
Saturday, May 4, 2013
အစိမ်းရောင် နေ့ရက်များ၏ သံစဉ်
ကျွန်တော်၏
အတွေး၊ အာရုံ၊ စိတ်၊ ခံစားမှု စသည့် အရာအားလုံး အေးစက် မာကြောတက်ခဲ့သည်မှာ အချိန်ကာလ
အတန်ပင် ကြာညောင်းခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း အေးစက် မာကြောသော နှလုံးသား တစ်စုံက
အတိတ်ဆိုတဲ့ စိတ်နံရံ တခါးကို မကြာခဏ ဆိုသလိုပင် ထိတွေ့ နေမိဆဲပင်။ ထိုသို့ ထိတွေ့ မိတိုင်းလည်း တစ်ခါတစ်ရံ ကြည်နူးခြင်း၊ တစ်ခါတစ်ရံ
ဆွေးမြေ့ခြင်း၊ လွမ်းဆွတ် သတိရခြင်း၊ တခါတရံတော့လည်း နာကျင် ကြမ်းရှသော အလွမ်း ဒဏ်ရာတွေသာ
ကျွန်တော်ထံသို့ ပြေးကြို နှုတ်ခွန်း ဆက်သလေ့ ရှိနေပြန်သည်။
ရည်ရွယ်ချက်ဖြင့်
မေ့ထားခြင်း မဟုတ်သော သတိရခြင်းတွေက ကျွန်တော့် အတွေးတံခါးဆီ မကြာခဏ လာရောက် တံခါးခေါက်
တက်ကြသည်။ ထို့အတူ တမ်းတခြင်းတွေကလည်း ကျွန်တော့်၏ ခွင့်ပြုချက် မရသော်လည်း အလျှင်လို
လှစွာဖြင့် အမောတကော အပြေး ခိုဝင်တက် ကြသေးသည်။
ကျွန်တော့်၏
စိတ် အစဉ်တွင် အပြာရောင် ဇစ်ပို မီးခြစ်တစ်လုံး၊ ဝိုင်းစက်၍ ရွန်းလဲ့နေသော မျက်ဝန်းတစ်စုံ၊
ပိရိသေသပ်တဲ့ အပြုံး (သို့မဟုတ်) အဓိပ္ပါယ် ဖော်ဆောင်ရန် ခက်ခဲ၍ လျိုဝှက်တက်သော နုတ်ခမ်းတစ်စုံ၊
ကြက်ခွပ်လှိုင်း ကလေးများလို ချစ်စရာ ကောင်းသော အတက်အကျ ဟန်ချက်ညီစွာ ခပ်သော့သော့
ရယ်မောတက်သော ရယ်သံ ချိုချိုလေးများက အချိုးကျစွာ နေရာတကျ ဝင်ရောက်၍ လာသည်။
ဆေးလိပ် မသောက်တက်သော
သူမထံမှာ အပြာရောင် ဇစ်ပိုမီးခြစ် တစ်လုံး ကိုယ်နှင့် မကွာ ရှိနေ ရခြင်းနှင့် အလား သဏ္ဍန်တူသော နားမလည်နိုင်ခြင်း၊ တစ်နည်းအားဖြင့်
သူမနှင့် အံဝင်ခွင်ကျ မဖြစ်နိုင်သော အရာများစွာတို့ဖြင့် စီရင် ဖန်ဆင်း ခံထားရသောသူ တစ်ယောက် ဟုပင် ထင်မြင်
မိလေသည်။
သူမသည် ကျွန်တော့်
အတွက် အစရှာ မရနိုင်သော ကြိုးထုံးတစ်ခု ဖြစ်ခဲ့မည် ဆိုပါလျှင် လျှိုဝှက်ခြင်း အနုပညာကို
သူမတူအောင် ကျွမ်းကျင် တက်မြောက်သော သူမ၏ အရည်အချင်း ကြောင့်ပင်လော..။ သို့တည်းမဟုတ်
ကျွန်တော်၏ နုံနဲ ညံ့ဖျင်း မှုကြောင့်ပင်လော…။ အရာရာသည် မှုန်ဝါး ရှုပ်ထွေး ခြင်းတို့ဖြင့်သာ
မင်းမူခဲ့သော အတိတ်တစ်ခု ဖြစ်ခဲ့ဟန် တူနေပေလိမ့်မည်။
“ ကျွန်မ
ဆေးလိပ်ကို မမုန်းဘူး ဒါပေမယ့် ဆေးလိပ်သောက်ခြင်းကို ခါးခါးသီးသီး မုန်းတယ်၊ ဒါပေမယ့်
ဆေးလိပ်သောက်နေတဲ့ သူတွေကို တစိမ့်စိမ့် ငေးကြည့်နေရတာကိုတော့ ကျွန်မ အင်မတန် နှစ်သက်
စွဲလန်းတယ် အဲ့ဒါကြောင့်လည်း မကြာခဏ ဆိုသလို ဆေးလိပ်သောက်နေတဲ့ သူတွေကို ငေးကြည်နေမိတက်တယ်
ဒါကလည်း အလေ့အထ တစ်ခုလို့တောင် ဆိုချင်ဆိုလို့ ရတယ်”
ပိရိသေသပ်သော
အပြုံးတစ်ချို့နှင့် ညင်သာပျော့ပျောင်းလှသော သူမ နှုတ်ဖျားမှ စကား တစ်ခွန်းတိုင်း တစ်ခွန်းတိုင်းသည်
ကျွန်တော့်၏ ရင်ခုန်သံတွေကို အတက်အကျ ကြမ်းရှစေပြန်သည်။ သူမသည် ထင်သလောက် စကားများသော
အမျိုးသမိးတစ်ယောက်တော့ မဟုတ်ချေ။ နှုတ်နည်းသော မိန်းမပျို မဟုတ်သော်လည်း တစ်ခါတစ်ရံ
စိတ်ပါလက်ပါ သူမ စကား ပြောသောအခါ အတော်ပင် နားထောင်လို့ ကောင်းလှသည်။
သူမ၏ စကားသံသည်
အလွန်နားဝင် ချိုလှပြီး စကား ပြောရာတွင်လည်း ပရိယာရ် ကြွယ်ဝ နေတက်ပြန်သည်။ သူမသည် နှုတ်မှသာ
စကားပြော ပိုင်နိုင်သည် မဟုတ်။ တခါတရံတွင် မျက်လုံး များဖြင့်လည်း စကား ဆိုတက်သေးသည်။
ရွန်းလဲ့သော သူမမျက်ဝန်း လဲ့လဲ့ဖြင့် မခို့တရို့ ပြုံးလိုက်တိုင်း ကျွန်တော်မှာ အခါခါ
အသက်ရူ မှားရသည်။
“ ဆေးလိပ်ဆိုတာ…
လူတစ်ယောက်အတွက် ဘယ်လောက် ဆိုးကျိုးများ စေတယ် ဆိုတာ ကျွန်မ သိကောင်း သိနေနိုင်ပါတယ် … ဒါပေမယ့် ကျွန်မ ဘယ်တော့မှ ရှင့်ကို ဆေးလိပ်ဖြတ်ပါလို့ တောင်းဆိုမိမှာ
မဟုတ်ဘူး …….”
သူမသည် ထိုကဲ့သို့သော
ထူးထူးခြားခြား အတွေးနှင့် သူမထင်မြင်သလို ယုံကြည်စွာ လက်ခံကျင့်သုံး တက်သောသူ တစ်ယောက်လည်း
ဖြစ်သည်။ သူမ စကားတစ်ခွန်းမှာ ဆေးလိပ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေသော ကျွန်တော့်မှာသာ
သောက်လက်စ စီးကရက်ကို မြေတွင် ခြေမွ ပစ်လိုက်ရမလို၊ သို့မဟုတ် ဆက်၍ ဖွာရမလို အူလည်လည်
ဖြစ်စေအောင်ပင် သူမက တက်နိုင် လွန်းခဲ့သည်။
“ ဟိုးအရင်
လူအများစုက အတွေးခေါင်တယ်၊ စိတ်ကူး စိတ်သန်းနဲ့တောင်မှ လုံးဝ မဖြစ်နိုင် တာတွေလို့
သတ်မှတ်ထားတဲ့ အရာတွေ ဒီနေ့ ဒီအချိန်မှာ သာမန် ဖြစ်သွားတာ မဆန်းကျယ်ဘူးလား....?
ဥပမာ- သတ္တ၀ါကို သဘာဝနည်းဖြင့်မဟုတ်ဘဲ မျိုးထုတ်ခြင်း(cloning)၊ တစ်ရှူး ကလာပ်စည်းစုကို ဓာတ်ခွဲခန်းတွင် မွေးယူခြင်း (tissue culture) ၊ လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ဖော်ထုတ် အစားထိုး
ကုသခြင်း၊ ဆေးသိပ္ပံ ဆိုင်ရာ ရောဂါဖော်ခြင်း (diagnosis) အစ ရှိတာတွေပေါ့…
ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဆိုလိုတာပါ၊
အဲ့ဒီ သဘောတရားတွေဟာ ကျွန်မကို ခွန်အားဖြစ်စေတယ်။
တနည်းအားဖြင့် တဖြောင့်တည်း သွားနေတဲ့ မျဉ်းဖြောင့်တွေထက် ကွေ့ကောက်နေတဲ့ သဘောတရားတွေက
အသစ်အဆန်းတွေကို တူးဖော်နိုင်စွမ်း၊ ရှာဖွေ တွေ့နိုင်စွမ်းတွေ အပြည့် ရှိတယ်လေ”
ကျွန်တော်သည်
တခါတရံ သူမအား မှော်အတက် တို့ဖြင့် ကျွမ်းကျင် လိမ္မာသော မိန်းမပျိုဟု (The
Magician) ထင်မြင်မိသည်။ သူမနှင့် ပါတ်သက်မိတိုင်း ရိုးစင်းသော အတွေး ခေါ်များသည် အံဝင်ခွင်ကျ
ရှိမနေပဲ ဦးနှောက်ကို ကစားပေး နိုင်မှသာလျှင်
အဆင်ပြေ လှသည်။ လှည့်ပတ်ရာတွင် ကျွမ်းကျင် လှသလို တစ်စုံတစ်ခုကို ဆုံးဖြတ်ရန်အတွက်
သာမန် အခြေနေ တစ်ခုမှ ခွဲထွက် ရာတွင်လည်း ပိရိ သေသပ်နေ တက်သည်။
မိန်းခလေးတိုင်း
ပန်းများကို နှစ်သက်ခုံမင်လေ့ ရှိသော်လည်း သူမ နှစ်သက်သည်က ပန်းပွင့်များ မဟုတ်ပဲ ပုံသဏ္ဍန်
အမျိုးမျိုး ကွဲပြားသော အပင်များကို နှစ်သက် စွဲလန်းတက်သူပင် ဖြစ်သည်။ သူမ၏ နေအိမ်သည်
အုပ်ဆိုင်း ညို့မှိုင်းနေသော သစ်တော တစ်ခုနှင့် အလားသဏ္ဍန် တူနေသည်။ နံရံအနှံ တွယ်ကပ်ရှင်သန်
နေသော နွယ်ပင် အမျိုးစားပေါင်း များစွာဖြင့် သူမ၏ အခန်းကို အလှဆင်ထားသေးသည်။
“
သစ်ပင်တွေက သိပ်စိတ်စားဖို့ ကောင်းတယ်၊ ပန်းပွင့်တွေထက် စာရင်ပေါ့ … ဒါကလည်း ကျွန်မ
အမြင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် Manchineel (သို့) ခေတ်သစ် ဧဒင်သစ်ပင် လို့တင်စား ခေါ်တဲ့ အပင်မျိုးကို
ကျွန်မ အိမ်မှာ အလှအနေနဲ့ စိုက်ပျိုးချင်တယ်”
သူမ စကားကြားစက
ကျွန်တော် ဘုရားမတမိအောင်ပင် မနည်း သတိထား ခဲ့ရသည်။ ထိုကဲ့သို့သော စကားမျိုး သင့်ပတ်ဝန်မှာများ
တစ်စုံတစ်ယောက်က ပြောလာခဲ့လျှင် သင်လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်မှာ မလွဲပေ။ Manchineel
(သို့)
ခေတ်သစ်ဧဒင် သစ်ပင်လို့ တင်စား ခေါ်ဝေါ်သော အပင်မျိုးသည် အိမ်တွင် အလှစိုက်ဖို့ မဆိုထားနှင့်
သဘာဝ အတိုင်း ပင်လယ်ကမ်းခြေလို နေရာမျိုးများတွင်မှ ပေါက်ရောက်လေ့ ရှိသော ကမ္ဘာ့ အဆိပ်အပြင်းဆုံး
သစ်ပင်ဟု သတ်မှတ် ခံထားရသော အပင်မျိုး ဖြစ်သည်။
ရေတိုက်စားခြင်းကို
အဓိက ကာကွယ်ပေးပြီး သူ့၏ အသီးက ပန်းသီးပုံသဏ္ဍန်နှင့် နိးစပ်တာကြောင့် Manchineel
Apple ဟု လူသိများသော အပင် အမျိုးအစားပင်
ဖြစ်သည်။ ထိုပန်းသီး တစ်လုံးက လူအယောက် (၂၀) ကို သေစေနိုင်သည့် အပြင် မိုးရွာသွန်းချိန်
များမှာလည်း အပင်အောက်သို့ မခိုမိစေရန် တားမြစ် ထားသေးသည်။ အပင်မှ ထွက်သော နို့ရည်
ကဲ့သို့သော အရည်များကြောင့် မိုးခိုမိလျှင်
ခန္ဓာကိုယ် အရေပြားမှာ မိးလောင်ဖုကဲ့သို့ ဖြစ်ပေါ်တက်သည်။
ပင်စည်ကိုလည်း
မကိုင်ဖို့ တားဖြစ်ထားသေးသည်။ ထို့အပြင် အပင်ကိုမီးရှို့လျှင်လည်း အပင်က ထွက်သော အငွေ့များက
မျက်လုံး ကန်းစေနိုင်သော အစွမ်းရှိသလို ရူရှိုက်မိလျှင်လည်း မူးမေ့၍ အချိန်မှီ ဆေးမကုသ
နိုင်ပါက သေဆုံးနိုင်သည်။ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီတာ ပြည်နယ်မှာ အတွေ့များပြီး
မြေဆီလွှာ တိုက်စားခြင်းကို အဓိက ကာကွယ် ပေးတာကြောင့် ထိုအပင်များကို မရှင်းလင်းကြပေ။
ရှင်းလင်းဖို့လည်း ခက်ခဲ့သည့် အတွက် ကြောင့်ပင် ဖြစ်သည်။
သဘာဝအတိုင်း
ပေါက်ရောက်တာ ဖြစ်သည့်အတွက်လည်း မပျက်စီးစေရန် ထိန်းသိမ်း ထားခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့သော
အန္တရယ်ရှိသော သစ်ပင်မျိုးကိုမှ သူမက နှစ်ခြိုက်တက်သူပင် ဖြစ်သည်။
“
ပန်းပွင့်တွေဟာ ထိခိုက်လွယ်တယ်၊ ပျက်စီးလွယ်တယ် အဲ့ဒီ သဘောတရားနဲ့ ဆန့်ကျင်ပြီး ကြံ့ခိုင်မှု
ရှိတဲ့ အပင်တွေပဲ ကျွန်မ သဘောကျတယ် လွယ်လွယ်ကူကူ ကြေမွ ပျက်စီးလွယ်တဲ့ အရာတွေကို ကျွန်မ
တန်ဖိုး မထားတက်ဘူး ဒါတွေအပြင် အဆိပ်ရှိတဲ့ သစ်ပင်၊ ဒါမှမဟုတ် အန္တရယ် ရှိတဲ့ အပင်တွေကို
ပန်းပွင့်တွေထပ် ကျွန်မ သဘောကျတယ်၊ ဘာလို့လဲဆိုတော့
ဘယ်သူမှ အလွယ်တကူ မစော်ကား မဖျက်စီး ရဲဘူးပေါ့ ”
ကျွန်တော်ဟာ
သူမကို အမျိုးသမီးဝါဒီ (Feminist) တစ်ယောက်ကဲ့သို့
စိုးရွံ့စွာ အကဲခတ်မိသည့် အထိပင်။ ထိုအခါ မျိုးများတွင် အံ့သြလောက်အောင်ပင် သူမသည်
လုပ်ရိုးလုပ်စဉ် တစ်ခုပမာ အလွန်ပင် သေသပ် တည်ငြိမ် နေပြန်သည်။ သူမ မျက်ဝန်းများသည်
သူမကိုယ်သူမ ယုံကြည်မှု ရှိလွန်းသည်ဟု ကျွန်တော် ထင်မိသည်။ ထိုယုံကြည်မှုကပင် သူမကို
နှစ်သက်မိသော ကျွန်တော့်ကို သေးသိမ်မှုများ ခံစားရစေသည်ဟု ထင်မိသည်။
သတိရခြင်း
ဆိုသည်မှာ လွပ်လပ်သည်။ တိကျ သေချာမှု ရှိသည်။ သိုဝှက် ဟန်ဆောင်မှု ကင်းသည်။ ကျယ်ဝန်း၊
နက်ရှိုင်း၍ အနှောင့် အယှက် ကင်းသည်။ လုံခြုံမှု ရှိသည်။ အချက်လက် အပြည့်အစုံ ရှိသည်။
သို့သော် အထီးကျန် ဆန်၏။ ဝမ်းနည်းစရာ ကောင်း၍ မရေရာသော မျှော်လင့်ချက်တွေ ရှိသည်။ အဆိုးဆုံးနှင့်
အတိကျဆုံးသည် မျှော်လင့်ချက် ကင်းမဲ့ခြင်းပင် ဖြစ်သည်။
“သံယောဇန ဆိုတဲ့
ပါဠိစကားကနေ သံယောဇဉ်ဆိုတာ ဖြစ်ပေါ်လာတာပါ၊ တဦးနှင့်တဦး ချည်နှောင် ရစ်ပတ်တာကို သံယောဇဉ်လို့
ခေါ်တယ်။ မမြင်ရတဲ့ ကြိုးတွေနဲ့ တုတ်နှောင်ထားပြီး မွန်းကြပ်တဲ့ ခံစားမှုတွေထဲမှာ ကျွန်မ
ဘဝကို အဆုံးမသတ်ချင်ဘူး၊ နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး မပြောပါနဲ့ ဆီတစက် ဖြစ်ဖို့အတွက်
နှမ်းစေ့တစ်စေ့က စရမယ်လေ ”
အလျှား၊အနံ
မမှန်သလို အသွားအပြန် ပုံမှန်မရှိတဲ့ ချစ်ခြင်းမှာ ကျရှုံးခဲ့သူ တစ်ယောက်ဟာ ကျွန်တော်ပင်
ဖြစ်ပေလိမ့်မည်။ Action တခုမှာ Reaction တခုရှိသည်
ဆိုသော အယူဆသည် ကျွန်တော်အတွက်တော့ လုံးဝ မကိုက်ညီ ခဲ့ပါ။ သူမဘက်က ကြည့်လျှင်
Action တခုကြောင့် ပြန်လည် ရရှိလာသော Reaction တခုကို ကျွမ်းကျင်စွာပင် ရှောင်တိမ်း
နိုင်ခဲ့သည်။ သဘောတရား တစ်ခုတည်း မှာပင် သူမရော ကျွန်တော်ပါ ပါဝင် ပတ်သက်ခဲ့တာခြင်း
တူသော်လည်း အသုံးချပုံခြင်း ကွာခြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ယောက်ျားတွေဟာ
ချစ်ခြင်း မေတ္တာရဲ့ နောက်မှာ တည်ငြိမ်တဲ့ Sexual Relationship Status တစ်ခုအတွက် လက်ထက်ကြတယ်၊
အမျိုးသမိးတွေ အတွက်ကျတော့ ယောက်ျားတွေကို သူတို့ရဲ့ ဘဝတစ်ခု အဖြစ် သတ်မှတ်လိုက်ပြီး
ကိုယ့်ကိုကိုယ် နှောင်ဖွဲ့ထားခြင်းအဖြစ် အိမ်ထောင် ပြုကြတယ်လို့ ကျွန်မ သိထားခဲ့ဖူးတယ်၊
တစ်ကယ်တော့ ကျွန်မ အဲ့လို သဘောမထား နိုင်တာ အသေအချာပါပဲ”
ကျွန်တော့်၏
ချစ်ခြင်းမှာ လွပ်လွတ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း အစရှိသော လောကပါလ တရား အပြည့်အဝ
ရှိခဲ့သည်။ သို့သော် ကျွန်တော် သူမ၏ ဥပေက္ခာ တရားကိုတော့ ကျော်လွှား နိုင်ခဲ့ခြင်း အရှင်း
မရှိခဲ့ပါ။ ကျွန်တော့် အတွက် လမ်းနှစ်သွယ် ရှိခဲ့သည်။ တစ်လမ်းသည် ကျွန်တော် မျှော်လင့်၍
လျှောက်ချင်သော လမ်းဖြစ်သည်။ ကျန်တစ်လမ်းသည် လျှောက်ကိုလျှောက်ရမည့် လမ်း ဖြစ်သည်။
တစ်ချို့သော
သူတွေအတွက် လျှောက်ကိုလျှောက်ရမည့် လမ်းကို ပြီးဆုံးအောင် လျှောက်ခဲ့ပါက လျှောက်ချင်သော
လမ်းကို နောင်တစ်ချိန်တွင် လျှောက်ကောင်း လျှောက်နိုင်ပါလိမ့်မည်။ ကျွန်တော့် အတွက်တော့
ကျွန်တော် လျှောက်လှမ်းချင်သော လမ်းသည် (Red Light) အမြဲ ထာဝရ မီးနီ ပြနေသည်မှာ ကျွန်တော်၏
ကံတရားပင် ဖြစ်နေလေတော့သည်။
မကျက်ပါပဲနှင့်
အလွတ်ရနေသော ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ ကဗျာလေး တစ်ပိုဒ်ကို မကြာခဏ ရွတ်မိပြန်သည်။
“သံယောဇဉ်
အမျှင်တန်းကို
ရှင်ခန်း ဘယ်သူ
ဖြတ်နိုင်ပါ့
ပူတက်သူ တစ်သက်လွမ်းရောလို့
လက်ကမ်းကာ
ဝေဒနာ မမျှချင်လည်း
ဘဝနွေ သမုဒယတောမှာ
+++ တွေ တစ်ဇတ်
သိမ်းအောင်
အခုတော့ ခပ်စိမ်းစိမ်း
နေပါ့မယ်”
ထိုကဗျာလေး
ရွတ်တိုင်း ကျွန်တော် ပြုံးမိသည်။ ခံစားမှုကြောင့်လား တိုက်ဆိုင်၍လား မသိ နင့်နဲသော
ခံစားချက်ဖြင့် အဖြစ်ပျက်တို့သည် မနေ့က ဖြစ်ခဲ့သလို ရင်းနှီး ကျွမ်းဝင်နေဆဲပင် ဖြစ်သည်။
အသစ် မဟုတ်သော မဟောင်းသေးသည့် အမှတ်တရ များစွာတို့ဖြင့် ကျွန်တော် သူမကို သတိရ နေဆဲပင်
ဖြစ်သည်။ ကျွန်တော့ အတွက်တော့ ဝကော့၏ ဆိုရိုးစကား အတိုင်း မျက်ရည်များ မြုပ်နှံ လိုက်သောအခါ
အချစ်သည် ချစ်စရာ အကောင်းဆုံး ဖြစ်နေ ပြန်သည်။
သူမသည်
ကျွန်တော်နှင့် ပတ်သက်သော စိတ် တံခါးကိုသာမက တခြားသော စိတ်တံခါးချပ် များစွာကိုပါ လုံခြုံစွာ
သော့ခတ်သိမ်းဆည်း တက်သော သူတစ်ယောက်ပင် ဖြစ်လိမ့်မည်ဟု ကျွန်တော် တွေးဆမိသည်။ အကယ်၍များ
အခက်တကာ့ အခက်ခဲဆုံး အလုပ်ဖြစ်သော ကျွန်တော့်ရဲ့ စိတ်တံခါးလေး ပိတ်ဖို့ နောက်တစ်ကြိမ်
သူမနှင့် ဆုံဖြစ်ခဲ့လျှင် ကျွန်တော် မေးကြည့် ပါအုံးမည်။
အိန်ဂျယ်လှိုင်
Sunday,
December 30, 2012
00.02
(AM) Austria
New Style Magazine
April...2013.
5 comments:
ဝတ္တုတိုလေးကို ဖတ်ပြီး မိုးအေးအေးနဲ့ ဆွေးရပေဦးမည်ပေါ့ဗျာ....။
ညင်ညင်သာသာရှိလှအတွေးလေးကို စိတ်နဲ့ ရေးသွားသလို ဖတ်ရှူ့ခံစားရတယ်ဗျာ။
ညီမရေ...အားပေးသွားတယ်..တော်တော်လေးဖတ်လိုက်ရတယ် စာတွေကပဲဖြစ်တာလား
အကိုယ့်စက်ကပဲ မကောင်းတာလားမသိတော့ပါဘူး
စာတွေက တစ်လုံးနဲ့တစ်လုံး အရမ်းကွာနေသလိုပဲ
:D ရအောင်ဖတ်သွားတယ် ငါ့ညီမရေ....
မောင်လေးရေ.. ကျေးဇူးပါလို့ .. :) (မင်းဧရာ)
အကို့စက်က ထင်တယ် အကို ..:P (ကိုငယ်ထွေးအောင်)
Blod colorလေးနဲ့ highlight လုပ်ထားတာလေးတွေကို မြတ် သိပ်သဘောကျတယ်။
အထူးသဖြင့် နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး မပြောပါနဲ့ ဆီတစက် ဖြစ်ဖို့အတွက် နှမ်းစေ့တစ်စေ့က စရမယ်လေ ဆိုတာလေး အရမ်းလှတယ် လှိုင်။
ချစ်တဲ့
မြတ်
တစ်ပုဒ်လုံးပြေပြေပြစ်ပြစ်ကလေး စီးဆင်းသွားတယ် အစ်မအိန်ဂျယ်..။ အထဲမှာ မကြားဖူးသေးတဲ့ ဗဟုသု တတစ်ချို့ လက်ဆောင်ရလိုက်တယ်..။ သည်ဝတ္ထု ကလေးတော့ တော်တော်ကြိုက်တယ်..။ ဒါကအက်ဆေး တော့ပိုဆန်မယ်ထင်တယ်အစ်မ..။ စကားလုံး ဖောဖောသီသီသုံးသွားတာကိုသဘောကျတယ်..။ သည်အပုဒ်မှာပြောစရာမရှိပါဘူး..။
Post a Comment