ဥာည့်နက်လာလေလေ ည၏ တိတ်ဆိတ်မှု ကြီးစိုးလျှက် အမှောင်ထုက ပိုပို သိပ်သည်းလာနေ၏။ ငိုသည်ဟု အမည်နာမ တပ်လို့မရပေမယ့် တားဆီးမရစွာ ကျဆင်းလာတဲ့ မျက်ရည်တွေကြောင့်လား၊ ရင်တွင်း ပူလောင်မှုကြောင့် အိပ်စက်မရတဲ့ အတွက်ကြောင့် လားတော့ မသိ ဒေါ်မြယာ၏ မျက်လုံးတွေ ကျိမ်းစက်နေသည်။ အိပ်မပျော်သူတွေရဲ့ ထုံးစံအတိုင်း ဘယ်ညာလိမ့်ရင်း အမြင်အာရုံ မသဲကွဲသော ခြင်ထောင်အမိုးကို စိုက်ကြည့်နေမိသည်။ သူမသည်ပင် အိပ်မပျော်သည်လား။ ဒါမှမဟုတ် သမီးလေးရော သူမလိုပဲ အိပ်ပျော်ပါ့မလား ဆိုသော အတွေးနဲ့အတူ အိပ်ယာမှ လူးလဲထရင်း တစ်ဖက်အခန်းသို့ ကူးဖို့ပြင်မိသည်။ သမီးလေး တစ်သက် ဒီအိမ်၊ ဒီမြေသည် ဒေါ်မြယာ အတွက်တော့ အလင်းရောင် မလိုတာ အမှန်ပါပဲ။ ဟရုံလေးသာ ဟနေသော တံခါးရွတ်လေးမှ အသာတွန်းဝင်ရင်း ညအိပ်မီးပင် မပိတ်ပဲ အိပ်ပျော်နေသော သမီးအား ချည်ထည်စောင် ပါးပါးလေး အသာခြုံပေးလိုက်သည်။ အတော်အတန် ငိုထားသည်မို့ မို့အစ်နေသော မျက်ခွံ အစ်အစ်လေးနဲ့ အတူ အိပ်မောကျနေသည်တိုင် သမိးထံမှ ရှိုက်သံ သဲ့သဲ့တို့က ဒေါ်မြယာ၏ ရင်ကို ဆူးသဖွယ် ထိုးဆွ၏။
တစ်ဦးတည်းသော သမီးမို့ ၇င်နှင့်အောင်ပဲ ချစ်ပါသည်။ ငယ်စဉ်အရွယ် မရောက်ခင်ကပင် ဖခင်ဆုံးရှုံး ခဲ့ရသော ဖတဆိုး သမီးမို့လည်း အသနားပို အကြင်နာ ပိုမိသည်။ ပုံအောထားသော မျှော်လင့်ချက်တို့လည်း ထိုသမီးပေါ်တွင် မြောက်များစွာရှိ၏။ ဖြစ်စေချင်၍ တိုက်တွန်းသလို ကိုယ်တိုင်က ဖြစ်မြောက်စေ ချင်သော်လည်း သမီးသည် လုပ်ချင်ရာ ဇွတ်လုပ်တက်သော ဥာဉ်ဆိုးနှင့် ဒေါ်မြယာရဲ့ ဆန္ဒကို ကန့်ကွက်၏။ သမီးသည် ထက်မြက်သလောက် မလိုအပ်ပဲ ခေါင်းမာသည့် နေရာတွင်လည်း သူမတူအောင် ခေါင်းမာ၏။ ချစ်သော သမိးအား ပညာတက်ကြိး တစ်ယောက် ဖြစ်စေချင်လွန်း၍ တွန်းပို့မိသော မိမိသည်ပဲ မှန်သည်လား မှားသည်လားမသိ။ အောင်မြင်စေချင်လွန်း၍ ဘော်ဒါပို့၍ တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆို စေသော ဒေါ်မြယာရဲ့ ဆန္ဒအား သမီးသည် အသဲသန် ကန့်ကွက်ကာ ဆန့်ကျင်၏။ ခေါင်းမာလွန်းသော သမီးနှင့် စိတ်မြန်လွန်းသော မိခင်တို့ ထိတ်တိုက်တွေ့သော အခါ စကားလုံးကြမ်းကြမ်း ဖြင့်တောင် မဆူဖူးသော သမိးအား ရိုက်မိခဲ့သည့် အထိပါပဲ။ လောကတွင် အမေတစ်ခု သမိးတစ်ခုသာ ရှိသော ကမ္ဘာလေးတွင် ထိုအဖြစ်ပျက်သည် မုန်တိုင်းသဖွယ် လှပသော ညနေခင်းတစ်ခုအား ဖျက်စီး၏။ သမိးသည်လည်း ဝမ်းနည်းနေပေလိမ့်မည်။ သူမကိုယ်တိုင်လဲ ကြေကွဲရ၏။
ရှိုက်သံတစ်ဝက်ဖြင့် အိပ်မောကျနေသော သမီးအား စိုက်ကြည့်ရင်း ဒေါ်မြယာ၏ အတွေးများက လွန်ခဲ့သော အချိန်ကာလ တစ်ခုဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။
##############################
" မြယာ မိုးတွေ ရွာတော့မယ် ငါ ဒီအတိုင်းပြန်တော့မယ် နင်ငါ့လွယ်အိတ် ယူခဲ့ပေး...ရော့ "
ဘာစကားပြန်မှ မပြန်နိုင်ခင်မှာပဲ မြယာ လက်ထဲသို့ အောင်လွင့်ရဲ့ လွယ်အိတ်က ရောက်နှင့်နေပြီ။ ကျောင်းတက်ရင် ဘယ်တော့မှ ထီးမယူတက်သော၊ ထမင်းဗူး မထည့်တက်သော အောင်လွင်။ မိုးရွာတဲ့ ရက်ဆို အမြဲတမ်း လွယ်အိတ်နှစ်လုံးနဲ့ အလုပ်ရှုပ်ရတဲ့ မြယာ။ နေ့လည် မုန့်စားကျောင်းဆင်းချိန်ဆို မြယာ ထည့်လာတဲ့ ထမင်းဗူးမှ အချိန်မှန် ထမင်းလာစားတက်သော အောင်လွင်။ ငယ်သူငယ်ချင်းဖြစ်သလို တစ်ရွာထဲသားလဲဖြစ်၊ ငယ်ပေါင်းလဲဖြစ်၊ မိဘချင်းလဲ သူငယ်ချင်းတွေမို့ နှစ်အိမ်တစ်အိမ် အထူးပြောစရာမရှိ။ မှောင်ရီပျိုးစဆို မြယာ ကြိုက်တက်သော မက်မန်းပေါင်းထုပ်လေး အသင့်ကိုင်လို့ မြယာရဲ့ အိမ်မှာ လွယ်အိတ် လာယူရင်း တစ်ခါတစ်ခါလည်း ရန်ဖြစ်လိုက် စလိုက် ပြန်တည့်လိုက်ကြနဲ့ အခုဆို မြယာရော အောင်လွင်ပါ အလယ်တန်း ကျောင်းသားကြိးတွေ ဖြစ်နေကြပြီလေ။ နောက်နှစ်ဆို တစ်ဖက်ရွာမှာရှိတဲ့ အထက်တန်းကျောင်း တက်ရတော့မည့်သူတွေ ဆိုလည်းမမှား။
" ငါသွားနှင့်ပြီ မြယာ ညမှ ငါလာယူမယ် "
ပြောလည်းပြော ပြေးလည်းပြေးထွက်သွားတဲ့ အောင်လွင်။ မြယာဆို အနိုင်ကျင့်တက်သလို မြယာအတွက်ဆို သိလည်းသိတက်လွန်းတဲ့ သူ။ ဘယ်နေရာ ဘယ်သွားသွား မြယာအတွက် မုန့်တစ်ခုခု အမြဲဝယ်လာတက်တဲ့သူ။ စိတ်ဆိုးလဲ ခဏပဲ မရမက စနောက်၍ ပြန်ခေါ် ချောမော့တက်သော အောင်လွင်။ ယောက်ျားလေးမို့ ထင်ပါရဲ့ ပြေးရင်းသွားနေတဲ့ အောင်လွင့်ရဲ့ ပုံရိပ်က မြယာရဲ့ မြင်ကွင်းထဲမှ တဖြည့်ဖြည်း ကွယ်ပျောက် သွားသလို မိုးရေစက်တွေကလည်း ဖုန်တစ်သောသော ရွာလမ်းလေးပေါ်မှာ နေရာယူလို့ပေါ့။ လွယ်အိတ်နှစ်ခုကို ရင်ဝယ်ပိုက်ပြိး စာအုပ်တွေ ရေမဆိုစေဖို့ ကြိုးစားရင်း မြယာတစ်ယောက် မိုးရေထဲ တစ်ယောက်ထဲ အလှုပ်တွေ ရှုပ်နေလေတော့သည်။
################################
" မြယာ နင် ကျောင်းဆက်မတက်တော့ဘူးဆို ဟုတ်လား "
ဘယ်ကနေ ဘယ်လိုကြားလို့လဲ မသိ အပြေးမေးလာတဲ့ အောင့်လွင့်ကို ကြည့်ပြီး
" အင်း ဟုတ်တယ် အောင်လွင် နင်ကိုဘယ်သူပြောတာလဲ "
" အမေပြောတာလေ မြယာတစ်ယောက် ကျောင်းမတက်တော့ဘူးတဲ့ အဲဒါ ဟုတ်လားမြယာ "
" အင်း ဟုတ်တယ် အောင်လွင့် အဖေကလည်း မတက်နဲ့တော့နဲ့ ရေးတက်ဖတ်တက် တော်ပြီပေါ့တဲ့ နင်လဲသိတဲ့ အတိုင်းပဲ ရွာထဲမှာ ဒီအရွယ်ထိ ကျောင်းတက်တဲ့သူဆိုလို့ ငါတစ်ယောက်ပဲ ရှိတာ ကျန်တဲ့သူတွေဆို အိမ်အလုပ်ကူတဲ့သူနဲ့ ကောက်စိုက်တဲ့သူနဲ့ အလုပ်လုပ်နေကြပြီလေ ငါပဲ ဒီအရွယ်ထိ ကျောင်းတက်နေတာ "
" နင် ကျောင်းမတက်တော့ ငါ တစ်ယောက်ထဲဖြစ်သွားမှာပေါ့ နင်ကလည်းဟာ တက်ပါလား "
" နင်ကလည်း ပျင်းနေပြန်ပြီ နောက်တော့လည်း အဆင်ပြေသွားမှာပေါ့ ကောင်းတယ် ဒါမှ နင်လဲ ငါ့တန်ဖိုး နားလည်မှာ"
" အောင်မယ် ငါက နင်မရှိတော့ ပိုတောင် ပျော်သေး နင်ရှိနေရင် ငါအလှုပ်ပိုရှုပ်လို့ "
" အေး.. ပြီးရော်နော် နင့်စကားနဲ့နင် .....သွား..အခု ငါ့အိမ်ကနေ ပြန်တော့ ငါ့အိမ် နင်မလာခဲ့နဲ့"
" မလာဘူး....မလာဘူး နင့်ဆီ ဘယ်တော့မှ မလာဘူး "
ငယ်ပေါင်းတွေမို့ ထင်ပါရဲ့ ပြောမနာဆိုမနာနှင့် အပြန်လှန် ဘုတောရင်း အိမ်ခြံဝိုင်းထဲမှ ပြေးထွက်ရင်း ပြောင်ဖြစ်အောင် ပြောင်ပြသွားသော အောင်လွင့်အား မြယာ ပြုံး၍ မျက်စိတစ်ဆုံး ငေးမော ကြည့်နေမိသည်။ ကျေးလက်တော သဘာဝမို့ ထင်ပါရဲ့ ကျောင်းဆက် မတက်ရခြင်း တက်ရခြင်းအပေါ် မြယာအနေနဲ့ ထူး၍ ဝမ်းနည်းခြင်းလဲ မရှိ၊ ဝမ်းသာခြင်းလဲမရှိပေ။ မိန်းခလေးပဲ ရေးတက်ဖတ်တက် တော်ရောပေါ့ ဘာလုပ်မှာလဲ ဆိုတဲ့ ရှေးလူကြိးတွေရဲ့ သြဝါဒ စကားတွေကလည်း ကြားနေကြ ရွာဦးကျောင်းက ဘုန်းဘုန်း ဆုပေးသလိုပါပဲ။ ဒီလိုနဲ့ပဲ မြယာနဲ့ အောင်လွင် ကျောင်းတက်ခဲ့ရတဲ့ ရက်တွေက တဖြည်းဖြည်း အတိတ်နယ်ဆီသို့ ကျန်ရစ်ခဲ့ရ၏။ ကျောင်းအတူ မတက်ရတော့ပေမယ့် ကျောင်းတက်ချိန်မှ လွဲ၍ မြယာနှင့် အောင်လွင်ကတော့ အမြဲ တွေ့ဖြစ်၊ဆုံဖြစ် ရန်ဖြစ်လျှက်ပါပဲလေ။
#######################################
ပညာရေး ကံကောင်းသည်ပဲ ပြောရမလား မသိ အောင်လွင်တစ်ယောက် ဂုဏ်ထူးတွေနဲ့ တက္ကသိုလ် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်သောအခါ သူ့အစား တစ်ရွာလုံးက ဂုဏ်ယူကြသလို မထင်မရှား ရွာလေးတစ်ရွာမှ ပညာတက်တစ်ယောက် ပေါ်ထွန်းလာတဲ့ အတွက် ရွာခံ မိသားစုနဲ့အတူ ကျောင်းမှဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ယူသံတွေကြားမှာ အောင်လွင့်အကြောင်း ချီးကျူးသံတွေ အပြည့်။ အောင်လွင်ရဲ့ မိဘများကလည်း လယ်မြေ၊ယာမြေများစွာ ပိုင်သော ရွာမျက်နှာဖုံးတွေ ဖြစ်ကြသလို ယခုလို ပညာရေးထူး ချွန်သော သားအတွက်လဲ ဂုဏ်ယူမဆုံး ဖြင့် ဘယ်နေရာ သွားသွား အောင်လွင့်ရဲ့ သတင်းက မွှေးလှ၏။
" မြယာ "
" ဘာလဲ အောင်လွင် "
" ငါဗိုက်ဆာလို့ ဘာဟင်းချက်လဲ ဒီနေ့ "
" ဒီနေ့ ဘာမှ မချက်ဘူး အောင်လွင်ရဲ့ "
" ဟာ... နင်ကလည်း အိမ်မှာ ဟင်းမကောင်းလို့ပါဆို မှ နင်ကလည်း "
" အေးပါဟ ခဏစောင့် ဒါဆိုရင် ..နင်စားလို့ အဆင်ပြေအောင် ငါတစ်ခုခု လုပ်ပေးပါမယ့် ....နင်ကလည်း ဆိုတာ "
" ပြိးရော မြန်မြန်လုပ် ငါ..... ဗိုက်ဆာနေပြီဟ "
ပြောလည်းပြော မြယာ သွားရာ နောက်သို့ ထပ်ချပ်မကွာ လိုက်ရင်း မြယာရဲ့ လှုပ်ရှားမှုတွေကို ငေးမောကြည့်နေမိသည်။ မြယာဆိုတာ အောင်လွင့်အတွက်တော့ အမြဲတမ်း နားလည်မှု အပြည့်ရှိသောသူ၊ အောင်လွင့် အနွံ့တာဆို အမြဲသည်းခံတက်သူ၊ တစ်လောက လုံးတွင် အမေ ပြိးရင် အောင်လွင့်အကြိုက် အားလုံးသိသလို အဆင်ပြေအောင်လဲ စီမံပေးတက်သူလည်း ဖြစ်၏။ ယခုလည်း အိမ်တွင်ချက်သော ဟင်းက အောင်လွင့်အကြိုက် မဟုတ်လေတော့ မွေးသမိခင်ကပင်
" ကိုယ်တော် ဒီနေ့ချက်တဲ့ဟင်း တော်...မကြိုက်ဘူး အဲဒီတော့ ထမင်းစားချင်ရင် မြယာ ဆီသွားစား " တဲ့လေ။
" ဟာ အမေကလည်း မြယာဆီသွားစား ရအောင် ... "
" ဟေ့ ...အပိုတွေ လုပ်မနေနဲ့ ငါသွားမစားခိုင်းလဲ သွားစားမဲ့သူက ... သွားစားချေ ..သွား မြယာက နင့်အတွက် တခုခု လုပ်ပေးလိမ့်မယ် မလုပ်ပေးလဲ ရှိတာပဲစား ...နင်ထမင်း တစ်နပ်စားလိုက်လို့လဲ သူတို့လဲ မွဲမသွားပါဘူး "
ပြုံးစစနဲ့ ပြောတဲ့ အမေရဲ့ စကားအဆုံးမှာပဲ အောင်လွင့်ခြေလှမ်းတွေက မြယာဆီသို့ ဦးတည်နေလေပြီ။ နှစ်ဘက်မိဘတွေ ကလည်း အရွယ်ရောက်ရင် ဒီနှစ်ယောက်ကို မှန်းထားကြလေ သူများမို့ နှစ်အိမ်စလုံးက တံခါးမရှိ၊ဓါးမရှိ အသွားတင့်လှပေသည်။ တောသူဆိုပေမယ့် အခြေတင့်တဲ့ မြယာတို့သည်လည်း ပြည့်စုံ ကြတဲ့မိသားစုပင်။ ညီအစ်မနှစ်ယောက် သာလျှင် ရှိသော မြယာနှင့် သာသာ ညီအမနှစ်ယောက်တွင် မြယာသည် အကြီး။ သာသာ ထက်ပင် အသားရေလည်း ဖြူလှသလို အောင်လွင် နှစ်သက်သော ဆံပင်ရှည်မှာလည်း တင်းပါးဖုံးလုလုနှင့် ရွာထဲတွင် မြယာလည်း သတင်းကြီးတဲ့ ရွှေမင်းသမီး တစ်ပါးပင် ဖြစ်လေသည်။
" ဟဲ့ ..ဘာတွေ ငေးနေတာလဲ ရပြီ စားတော့ဆိုမှ "
မြယာရဲ့ အသံကြားမှ လွန်သွားသော အတွေးတို့အား ရုတ်သိမ်းရင်း မြယာ ရဲ့ရှောင်တခင် ဟင်းလျှာဆီ မျက်လုံးဝေ့ဝဲရင်း အလိုက်မသိစွာပဲ ဝမ်းဗိုက်ထဲမှ တဂြီဂြီ မြည်လို့လာ၏။ မြယာ ပြင်ဆင်ပေးသော ဟင်းလျှာသည် ထူးထူးခြားခြား မဟုတ်သော်လည်း အစပ်ဟပ်တည့် စွာဖြင့် စီမံပေးမှုသည် အောင်လွင့်အတွက်တော့ စားမြိန်နေမှာ အမှန်ပါပဲ။ ငရုတ်သီး စပ်စပ်နှင့် ငါးပနော်မီးဖုတ်ကို ဖျော်ထည့်ထားသော ငပိရည်တစ်ခွက်၊ ကင်းပုံရွတ် ဟင်းချိုတစ်ခွက်နှင့် ငါးရံ့ခြောက်မီးဖုတ်ကို ဆီစမ်းထားတဲ့ ထမင်းပွဲလေးက အငွေ့ တစ်ထောင်းထောင်းထလျှက် စားချင်စဖွယ်အတိ။ ဆာလောင်မှုကို ပိုမိုတိုးစေသည်မှာ အမှန်ပေ။ အနားတွင် အသင့်ချလာပေးသော လက်ဆေးဇလုံနှင့် မြယာအား မသိကျိုးကျွံပြုရင်း အောင့်လွင့်ရဲ့ မျက်လုံးများက ထမင်းပွဲဆီသို့သာ။
" နင်က တက္ကသိုလ်ကျောင်းသားကြီး ဖြစ်တော့မှာ ဆိုတော့ ငါကိုမေ့ သွားတော့မှာပေါ့လေ ဟုတ်လား အောင်လွင် "
မြယာ စကားကြောင့် စားနေလျှက် ထမင်းလုတ်က လည်မှာနင်၏။
" ဟာ ...မြယာကလည်း ဘာဆိုင်လဲဟ သြော် နေအုံး ငါနင့်ကို ပြောမလို့ နင်ကျောင်း ပြန်တက်ပါလား မြယာ "
" တော်ပါဟာ ဒီအရွယ်ရောက်မှ ကျောင်းပြန်တက်ရင် ငါ့ကို အရပ်ထဲက လူတွေ ဘာပြောမလဲ အပြောလဲ မခံနိုင်ဘူး နေပါစေတော့ဟာ "
" နင်ကလည်းဟာ ရွာထဲကလူတွေ ပြောတာများ ဂရုစိုက်လို့ နင်ကျောင်းထွက်တာ စောတယ် မဟုတ်ရင် ခုလောက်ဆို နင်နဲ့ငါ ကျောင်းအတူတူ တက်ရမှာ ဘယ်လောက် ပျော်စရာကောင်းမလဲ ခုတော့.."
" ဘယ်တက်နိုင်မလဲ အောင်လွင်ရယ် ကံပေါ့ ...ဟာ"
ပညာရေးကံ မပါ၍ပဲလား ကံအကြောင်းကြောင်းဖြင့်လား လွဲချော်ခဲ့ရတဲ့ ပညာရေးအတွက် အခုချိန်မှာ နည်းနည်းတော့ နောင်တရ သလိုလိုပင်။ မြို့ကိုသွား၍ ကျောင်းတက်ရတော့မည့် အောင်လွင်ကို မြင်တိုင်း မြယာ ဝမ်းနည်းလာ၏။ ပညာသည်နဲ့ မြို့ကြိးသည် ပနာသင့်လှသော်လည်း မြယာလို ကျေးတောသူ အတွက်တော့ မြို့ကြိးသည် သဟဇာတ တည့်မည်မထင်။ ပညာဆိုသော တံတိုင်းကြောင့်ပဲလား မသိ၊ အလိုလို သိမ်ငယ်လာသလိုပင်။ နီးနေပေမယ့် အဝေးကြီး ဝေးကွာ သွားသလိုပါပဲ အောင်လွင်ရယ်။ ဒီအသက် ဒီအရွယ် ရောက်မှ ကျောင်းပြန်တက်ရရင်လည်း ရွာထဲက လူတွေရဲ့ ပါးစပ်က ကြောက်ဖို့ ကောင်းလှ၏။ ပညာရေးကို အားပေးရကောင်းမှန်း မသိနားမလည်သော ကျေးလက်တွင် ကြိးပျင်းရသူလဲ ဖြစ်သလို အမျိုးမျိုးသော ဝေဖန်ကဲ့ရဲ့ စကားတို့သည်လည်း မြယာ အတွက် ခံသာနိုင်ဖွယ်ရာ မရှိနိုင်တာလည်း အသေချာပင်။ ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာနဲ့ နှလုံးသား စီးချင်းထိုးပွဲက အခုချိန်က စတင်ပြီ ထင်တယ် အောင်လွင်။ မြယာ ပြင်ဆင်ပေးသော ထမင်းအား ခေါင်းမဖော်တမ်း စားနေသော အောင်လွင့်ကို ကြည့်ရင်း မြယာ မျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေ ဝေ့ဝဲ လာခဲ့ရသည်။
##########################################
ယခုဆို ပညာရေးတွင် ထူးချွန်လှသော အောင်လွင်သည် တက္ကသိုလ် ပညာရေးနဲ့တင်မပြီး ဘွဲ့လွန်ပင် တက်ရောက်နေသော ကျောင်းသားကြိးပင် ဖြစ်နေလေပြီ။ ယခင်အချိန်တွေလို ရွာသို့လည်း ပုံမှန် မရောက်ဖြစ်သလို နွေရာသီ ကျောင်းပိတ်ရက်တွေမှသာ မကြာခဏ ပြန်လာတက်၏။ ဘယ်လောက်ပဲ ကြာကြာ ခဏပဲ ရွာသို့ အလည်ဝင်ဝင် အောင်လွင်ကတော့ မြယာဆီသို့ ခဏ တဖြုတ်ပဲ ဖြစ်ဖြစ် ရအောင် ဝင်လည်တက်သလို အလည်ပြန်လာတိုင်းလဲ ငယ်စဉ် ကလေးဘဝက လိုပဲ မြယာ အတွက်ရယ်လို့ လက်ဆောင်လေးတွေ တစ်ခုမဟုတ်တစ်ခု အမြဲသတိတရ ရှိတက်သူ။ နွေရာသီ ကျောင်းပိတ်ရက် ပြန်ရောက်တိုင်း အောင်လွင်ပြောပြတဲ့ တက္ကသိုလ်ကျောင်းရဲ့ အတွေ့အကြုံတွေသည် မြယာလို ကျေးတောသူ အတွက်တော့ မရိုးနိုင်သော ဝေါဟာရ၊ တအံ့တမော ငေးမော နားထောင်ရတဲ့ ပုံပြင်ဆန်ဆန်၊ ဒဏ္ဍရီတစ်ခုလို ပါပဲ။ တစ်ချိန်ထဲမှာပဲ ဒီလိုမျိုး အနေအထားနဲ့ တို့နှစ်ယောက် ဝေးကြမယ် ထင်ပါရဲ့လို့ တွေးတွေးပြိးလည်း ခန့်မှန်းမိလာသည်။ မကြာမကြာ အောင်လွင့်ရဲ့ နှုတ်ခမ်းဖျားမှ " နင်ရော ငါရော ခုချိန် ကျောင်းအတူတူ တက်နေရချိန်ဆို ဘယ်လောက်ကောင်းမလဲ " ဆိုသော စကားသံသည် မြယာရဲ့ နှလုံးအိမ်ကို ရိုက်ချက် ပြင်းပြင်းဖြင့် ရိုက်နှပ်သလို ရှိလှ၏။
" မြယာ နင်ငါ့ရဲ့ စာတမ်းဖတ်ပွဲကျရင် လာခဲ့ပါလား ရန်ကုန် ဘုရားဖူး လာလည်ရင်းနဲ့ပေါ့ " လို့ သူရဲ့ စာတမ်းဖတ်ပွဲကို လာစေချင်တဲ့ အောင်လွင့်ရဲ့ အမှာတော်ပါးသော စကားကြာင့်ပဲ ရန်ကုန်မြို့ကြီးသို့ အောင်လွင့်ရဲ့ မိခင်နဲ့အတူ မြယာတို့ ညီအစ်နှစ်ယောက်လဲ ရန်ကုန် အလည် ထွက်ခဲ့ကြသည်။ အောင်လွင့်ရဲ့ စာတမ်းဖတ်ပွဲလေး တက်ဖူးချင်လို့ အရဲစွန့်လို့ စီစဉ်မိကာမှ ရန်ကုန်လဲအရောက် ချစ်သောညီမတော် သာသာသည် ကားမူးသည်ဆိုသော အကြောင်းပြချက်ဖြင့် အိမ်တွင်ကျန်ရစ်သလို အောင်လွင့် မိခင်သည်လည်း ခြေချော်ကျသောကြောင့် ခြေဆစ်နာနေသဖြင့် မည်သူမှ ပွဲသို့မတက်ဖြစ်ပဲ မြယာ တစ်ယောက်သာ ယောင်လည်လည်ဖြင့် တက်ခဲ့ရ၏။
လူတစ်ယောက်အတွက် အသိုင်းအဝိုင်း ဆိုတာလည်း အရေးပါ လှသလို ကျင်လည်ရာ ပတ်ဝန်းကျင် ဆိုတာလည်း အရေးကြိးလှကြောင်းကို ထိုပွဲတက်မှ မြယာ နားလည်လာခဲ့သည်။ ရွာတွင် ကြားနေကြ စကားတစ်ခွန်းဖြစ်သော " မိန်းခလေးပဲ ရေးတက်ဖတ်တက် တော်ရောပေါ့ ဘာလုပ်ဖို့လဲ အတန်းပညာ " ဆိုသော စကားသည် ယခုကြုံရသည့် ပွဲတွင် တွေ့ဆုံရသော အမျိုးသမီး ပညာတက် လူထုကြိးအား ရွာက လူတွေအား ခေါ်ပြချင်မိသည့် အတွေးက မြယာရဲ့ စိတ်ကူးသို့ ရောက်လာသလို တစ်ဆက်ထဲမှာပဲ သိမ်ငယ်မှုကလည်း နှိပ်စက်၏။ အရောင်အသွေး စုံလင်လှသော သူတို့တွေရဲ့ မျက်နှာပြင်သည် ပညာဂုဏ်ကြောင့် တင့်တယ် လှပေ၏။ ပညာတက် အသိုင်းဝိုင်း အလည်တွင် မြယာ တစ်ယောက် နှုတ်ဆိတ်ခြင်းဖြင့် သာအချိန်တွေ မြန်မြန်ကုန်ပါစေလို့သာ ဆုတောင်းနေမိသည်။ သူတို့တွေ ပြောဆို ဆွေးနွေးသော အကြောင်းအရာ စကားလုံးများသည် မြယာအတွက် လွန်စွာ နေရခက်စေ၏။ မြယာ အတွေး၊ မြသာ အသိသည် လယ်မြေ၊ယာမြေနဲ့ သီးနှံတွေ အကြောင်း၊ ဘယ်ရာသီချိန်တွင် ဘယ်လိုစိုက်၍ ဘယ်လို သီးညှပ်သီးထပ် စိုက်ရမည် ဆိုသော အသိမျှသာ။
" ဟော လာပြီ ဟိုမှာ ကိုမောင်မောင်တို့ အတွဲ "
ဆူဆူညံညံ အသံတွေ ကြားမှပဲ ဘယ်သူဘယ်ဝါက ပြောလိုက်မှန်း မြယာ အသေချာမသိ။ မြယာတို့ ဝိုင်းမှ လူတွေအားလုံးက လူသွားစင်္ကြန်လမ်းလေးဆီ လည်ပြန် အကြည့်ရောက်တော့ မြယာလည်း ဘာရယ်မဟုတ် လှည့်ကြည့်မိလျှက်သား။ လိုက်ဖက်ညီလှတဲ့ စုံတွဲလေး တစ်တွဲက မြယာသို့ ဝိုင်းဆီသို့ ဦးတည်လာနေလျှက်။
" ကြာလိုက်တာ ကိုမောင်မောင်ရာ ခင်ဗျားကတော့လေ "
မြယာတို့ ဝိုင်းအစွန်မှာ ထိုင်နေသော ကိုကျော်ဇေယျက အပြုံးဖြင့် ယခုမှရောက်လာသော ကိုမောင်မောင် တို့အတွဲအား ခရီး ဦးကြိုပြု၍ နှုတ်ဆက်စကားဆိုသည်။
" သြော် ...ဗျာ... ကြာဆို ဒီတစ်ယောက်လေဗျာ... သူ့ကိုယ်သူ ပွဲတက်မယား ဆိုပြီး ဂုဏ်ယူနေလို့ မလိုက်ဘူး ကြိးပဲ ငြင်းနေလို့ဗျာ..... "
ကိုမောင်မောင်သည် ဘေးနားမှ ကပ်လျှက် ယှဉ်လျှောက်လာသော သူ၏ အမျိုးသမီး ဖြစ်ဟန်တူသည့် အမျိုးသမီးအား မေးဆက်ပြရင်း အပြုံးတစ်ပိုင်းဖြင့် ဖြေရှာသည်။
" အောင်မယ်နော် လုပ်ရမှာပေါ့ရှင့် ပွဲတက်မယား ဆိုတော့လည်း နည်းနည်းတော့ ဈေးကိုင်ရ မှာပေါ့တော် ..မဟုတ်ဘူးလား .ကိုကျော်ဇေယျ ..နော် "
သွက်လက်သော အဖြေနှင့်အတူ အမျိုးသမိးသည် လှလှပပ ပြုံး၍ ခွန်းတုန့် ပြန်၏။
" ဟား...ဟား...ဟား.. ဟုတ်ပဗျာ.....ဟုတ်ပ ..."
ဘာရယ်မဟုတ် မြယာတို့ ဝိုင်းလေးသည် ရယ်သံများနှင့် ပွက်လောရိုက်လို့နေ၏။ သူတို့အချင်းချင်းသည် ကြိမ်ဖန်များစွာ တွေ့ဆုံဖူး ကြသည်သူတွေ ဖြစ်နေပေလိမ့်မည်။ သူတို့တစ်တွေရဲ့ စကားများသည် သာမန် ဟာသ တစ်ခုလည်း ဖြစ်နိုင်၏။ စနောက်နေကျ သမရိုးကျ စကားတစ်ခွန်းလည်း ဖြစ်နိုင်ပေသည်။ မြယာမှ လွဲ၍ ကျန်သူများအားလုံး ထိုစကားလုံး၏ အစပ်ဆက်ကို မည်သူမှ တွေးတော နေကြမည့်သူများ မဟုတ်တန်ရာ။ ဘာမှ မသိနားမလည်သော မြယာ တစ်ယောက်သည်သာ " ပွဲတက်မယား " ဆိုသော စကားစု ဝေါဟာရ တစ်ခုအား အနက်ပြန်၍ အတွေးတွေများစွာ ချဲ့ထွင်နေမိသည်။ ပွဲစချိန်မှစ၍ ပြိးဆုံးသည့် တိုင်အောင် မြယာ ပြုံးနေမိလား၊ တည်နေမိလား မဝေခွဲနိုင်။ မိမိကိုယ်မိမိလည်း အောင်လွင့်အတွက် သင့်တော်သော ပွဲတက်မယား တစ်ယောက် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးတို့နဲ့ ထိုစကား တစ်ခွန်းကသာ မြယာ၏ အတွေးနှင့် ခေါင်းထဲတွင် ကြီးစိုးနေပေတော့သည်။ မည်သို့မည်ပုံပင် ပွဲမှ အိမ်သို့ ပြန်ရောက်ခဲ့သည် ဆိုတာ ကိုဖြင့် ပြန်လည် မစဉ်းစား မိတော့ပေ။ ပညာရဲ့ အရှိန်ကြောင့် သိမ်ငယ်ခြင်း များစွာဖြင့် နှလုံးသားအား ကျောခိုင်း လိုက်ခဲ့မိတယ်ဆိုရင်ဖြင့်...။
#############################################
" တက်....တက်.....တက်......တက်..... ...."
အတွေးတို့ဖြင့် မည်မျှထိအောင် အချိန်လွန်သွားသည် မသိ။ ခပ်ဝေးဝေးမှ ကြားရသော တုန်းခေါက် သံကြောင့် ဒေါ်မြယာ အသိဝင်လာ၏။ သြော် ..အာရုံတောင် တက်ပါရောလား။ သမီးအား သတိတရ ပြန်ကြည့်မိတော့ နှစ်ချိုက်စွာပဲ သမီးငယ်သည် အိပ်မော ကျလျှက်ရှိနေ သေး၏။ မပြီးသေးသော ဆွေးနွေးမှု တစ်ခု အတွက် ဒေါ်မြယာ မည်သို့ သမီးဖြစ်သူနှင့် ဘယ်လိုများ အဖြေညှိယူရမည် ဆိုတာကို မသိနိုင်သေးတာ အမှန်။ သားသမီးနဲ့ မိဘကြားက ပဋိပက္ခ တစ်ခုဆိုရင်တောင် ဖြစ်စေချင် လွန်းတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတွေကို သမီးတစ်ယောက် နားလည်နိုင်ပါစေလို့သာ...................။
စာဖတ်သူများအား အစဉ်အမြဲလေးစားလျှက်
အမြဲကြိုးစားနေမည့်
Angelhlaing
################################################
Written By Angelhlaing
www.angelhlaing.blogspot.com
Friday,September 09, 2011
5;05 PM (Austria)
်
29 comments:
ကိုမောင်မောင်ဆိုတာအောင်လွင်ကိုရည်ညွှန်းတာလားမမ? ကျနော်ကခပ်တုံးတုံးဆိုတော့ယယ:P
ပွဲတတ်မယားတဲ့လား။
တချို့သော အန်းတိတ်တွေက နေရာတကာသာ သယ်သွားလို့ မလွယ်တာ ညီမရဲ့။ ဧည့်ခန်းမှာ ထားရင် အဟန့်တော့ ကောင်းတယ် :D
ဆန်းကျယ်ရှုပ်ထွေးတဲ့ လူ့ဘောင်လောကကြီးလေ။
မေမေကြီး မေမေလေးတို့ခေတ်ဆိုတော့လည်း ဆိုင်ရာဆိုင်ရာ သူ့နေရာနဲ့သူ အသုံးပြုတယ်ထင်ပါတယ် အိန်ဂျယ်ရယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း . . ကျုပ်တော့ လိုက်လို့ကို မမှီတော့ဘူး . . . ၀ထ္တုရေးတဲ့နေရာမှာဆိုရင်လေ မိလှိုင် ညည်းလေး တကယ် လက်သားပါနိင်လွန်းတယ် . . .
အရမ်းကောင်း၏း)
ဟုတ်တယ် ကျေးလက်တောရွာတွေက ပညာရေးကို ဒီထက်ပို အရေးပေးသင့်တယ်။ ရေးတတ်ဖတ်တတ်ရင် တော်ပြီ ဆိုတဲ့ ရှေးရိုးတွေကို ပြင်သင့်နေပါပြီ။ တကယ်ပါရမီရှိတဲ့ သူတစ်ယောက် ဒီလိုမျိုး ကျောင်းနားလိုက်ရလို့ ရှိရင် တကယ် နှမြောဖို့ ကောင်းတယ်။
အမျိုးသမီးလေးတွေ ပညာတတ်စေချင်တဲ့ စာရေးသူရဲ့စေတနာလေးကို မြင်မိပါတယ်။ ပွဲတက်မယားဆိုတော့လည်း တခြားမယားအမျိုးအစားတွေရှိလို့ ထင်ရဲ့...း)
ဟုတ်တယ်တစ်ချို့တောမှာဆိုရင်မိန်းကလေး
စာရေးစာဖတ်တတ်ရင်တော်ပြီဆိုတဲ့အယူအဆက
ခုထိရှိနေသေးတယ်။ပွဲတက်မယားဆိုတော့
အိမ်နေမယားရှိသေးတာပေါ့နော်....
နောက်ဆိုရင်တိုင်ပင်ခံမယားတို့လဲပေါ်လာတော့မယ်
ခုတောင်ပေါ်နေပြီထင်တယ်။
ကိုကစာမရေးတတ်ဘူးညလေးရေ....ဒရှင်လေးကအရမ်းကိုတော်ပါတယ်
အဖွားကြီးသေးသေးလေး.....အာဘွား
ချစိခင်တဲ့ jas
အားနေးလို့ ..အားပေးလိုက်မယ်ကွယ်..လာလေရော့
ကစ်..(ဘောလုံးကစ်ပါ)အရာမထင်တဲ့..အာစင်နယ်ကို မှကြိုက်သကွဲ့ ..မိုက်လိုက်ပါဘိ..မိအိန်ဂျယ်ရယ်..ငှဲ..ငှဲ.ငှဲ(3ခါဆို)
သွပ်.(အလားတူဆို..)..တိန်..(ထိုနည်းလည်းကောင်းပါ) ဒါဘဲ..ကျန်တာမန်ဒါလီ..အပြန်တစ်ရာသာပါသီ(မန်ယူပရိတ်သတ်)
ညီမ အရေးအသားလေးတွေ ပိုပိုပြီး ညက်ညော လာတယ်..၊ ဒီတစ်ပုဒ်မှာ နောက်ကြောင်းပြန်တဲ့ အတွေး၊ ဒိုင်ယာလော့ခ် အထားအသို စတာတွေက အချိတ်အဆက်မိမိနဲ့ ဆိုတော့ ဇတ်က ဆွဲခေါ် သွားနိုင်တယ်၊ ဖတ်လို့ ကောင်းတယ်ဗျာ...။
ဝါး..တော်လိုက်တာကွာ..ငါ့သူငယ်ချင်း..ချိးကျူးတယ်..
မိခင်ဖြစ်သူက ပညာမတတ်တဲ့သူတစ်ယောက်ရဲ့ ခံစားချက်ကို ကိုယ်တွေ့ခံစားဖူးလေတော့ သမီးဖြစ်သူကို ပညာတတ်စေချင်တဲ့ စေတနာကို သမီးက နားမလည်တဲ့အတွက် ပဋိပက္ခဖြစ်ရဲ့အခါ မိခင်ရဲ့ရင်ထဲကို စာနာနားလည်မိတယ်။
ပညာတတ်ဖို့အရေးကြီးကြောင်း မက်ဆေ့ပေးချင်တဲ့ စာရေးသူရဲ့ စေတနာကိုလည်း တွေ့မြင်ရပါတယ်.
ဝတ္ထု လေးကောင်းသလို စာအရေးအသားတွေလည်း တက်လာတယ်။
ပညာရဲ့ တန်ဖိုးကို သိခဲ့လို့ သိစေချင် တတ်စေချင်သော မိခင်ကြီးနှင့် အပျင်းကြီးလွန်းသော အမကြီး အိန်ဂျယ် လိုပေါ့ဗျာနော်းးးD စတာပါဗျာ ဒီလို ၀တ္ထု လေးတွေ များများရေးနိုင်ပါစေ။
ရွှေစင်ဦး က လည်း ခပ်ပိန်းပိန်း ဆိုတော့ ၂ခေါက်၃ခေါက် လောက်ကို ပြန်ဖတ်သွားရတယ်
"ရေးတတ်ဖတ်တတ်ရင် တော်ပြီ"ဆိုတဲ့ စကားကို ဘုန်းဘုန်းတို့ရွာမှာလည်း မကြာခဏ ကြားနေကြပဲ အိန်ဂျယ်လှိုင်ရေ။ ကြားတဲ့အတိုင်းပဲ လေးတန်းလောက်နဲ့ ထွက်သွားတဲ့ ကျောင်းသားတွေ တစ်ပုံတစ်ပင်ကြီးပဲ။ ဒေါ်မြယာရဲ့စေတနာကို သူ့သမီးနားလည်စေချင်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ အိန်ဂျယ်လှိုင်ရေ။
ဒီမှာ သမီးလေးရဲ့ ခေါင်းပေါ် ဗန်းတင်ပြီး ဈေးရောင်း ကြတာချင်း တူရင်တောင် ဘွဲ့ရပြီးတဲ့သူက အရှုံး၊အမြတ် တွက်တဲ့နေရာမှာ ပိုမြန်တာပေါ့ကွဲ့။။။
အားပေးသွားပါတယ်။။။
ညီမရေ...
သူကြီးမင်းလဲ အမရွှေစင်ဦးလို နှစ်ခေါက် သုံးခေါက် ဖတ်သွားပါတယ်။ အရေးအသားလေးတွေ ညက်ပါတယ်။
ခင်မင်လျှက်
ပညာမတတ်လို့  သိမ်ငယ်ခဲ့ရပေမဲ့ သမီးကို အဲလို မခံစားချင်တဲ့ မိခင်ရဲ့  မေတ္တာကို ထိထိမိမိ ပေါ်လွင်စေပါတယ်...ဖတ်လို့  အရမ်းကောင်းတယ် မမလှိုင်...
အိန်ဂျယ်လေးရေ ညားသွားတာလား မညားဘူးလား
ဒါဘဲပြော
ညားတာမတွေ့လိုက်လို့း)
ခင်တဲ့
မဒိုးကန်
ပွဲတက်မယား ဆိုတဲ့စကားလုံးကို ပညာမတတ်တဲ့သူ မိန်းကလေးက ဆင်ခြင်မိစေတာလေး သဘောကျပါတယ်။ တချို့ ပညာရေးအကြောင်းကြောင်းကြောင့် ချို့တဲ့ပေမယ့် စိတ်ဓာတ်အဆင့်မြင့်မားတဲ့ မိန်းကလေးများလည်း တွေ့ဖူးပါတယ်။ မိန်းကလေးဆိုတာမျိုးက အဆင်းရော အချင်းပါပြည့်စုံရင် ပိုကောင်းတာပေါ့ညီမရေ..။
ပွဲတက်မယား ..ဆိုတဲ့
စကားလေးကိုကြားလိုက်ရတာ..
ရင်ထဲတမျိုးဘဲ..လှိုင်ရယ်..
ခင်တဲ့ Blackroze
ညားလား ညားဘူးလားဟင် ..
ပညာရေးကိုတော့ အားပေးတယ် .. ပညာဥာဏ်ရှိမှ အမှားအမှန် ဝေဖန်ခွဲခြားနိုင်မယ်မလား ..
အဖြေပေးပါ .. ညား မညား .. :D
ဟုတ်ကဲ့.ကျွန်တော်လည်းရှည်ရှည်ဝေးဝေး
တွေ မပြောတော့ပါဘူး..
.အပေါ်က သူတွေ အားပေးသွာအတိုင်းပါပဲဗျာ..
.;p;p;p.
လေးစားစွာဖြင့်
(ဒုတိယ)
ကျွန်တော် အလုပ်မအားတာနဲ့ အခုမှ ၀င်ဖြစ်တယ်ဗျာ....အခုဖတ်လိုက်တဲ့ တစ်ပုဒ်က အချိတ်အဆက်အရမ်းမိတယ်၊ မိဘရဲ့မေတ္တာကိုလည်း မြင်ရတယ်။ ကျေးလက် က လူတွေရဲ့ မှားယွင်းမှုတွေကိုလည်း ကွက်ကွက်ကွင်းကွင်း ထောက်ပြနိုင်တယ်။ အရမ်းကောင်းတယ်ဗျာ...........
ခနွဲ
သရုပ်ဖော်လေးကို အရမ်းကြိုက်ပါတယ်ခင်ဗျာ။ ကိုအောင်လွင်က မြယာကို ပခုံးလေးဖက်ပြီးတော့ သမီးလေးမနိုးအောင် တိုးတိုးလေး အားပေးရင်း သူ့အတွက် မြယာဟာ ပွဲတက်မယား အဖြစ်ထိုက်တန်ကြောင်း၊ တန်ဖိုးမဖြတ်နိုင်တဲ့ မယား အလိမ္မာလေးဖြစ်ကြောင်း အားပေးခန်းလေးနဲ့ ရင်သွေးလေးကို ဘယ်လို ဆက်လက်ပြီး မြေတောင်မြှောက်ပေးရင်း ဘ၀ကို ဖြတ်သန်းကြမယ့်အကြောင်းနဲ့ သိမ်းလိုက်ရင်တော့.... လွှတ်ကောင်း။ လျှောက်ရေးသွားတာကို ဗွေမယူပါနဲ့နော် မအိန်ဂျယ်.... :) ခင်မင်စွာဖြင့်
AH
အိပ်စက်မရတဲ့ အတွက်ကြောင့် လားတော့ မသိ ဒေါ်မြယာ၏ မျက်လုံးတွေ ကျိမ်းစက်နေသည်။ အိပ်မပျော်သူတွေရဲ့ ထုံးစံအတိုင်း
ဆိုတဲ့စာမှာ ပြန်ကြည့်ကြည့်ပါ။ စာ ဟန်နဲ့ စကားပြောဟန် ရောနေတယ်။ အိပ်စက်မရသည့်၊ အိပ်မပျော်သူများ၏ ထုံးစံအတိုင်း စသဖြင့် ဖြစ်မှ စာဟန်အတိုင်းသွားမှာပါ။ စာဟန်ဆိုစာဟန်၊ စကားပြောဟန်ဆို စကားပြောဟန် အဲဒီလိုထိန်းမှပိုကောင်းပါတယ်။ အရေးအသားတက်လာတယ်။ အောင်လွင်က ဘယ်ရောက်သွားလဲ။ ကလေးအဖေက ဘယ်သူလဲ။ အဲဒါတွေတော့ဖော်ပေးသင့်တယ်။ အစ်ကို မျက်စိရှန်းတာများလား။ နေကောင်းရဲ့လား။ လာမလည်တာကြာပြီ
ပို့စ်တော်တော်များများ ထဲမှာ အားလုံး ရေးအားကောင်းကြတယ် ။ ဒါကိုလည်း ကွန်မန့်ပေးသူ တော်တော်များများ လက်ခံထားတာ တွေ့တယ်။
အကို ဖတ်ကြည့်မိတာတွေမှာ ဒီပို့စ်က တကယ် ပြောင်မြောက်ပါတယ်။ ( မှတ်ချက်။ ။မြောက်ပြောတာမဟုတ်ပါ ။ အခြားပို့စ်များနဲ့လည်း နှိုင်းယှဉ်ပြီး ပိုကောင်းနေတယ်လို့ ဆိုလိုတာ မဟုတ်ပါ။ ) ဒါပေမယ့် -
ဇာတ်လမ်းရဲ့ အချိတ်အဆက်သဘောနဲ့ ပေးချင်တဲ့ ရသ မူရင်းရည်ရွယ်ချက်ကို သွယ်ဝိုက် ထားပေး နိုင်တာက အခြားပို့စ်တွေထက် ပိုအားကောင်းနေတယ် လို့ မြင်ပါတယ်။
အဲ့ဒါကြောင့် အခြားပို့စ်တွေထက် ဒီမှာပဲ ကွန်မန့် ထားခဲ့ပါတယ်။
အတွေးအား ကောင်းသလို၊ ရေးသားချိန်မှာ ခံစားချက် ( Mood ) နည်းနည်း ဝင်စားထားပုံ ရတယ်။ အထက်မှာ ပြောထားကြတဲ့ ကွန်မန့် ဆရာများလို ဇာတ်လမ်းက ပြတ်နေတယ်ဆိုတာကတော့ ဝတ္ထုရေးသူရဲ့ မူရင်း စေတနာကို ပြန်ကြည့်ရပါလိမ့်မယ်။ သူ ဘာကို ပေးချင်တာလဲ။ ဘာကို ဖော်ပြချင်တာလဲ။ ဒါမှမဟုတ်၊ ကိုယ်ရော ဘာရလိုက်သလဲ။ ဘယ်လို ဖြစ်သလဲ။ နောက်ဆုံး ဒီရသ က နေ ကိုယ့်အဇ္ဈတ္တမှာ ဘာကျန်ခဲ့ပါသလဲ ။ ဒါ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လိမ့်မယ် ထင်ပါတယ်။
ငါ့ညီမလေး ဒီထက်မက ပြောင်မြောက်နိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေ။
အကို
ဇေယျ
အောင်လွင် ကို ကျောခိုင်းခဲ့တယ်ပေါ့နော်..း(
ဝတ္တုတိုလေးတွေ ကြိုက်လို့ တစ်ထိုင်ထဲနဲ့ အချိန်ရသလောက် အားပေးသွားတယ်။ နောက်နေ့တွေ ထပ်လာဦးမယ်း)
ပညာပေးလေး...အရေးအသား ကောင်းတယ်။
ကောင်းတယ်... မိုက်၏ ..... သယ်ချင်း ......
မက်ဆေ့ပေးသွားတာ လိုရင်းကို ထပ်ခနဲပဲ .......
အချစ်အကြောင်းလေးထည့်ထားတာမှာ အားလုံးညှိလို့ရတဲ့ အနေအထားမှာ ကိုယ့်ဘာသာကို လောကနိယာမတွေနှင့် ဖြတ်တိုင်းပီး ဆုံးဖြတ်လိုက်တာတော့မှားတယ်.... ( မိန်းကလေးဘက်က ဒီလိုမဆုံးဖြတ်သင့်ဘူးထင်လို့ပါ )
[url=http://dcxvssh.com]gSxYel[/url] , IVCQIl , http://yuxeflk.com
Post a Comment