ကျွန်မရဲ့ အမေးကို အန်တီက ကျေနပ်စွာနဲ့ ခေါင်းညိမ့်လို့ ဖြေတယ်။ ကြည့်ပါဦး စိမ်းလွှလွှ မြက်ခင်းပြင်ပေါ်မှာ ချစ်စဖွယ် ကလေးငယ် တစ်ဦးနဲ့အတူယှဉ်ကာ အကြည့်ချင်း ဆိုင်နေကြတဲ့ ကျော်ဓါတ်ပုံလေးက အသက်ဝင်လှကာ စွဲဆောင်မှုအပြည့်နဲ့လေ။

“ ကြည့်ပါဦး…. ကျော်တစ်ယောက် ဆံပင်တွေတောင် အတော်ရှည်နေပြီ …. အို   လှလိုက်တာ…”

ကျွန်မမှာ ကျော့်ဓါတ်ပုံ လှလှလေးကို တစ်ရှီုက်မက်မက် ကြည့်မဝနိုင်အောင်ပင်။ ဘဝသစ်မှာ နေသားကျနေပြီ ဆိုတာကို ကျော့်ပုံလေးတွေက သက်သေအဖြစ် ပြော ပြနေသယောင်။ တစ်ချိန်တစ်ခါက ဆံပင်ရှည်တွေကို စိတ်ရှုပ်တတ်သော ကျော်က အခုချိန်မှာတော့ ကိုယ်တိုင် ဆံပင်ရှည် ထားတက်ခဲ့ပြီပဲ။ သိပ်လှတာပဲကျော်။ အရင်ထက်တောင် ပိုလှနေသေးတယ်။ ကျော်မာမီကလည်း စိတ်အေးလက်အေး တာဝန်ကျေသွားတဲ့ အပြုံးတွေနဲ့။ အရာရာ သူနေရာနဲ့သူ အံ့ဝင်ခွင်ကြ ဖြစ်လို့နေတယ်။

ကျော်ပုံလေးတွေကို အငမ်းမရ တစ်ပုံပြိး တစ်ပုံကြည့်ရင်းမှ ကြည့်မဝနိုင်အောင် ဖြစ်ရသူက ကျွန်မ။
ကျော့်သားလေးကလည်း ကျော်နဲ့ တစ်ပုံစံထဲပင်။ တစ်ခါတစ်ခါ ကျော်ရဲ့ ဂျစ်ကန်ကန်ဟန် လေးတွေကို ကလေးငယ်လေးဆီမှာ တွေ့လိုက်ရချိန်မှာတော့ ကျွန်မ ပြုံးမိသွားရတယ်။ ကျော်တစ်ယောက် သူနဲ့တူတဲ့ သားလေးကို ဘယ်လိုများ စည်းရုံးသိမ်းသွင်း မလဲဆိုတာကိုပေါ့။ သေချာတာက ကျော်က အန်တီဆီက ပညာတစ်ချို့ကိုတော့ လက်ဆင့်ကမ်း သင်ဖို့ ကောင်းတယ်လို့ တွေးရင်း ကျော့်မာမီကို လေးစားစွာဖြင့် ပြုံး၍ ကြည့်လိုက်တယ်။ တစ်လက်စတည်းပဲ ကျော်ပုံလေးတွေ အပိုင်ရဖို့ အန်တီဆီမှာ ကျွန်မ ခွင့်တောင်းလိုက်တယ်။

“ ဒီပုံလေးတွေ ကျွန်မကို လက်ဆောင်အဖြစ် ပေးခဲ့နိုင်ပါ့မလား အန်တီ..”

“ သိပ်ရတာပေါ့ ကွယ်…. တမင်ပဲ သမီးအတွက် ယူလာခဲ့တာပါ၊ တစ်ကယ်ဆို သမီးဆီက ခွင့်ပြုချက်ရရင် ဒီအကြောင်းတွေကို အန်တီ ကျော့်ကို ဖွင့်ပြောပြချင်တာ…”

“အို… မဟုတ်တာ အန်တီ တစ်ကယ်ပဲ ကျော်ကို ပျော်စေချင်တယ်၊ ကျွန်မကို အန်တီသမိးတစ်ယောက်လို သဘောထားတယ်ဆိုရင် ဘယ်တော့မှ မပြောပါနဲ့ အန်တီ၊ အဲ့ဒီ ကတိလေးတော့ တည်ပေးပါ၊ အကယ်၍များ ကျော်သာ ဒီအဖြစ်မှန်တွေကို သိသွားခဲ့တယ်ဆိုတာ ကျွန်မ သိခဲ့ရင် ဘယ်သူမှ မသိနိုင်တဲ့ နေရာတစ်ခုကို ထွက်သွားဖို့ ကျွန်မ အဆင်သင့် ဖြစ်နေမှာပါ အန်တီ”

ကျွန်မရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း နားလည်စွာနဲ့ ခေါင်းညိမ့်ခဲ့တဲ့ အန်တီကြောင့် ကျွန်မ စိတ်အေးခဲ့ရတယ်။ ကျေးဇူးတင်ပါတယ်လို့ ခပ်တိုးတိုးဆိုရင်း ကျွန်မ ကျော့်မာမီကို နုတ်ဆက်လိုက်တယ်။ ကျွန်မ အရာရာမှာ နေသားတကျ ဖြစ်နေခဲ့ပါပြီ။ အစကနေ ပြန်စရမယ့် ဘဝမျိုး ကျွန်မနောက်တစ်ကြိမ် မဖန်တီး ပရစေနဲ့တော့။ ဒီလိုအနေအထား၊ ဒီလို ရပ်တည်မှုမျိုးနဲ့ နေသားတစ်ကျဖြစ်ဖို့ ကျွန်မ ကြိုးစားခဲ့ရတဲ့ အရင်းနီးတွေက သိပ်များလွန်းလို့ပါရှင်။

၅။

ရုံးဆင်းချိန်နား နီးနေမှ ဧည့်သည်ရောက်နေတယ် ဆိုလို့ဧည့်ခန်းဘက်ကို သွက်သွက်လေး ထွက်ခဲ့တဲ့ကျွန်မ ဧည့်ခန်းမှာ အသင့်စောင့်နေတဲ့ ဧည့်သည်ကို တွေ့လိုက်ချိန်မှာ ကျွန်မတစ်ကိုယ်လုံး မတ်တပ်ရပ်လျှက်မှ အေးစက်သွားခဲ့ရတယ်။ ကျွန်မစိတ်ထဲ ကျော်တစ်ယောက် လမ်းကြုံလို့ ဝင်ကြိုတာပဲလို့ ပေါ့ပေါ့ကလေး တွေးထားခဲ့တာ။ အခုတော့ ကျော်မဟုတ်ပဲ ကျော်ရဲ့ အမေက ကျွန်မကို တည်ငြိမ်သော အပြုံးတို့နဲ့ နှစ်လိုဖွယ် ကြည့်နေခဲ့တယ်။

“ နာမည်သာ ကြားဖူးနေခဲ့တာ သမိးက ချစ်စရာကောင်းတယ် တည်ငြိမ်ရင့်ကျက်တဲ့ အလှတို့နဲ့ လှတာပဲ၊ အန်တီကို သိမယ်တော့ မထင်မိဘူး၊ အန်တီက ကျော့်ရဲ့မာမီပါ”

အဆင့်တန်းရှိတဲ့ အမျိုးသမီးပီပီ ကျော့မာမီက နှစ်လိုဖွယ် အပြုံးတို့နဲ့ အထက်တန်းဆန်ချင်တိုင်း ဆန်နေတယ်လို့ ကျွန်မထင်မိတယ်။ လေးစား အားကျစိတ်နဲ့ပဲ ကျော်မာမီ့ကို ကော်ဖီဆိုင်သို့ ကျွန်မ ဖိတ်ခေါ်လိုက်တယ်။

“ ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်မ အန်တီ့ကို သိနေခဲ့ပါတယ်၊ ကျွန်မ ရုံးဆင်းခါးနီးမို့ တစ်ခါထဲပဲ ဒီနားလေးက ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး စကားပြောကြရအောင်နော်၊ ကျွန်မ တစ်ခါထဲ ရုံးဆင်းလိုက်ပါ့မယ်။ အန်တီမှာ ကျွန်မကို ပြောစရာ စကားတွေ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်”

“အို … သမီးက အန်တီကို သိနေခဲ့တာလား၊ အဲ့ဒါဆို ပိုကောင်းသွားတာပေါ့ကွယ်၊ အန်တီမှာ သမီးကို အေးအေးဆေးဆေး ပြောချင်တဲ့ အကြောင်းအရာတွေ ရှိနေလို့ပါ၊ နေရာကိုတော့ သမီးပဲ ရွေးပါနော်..”

ကျွန်မဆီကို အန်တီ တစ်နေ့ရောက်လာမယ်ဆိုတာ ကျွန်မအိမ်ကို ကျော် ရောက်လာတဲ့ နေ့ကစပြီး ကျွန်မမျှော်နေခဲ့တာပါ ဆိုတာကိုတော့ ကျော့်မာမီကို စိတ်ထဲမှပဲ ပြန်ပြောလိုက်မိတယ်။ မျှော်လင့်နေတုန်း ရောက်မလာခဲ့တဲ့ အန်တီက ကျွန်မဆီကို မထင်မှတ်တဲ့ အချိန်မှာ ရောက်လာခဲ့တာမို့ ကျွန်မမှာ ကြိုတင်ပြင်ဆင်မှုဆိုတာ ဘာမှ မရှိခဲ့ရပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မကို ဒီထက်စောစောလေး သိခွင့် ရှိမယ်ဆိုရင် သိခွင့်ရချင်ခဲ့ပါတယ်။ ဒါမှ အနည်းဆုံးတော့ ကျွန်မမှာ ပြင်ဆင်စရာ ပြင်ဆင်လို့ ရမှာပေါ့ အန်တီရယ်။

ရှိရင်းအသက်ထက် ပိုငယ်မယ်လို့ ထင်ရလောက်အောင်ပဲ ကျော့မာမီ့က နုပျိုနေသည်မှာ မိန်းမသားချင်း အားကျလောက်ပင်။ သေချာတာက ကျော်က အမေတူမဟုတ်တာပဲ။ သွယ်လှတဲ့ မျက်နှာမှာ ခောတ်မှီဆန်းသစ်သော ဘယ်ဘက်ခြမ်းမှ ဆံထုံးပုံ့ပုံ့လေးနဲ့ သူမမျက်နှာလေးက လိုက်ဖက်လှစွာ၊ မျက်နှာပေါ်သို့လည်း ဆံနွယ်တစ်ချို့က ကယိုကရိုကျနေတာကို ကြည့်ခြင်းအားဖြင့် အလှပနဲ့ နေသားတကျဖြစ်နေဟန်ပင်။ ကျွန်မလို လူတစ်ယောက်အတွက် ဆိုရင်တော့ အလှပြင်ပြီး မနေတက် မထိုင်တက်နဲ့ အနေခက်နေမည်မှာ အမှန်။ သို့သော်လည်း ကျော့်မာမီကတော့ ခန့်ခန့်ထည်ထည် ပေါ့ပါးလွတ်လပ်နေဟန်ဖြင့် စတိုင်ကျလို့နေတယ်။

“သမီး…ကို အန်တီအနေနဲ့ ပြောစရာ စကားတစ်ချို့ ရှိနေတယ်၊ ပြောစရာဆိုတာထက်ကို အကူညီတောင်းချင်တာပါ သမီး၊ အဲ့ဒီအတွက် အန်တီအပေါ်မှာ သမီးအထင်မလွဲစေချင်ဘူး၊ ဘာလို့လဲဆိုတော့ အန်တီဟာ မိခင်တစ်ယောက် ဖြစ်နေလို့ပါ၊ အဲ့ဒီလို မိခင်တစ်ယောက် ဖြစ်နေလို့လည်း သားသမီးတစ်ယောက်အပေါ် ထားတဲ့ စိတ်ရင်းစေတနာဟာ အမှားတွေကို ဦးတည်သွားစေမှာမျိုးကို အန်တီ သိပ်စိုးရိမ်ခဲ့တာ…”

ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကျော့်မာမီက ကျွန်မလက်ကို ရုတ်တရက် ဖွဖွလေး ဆုပ်ကိုင်ရင်းမှ ပြောလိုက်တဲ့ စကားလုံးများဟာ ရုတ်တရက် လျော့ရသွားရသလိုနှယ်။  ကျွန်မ မတွေးခဲ့ဘူးသော ခံစားချက်တစ်ချို့ကလည်း ကျွန်မခေါင်းထဲမှာ တဒင်္ဂ ရှုပ်ထွေးလို့နေတယ်။ ကျွန်မ လက်ဖဝါးနှစ်ဖက်ကို ဖွဖွလေး ဆုပ်ကိုင်ထားတဲ့ အန်တီလက်တွေဟာ နွေးထွေးတစ်ချို့ စိးဆင်းနေခဲ့သလို။ ပြိးတော့ အနည်းငယ်တုန်ရီနေခဲ့သလား မဆိုတက်ခဲ့ပေ။ ကျွန်မမှာတော့ ထိတ်လန့်မှုနဲ့အတူ အာခေါင်ခြောက်သွေ့လာကာ ချွေးစေးပြန်နေသော လက်အစုံက အန်တီလက်ထဲမှာ ခွန်အားမဲ့နေခဲ့ရတယ်။

“အန်တီလေ… မိဘတစ်ယောက်ရဲ့ အတ္တဆိုတာနဲ့ သားသမီးရဲ့ ဘဝကို မချယ်လှယ်ချင်ခဲ့သူပါ၊ အဲ့ဒါကြောင့်လည်း ကျော်ကို သူ့စိတ်တိုင်းကျ နေပါစေရယ်လို့ အန်တီ ခွင့်လွတ်ထားခဲ့တာပါ။ အခုဆို သူလည်း စိတ်တိုင်းကျ နေခွင့်ရခဲ့တာ သုံးနှစ်တောင် ရှိခဲ့ပြီပဲလေ၊ သမီးလည်းသိမှာပါ၊ အဲ့ဒီသုံးနှစ်အတွင်းမှာ အန်တီ ကျော်ကိုပစ်ထားခဲ့တယ်လို့တော့ မတွေးပါနဲ့ သမီး၊ အန်တီ ကျော်ကို အမြဲမျက်ခြေမပျက်ခဲ့ပါဘူး၊ အထူးသဖြင့် ကျော်ဟာ သမိးရဲ့ လက်ထဲမှာ ရှိနေတဲ့အတွက် အန်တီဟာ စိတ်ချလက်ချကို ထားခဲ့တာပါ၊”

“ အန်တီရယ်… အဲ့ဒါဆိုလည်း ခုမှ…..”

“ခဏလေးပါ သမီး၊ အန်တီကို အရင် စကားဆုံးအောင် ပြောခွင့်ပြုပါ”

ကျွန်မရဲ့ မေးချင်တဲ့ အမေးစကားတစ်ချို့က လေထဲမှာတင်ပဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်နေခဲ့ရတယ်။ အန်တီက ကျွန်မရဲ့ လက်ဖဝါးနှစ်ဖက်ကို ခပ်တင်းတင်း ပိုပြိး ဆုပ်ကိုင်လိုက်တယ်။ ပြိးတော့ သူမ စကားဆက်ပြောဖို့ ပြင်တယ်။

“ ကျော်ဟာ အန်တီ့ ဝမ်းနဲ့လွယ်ထားလို့ သား၊သမီးဖြစ်နေတာမို့ ချစ်ရတယ်ဆိုရင်လည်း ကျော်နဲ့ ပါတ်သက်ပြိးမှ သိကျွမ်းရတဲ့ သမီးကလည်း အန်တီံအတွက်တော့ သမီးရင်းတစ်ယောက်လို သဘောမထားနိုင်စရာ မရှိပါဘူး၊ သမိးကလည်း အန်တီ သမီးလေးလိုပါပဲ၊ ကျော်ကိုမှ နေရာမှန်ရောက်စေချင်ခဲ့တာ မဟုတ်ပါဘူး၊ သမီးကိုလည်း တစ်ဘဝလုံး ကျော်နဲ့ အခုလို အချိန်တွေ မကုန်လွန်စေချင်ဘူး၊ ဒါဟာ အန်တီရဲ့ မှန်သော သစ္စာ စကားပါ၊ သမီးတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သံယောဇဉ် ရှိကြတယ်ဆိုတာ အန်တီ နားလည်ပါတယ်၊
ဒါပေမယ့် သမီးရယ် ဒါဟာ ဘဝ အစစ်မှန်မဟုတ်သေးဘူး၊ တစ်ကယ့် ဘဝ အစစ်မှန်မှာ သမီးကိုရော ကျော်ကိုပါ ရှင်သန်စေချင်ပါတယ်၊ အဲ့ဒါကြောင့်လည်း အချိန်တွေ သိပ်မနှောင်းခင် သမီးရှေ့ကို အန်တီရောက်ခဲ့ရတာပါ။

မိဘဆိုတာကလေ သားသမိးကို စိုးလို့မိုက်လို့ရယ်လို့ ပစ်ထားခဲ့တာမျိုး မဟုတ်ခဲ့ပါဘူး၊ တစ်ချို့ ပြဿနာတွေက ဖြေရှင်းဖို့အတွက် အချိန်လိုတယ်လေ၊ အဲ့ဒါကြောင့်လည်း ဒီနေ့အထိ အန်တီ စိတ်ရှည်လက်ရှည် စောင့်စားခဲ့ရတာပါ၊ အခုလို သမီးကို အန်တီလာတွေ့တာကလည်း တစ်ကယ်တော့ အန်တီသဘောထားကို သမီးအထင်မလွဲအောင် ပြိးတော့ ကျော်ကို အိမ်ပြန်လာစေချင်တယ်ကွယ်၊ ကျော့်အတွက် နောင်ရေးလည်း ရှိသေးတယ်၊ သူ့အတွက် အချိန်တွေ သိပ်မနှောင့်နှေးစေချင်ဘူး။

 ပြိးတော့ သမီးရဲ့ ဘဝ၊ ကျော်ရော၊ သမီးရော နှစ်ယောက်စလုံးက ဒီနေရာကနေပဲ ရပ်နေတော့မယ်ဆို သိပ်ဝမ်းနည်းစရာ ကောင်းနေတော့မှာ..၊ အဲ့ဒီတော့ ကျော့်ကို အိမ်ပြန်လာစေဖို့ဆိုတာ သမီးပဲ တက်နိုင်တယ်လေ။ အဲ့ဒီအတွက် သမီးကို အန်တီ တောင်းပန်ချင်တာပါ၊ ကျော်ကို အိမ်ပြန်လာစေချင်တယ်၊ သမီး အန်တီကို ကူညီပေးပါနော်။ သမီးကူညီမှ ဖြစ်မှာမို့ပါ…”

သိမ့်မွေ့သော အပြောနဲ့ နူးညံ့ညင်သာတဲ့ သူမရဲ့ စကားတို့မှာ  မှင်သက်မိန်းမောခဲ့ရတာက ကျွန်မ။ တောင်းလျိုးပန်ရှိုး ဆိုနေတဲ့ သူမ မျက်ဝန်းတွေက ငွေ့ရည်တွေ ဖွဲ့လို့နေတယ်။ သူမ ဆုပ်ကိုင်ထားတဲ့ ကျွန်မ လက်ဖဝါးတစ်စုံကတော့ ချွေးစေးများနဲ့အတူ အေးစက်လို့နေတော့တယ်။ မထင်မှတ်ထားတဲ့အချိန်၊ မမျှော်လင့်သော လူတစ်ယောက်၊ ကြိုတင်မတွေးဆဖူးတဲ့ စကားလုံးများကြားမှာ ကျွန်မ ရှော့ရသွားခဲ့ရတယ် ဆိုရင် မှန်လေမလား။ ကျွန်မ နှုတ်ခမ်းတွေသာ တစစ တုန်ရီလို့ မျက်ဝန်းမှ မျက်ရည်တွေသာ စကားလုံးအဖြစ်သို့ ပြောင်းလဲနိုင်မယ် ဆိုရင် သိပ်ကောင်းခဲ့မှာ။

သို့ပေမယ့် ကျွန်မက ခေါင်းငုံလိုက်ချရုံကလွှဲပြီး ပြောစရာ စကားတွေ ဆွံ့အ ခဲ့ရတယ်။ ကျွန်မ ရှူံးခဲ့ပါတယ်အန်တီ။ မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာသားပါတဲ့ ထိမ်းချုပ်မှုအောက်မှာ ကျွန်မ ကျရှုံးခဲ့ရတာပါ။ ရှိုက်ငိုနေသော ကျွန်မကို ထွေးပွေ့နှစ်သိမ့်ရင်းမှ ဘယ်တုန်းကမှ မရခဲ့ဘူးသော ရင်ခွင်တစ်စုံကို ကျွန်မမျှော်လင့်တောင့်တမိသွားခဲ့တယ်။ တစ်ကယ်ဆို ကျွန်မလည်း ကျော့်လိုမျိုး အမေတစ်ယောက်လောက် ပိုင်ဆိုင်ချင်ခဲ့တာလေ။

၆။

 Love knows no gender, race, color or age. Love is a Human Right.”

အချစ်မှာ ကျား၊မ မရှိဘူး၊ ကွာခြားချက် မရှိဘူး၊ အသက်ရွယ်တွေ မသတ်မှတ်ထားဘူး၊ အချစ်ဆိုတာ လူ့အခွင့်ရေး တစ်ရပ်ပါ။ ဒါပေမယ့်လည်း အချစ်ကို အချစ်လို့ လက်ခံအသိမှတ် မပြုနိုင်သော လူ့အသိုင်းအဝိုင်းမှာ ရှင်သန်ခဲ့ရတဲ့ အချစ်တစ်ခုဟာ ကာယကံရှင်တွေရဲ့ ဆန္ဒမပါပဲ ဖြိုခွဲဖျက်ဆီးခံခဲ့ရတယ်။ စာနာမှုဆိုတာကို အတင်းအဓမ္မ ခေါင်းစဉ်တပ်ပြီးမှ စာနာမှုကင်းစွာနဲ့ လူသားနှစ်ယောက်ရဲ့ ရင်ကို သူတို့ နင်းခြေပစ်ခဲ့ကြတယ်။

မိဘမဲ့တစ်ယောက် ဖြစ်ပေမယ့် မိခင်တစ်ယောက်ရဲ့ ဆန္ဒကို ကျွန်မ စာနာပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် ကျွန်မရဲ့ ဘယ်ဘက်ရင်အုံတစ်ခုလုံး သွေးစိမ်းရှင်ရှင် ထွက်လို့ပေါ့။ ပါးလျလျ နှုတ်ခမ်းဖျားပေါ်က “ မ… ရက်စက်လိုက်တာ” ဆိုတဲ့ နားကျဉ်းသံစွက်နေတဲ့ မိုးကြိုးသွားတစ်ခုက ကျွန်မရဲ့ ဝဲဘတ်ရင်အုံထဲမှာ ယနေ့ထိ ထိုးစိုက်နေဆဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အိပ်မက်ဆိုးတွေနဲ့ လန့်နိုးလာတိုင်းမှာ ဆင်တူထိုးခဲ့ကြသော လက်သန်းကြွယ်ရဲ့ လက်စွပ်အောက်က ဖုံးကွယ်ထားတဲ့ (ချစ်သူ့ နာမည်) Tatto လေးကို ဖွဖွရယ် တို့ထိရင်း မျက်ရည်တွေကြားက သူအရာရာ အဆင်ပြေနေပါစေလို့ ဆုတောင်းရတာ အကြိမ်ကြိမ်ပေါ့။

၇။

အရာရာတိုင်းမှာ ဆန်ကျင်ဘက်တွေ ဖြစ်ကြပေမယ့် ကျွန်မတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် နားလည်ခဲ့ကြတယ်။ ညှိနှိုင်းစရာ မလိုပဲ အလျော့အတင်းမျှတစွာ မေတ္တာသက်ဝင်ခဲ့ကြတယ်။ တစ်ယောက်လိုအပ်ချက် တစ်ယောက်ဖြည့်ဆည်းရင်း ဘဝမှာ လစ်ဟင်းမှုဆိုတာ မရှိခဲ့ကြဘူး။ နှစ်ဦးစလုံး မတိုင်ပင်ရပဲ ဝေးကွာခြင်းဆိုတာကို ကပ်ရောဂါတစ်ခုလိုပဲ ကြောက်လန့်မိတာကြောင့် စနောက်ခြင်းဖြင့်တောင်  မပြုမှုခဲ့ကြဘူး။ လေးစားမှု၊ ပွင့်လင်းမှု၊ ဖေးမမှုတွေနဲ့ အချိန်တိုင်းကို တန်ဖိုးထားခဲ့ကြတယ်။ လူတကာနဲ့ ယှဉ်ရင်တောင်မှ မရှုံးနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့ပေါ့။

အဲ့ဒီလိုချစ်ခြင်းမှာ ချစ်ကျွမ်းဝင်မိကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အပြစ်ဆိုတာ ရှိခဲ့သင့်ပါသလား။ ကျွန်မတို့နှစ်ယောက်က မချစ်သင့်သော ချစ်ခြင်းတစ်ခုမှာ စီးမြောခဲ့သူများရယ်လို့ ခေါင်းစဉ်တပ်ခြင်း ခံခဲ့ရတဲ့အခါ ထိုပတ်ဝန်းကျင်ကနေ ထွက်ပြေးဖို့ ကြံစည်ခြင်းဟာ ကြိးမားသော အမှားတစ်ခုပင် ဖြစ်ခဲ့လေသလား။ အဲ့ဒီနေ့က စိတ်လုပ်ရှားမှုနဲ့ အတူ ပျော်နေတဲ့ ချစ်သူမျက်နှာလေးက ကျွန်မအတွက်တော့ မနေ့တစ်နေ့ကလိုပင် လတ်ဆတ်နေဆဲ။ လန်းဆန်းနေဆဲ။ ပြိးတော့ ပြန်တွေးမိတိုင်း နာကျင်ကြေကွဲနေရဆဲ။

၈။

“မ… ကျော်တို့ ဟိုးအဝေးဆုံးကို ထွက်ပြေးကြမယ်နော်၊ ကျော်တို့ ချစ်ခြင်းကို ခွဲမယ့်သူတွေ မရှိတဲ့ အရပ်ကိုပေါ့..”

တစ်သက်တာအတွက် အပြီးတိုင် ဝေးကွာကြရမယ်ဆိုတာ မသိသေးတဲ့ ချစ်သူမျက်နှာက အဖြူစင်နဲ့ အလှပဆုံး ဖြစ်နေခဲ့တာ။ ရွင်မြူးနေတဲ့ ချစ်သူမျက်နှာကို တစ်ဝကြီး ငေးရင်း ရှိုက်ငိုချင်တဲ့ စိတ်ကိုထိန်းကာ အလှဆုံး ပြုံးပြဖြစ်ခဲ့တယ်။ အဲ့ဒီအပြုံးတွေက ချစ်သူ ကျွန်မကိုမုန်းဖို့ ခွန်အားဖြစ်စေခဲ့ သတဲ့လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကျေနပ်ခဲ့ပါတယ်။

ချစ်ခြင်းဆိုတာ အတူနေထိုင်ခွင့်ရှိမှ ချစ်လို့ရတာ မဟုတ်ဘူးဆိုတာကို ချစ်သူနားလည်အောင် ကျွန်မ မရှင်းပြတော့ပါဘူး။ ချစ်သူရှိတယ် ဆိုတဲ့အသိနဲ့ ကျွန်မ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်ခုကိုတောင်မှ ကျော်ခဲ့ပြီးပြီလေ။ ကျွန်မ ဘယ်တုန်းကမှ ချစ်သူအပေါ် သစ္စာမဖောက်ခဲ့တဲ့အကြောင်း ချစ်သူကိုယ်တိုင်တောင် သိစရာမလိုအောင် သစ္စာစောင့်ခဲ့ပါတယ်။ ကျွန်မဟာ ချစ်သူအပေါ် တာဝန်ကျေနေဆဲ ၊ နေ့ရက်မပျက်၊ စက္ကန့်မခြား၊ အချိန်တိုင်းမှာ ချစ်နေဆဲဆိုတာ ဘယ်သူမှ အသိမှတ်မပြုပေမယ့် ကျွန်မကျေနပ်နေတတ်ခဲ့ပြီပဲ။

၉။

မိန်းမနဲ့ ယောက်ျားဖြစ်မှ ချစ်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ချစ်ခြင်းကို ကိုယ်တိုင် စိတ်တိုင်းကျ ချယ်လှယ်ခွင့်မရှိကြဘူး။ တစ်ကယ်ဆို လူသားထဲက လူသားတွေ ဖြစ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ချစ်ခွင့်ရှိကြပါတယ်။

လိမ်တူ၊ လိမ်ကွဲရယ်လို့ ပဥာတ်ချက်တွေကို ဖယ်လိုက်ရင် ကျွန်မတို့  ချစ်သူ နှစ်ယောက်ဟာ ခံစားချက်ရှိသော ချစ်တတ်သော (Lesbian) လူသားတွေပါဆိုတာ ကြုံကြိုက်တဲ့အခါ ကျွန်မ ပြောပြချင်ပါသေးတယ်။ ငိုတက်၊ ရယ်တက် ခံစားတက်သော ကျွန်မတို့ ချစ်ခြင်းဟာ တစ်ကယ်ဆို အစွန်းထင်းကင်းခဲ့ပါတယ်။  မှတ်ကျောက်တင် ခံနိုင်ပါသေးတယ်။

လူကို လူတစ်ယောက်လို အသိမှတ်မပြုခြင်း ခံရတာလောက် ဘဝမှာ ဆိုးရွားစွာ အပါယ်ခံဘဝတွေကနေ လွတ်မြောက်ခွင့်ဆိုတာကို ကျွန်မ မျှော်လင့်နေဆဲ။ တစ်နေ့နေ့မှာ ရလာနိုးနိုးနဲ့ စောင့်မျှော်နေဆဲ ဆိုတာ…။

၁၀။

ကမ္ဘာ့အနောက်ခြမ်း တစ်နေရာမှာ ရောက်နေတဲ့ ကျွန်မချစ်သူကတော့

“ Bonjour   မင်္ဂလာပါ     (ဘွန်းရှူး)


Vous alles bien  နေကောင်းလား …..!!! ( ဗူအာလေးဗြန်း) ”
ဆိုတဲ့ နှုတ်ဆက်စကားတွေကို တွင်တွင်ဆိုရင်း ကျွန်မကို မေ့ကောင်းမေ့နေနိုင်သလို၊ နာကျည်းကောင်း နာကျည်းနေနိုင်တယ်လေ။  သို့ပေသည့်တိုင် ကျွန်မ ချစ်သူ့အပေါ် စိုးစဉ်မျှ အချစ်မလျော့ခဲ့ဘူးဆိုတာ ကျွန်မထက် ဘယ်သူကများ သိနိုင်လိမ့်မယ်ဆိုတာ….။


အိန်ဂျယ်လှိုင်
1.13 am (Aus;)
Friday, November 8, 2013



2 comments:

ကောင်းလိုက်တဲ့ ဝတ္ထုလေးလို့ ပြောပါရစေညီမ..
ညီမရဲ့လက်ရာလေးကို အမြဲဖတ်ခွင့်ရနေပါစေလို့ လည်း ဆုတောင်းမိပါတယ်..
ခုမှ လာဖတ်တာကို ခွင့်လွှတ်နော်..ညီမ
ချစ်ခင်စွာ
သဒ္ဓါ

မမရေ ... အားပေးသူမဲ့နေတဲ့ သဘောလေးကို သတိတရ အားပေးတဲ့အတွက် ရင်ထဲမှ အလေးအနက်ထားပြီး ကျေးဇူးတင်ပရစေ မမရေ.... <3

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More