Saturday, July 2, 2011
အမိမြေမှ အမေ့သို့ အမှာစာ
ဆင်းရဲသား ရပ်ကွက်လေး တစ်ခုက မိသားစုများများနဲ့ တစ်နေ့လုံး ဆူညံနေတက်တဲ့ ကလေးသံတွေနဲ့ အိမ်လေးတစ်အိမ်။ အရွယ်စုံ အပြိုင် အရိုင်း ကြီးပြင်းနေတဲ့ ကလေးတွေရဲ့ ပညာရေး စားဝတ်နေရေး အတွက် အမေရဲ့ လက်အစုံက အလုပ်မျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင် ခဲ့ရတယ်။ ဈေးတောင်း ခေါင်းပေါ်ရွက်တဲ့ နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်းတစ်ချက်နဲ့ မိသားစု စားဝတ်နေရေး အတွက် အမေက အားကြိုးမာန်တက် နေ့စဉ်ကြိုးစား ရှာဖွေနေစဉ် အချိန်။ အိမ်မှာ ရှိတဲ့ မောင်ငယ်၊ နှမငယ်တွေကို ထိန်းကျောင်းရင်း ကျောင်းအလုအယက် ပြေးတက်ခဲ့ရတဲ့ နေ့တွေ အတွက် အမေရဲ့ ရင်တွင်းသောက ကို မမြင် ငြူစူဖို့နဲ့ အပြစ်တင် ပြောဖို့သာပဲ ကျွန်မနှုတ်က အဆင်သင့် ဖြစ်နေခဲ့သည်။
မောမောနဲ့ ဈေးဗန်းကို ခေါင်းပေါ်မှ အသာချနေတဲ့ အမေတစ်ယောက် မောနေမှာပဲ ဆိုတဲ့ အတွေး ကျွန်မနားမလည်ခဲ့ဘူး။ ပြောလဲပြော၊ လုပ်လဲလုပ် ငြူစူတဲ့ နေရာမှာလဲ နှစ်ယောက်မရှိတဲ့ ကျွန်မကို အမေက အပြစ်စကား မဆိုပဲ ပြုံးလျှက်သာ ကြည့်နေ၏။ ဈေးသည်ဘဝဖြင့် အသက်မွေးဝမ်းကျောင်း ပြုရရှာတဲ့ အမေ့ဘဝက ကြမ်းသော်ငြားလည်း နှုတ်အလွန် ချိုသော အမေ့မှာ ချစ်ခင်သူ များပြားသလောက် အမေသမီးကြီး ဖြစ်တဲ့ ကျွန်မကိုကျတော့ အမျိုးတွေကြား မှာရော အမေ့ပတ်ဝန်း ကျင် အလည်မှာပါ စွာတေးမလေး အဖြစ် နာမည်ကြီး လှ၏။
ကျွန်မကို လူတိုင်း မနှစ်မြို့တတ်ကြပေ။ စိတ်ထဲ တစ်ခုခုဆို မြိုသိပ်မထား တက်ပဲ အရှိအတိုင်း၊ အမြင်တိုင်းအတိုင်း ဇက်ဇက်ကြဲ ပြောတက်လွန်းတဲ့ ကျွန်မကြောင့် အမေမရှိလျှင် မည်သူမျှ ယောင်လို့တောင် အိမ်လည် မလာကြ။ အမေနာမည်ခေါ်ပြိး အမေမရှိတာ သိတာနဲ့ လှည့်ပြန်ကြသူ တွေမို့ သူမရဲ့ ကွယ်ရာမှာဆို မိစွာတေး ရယ်လို့ တီးတိုး ခေါ်လို့ နာမည်တောင် တွင်လို့ အငယ်ဆုံး မောင်ငယ်ကဆို မမစွာတေး ရယ်လို့ မကြာမကြာ နောက်ပြောင် ရတဲ့အထိ။
သားသမီး(၄)ယောက်ရဲ့ တာဝန်ကို အဖေဆုံးပါး သွားကတည်းက ဈေးဗန်းတစ်ချပ်နဲ့ နွေ၊မိုး၊ဆောင်း လုပ်ကိုင်ကျွေး မွေးခဲ့တဲ့ အမေထံမှ ညည်းငြူ ဆူပူ မှုဆိုတာ မရှိခဲ့ပါဘူး။ အပြိုင်အဆိုင် ကြီးပြင်းလာတဲ့ သားသမီးတွေရဲ့ ကျောင်းစရိတ်နဲ့ စာဝတ်နေရေးကို ဈေးဗန်းတစ်ချက်နဲ့ တာဝန်နိုင်နိုင် ယူခဲ့တဲ့ အမေအတွက် ဘယ်လို ခွန်အားမျိုးကများ တောင့်ခံပေးခဲ့ သလဲဆိုတာ ကျွန်မ မတွေးတော တတ်ခဲ့တဲ့ အချိန်။ ကျောင်းစာဘက်မှာ ထူးချွန်တဲ့ ကျွန်မ (၁၀)တန်းအောင်တဲ့ နေ့မှာပဲ အဖေဆုံးပါး သွားချိန်က စ၍ တစ်ခါမှ မမြင်ခဲ့ရသော မျက်ရည်တွေ အမေ့ရဲ့ ပါးပြင်မှာ စီးခိုလို့။
အားအင် ချိနဲ့တဲ့ ပုံစံ အမေထံမှာ မတွေ့ရသော် ငြားလည်း ထူးချွန်တဲ့ သမီးကြီးအတွက် အမေစိတ် မကောင်းဖြစ်ရှာ နေမှာတော့ အမှန်ပဲ။ ကျွန်မ ကိုယ်တိုင်လဲ အဝေးသင် တက်ပြိး တစ်ဖက် တလှမ်းက အိမ်ရဲ့ တာဝန် ပုံခုံးကူထမ်းဖို့ စိတ်ကူးလေး ရေးရေး ဝင်လာတယ်။ သူများတွေလို စာမေးပွဲအောင် လို့ရယ်လဲ ထူးထူးခြားခြား ဝမ်းပန်းတသာလဲ မဖြစ်မိ။ ကိုယ့်ဘဝ ကိုယ့်အခြေနေက အဲလို အနေထားမျိုး ရယ်လို့လဲ မဟုတ်။ စာတွေထဲမှာ ဖတ်ခဲ့ရတဲ့ တက္ကသိုလ် ဆိုတာကိုလည်း စိတ်ကူးယဉ်ရုံမျှသာ။ ဘယ်တက်နိုင်ပါ့မလဲ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲပေါ့လေ။
တစ်ကယ်တမ်း အိမ်ရဲ့ မိသားစု တာဝန်ကို တစ်ဖက် တစ်လှမ်းက ကူမယ်ဆိုသည့်တိုင် လက်တွေ့မှာ ကျွန်မက အမေရဲ့ ကူဖော် မရတဲ့အပြင် အမေ့အတွက် သောကပိုတွေတောင် ထပ်ဆင့် ပံ့ပိုးဖြစ်ခဲ့ရသေးတယ်။ ကျောင်းတစ်ဖက်နဲ့ အရောင်းစာရေးမလေး တစ်ယောက်ရဲ့ ဝင်ငွေက ဈေးဗန်းခေါင်းပေါ် ရွက်ရောင်းတဲ့ အမေ့ရဲ့ ဝင်ငွေရဲ့ အဖျားစွန်း သာသာ ကလေးနဲ့ အမည်ခံသာ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ကျောင်းတက်ခဲ့ရတာ။ လက်တွေ့မှာ အမေထံ လက်ဝါးဖြန့် ခဲ့ရတာ ကိုယ်တိုင်အသိ။ အငယ်တွေနဲ့ ယှဉ်ရင် တက္ကသိုလ် ကျောင်းသူ သမီးကြိးမို့ ဦးစားပေးလို့ မောင်ငယ်တွေ ငြူစူတာလည်း အခါခါ။ ညီမငယ်လေး စိတ်ကောက်တာလည်း မရေတွက်နိုင်။
အစစ အရာရာ ဦးစားပေးလို့ ဖုတ်တလီ ပြာတစ်လှည့်နဲ့ နွေမိုးရယ်ပြောင်း ကျောင်းပြီး သွားတော့လည်း ယောင်တောင်တောင် နဲ့။ ဟိုမရောက် ဒီမရောက် ဘဝ။ ဘွဲ့လက်မှတ်လေး ကိုင်ပြီး အလုပ်လက်မဲ့ ဘဝနဲ့ သောင်တင်လို့ သူများတွေ ငြူစူစောင်းမြောင်း တဲ့အခါ အနေကျဉ်းလို့ ပြည်ပထွက်ပြီး အလုပ် လုပ်ပရစေ လို့ အမေ့ထံ ခွင့်တောင်းတော့ မျက်လုံး အပြူးသားနဲ့ အမေက အကြောက် အကန်ပဲ ငြင်းရှာ၏။ အမေ့ဆန္ဒ အရ မသွားဖို့ ဆုံးဖြတ်ပြီး ရရာအလုပ်ရှာဖို့ စိတ်ကူးတော့လည်း ဘယ်လိုမှ အဆင်မပြေတဲ့ အဆုံး ဒုတိယံမ္ပိ ခွင့်တောင်းတော့ အမေထံမှ မပြုချင် ပြုချင်ဖြင့် ခေါင်းငြိမ့်လို့ ခွင့်ပြုရှာသည်။ အများတကာ ဥဒဟို သွားလာနေကြတာ မြင်တော့လည်း နိုင်ငံခြားသွားပြိး အလုပ်လုပ်ကြတာ ခေတ်တစ်ခုလိုကို ဖြစ်နေပြီ။ နိုင်ငံခြား မထွက်ရင်ကိုပဲ ခေတ်မမှီသလို လူအရာမဝင်သလိုနဲ့ ။
အရပ်ထဲလည်း ပြေလည် သူတွေကလည်း အများသား ဆိုတော့ ကိုယ်တိုင်ကလည်း ဘဝင်လေး ခပ်မြင့်မြင့်နဲ့ အခြေတင့်နိုင်ဖို့ အဝေးထွက်ဖို့ ကြံစည်မိတာ မဆန်းတော့လည်း မဆန်းပါဘူးလေ။ ရေခြား မြေခြား တိုင်းတပါးမှာ ခြေချတော့ အတော်လှ ပါလားလို့ စိတ်ကြီးဝင်လို့ ငါ့တိုင်းပြည် တယ်လဲ နုံချာပါလားလို့ အဝေးရောက်သမီး အမြင်စ မှားမိတယ် အမေ။ ပျော်စရာ အပျော်တွေ၊ လှပစရာ အလှတောတွေမှာ မိန်းမူးလို့ မရူးရုံ တစ်မယ် အမေ့သမီး ဘဝမေ့ မတတ်ပါပဲ။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ ခလုတ်ထိမှ အမိ မတခင်၊ ဆူးမညှိခင် အသိလေးဝင်လို့ ဘဝပျက်သွားတဲ့ အမိနိုင်ငံမှ သွေးချင်း အစ်မ တစ်ယောက်ကြောင့် ဘဝ မပျက်ခင် လက်မတင်လေး အမေ့သမီး သတိဝင်လို့ အသိကြွယ်ခဲ့ရပြီ အမေ။
" အမိမြေကနေ နိုင်ငံရပ်ခြား တိုင်းတပါးကို ဘာလုပ်ဖို့ ထွက်လာတာလဲ ညီမလေး ၊ ကြိးပွားရာ ကြိးပွားကြောင်း ၊ ကိုယ့်ဘဝ ၊ ကိုယ့်မိသားစု ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့ပဲ မဟုတ်လား၊ မိဘ မျက်ကွယ် ဆိုပေမယ့် ကိုယ်ကိုကိုယ်တော့ အသိမကွယ် စေနဲ့၊ ပတ်ဝန်းကျင် ဆိုတာ အရောင်အမျိုးမျိုးနဲ့ ရှိနေကြတာ၊ သူများ အရောင်လိုက် ပြိး သာယာနေမှာ ထက်စာရင် ကိုယ်အရောင်နဲ့ ကိုယ်က ထည်ဝါပြီးသားပါ ညီမလေး၊ ရေခြား၊မြေခြားမှာ မမြင်ရတဲ့ အရောင်စုံ လူသားတွေ ရှိတယ်၊ ကိုယ့်ကိုကိုယ်မှ မထိန်းရင် ဘယ်သူကများ လာထိန်းကြမှာလဲ ညီမလေး "
" ဒုက္ခဆိုတာ ရောက်ဖူးတဲ့သူမှ အတိမ်အနက် နားလည်တာ ၊မကြုံဘူးသေးရင်တော့ ဒုက္ခဆိုတာ ဂျိုနဲ့လားလို့ မေးစရာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တိုင်းတပါးမှာ ကိုယ့်မြေ ကိုယ့်ရေလို ကူညီသူ ပေါမယ်များ ထင်နေသလား ညီမလေးရေ၊ အခက်ခဲ ကြုံသူကို ကူညီမယောင်နဲ့ ချောက်တွန်းမဲ့ သူတွေ ဒုနဲ့ဒေး၊ သနားသလို စောင့်ရှောက် သလိုနဲ့ ဘဝဖျက်မယ့်သူတွေ ကလည်း အဆင်သင့်၊ ကိုယ်ပိုင် အမှားအမှန် မခွဲနိုင်မှတော့ တပါးသူ လက်အောက်မှာ ဘဝပျက်သွားတာကို ဒီအတိုင်း ခံလိုက်ရုံမှတပါး အခြား မရှိတော့ ဘူးလေ "
" တိုင်းတပါးမှာ မိဝေးဖဝေးမို့ အနေပျင်း အထီးကျန်တာတော့ လူတိုင်းပါပဲ။ ကောင်းမွန်တဲ့ အကျင့်လေးလေးတွေ ပြုစု ပျိုးထောင်လို့ အားလပ်ချိန်တွေမှာ အကျိုးလဲရှိ အပျင်းလဲဖြေ၊ ကိုယ်စိတ်ကို အပန်းပြေစေမယ့် ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှာကြံလို့ ညီမလေး အပျင်းဖြေနိုင်ဖို့ ဝါသနာပါရာ အလုပ်တစ်ခုခု အာရုံ စိုက်ပြီး လုပ်နေရင် မဟုတ်တဲ့ အတွေးတွေနဲ့ အနည်းဆုံးတော့ အထီးကျန်ခြင်းဆိုတာ ကင်းဝေးနိုင်မယ်လေ "
" အမြဲတမ်း မျက်စိဖွင့် နားစွင့်လို့ နေတတ်ရတယ်၊ ပတ်ဝန်းကျင်ကို လေ့လာဆန်းစစ် တတ်ရမယ်၊ တစ်ချို့သူတွေ နိုင်ငံရပ်ခြား နှစ်ပေါင်းများစွာ နေတယ်သာ ပြောတယ် အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် သွားလမ်း၊ ပြန်လမ်းက လွဲရင် ဘာမှမသိတဲ့ ကလေးတစ်ယောက်လို ဖြစ်နေကြတဲ့ သူတွေလဲ မရေတွက်နိုင်အောင်ပါပဲ။ သိသင့်တဲ့ အသိတွေ ရှာဖွေ ယူတက်အောင် လေ့လာသင့်တဲ့ အရာတွေ လေ့လာစေချင် သလို မသင့်တော်တဲ့ အရာတွေ မျက်စိရှေ့မှောက် ရောက်ခဲ့ရင်တောင် အာရုံမှ ပယ်ထုတ်သင့်အောင် ကြိုးစား သင့်တယ် ညီမလေးရေ. "
" အဝေးမြေခြား မှာ အဆင်ပြေသူတွေ ရှိသလို မပြေလည်သူတွေလဲ အများကြီးမို့ ကိုယ်ဒူးကိုယ်ချွန် လို့ ခဲရာ ခဲဆစ် ဘဝကို ထုထစ်နေကြတဲ့ သူတွေလဲ အပုံအပင်၊ အမှားသိလို့ အမှန်ပြင် မယ်ဆို အမှားကို အမှားရယ်လို့ သိတဲ့ အချိန်က စလို့ ပြင်ရင် ဘယ်တော့မှ နောက်မကျဘူး ဆိုတဲ့ အသိလေး နှလုံးသွင်းလို့ အမှားကြီး မမှားခင် သတိဝင်နိုင်ပါစေ ညီမလေးရေ "
ဘဝက ခါးလိုက်တာ အမေရယ်လို့ တီးတိုး ဆိုညည်းတုန်းက အမေရဲ့ အပြုံးနုနုတွေရဲ့ အဓိပ္ပါယ် ကို နားလည် ချင်ခဲ့မိတယ်။ မိသားစုရဲ့ စားဝတ်နေရေး အတွက် အမေကြိုးစား ခဲ့တုန်းက ကျွန်မက အမေရဲ့ ပင်ပန်းမှုတွေကို နားလည်ရုံ မျှသာ။ တစ်ကယ်တမ်း ဘဝဆိုတာနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံတော့မှ တူးနေအောင် ခါးမှန်း နားလည်လာတဲ့ တစ်နေ့ အမေ ဘယ်လိုများ ဘဝကို ရင်ဆိုင် ကျော်ဖြတ် ခဲ့ရမှာပါလိမ့် လို့တွေးမိတော့ ပါးပြင်မှာ သောကမျက်ရည် တွေ စီးကျ လာရတယ် အမေ။
ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံ တစ်ခုကို ရှင်းပြတာ မို့လို့လားမသိ ရင်နင့်စရာ အမြောက် အများနဲ့ပါပဲ အမေ။ အသိမကြွယ်တဲ့ အမေသမီး လောက အလည်မှာ အမေ့မေတ္တာ ဆုတောင်းကြောင့် သူတော်ကောင်းတွေနဲ့ပဲ ကြုံဆုံ ရလို့ ပြုပြင်ပေးမယ့်သူ ထိန်းကျောင်း ပေမယ့်သူ နဲ့ အမှားအမှန် ဆင်ခြင် တရားလေးတွေနဲ့ အမေ့သမီး လိမ္မာ ခဲ့ပါပြီ။
အမေ့အေးရိပ်နဲ့ နွေးထွေးတဲ့ မိသားစုရဲ့ တန်ဖိုး အခုဆို ပိုနားလည် လာလို့ အိမ်လွမ်းသူ တစ်ယောက် အဖြစ် အမေ့အိမ်ကို တမ်းတ တတ်လာခဲ့ပြီ အမေ။ အမေ့ခေါင်းပေါ်က ဈေးဗန်းလေး နေရာချ ပေးဖို့နဲ့ အရွယ်မရောက်သေးတဲ့ မောင်ငယ် ၊ညီမငယ် တို့ရဲ့ ရှေ့ဆောင် လမ်းပြ ကောင်းတစ်ယောက်အဖြစ် အဖေ့နေရာ အမေယူခဲ့စဉ်က မညည်းမငြူ ခဲ့သလိုပဲ အလှည့်ကျလာတဲ့ အမေရဲ့ ပုခုံးပြောင်း တာဝန်ကို ကျေပြွန်စွာ တာဝန်ယူနိုင်တဲ့ သမီးကောင်း တစ်ယောက် ဖြစ်ဖို့ ဘဝထဲက အတွေ့အကြုံ တွေနဲ့ ရင့်ကျက်တဲ့ နှလုံးသား ပိုင်ရှင် တစ်ယောက် ဖြစ်အောင် ပြုစု ပျိုးထောင်လို့ အရင်လို မဆိုးတော့ဘူး ပါဘူးအမေ။
...................@@@@@...... .............
မှတ်ချက်။ ။ ဤဆောင်းပါးသည် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ မရည်ရွယ်သော စာရေးသူ၏ စိတ်ကူးမျှသာ ဖြစ်ပါသည်။
Written By Angelhlaing
PM(10;35) 2,July 2011 (Sat)
12 comments:
စာလေး လာဖတ်သွားတယ် အိန်ဂျယ်...။ ဘ၀သမားတွေမို့ တစ်နယ်တစ်ကျေး ရောက်နေပေမဲ့ အခုလို အသိတရားရစေတဲ့ စာလေးတွေမျှဝေပေးတာ ကျေးဇူးပါ...။ ပျော်ရွှင်ပါစေနော်....။
လာရောက်ခံစားသွားပါတယ်ဗျာ..
တကယ်တော့လူတစ်ယောက်ဟာဘယ်လောက်ပဲဆိုးသွမ်းနေပါစေ။ပတ်ဝန်းကျင်တစ်ခုလုံးနဲ့
သဟာဇာတမဖြစ်ရင်အားလုံးရဲ့အမြင်မှာ
ခွင့်မလွှတ်နိုင်စရာကောင်းတဲ့လူဆိုးလေးပေါ့
အဲ့ဒီလူဆိုးလေးတွေကိုနားလည်မှုအပေးနိုင်ဆုံး
ကမိဘတွေပါပဲ..မေတ္တာတရားတကယ်ကိုကြီးမားလှပါတယ်။ ။
မ..ရေ..
လာအားပေးသွားပါတယ်..
အဝေးရောက်နေတဲ့သူတွေမို့..
အဲလိုစာလေးတွေဖတ်မိတိုင်း...
အိမ်လွမ်းသူတစ်ယောက်အဖြစ်နဲ့ပေါ့..
(လွမ်းရတာက နှစ်ခုဖြစ်နေတော့...မိဘကိုများလျှော့လေသလားတွေးမိတော့
စိတ်မကောင်းဖြစ်မိပါတယ်...)
ခင်တဲ့
ချစ်ခြင်းအလကာင်္
တိုင်းတစ်ပါးရောက်ရင် ဒီလိုမျိုးတွေ များသောအားဖြင့် ကြုံတွေ့ရတတ်ပါတယ်။ သတိထားပြီး ဆင်ခြင်နေနိုင်ရင် အကောင်းဆုံးပါဘဲ။ အခြေအနေအမျိုးမျိုးနဲ့ ရောက်လာကြပေမဲ့ လည်တဲ့သူက လူလည်ကျတတ်ကြပါတယ်။
ခင်မင်လျက်
အင်း...
စာနာမိပါတယ်လေ၊
ဘာတဲ့  ဘဝဟာ ကော်ဖီခါးခါးလိုပါ..တဲ့ ။
ခါးလွန်းပေမယ့် လည်း ခါးတာကိုပဲ
အရသာတစ်ခုလို သောက်သုံးနေမိကြတာပါ။
ဓါတ်ပုံလေးရွေးထားတာကို ကြိုက်တယ်...။
တကယ်တော့ လူသားအများစုဟာ မိမိဖြတ်သန်းခဲ့ရတဲ့ဘဝ အခြေအနေ အတွေ့အကြုံတွေပေါ်မှာမူတည်ပြီး ကိုယ့်ဇာတ်လမ်းကို ဖွင့်ဆိုရတာပါကွယ်။
ကိုယ့်ရှုထောင့်ကကြည့်တော့လည်း ကိုယ်မမှားဘူးပေါ့နော်။ ဒါကိုဆိုးတယ်လို့ မဆိုသာပါဘူး။
ပျော်ရွှင်ပါစေ Angel ရေ။
မေတ္တာဖြင့်
အန်တီတင့်
အိန်ဂျယ်လှိုင်ရေ မောနင်းနော်...
အဲဒီလို အဖြစ်မျိုး ကြားလည်းကြားဖူးသလို ကြုံလည်းကြုံဖူးတယ်...ငယ်တုန်းကတော့ ဆိုးမိတတ်ကြတယ်...ကိုယ်ကိုယ်တိုင် မိဘဖြစ်တဲ့အချိန်မှ...မိဘမေတ္တာကို ပိုပြီး နားလည်လာကြတယ်...
ကျန်းမာပျော်ရွှင်ပါစေ...
အမေ့ တာဝန်တွေကို လွှဲပြောင်းယူပြီး
မိသားစုကို စောင့်ရှောက်ဖို့ ရည်ရွယ်တာလေးနဲ့
လေးစားမိပါတယ်..............
ထို့ထက်မက လက်တွေ့ကျကျ ဖေးမသွားအုံးမယ်
ဆိုရင် အတိုင်းထက်အလွန်ပေါ့ဗျာ အခုဘက်ကာလမှာ
ဒီလိုလူတွေ အရမ်းကို ရှားသွားကြပြီမဟုတ်လား။
ညီမလေးရေ...
မင်းဧရာ ပြောသလိုပါပဲ။
အမကတော့မေချစ်ဆိုတော့ပိုပြီးသဘောကျမိပါတယ်..
မမှားခင် အမှားကိုပြင်လို့ လမ်းမှန်ရောက်အောင် လျှောက်နိုင်တာ ချီးကျူးစရာပါ တစ်ချို့က မှားမှန်းသိရက်နဲ့ ဆက်မှားနေကြတယ်
တကယ်တော့ နိုင်ငံရပ်ခြားရောက်နေသူတိုင်း မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ပါမှ တန်ကာကျတာပါ။ အသိတရာနဲ့ ကောင်းမွန်စွာနေထိုင်သွားတဲ့ ဆောင်းပါးထဲက မိန်းခလေးကို ချီးကျူးပါတယ်
ဆောင်းပါးကောင်းကလေးဖတ်ရတာ ကျေးဇူးပါညီမရေ.. သရုပ်ဖေါ်ပုံကလေးကို သဘောကျလိုက်တာ။ ဘယ်နေရာမှာဘဲနေနေ ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ဆင်ခြင်တုံတရားနဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ ထိမ်းသိမ်းတတ်ဖို့ဟာ အရေးအကြီးဆုံးပါဘဲ။ ကိုယ့်ကိုယ်ကို မထိန်းနိုင်လို့ မိဘမျက်စေ့အောက်နေပြီး ပျက်စီးသွားကြတာတွေလည်း တစ်ပုံကြီးပါ။
Post a Comment