စုန်၍ စီးဆင်းသော မြစ်တစ်စင်း
အသားရောင် နီစပ်စပ်နှင့် အမြဲလိုလို အဆီပြန်နေတတ်သာ မျက်နှာပိုင်ရှင် ဖြစ်သော ခနဲ့တဲ့တဲ့ စကားလုံးများနှင့် အချိုးမကျလှတဲ့ ဦးကျင်ဝှက်နှင့် တွေ့ရဖို့အရေး ကျားမြီးသာ ပြေးဆွဲလိုက် ချင်တော့သည်။ အမှန်တော့ ထွန်းအောင် တစ်ယောက် ဦးကျင်ဝှက်နှင့် တွေ့ဖို့ မသွားချင်ရသည့် အကြောင်းရင်းက နှစ်ချက်ရှိသည်။ ပထမ တစ်ချက်က ပိုက်ဆံ ရှိတယ်ဆိုပြီး မာရေကျောရည် နိုင်လှသော ဦးကျင်ဝှက်က သူ့လောက်မှ စီးပွားရေး မခိုင်လျှင် အပေါင်းသင်း မလုပ်တတ်သူ ပီပီ သူ့ထက်နိမ့်ပါးသော ထွန်းအောင်တို့လို လက်လုပ်လက်စား သမားများကိုလည်း အယုံကြည့်မဲ့ကာ မရှိ ခိုးနိုး၊ မလှ စုန်းမျိုးဖြင့် ဆက်ဆံ တတ်သောကြောင့် ဖြစ်သည်။
ဒုတိယတစ်ချက်က နေ့စေ့လစေ့ ကိုယ်ဝန် အရင့်အမာကြီး ဖြစ်နေသော အိမ်က ဇနီးသည် ရွှေထားနှင့် သားလား သမီးလား မသိရသေးသော မိမိ၏ ရင်သွေးလေး အတွက်ကြောင့်ပင် ဖြစ်သည်။ မဟုတ်ရင်တော့ ထွန်းအောင်၏ ပင်ကိုယ်စိတ်နှင့်ဆို ဦးကျင်ဝှက်နှင့် အလုပ်တွဲလုပ်ဖြစ်ဖို့ မဆိုထားနှင့် အဝေးက အသံကြားရင်တောင် ဝေးဝေး ရှောင်ကာ လမ်းလွဲမှ လျှောက်ချင်သူသာ ဖြစ်သည်။ ပိုက်ဆံသာ မချမ်းသာပေမယ့် မာနကတော့ တစ်ခွဲသားနှင့် နေချင်သော ထွန်းအောင် အတွက် ဒီတစ်ခါ အရေးက သိပ်ပြီး အဆင်မပြေလှချင်။ ငွေကြေး အရေးတကြီး လိုနေချိန် မို့သာ ဘာပဲဖြစ်ဖြစ် ခေါင်းငုံ့ခံဖို့သာ စိတ်ကို ပြင်ဆင်ထားရသည်။
ထွန်းအောင်တို့လို လက်လုပ်လက်စား ပန်းရံဆရာများက အခုလို မိုးရာသီဆိုလျှင် အလုပ်အကိုင် လွန်စွာ ရှားပါးလှသည်။ နွေကဲ့သို့သော ပွင့်လင်းရာသီမျိုးမှာတော့ အလုပ်တွေက ဟိုကပေါ် ဒီကခေါ်နှင့် လုပ်လျှင် လုပ်သလို အလုပ်က ဇယ်ဆက်သလို ဆက်နေတက်ပေမယ့် မိုးရာသီဆိုလျှင်တော့ နွေက စုဆောင်းထားသမျှလေး ထိုင်စားရတာနှင့် ရှိတာလေး ပြောင်ခါသွားရတာက ဓမ္မတာ တစ်ခုလိုပင် ဖြစ်လို့နေရသည်။ ပုံမှန် အခက်အခဲတွေလောက်တော့ ထွန်းအောင်အတွက် ပူပင်စရာရယ်လို့ သိပ်မရှိခဲ့ပေမယ့် ယခုချိန်မှာတော့ အနည်းဆုံး လက်ထဲမှာ ငွေတစ်သောင်းခွဲ နှစ်သောင်းလောက်တော့ ရှိမှ အဆင်ပြေမှာမို့သာ ခပ်ယဲ့ယဲ့ မာနတစ်ချို့ကို မမြင်ရသေးသော ရင်သွေးလေးအတွက် ဖယ်ချထားရဦးမည်ဟု တွေးတောလိုက်မိသည်။
ရင်သွေးဆိုသော အသိလေး ထွန်းအောင်ရင်ထဲ ခိုဝင်လာချိန်မှာတော့ မရှိတော့ပြီဖြစ်သော ဖခင်ဖြစ်သူ၏ ပုံရိပ်လေးများကို လွမ်းမောစွာ မြင်ယောင်မိတော့သည်။ သားဦးလည်း ဖြစ်သလို မွေးချင်းလည်း မရှိသော ထွန်းအောင်ကို ဖခင်ဖြစ်သူ ချစ်ပုံက သူများ ဖခင်တွေလို ယုယုယယ ကြင်ကြင်နာနာတော့ မဟုတ်ပေ။ သားဦးလည်းဖြစ် စနေသားလည်း ဖြစ်သော ထွန်းအောင်က ငယ်စဉ်ကတည်းကပင် ဆိုးပါသည်။ ငယ်စဉ်အချိန်မှ စ၍ အရွယ်ရောက်သည့် အထိပင် ပြဿနာ ဆိုတာတွေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ သူပီပီ ဟိုရန်ပွဲ၊ ဒီရန်ပွဲ ပွဲတိုင်းလိုလို ထွန်းအောင်ပါ တတ်သည်။
တစ်စုံတစ်ခုကြောင့် စီကနဲဆို ဘယ်သူလည်း မမေးနှင့် ထွန်းအောင်ပင် အဓိက ဇာတ်ဆောင် ဖြစ်လေသည်။ ရန်ဆိုတာလည်း ဖြစ်နေကျမို့ လက်ကလည်း ယဉ်လှသူ၊ သွက်လှသူ တစ်ယောက်။ တစ်ခါတစ်ရံ ရဲစခန်း ဆိုတာကိုလည်း ရောက်ခဲ့ရသလို ရပ်ကွက်လူကြီး အိမ်ဆိုတာကတော့ ထွန်းအောင်ဖို့ အခေါက်ပေါင်း မရေတွက်နိုင်အောင်ပင်။ ဝန်ခံကတိ လက်မှတ်လည်း အကြိမ်ကြိမ် ထိုးခဲ့ရဖူးသည်။ ထူးဆန်းသည်က ထွန်းအောင် ဘယ်လိုပင်ဆိုးဆိုး အဖေက တစ်ခွန်းတစ်လေမှပင် အော်ဟစ် ဆူပူခြင်း မရှိခဲ့ပေ။ ထွန်းအောင်၏ အမေဖြစ်သူက တစ်ခါတစ်ခါ မနေနိုင်စွာပင်
“ ကိုအောင်ရယ် ရှင့်သားကို နည်းနည်းပါးပါးလည်း အဖေတစ်ယောက် အနေနဲ့ ဆိုဆုံးမ စမ်းပါဦး၊ ရှင်ဟာက နေ..နေနိုင်လွန်းတယ်”
ဟူ၍ူ အကူညီ တောင်းသည်ကိုပင် အဖေက ကျေနပ်စွာ ပြုံးကာ
“မင်းကလည်း စိုးရိမ်စရာ မရှိ စိုးရိမ်နေတယ် ငါတို့မွေးထားတာ သားယောက်ျားလေးပါကွ။ ထောင်အပြင် တန်းမရှိပါဘူး၊ မိန်းကလေး တစ်ယောက်လိုတော့ ဘယ်နူးနူးညံ့ညံ့ ရှိပါ့မလဲ၊ သူလည်း သူ့အသက်အရွယ်နဲ့ သူ၊ အသိဥာဏ် ရှိပါတယ်ကွ… ဆိုးတာနဲ့ မိုက်တာကိုတော့ ခွဲခြားသိပါသေးတယ်၊ အခုက မိုက်နေတာမှ မဟုတ်တာ ဆိုးတာကွ ဆိုးစမ်းပါစေ သူဘယ်လောက်ထိ ဆိုးနိုင်မှာလဲ.. အဓိကက မိုက်တဲ့သူ မဖြစ်သွားဖို့ပဲ”
ဟု ပြန်လည် ချေပပြောဆိုတက်သည်။ ထိုအခါမျိုး များတွင်တော့ အမေသည် အဖေ့၏ သဘောကို မလွန်ဆန်နိုင်စွာ
“ သြော် .. ဒုက္ခပါပဲ .. တော်တို့ သားအဖနဲ့တော့ ..ပြောမိတဲ့ ကျုပ်ပဲမှားပါတယ် တကတည်းမှပဲ လိုက်လည်းလိုက်တဲ့ သားအဖ”
ဟုသာ မြည်တွန်နေတတ်သည်။ စကားအပိုအလို သိပ်မပြောတတ်သော အဖေသည် ထွန်းအောင်ကိုလည်း လိုအပ်မှသာ စကားပြောလေ့ရှိသည်။ အဖေ့၏ စကားများသည် စာလုံးရေ နည်းသလောက် တစ်ခွန်းဆို တစ်ခွန်း ထွန်းအောင်အတွက်တော့ တစ်သက်လုံး စွဲမက်စရာ ကဗ္ဗည်းတွင်နေသော အက္ခရာများပင် ဖြစ်နေလေတော့သည်။ မကြာခဏ ရန်ဖြစ်လေ့ ရှိကာ ပြဿနာများ သယ်ဆောင်လာမှုကြောင့် ရုံးသို့ လည်းကောင်း၊ ရပ်ကွက်လူကြီးအိမ်သို့ လည်းကောင်း အဖေ ကိုယ်တိုင် လိုက်၍ လက်မှတ်ထိုးကာ ဖြေရှင်းပေးရ စမြဲပင်။ ထိုသို့ ဖြေရှင်းရချိန်တိုင်း အဖေသည် ထွန်းအောင် အတွက် တစ်သက်လုံး စွဲနေစေမည့် စကားတို့ကို လိုရင်းတိုရှင်း ပြတ်ပြတ်သားသား ပြောလေ့ရှိသည်။
“ဒီမှာ ထွန်းအောင် အဖေမွေးထားတဲ့သား ဘယ်လို ဘယ်ညာဆိုတာ သူများထက် အဖေအသိဆုံး။ အေး.. တစ်ခုပဲ အဖေပြောချင်တယ် တစ်စုံတစ်ခု မင်းလုပ်မယ်ဆိုတိုင်း တစ်ခုတော့ အရင်စဉ်းစား။ ဆိုးတာလား မိုက်တာလား ဆိုတာ၊ မင်း စဉ်းစားပြီးရင်တော့ လုပ်ကွာ။ ဆိုးတာဆိုရင် မင်းဘယ်လောက် ဆိုးဆိုး အဖေ မင်းဘက်မှာ ရှိနေမယ်၊ မိုက်တာဖြစ်ခဲ့ရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ။ လောကမှာ လူဆိုတာ ကိုယ့်ဘာသာ ကိုယ်ထိန်းရတာကွ၊ မိဘတွေ ဆရာသမားတွေ ဆိုတာ မင်းတို့ လူငယ်တွေရဲ့ ရှေ့မှာ အမြဲ ရှိမနေနိုင်ကြဘူး၊ ကိုယ့်ကိုယ်ကို ထိန်းမှ ရမယ် ကိုယ့်ကို သူများ လာထိန်း နေရတယ်ဆိုရင်တော့ မဟုတ်တော့ဘူး၊ ဆိုးတာနဲ့ မိုက်တာတော့ ကွဲကွဲပြားပြား သိအောင်လုပ်.. ဒါပဲ”
အဖေ့၏ စကားများသည် ထွန်အောင်အဖို့ တစ်သက်တာ အတွက် တန်ဖိုးရှိသော စကားများပင် ဖြစ်နေလေတော့သည်။ ထို့အတူ အဖေပေးသော အမှတ်တရ အဖြစ် တစ်သက်တာလုံး စွဲထင်နေသော ညာဘက် နားထင်မှ အမာရွတ် တစ်ခုလည်း ရှိနေသေးသည်။ ပြဿနာ ဖြစ်ပုံက ထွန်းအောင် ရှစ်တန်းရောက်သော နှစ်မှာပင် ကျောင်းဆက် မတက်ချင်တော့၍ ကျောင်းထွက်ချင်သည်ဟု ပြောခြင်းကြောင့် ရသော အမာရွတ် တစ်ခုပင် ဖြစ်သည်။ အဖေသည် ထွန်းအောင်၏ စကားကြောင့် ဒေါသထွက်ကာ နှုတ်ခမ်းများ တစ်ဆတ်ဆတ် တုန်ရီလာပြီး နောက်ဆုံး တစ်ခါမှ လက်ဖြင့်ပင် မရွယ်ဖူး၊ မရိုက်ခဲ့ဖူးသော ထွန်းအောင်ကို လက်သီးဖြင့် ထထိုးလေတော့သည်။
မမျှော်လင့် ထားသော အဖေ့၏ ထိုးချက်ကြောင့် ထွန်းအောင် လဲကျသွားစဉ်မှာပဲ တစ်ဖက်က နံရံတွင် အဝတ်ချိတ်ရန် ရိုက်ထားသော သံငုတ်နှင့်ခေါင်း စောင့်မိကာ နားထင်လည်း ကွဲသွားသလို အဖေ့၏ လက်သီးကြောင့် နှုတ်ခမ်းလည်း ကွဲသွားရသည်။ သွေးစိမ်းရှင်ရှင် ကျနေသော ထွန်းအောင်ကို အဖေ ဒေါသတကြီးဖြင့်
“လူမိုက်.. ခွေးထက်မိုက်တဲ့ လူမိုက်မို့ မင်း… ဒီလို စကားပြောထွက်တာ။ သွား.. မင်းဘယ်တော့မှ ငါ့ရှေ့ရောက်မလာခဲ့နဲ့ ခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်းသွား”
ဟု အော်ဟစ် မောင်းချလေတော့သည်။ တစ်ကြိမ်တစ်ခါမှ အဖေ့၏ ကိုယ်ထိလက်ရောက် မခံရခဲ့ဖူးသော ထွန်းအောင် တစ်ယောက် ဝမ်းနည်းစိတ်အပြင် မိမိကိုယ် အိမ်ပေါ်မှ မောင်းချသည် ဟူသော မခံချင်စိတ်တို့ဖြင့် ညတွင်းချင်းပင် အိမ်ပေါ်မှ ဆင်းခဲ့သည်။ တကယ်တမ်း အိမ်ပေါ်က ဆင်းခဲ့သော်လည်း သွားစရာ ဆိုလို့ ဝေးဝေးလံလံသို့ မဟုတ်ခဲ့ပေ။ အဖေရဲ့ အစ်မကြီး ဖြစ်သော ကြီးတော်ထံသို့ ဆင်းသွားခြင်းပင် ဖြစ်သည်။ ထိုသို့ အိမ်ပေါ်က ဆင်းရသည့် အချိန်ကာလသည်လည်း သိပ်မကြာလိုက်ရပါ။ ပညာရေးကလည်း တပိုင်းတစ်စ၊ လူကလည်း ဟိုမရောက် ဒီအရောက်အရွယ်မို့ ဆွေမျိုးတွေအိမ်မှာ တစ်လှည့်စီ နေနေသော ထွန်းအောင်ကို အဖေကိုယ်တိုင်ပင် ပြန်လိုက်ခေါ်ပါသည်။ အဖေခေါ်လို့ အိမ်သို့ ပြန်လိုက်ခဲ့သော ထွန်းအောင်ကို အဖေက စေ့စေ့ကြည့်ကာ ခပ်အေးအေးပင် စကားဆိုသည်။
“ထွန်းအောင် .. အဖေက ပညာတတ်ဖြစ်စေ ချင်လို့ ပညာရေးကို တယုတယ အားပေးနေပေမယ့် မင်းမှ ပညာမလိုချင်တာ ငါက ဘာတတ်နိုင်မှာလဲ။ တောင်းစုတ် ပလိုင်းစုတ်သာ ပစ်ရိုးထုံးစံရှိတာ သားဆိုး၊သမီးဆိုး ပစ်ရိုး ထုံးစံ မရှိဘူး။ အဲ့ဒီတော့ မင်းရဲ့ ပညာရေး ကံမပါလို့ပဲ သတ်မှတ်ရမှာပေါ့။ အဲ့ဒီတော့ မင်းဘဝ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုတော့ တတ်ဖို့ လိုပြီ။ အခုချိန်က စပြီး မင်းဘဝ၊ မင်းနောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကို မင်းမဖြစ်မနေ စိတ်ဝင်စားဖို့တော့ လိုပြီ ထွန်းအောင်။ ဘယ်လို အသက်မွေးဝမ်းကျောင်း ပညာရပ်မျိုးဖြစ်မလဲ ဆိုတာကတော့ မင်းဝါသနာပါရာ မင်းစိတ်အား ထက်သန်ရာကို မင်းဘာသာမင်း ရွေးချယ်ရတော့မယ်။ အဖေ တစ်ခုတော့ မှာမယ်….သား ဘယ်တော့မှ ဝေလေလေ တတ်ယောင်ကား တော့မဖြစ်စေနဲ့။ ဘယ်ပညာ မဆို အောက်ခြေက စပြီး အဆုံးထိ ကျွမ်းကျင်မှု ရှိအောင် ကြိုးစားဖို့တော့ လိုလိမ့်မယ်။
ဒီမှာ ထွန်းအောင် မိဘဆိုတာ သားသမီးကို အမှားမလုပ်ခင်ကသာ မမှားသင့်တာ မမှားအောင် ပြောဆို ဆုံးမကြရမှာ တစ်ခုထဲ မဟုတ်ဘူး၊ မှားသွားတဲ့ သားသမီးတွေရဲ့ အမှားကို ခွင့်လွတ်သည်းခံပြိး လမ်းမှန်ရောက်အောင် သွန်သင်ပေးဖို့လည်း ရှိသေးတယ်၊ ဒီအတိုင်း ဖြစ်ချင်ရာဖြစ်လို့ လွတ်ထားရင် ဘယ်သူနစ်နာမှာလဲ ? တစ်ကယ်တမ်း နစ်နာမှာက ကိုယ့်ရဲ့ သားသမီးပဲ၊ ဒါကြောင့် မိဘဆိုတာ သားသမီးကို မှန်မှန်ကန်ကန် နည်းလမ်းမှန်မှန်နဲ့ ချစ်တတ်ဖို့တော့ လိုတယ်။ ဒါကြောင့်လည်း မင်းကို အဖေကိုယ်တိုင်ပဲ ပြန်လိုက်ခေါ် ရတဲ့ အကြောင်းရင်းပဲ။ တစ်နေ့ အဖေ့နေရာ သားရောက်လာခဲ့မယ် ဆိုရင် အခုထက်ပိုပြီး မင်းအများကြီး နားလည် လာမှာပါ…”
အဖေ၏ စကားလုံးများသည် စူးရှ ထက်မြတ်သလို တိုတိုနှင့် လိုရင်း ထိရောက်အောင် ပြောဆိုသော စကားများပင် ဖြစ်သည်။ စကားများများ မပြောတတ်သော အဖေ၏ စကား တစ်ခွန်းတိုင်း၊ တစ်ခွန်းတိုင်းသည် ထွန်းအောင်အတွက်တော့ ထာဝစဉ် အရိုးထဲ စွဲနေအောင်ပင် တစ်သက်တာ တန်ဖိုးရှိလှသည်။ အဖေ့ကို သတိရစိတ်ဖြင့် နားထင်စပ်မှ သံငုတ်ကြောင့် ချုပ်ထားလိုက်ရတဲ့ အမာရွတ်ကို လက်ဖြင့် အသာစမ်းလိုက်မိသည်။
တစ်စုံတစ်ခု ကဲ့သို့သော အမျိုးအမည် မသိ နွေးထွေးသော ခံစားမှု တစ်ခုက ထွန်းအောင် ရင်ထဲသို့ အေးမြစွာ စီးဆင်းသွားရသည်။ တစ်ဆက်တည်းမှာပဲ သားဦးလည်း ဖြစ်၊ စနေသားလည်း ဖြစ်သော ထွန်းအောင်ကို မငြိုမငြင် ချစ်ခဲ့တဲ့ အဖေကို ယခုအချိန်မှာ ပိုလို့ တမ်းတ မိလာသည်။ မိမိ၏ မမြင်ရသေးသော ရင်သွေးလေး ဆိုသော အသိက ထွန်းအောင်ကို ခွန်အားတိုးစေသလို ဖခင်တစ်ယောက်၏ ခံစားမှုမျိုး၊ အသိတစ်မျိုး၊ ရင့်ကျက်မှုတစ်မျိုး ဖြစ်ပေါ်လာစေသည်။
အဖေ့လိုမျိုး ဖခင်ကောင်း တစ်ယောက်ဖြစ်ဖို့ ပေးဆပ်သူကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုသော အသိတွေ ဝင်ဝင်လာတိုင်း ငယ်စဉ်က မိမိဆိုးခဲ့ဖူးတဲ့ အရိပ်တစ်ချို့ကို မြင်ယောင်မိကာ အဖေ့ကို သတိတရ၊ လွမ်းဆွတ်မှုက ပို၍ တိုးလာစေသည်။ အဖေသာ ရှိနေသေးမယ်ဆိုရင် ဆိုသော အတွေး ခပ်ပါးပါးလေးက ထွန်းအောင် နှလုံးသားကို ဆူးထက်ထက်နှင့် ထိုးစွနေသလိုပင် နာကျင်စေပြန်သည်။ မောလှနေသော ခံစားချက် တစ်ချို့ဖြင့် ဖခင်ဖြစ်သူကို သတိရမိပြီး မိမိ၏ လက်ရှိ အခက်ခဲလေးတွေနှင့် နှိုင်းယှဉ် မိပြန်တော့ အဖေ၏ အရိပ်အာဝါသ တစ်ချို့ကို မွတ်သိပ်စွာ တောင့်တမိပြန်သည်။
“မင်းတို့ ပန်းရံဆရာတွေက ယုံရတာ မဟုတ်ဘူး၊ လူလည်က သိပ်ကျချင်ကြတယ်၊ တစ်နပ်စား အကြံတွေနဲ့.. တော်ကြာ ငါ့မှာ ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဖြစ်နေမယ်၊ နှစ်ခါကုန် သုံးခါ ကုန်တော့ အဖြစ်မခံနိုင်ဘူး”
ဟူ၍ အစချီကာ သူ့လေသံအတိုင်း ကြားဖူးနားဝ ရှိသည့် ဗဟုသုတလေးဖြင့် ဟောင်ဖွာဟောင်ဖွာ လုပ်နေလေတော့သည်။ ယခင် စိတ်ဖြင့်သာဆို ထွန်းအောင် တစ်ယောက်
“ခင်ဗျားပြောသလို အဲ့လောက် လွယ်နေမယ်ဆိုရင်လည်း အုတ်တို့ သဲတို့ ဘိလပ်မြေတို့ ဝယ်ပြီး ကိုယ့်ဘာသာပဲ လုပ်လိုက်ပါလား၊ ဒါမှမဟုတ် တခြားသူ ခေါ်အပ်လိုက်ဗျာ .. ”
ဟု ပက်ခနဲ ပြန်ပြောမိမှာ အမှန်ပင်။ ယခုတော့ ကိုယ့်မှာကလည်း ကိုယ့်အကြောင်းနှင့် ကိုယ်မို့ အောင့်အီးကာ အလုပ် အဆင်ပြေသွားဖို့ပင် သည်းခံနေရသည်။ ရွှေထား၏ လက်သည် ဆရာမကလည်း ဒီရက်ပိုင်းအတွင်း မွေးမည်ဟု ဆိုထားသလို နေသာထိုင်သာ မရှိပဲ အီလယ်လယ်ဖြင့် တစ်မျိုးပဲ ဆိုသော ရွှေထား၏ မျက်နှာကို မြင်ယောင်မိတော့ အလုပ်ကိစ္စလေး ဖြစ်မြောက်သွားပါစေ လို့ပဲ စိတ်ထဲမှ ဆုတောင်းနေမိသည်။
“ကဲ ..ထွန်းအောင် ရော့ မင်းငွေလိုနေတယ်လို့ ကြားတယ် ရွှေထားလည်း မီးဖွားခါနီးနေပြီဆိုတော့ အလုပ်ဖြစ်တယ်ပဲထား လိုက်ကြတာပေါ့ .. မင်း မနက်ဖြန် အလုပ်စဖို့ အဆင်ပြေတယ်မလား”
ဆုတောင်းနေတုန်းပဲ ဦးကျင်ဝှက်၏ စကားသံကြောင့် ထွန်းအောင် ဝမ်းသာသွားရသည်။ ဒါဆို အလုပ်ဖြစ်ပြီပဲ ဟူသော အတွေးကြောင့် သက်ပြင်းလေးဖွဖွ ကျိတ်ချရင်း ကဗျာကယာပဲ
“ဟုတ် ..ပြေတယ်လေ ဦး..ကျွန်တော်တို့ မနက်ဖြန် အလုပ်စကြတာပေါ့”
ဟု အဖြေပေးလိုက် လေတော့သည်။
“ရော့.. ဒါက စရံငွေ နှစ်သောင်း ကျန်တာ နောက်မှ ရှင်းကြတာပေါ့”
“ဟုတ်ကဲ့ ဦး… ကျေးဇူးပါ ခင်ဗျ”
ဦးကျင်ဝှက်ထည့်ပေးသော လက်ထဲက စရံတွေကို ဝမ်းသာ အားရ လှမ်းယူကာ ရေကြည့်လိုက်သည်။ နှစ်သောင်းတိတိ။ ဒီတစ်ခါတော့ ထွန်းအောင် ကျေနပ်စွာ ပြုံးလိုက်ရင်း ကျေးဇူးတင်သော အကြည့်များဖြင့် ဦးကျင်ဝှက်ထံသို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင်ပဲ တိုက်တိုက်ဆိုင်ဆိုင် အိမ်ဘေးနားမှ ဒေါ်လေးမြသီက ဦးကျင်ဝှက်၏ ခြံတခါးမှ ရပ်ကာ
“ထွန်းအောင်ရေ ..ရွှေထား ဗိုက်နာနေလို့တဲ့ အဲ့ဒါ နင်အိမ်ကို မြန်မြန်ပြန်ဦး ၊ ဆရာမတွေတော့ အိမ်ရောက်နေပြီ ကလေးမီးဖွားခါနီးနေ ပြီတဲ့ ..နင့်ကို မှာခိုင်းလို့..ဟေ့ မြန်မြန် ပြန်လိုက်အုံး”
ဟုဆိုတာကြောင့် ထွန်းအောင် ဦးကျင်ဝှက်ကို နှုတ်ဆက်ကာ အိမ်သို့ အပြေးတပိုင်း ထွက်ခဲ့သည်။ အပြေးအလွှား ဒီနေ့ ဘာနေ့လဲလို့ စဉ်းစားမိတော့ ဒီနေ့ စနေနေ့။ ထွန်းအောင် နှုတ်ခမ်းမှာ ကျေနပ်မှုများဖြင့် အပြုံးတို့ ဝေသွားရသည်။ သားဦးမို့ စနေလည်း ထွန်းအောင် မကြောက်နိုင်ပါ။ မိမိအတွက် လမ်းပြကောင်း အဖြစ် အဖေတစ်ယောက်လုံး ရှိခဲ့သည်ပဲ ဆိုသော အတွေးတို့ဖြင့် အားအင်များ တိုးပွားလာရသည်။
အိမ်သို့ ပြေးလွှားနေသော ထွန်းအောင်၏ ခြေလှမ်းများ သွက်လက်လို့ နေသည်မှာ ထူးဆန်းပေစွ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မိုးဖြူမစဲ၊ မိုးမဲ မရွာဆိုသလို မိုးသားမရှိပဲ ရုတ်တရက် ထစ်ချုန်း ရွာချလိုက်တာကြောင့် မိုးရေတွေ အောက်မှာ ထွန်းအောင် တစ်ကိုယ်လုံး ရွဲရွဲစိုသွားရသည်။ လေနှင့်အတူ သည်းထန်စွာ ရွာချနေသော မိုးရေတွေက ထွန်းအောင်၏ ခြေလှမ်းတွေကိုတော့ နှေးကွေးအောင် မစွမ်းဆောင်နိုင်ပါ။ မိုးရေတွေကြောင့် စိုစွတ်သွားသော ထွန်းအောင်၏ လုံချည်က ခြေထောက်တွေကို တုတ်ထားသလို ဖြစ်နေတာကြောင့် ပုဆိုးကို ခါးထောက်ကျိုက် သိမ်းကာ အိမ်သို့ အမြန်ရောက်အောင် ပြေးလေတော့သည်။
အိမ်အဝင် ခြံအဝသို့ ထွန်းအောင် ရောက်သည့် အချိန်မှာတော့ အူဝဲ ဆိုသော မွေးကင်းစ ကလေးငယ် တစ်ယောက်၏ ငိုသံသဲ့သဲ့လေးက မိုးထဲရေထဲမှ ပြေးလာသော ထွန်းအောင်ကို ဆီးကြိုလိုက်သည့်နှယ်ပင်။
“ထွန်းအောင်ရေ… နင့်လိုပဲ ဆိုးမယ့် ပေမယ့် လူတစ်ယောက်တော့ တိုးလာပြီဟေ့.. စနေသားလေးပဲ။ ကလေးရော အမေရော ကျန်းမာတယ်”
ဆိုသော သားဖွားဆရာမလေး၏ စကားသံက ထွန်းအောင်အတွက်တော့ ဘာနှင့်မှ နှိုင်းယှဉ်မရအောင်ပဲ အေးမြချိုအေး သွားစေရသလို “ သား ” ဆိုသော အသိလေးဖြင့် ထွန်းအောင် ရင်ထဲ တသိမ့်သိမ့် တိုးဝင်လာသော ချစ်ခြင်းမေတ္တာတရား…နှင့် မိုးစက်တို့ကြောင့် အေးစက်နေသော ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေးသွားစေခဲ့ ရသည်ဟု ဆိုပါလျှင်…….။
အိန်ဂျယ်လှိုင်
00:32 (AM)
Wednesday, October 3, 2012
Austria
16 comments:
မိဘမေတ္တာဆိုတာ ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရလောက်အောင် မြင့်မြတ်စင်ကြယ်လွန်းပါတယ်
အေးဗျာ....
ပိုစ့်လေးကိုဖတ်ပြီးတော့ အမိအဖ များကိုသတိရမိတယ်
သားသမီးတွေ ဘယ်လိုဆိုးဆိုး ဘယ်လိုတေတေ မရှိ ရှိရာကို ရှာဖွေကျွေးကြတယ် ပြုစုပေးကြတယ်
သားသမီးတွေကသာ လိုတာရှိမှ သတိရကြတာ ကလား။
( မင်းဧရာ )
ဖတ်ပြီး အရမ်းခံစားရတယ်...
ဘယ်လိုအစားထိုးလို့မှ မရတဲ့မိဘမေတ္တာပါပဲ....
ခင်တဲ့...မိုးနတ်
မိဘမေတ္တာဆိုတာ အရမ်းကြီးမားကြပါတယ် ။
မိဘတွေမေတ္တာကြီးသလောက် သားသမီးတွေက
နားမလည်ကြဘူး ။ပို့စ်လေးဖတ်ပြီးအရမ်းခံစားရပါတယ် ။
အဖေတယောက်ရဲ့ မေတ္တာတွေ ချစ်ခြင်းတွေ
အများကြီးပဲခံစားရတယ် တွေ့လိုက်ရတယ်
ခုတော့ထွန်းအောင်နားလည်သွားပြီလေ.....
မိဘတိုင်းဟာ သားသမီးနဲ့ ပတ်သက်လာရင် ကိုယ့်မှာရှိတဲ့ မာန်မာနနဲ့ သိက္ခာကိုတောင် လစ်လျူရှုနိုင်စွမ်းရှိတယ် အိန်ဂျယ်ရေ။
ဝတ္ထုကောင်းလေး ခေတ်နဲ့လျော်ညီတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုယ်တိုင် မိဘတစ်ယောက်နေရာ ရောက်လာတဲ့အခါ သားသမီးဘ၀က မလိမ်မာခဲ့တာတွေ သိလာရသလို၊ ကိုယ့်သားသမီးကျတော့ လိမ်မာနေစေချင်ပြန်တဲ့ အတ္တစိတ်လေးတွေ ပြန်ထွက်လာရပြန်တယ် ညီမရေ..။
ညီမလေးအိန်ဂျယ်လှိုင်ရဲ့ ဝတ္ထုဆိုတော့
အထူးတလည် ချီးမွမ်းနေစရာ မလိုတော့ပါ ။
စာပေနဲ့ ပြည်သူကို လမ်းပြပေးနိုင်ပါစေ ညီမလေး ။
ဆိုးတာနဲ့ မိုက်တာကို ခွဲပြထားတယ်။ အဖေတစ်ယောက်ရဲ့ ချစ်ပုံကို ပါးပါးလေးလှစ်ပြထားတာ လှ။
သားဦးဟာ မိဘတွေရဲ့ဘ၀ အလှည့်အပြောင်းတစ်ခုဆိုလဲ မမှားပါဘူး။
မိုက်မဲလှတဲ့ စိတ်ဓါတ်တွေကို သားဦးက နူးညံ့စေတတ်တယ်လေ။ အဇာတသတ်မင်းကိုသာ ကြည့်။ သူ့လောက်ကြမ်းတမ်းဦးမလား။
ထွန်းအောင်တစ်ယောက် ထီဆုကြီးကြီးပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ညီမလေးရေ .. အရမ်းကောင်းပါတယ်
စာအများကြီးကိုဖြေးဖြေးဖတ်သွားပါတယ်
တစ်ခုခုကျန်အောင်ေ၇းတတ်တယ်
ဝတ္ထုလေးကို သဘောကျလိုက်တာ...၊ မိဘ မေတ္တာကို ဖော်ပြနိုင်တယ်၊ ကြွေးဟောင်းနဲ့ ကြွေးသစ်ကြားမှာ အတွေးတွေ၊ အလွမ်းတွေ၊ နောင်တတွေ၊ မျှော်မှန်းချက်တွေနဲ့ ထွန်းအောင်ကို ပုံဖော်သွားတာ ပီပြင်လှပါတယ်၊ ဇတ်ကြောင်းပြော စကားပြေက ချောမွေ့သလို ဒိုင်ယာလော့ဂ်တွေရဲ့ စကားပြော ကလည်း ညက်ညောတယ်၊
စုန်၍စီးဆင်းသော မြစ်တစ်စင်းမှာ တကယ့်ကို မျောပါသွားခဲ့တယ်၊ ချီးကျူးပါတယ် ညီမရေ...။
ဒါကြောင့်လည်း စုန်ရေလို့ ပြောကြတာာ
အထပ်ထပ် ပြန်ဖတ်မိတယ် မမ
~ Kk ~
ညီမလေးရေ-အစ်ကိုနဲ့ညီမလေးကတော့ပြောစရာမလိုတာကြောင့်အမှန်ပြင်ပေးခဲ့ဦးမယ်။တချို့နေရာတွေမှာပုဒ်တွေထားတာမှားတာလေးပါ။ပထမပိုဒ်ကစာကိုပြောပြမယ်နော်။ရေသန့်ဗူးခွံတစ်ခုကိုစိတ်ရှိလက်ရှိထွန်းအောင်ကန်ထုတ်ပစ်လိုက်သည်ဆိုတဲ့စာကြောင်းမှာထွန်းအောင်ကစိတ်ရှိလက်ရှိကန်လိုက်တာဖြစ်လို့ထွန်းအောင်နောက်မှာစိတ်ရှိလက်ရှိထားတာပိုမှန်တယ်ညီမလေး။စိတ်ရှိလက်ရှိထွန်းအောင်လို့ပြောရင်သူ့ဂုဏ်ပုဒ်လိုဖြစ်နေတတ်တယ်။အဲဒါသတိထား။အစ်ကိုတို့ဆယ်တန်းတုန်းကဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်ကရှင်းပြဖူးတယ်။ဝါကျအထားအသိုမှားရင်ရယ်စရာဖြစ်တတ်တယ်တဲ့။ဥပမာ-ရှုခင်းကောင်းတဲ့အိမ်မှာနေတဲ့ဒေစီဆိုပါတော့။ရေးတာလွဲတော့ရှုခင်းကောင်းတဲ့ဒေစီရဲ့အိမ်လည်းဆိုရောတော်တော်ရယ်လိုက်ရတာ။ဒေစီကအိမ်မှာဘာလုပ်ပြီးဘာဝတ်ထားလဲမသိဘူးဖြစ်သွားရော။အဓိပ္ပါယ်ကအဲဒီလိုထွက်သွားတာကိုး။အဲဒါမျိုးတွေသတိထားညီမလေး။ဆိုးတာနဲ့မိုက်တာကိုပြောပြသွားတာတော့သဘောကျမိတယ်။ဒီထက်ပိုပြည့်စုံရင်တော့ပိုကောင်းမယ်။နောက်တစ်ခုကပိုးသာကုန်၊မောင်ပုံစောင်းမတတ်ညီမလေး။မောင်ပိုကပိုနေမြဲကျားနေမြဲမှာသုံးတာ။ဇာတ်လမ်းလေးကောင်းတယ်။နောက်ဆုံးအပိုဒ်က၀ါကရှည်တယ်။အစ်ကိုနားလည်အောင်မနည်းဖတ်ယူရတယ်။ညီမလေးဆိုလိုတဲ့အဓိပ္ပါယ်ကိုသဘောပေါက်တယ်။သတိတော့ထား။ဝါကျရှည်ရင်ဖတ်သူရော၊ကိုယ့်ပါထိတယ်။သတိထားရေးမှ။ဇာတ်အိမ်တော့နိုင်နိုင်နင်းနင်းကိုင်တတ်ပြီလို့အစ်ကိုထင်တယ်။ကြိုးစားမှုရဲ့ရလဒ်တွေပေါ့ညီမလေး။အားပေးတယ်။
ဟုတ်ကဲ့ အကို (ဆူးသစ်) ညီမလေး ပြင်လိုက်ပါပြီလို့ ...အမှားလေးတွေ အစဉ်တစ်စိုက် ပြုပြင်ပေးလို့ ကျေးဇူးပါအကို .. :)
Post a Comment