http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, January 22, 2012

တစ်ညတာ နေရာ


ပင်လယ်ပြင်ရဲ့ တဝုန်းဝုန်း လှိုင်းတွေနဲ့အတူ ကမ်းစပ်ကို လာရိုက်တဲ့ ကြက်ခွပ် လှိုင်းလေးတွေကို သူမက ခြေထောက်နှင့် ထိရုံလေး ဆော့ကစားနေသည်။ လေအလွင့်မှာ သူမနားသယ်စပ်က ဆံနွယ်တစ်ချို့က ထုံးဖွဲ့မှုအောက်မှ ရုန်းထွက်လာသလို အနည်းငယ်မျှသော ဆံနွယ်တစ်ချို့က ကပိုကရိုနဲ့ သူမရဲ့ ရင့်ကျက်သော အလှကို ပံ့ပိုးနေသလိုပင်။ သူမက ကျွန်တော်ကို အတော်ကြာမှ " အဆင်ပြေတယ် နေကောင်းတယ်မလား " လို့ခပ်တိုးတိုး အမေးကို ခေါင်းငြိမ်လို့ ပြန်ဖြေတော့ သူမနဲ့ ကျွန်တော်ကြားမှာ ပြောစရာ စကားလုံးတွေ မရှိတော့သလို။ သူနဲ့ တစ်နေ့ ပြန်ဆုံမယ် မထင်ထားခဲ့သလို ယခုနေရာမျိုးမှာ ဆုံဖြစ်ကြမယ်လို့ ပိုလိုတောင် မထင်ထားတဲ့ ကျွန်တော်။

" ကုမ္ပဏီရဲ့ အစည်းဝေးတစ်ခုကို ဒီမှာ လုပ်လို့လေ နိုင်ငံခြားက ဧည့်သည်တစ်ချို့လည်း ပါတာကြောင့်..." လို့သူမက ကျွန်တော်မမေးသော သူမရောက်လာခြင်းအကြောင်းကို သူမဘာသာ ရေရွတ်သလို ပြောနေပြန်သည်။ ဟုတ်ပါတယ်လေ ကျွန်တော်နားနဲ့ မဆန့်အောင်ပဲ သူမရဲ့ အောင်မြင်မှုတွေက အံ့မခန်းပါပဲ။ စီးပွားရေး နယ်ပယ်မှာ သူမကို မသိသူ မရှိလောက်အောင် သူမရဲ့ စွမ်းဆောင်ရည်က ထင်ရှားလွန်းလို့ သူမအကြောင်း ဖြစ်နိုင်လျှင် မပြောပဲနေလေ့ရှိသော မေမေကပင် ထုတ်ဖော်ပြောရလောက်အောင်ပဲ သူမက ထူးချွန်ထက်မြတ်သူပင်။ " စာတွေရေးနေတုန်းပဲလား " လို့ ခပ်တိုးတိုးမေးတော့ " အင်း " လို့ တစ်ခွန်းထဲသာ ဖြေရင်း ကျွန်တော်သူမရဲ့ မျက်ဝန်းထဲက အရိပ်တစ်ချို့ ရှာဖွေနေမိသည်။ သို့သော် ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကြောင့်လား၊ သူမရဲ့ လှိုဝှက်နိုင်မှု ကြောင့်လား၊ မသိ အချည်းအနှီးသာ ဖြစ်ရသည်။

တစ်ကယ်ဆို သူမရော ကျွန်တော်ပါ တစ်ချိန်က စာပေကို ရူးသွပ်ခုံမင်ခဲ့ကြဖူး သူများဖြစ်သည်။ သူမကပင် ကျွန်တော်ထက်စောစွာ မဂ္ဂဇင်းတစ်ချို့မှာ အသိမှတ်ပြု ဖော်ပြခြင်း ခံခဲ့ရသူလေ။ အခုတော့ စာပေလောကဆိုတာ သူမနဲ့ အဝေးကြိး ဝေးနေရောပေါ့လေ။ တစ်ချိန်က သူမပစ်ချထားခဲ့တဲ့ ဘဝမှာပဲ ကျွန်တော်ကတော့ နေသားကျနေသူပီပီ သူမလိုတော့ အောင်မြင်မှုတွေနောက် မလိုက်ပါခဲ့သူပီပီ ခုချိန်ထိ အတိတ်ရဲ့ အရိပ်တစ်ချို့က ရုန်းမထွက် နိုင်သေးသူပေါ့။ မေမေနဲ့ သူမရဲ့ ပဋိပက္ခကြားမှာ ကျွန်တော်နှလုံးသားက မြေဇာပင်။ သူမအောင်မြင်လေလေ မေမေက ကျွန်တော်ကို အပြစ်တင်လို့ ဆူလို့ ကောင်းလေလေပဲ။ ကျွန်တော်ကတော့ သူမလို ဝါသနာကို ကျောခိုင်းရလောက်အောင် စိတ်ဓါတ် မပြတ်သားသူ တစ်ယောက်ဆိုပေမယ့် ကျွန်တော်ရဲ့ ရူးသွပ်မှုတစ်ခုကို ခုချိန်ထိ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ဖမ်းထားနေဆဲ အခြေနေ။

သူမကတော့ တစ်ချက်တောင် လှည့်ကြည့်ဖော်မရ အောင်ကိုပဲ ပြတ်သားလှစွာ ကျွန်တော်နဲ့ သူမရဲ့ ဝါသနာကိုပါ အပြိးတိုင် စွန့်လွတ်ခဲ့ပြိး ဈေးကွက်ဆန်ဆန်ပဲ သူမက အရာရာကို တွက်ချက်နေတက်ပြီလေ။ " စာတွေ ပြန်ရေးဖို့ မကြိုးစားတော့ဘူးလား.. အစီစဉ် မရှိတော့ဘူးလား..." လို့ ကျွန်တော်မေးတော့ သူမက ဟက်ဟက်ပက်ပက်ကို ရယ်မောရင်း " အနုပညာဆိုတာ ရိုးသားမှု အရင်းခံရှိနေမှ အခုနေ စာပြန်ရေးမယ်ဆိုရင် ခေါင်းထဲမှာရော အသိထဲမှာပါ ရိုသားနေမယ် မထင်ဘူးလေ " တဲ့။ " The Best Seller တစ်ယောက်ဖြစ်ဖို့ပဲ စိးပွားရေး ဆန်ဆန် လုပ်မိမယ် ထင်တယ် " လို့ အရယ်တဝက်နဲ့ ဖြေသည်။ ကျွန်တော်ကို သူမက စေ့စေ့ကြည့်ရင်း " အရင်အတိုင်းပဲ ခေါင်းမာနေတုန်းပဲပေါ့ " လို့ ပြောတော့ " ဟုတ်တယ် ကျွန်တော်အတွက် တစ်ချို့ကိစ္စတွေက ရုန်းထွက်ချင်တာတောင် ထွက်လို့မရနိုင်ဘူး ဖြစ်နေတယ် "လို့ ပြန်ဖြေတော့ သူမက မျက်နှာလွဲရုံမက စကားလမ်းကြောင်းပါ လွဲဖို့ ပြင်သည်။

" အန်တီနဲ့ရော အဆင်ပြေရဲ့လား "လို့ သူမကမေးတော့" အင်း မေမေနဲ့က ဒီလိုပါပဲ "လို့ ဖြေရင်း မေမေနဲ့ စကားများပြိး သုံးနှစ်လောက် အိမ်ပေါ်မှဆင်းပြိး ယုံကြည်ရာ ရွက်လွင့်ခဲ့တဲ့ ကျွန်တော်အကြောင်း သူမ သတင်းကြားတယ် ထင်ပါရဲ့လို့ တွေးမိသည်။ သူမလို အမျိုးသမီး တစ်ဦးက တရှိန်ထိုး အောင်မြင်နေချိန်မှာ ကျွန်တော်က လေလွင့်လို ကောင်းနေတော့ မေမေခမျာ သားယောက်ျားလေး ဖြစ်တဲ့ ကျွန်တော်အပေါ်မှာ အားကိုးမှု မပြုနိုင်ပဲ ညီမလေးကိုသာ အိမ်ရဲ့ စီးပွားရေးထဲ မရမက သွင်းရင်း အလိုမကျတိုင်း ဘေးထွက်နေတဲ့ ကျွန်တော်ကို အပြစ်တွေ တင်ပြိးရင်းတင်လို့လေ။ စီးပွားရေး လောကသား အချင်းချင်းမို့ သူမရဲ့ အောင်မြင်မှုတွေ ကြားတိုင်း မေမေက သူရဲ့ မကျေနပ်မှုတွေကို ကျွန်တော်ပေါ်သို့ ဖွင့်ချရန်လိုသူ၊ ကျွန်တော်ကလည်း မေမေ ဆန္ဒမှန်သမျှ ငြင်းဆန်လိုက်ရမှ အရွဲ့တိုက်ရမှ ကျေနပ်သူ ဒီလိုနဲ့ မကျေလည်မှုတွေက သားအမိနှစ်ယောက်ကို အချိန်ကာလ အခိုက်အတန့်ထိ ဝေးသွားစေခဲ့ပြီး မနှစ်က မေမေကျန်းမာရေး တော်တော်လေး ချို့တဲ့လာလို့ ကျွန်တော် အိမ်ပေါ် ပြန်ရောက်ခဲ့သည်။

အိမ်ပေါ်ရောက်ပေမယ့် ကျွန်တော်ကတော့ ယုံကြည်မှုတစ်ခုကို လွတ်ချဖို့ စိတ်ကူးမရှိတာ သေချာသွားတော့ မေမေက ကျွန်တော်ရဲ့ ရူးသွပ်မှုကို အားမပေးသလို အရင်လို ရှုပ်ချမှုလဲ သိပ်မလုပ်တာကြောင့် ကျွန်တော် ဝါသနာပါရာ စာရေးခြင်း၊ ကဗျာရေးခြင်းကို အေးချမ်းစွာ လုပ်နိုင်လေသည်။ သို့သော်လည်း နယ်ပယ်ကျဉ်းလှသော စီးပွားရေး အသိုင်းဝိုင်းတွင် သူမရဲ့ အောင်မြင်မှုတွေ ကြားရတိုင်း မေမေကတော့ မျက်စောင်း တခဲခဲနဲ့ ကျွန်တော်ကို ကြည့်တက်သူ ဖြစ်လာခဲ့သည်။ " သူများ သားသမိးတွေများ ဘဝနာတက်သလို စိတ်ဓါတ်လည်း ပြင်းထန်လို့ ကြိုးစားရမှန်း နားလည်တယ် အိမ်က ငါမွေးထားတဲ့ သားက ငါသွေးမှ ပါရဲ့လား မသိ နာရကောင်းမှန်း၊ ကြိုးစားရ ကောင်းမှန်း၊ နားမလည်ဘူး ရယ် "လို့ ကျွန်တော်ကို သူမနဲ့ နှိုင်းယှဉ်ကာ အပြစ်တွေ တင်နေတက်ပြန်သည်။ မေမေရဲ့ ဒေါသတွေထဲမှာ သူမကို နှစ်သက် သဘောကျတဲ့ အရိပ်တစ်ချို့ ပါဝင်နေတာ မြင်ရတိုင်း ဟိုးယခင်က မေမေသာ စကားမကျွံခဲ့ရင် ဆိုတဲ့ အသိလေး ကျွန်တော်ရင်သို့ ပြင်းပြင်းရှရှ တိုးဝင်ခဲ့ရသည်။

တစ်ကယ်တမ်း မေမေသာ အစိုးရိမ် မလွန်ခဲ့ဘူး ဆိုရင် သူမရင်ထဲက နူးညံ့တဲ့ စိတ်ထားတစ်ချို့နဲ့ စာပေပေါ် ချစ်မြတ်နိုးတဲ့ ယုံကြည်တဲ့ စိတ်လေး အခုလို ပျောက်ဆုံးသွားမှာ မဟုတ်ဘူးလို့လည်း တွေးနေမိသည်။ သို့သော် ကျွန်တော်အထင် အရာရာဟာ နောက်ကျပြိးမှ ရတဲ့ နောင်တလိုပဲ ဘာမှမတက်နိုင်ခဲ့ဘူးလေ။ သူမဆီမှာ ကျွန်တော် နှစ်သက် စွဲလန်းမိတဲ့ အရာတစ်ချို့ ရှာဖွေလို့ မတွေ့ရတော့တာ ကျွန်တော်အတွက် ကြီးမားသော ရတနာ တစ်ချို့ ကျပျောက်သွား ရသလိုပင်။ ယခုလည်းကြည့်လေ စာရေးဖို့ တိုက်တွန်းမိတဲ့ ကျွန်တော်ကို ပါးစပ်အဟောင်းသား နဲ့ ပြောစရာ စကားမဲ့သွားအောင် သူမက အကွက်စေ့နေလိုက်တာ အရာရာ အနုပညာ မဆန်ပဲ ဈေးကွက် သဘောတရား ဆန်နေတာတွေများ မေမေ တစ်ယောက်သိရင် ကျေနပ် အားရကာ ကျွန်တော်ကိုပဲ အပြစ်တင်နေအုံးမယ် ထင်ပါတယ်လေ။ ပျောက်ဆုံးသွားတဲ့ သူမရင်ထဲက အနုပညာ တစ်ချို့ကို တစ်နည်းနည်းနဲ့ ဆက်လက် ရှင်သန်စေချင်မိတဲ့ ကျွန်တော်ရဲ့ ရင်တွင်းဆန္ဒ တစ်ခုက ဘယ်တော့မှ မပေါ်ပေါက်လာနိုင်တာ သေချာသွားပြီပေါ့။

သူမမှာ ကျွန်တော် လေးစား၊ အားကျခဲ့ရတဲ့ အနုပညာ အရည်ချင်းတွေ ရှိနေခဲ့ပါလျှက်နဲ့ သူမက စွန့်လွန်ပစ်နိုင်ခဲ့သူ တစ်ယောက်။ ကျွန်တော် ရင်ထဲ ကိန်းအောင်းနေတဲ့ အနုပညာ တစ်ချို့ကို သူမကပဲ ဖော်ထုတ်စေခဲ့ပြီး သူမကတော့ သူမရဲ့ အနုပညာကို ကိုယ်တိုင် ချုပ်ငြိမ်းစေခဲ့တဲ့သူ။ တည်ငြိမ်ခြင်းတွေ အမြဲရှိနေတက်တဲ့ သူမမျက်နှာလေးက အခုတော့ တစ်စုံ တစ်ခုကို အလိုမကျသလို စိတ်ရှုပ်နေသလိုလိုနဲ့ အနည်းငယ် မာထန်လို့နေသည်။ ဟိုးယခင် ကျွန်တော်နဲ့ ကဗျာတွေ အတူရွတ်၊ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို အပြန်လှန် ဆွေးနွေး၊ ဘာသာပြန် စာအုပ်တွေကို အမြင်တွေ ဖလှယ်ခဲ့တဲ့ ပေါ့ပေါ့ပါးပါး မျက်လုံးဝိုင်းဝိုင်းမှာ မျှော်လင့်ချက် အရောင်တွေ လက်နေတက်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပုံရိပ်မျိုး ရှာလို့ မတွေ့နိုင်တော့။

သူမထံမှ "ဘယ်တော့ ပြန်မှာလဲ ဒီမှာ ကြာအုံးမှာလား "လို့ ကျွန်တော်ကို မေးတော့ "အင်း ကြာအုံးမယ် စိတ်ပြေလက်ပျောက် ကဗျာလေး စာလေး ရေးဖြစ်အောင် ထွက်လာတာဆိုတော့ နေဖြစ်အုံးမယ် ထင်တယ် " လို့ဖြေတော့ သူမက ခပ်သွပ်သွပ်ပင် " အင်း...ကောင်းပါတယ်" တဲ့လေ။ " နဒီ ကတော့ မနက် (၈)နာရီလောက်ဆို ရန်ကုန်ပြန်မယ် အလုပ်နဲ့ လာတာဆိုတော့ ကြာကြာ နေလို့ မရဘူးလေ အခုလည်း ပရောဂျက် အသစ်အတွက်နဲ့ နိုင်ငံခြားက ဧည့်သည်တွေလာလို့ ဒီမှာ စီစဉ်ဖြစ်သွား တာဆိုတော့ " ပြောရင်းသူမက ပြောလက်စ စကားကို ရပ်လိုက်သည်။ ကျွန်တော် ဘာမှ မဆိုဖြစ်ပဲ ခေါင်းသာ ညိမ့်ပြ ဖြစ်သည်။ " ညနေ ဒင်နာပွဲ ရှိလို့ စီစဉ်စရာလေးတွေလည်း ရှိတော့ နဒီ သွားတော့မယ်နော် နောက်တစ်ခါ မှပဲ အေးအေးဆေးဆေး ဆုံတဲ့အခါ စကားပြော ကြသေးတာပေါ့ " လို့ သူမက သိသိသာသာ နှုတ်ဆက်တော့ ကျွန်တော် စကားမဆို ဖြစ်ပဲ ခေါင်းသာ တွင်တွင် ညိမ့်ပြမိသည်။ သူမနဲ့ ပတ်သတ်လာရင် ကျွန်တော်မှာ ခေါင်းညိမ့် တာတစ်ခုကလွဲရင် ကျန်တာ ဘာမှ မလုပ်နိုင်အောင်ပဲ ညံ့ဖျင်းလှသူပါ။

အရာရာကို သူမ စိတ်တိုင်းကျ ဘဝတစ်ခုကို ချယ်လှယ်နိုင်သူ ပီပီ ဦးစွာ နှုတ်ဆက်ရင်း ကျောခိုင်းသွားတဲ့ သူမနောက်ကျကို ကျွန်တော် ငေးမော ကြည့်မိရင်း ဘာရယ်မဟုတ် သူမဖြတ်သန်းသွားရာ ကမ်းခြေ တစ်လျှောက်က လှိုင်းကလေးတွေက သူမရဲ့ ခြေထောက်အနား ပြေးလွှား နှုတ်ဆက် နေသယောင် ..။ သြော် သူမပြောသလို နောက်တစ်ခါ ဆိုတာ မသိနိုင်တဲ့ မသေချာတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံတွေ့မှုက နှောင် အနှစ်(၅၀)လောက် ဖြစ်မယ် ထင်ပါရဲ့လို့ ခပ်ရွတ်ရွတ်တွေးရင်း မြင်ကွင်းထဲမှ ပျောက်လုနီးနီး သူမရဲ့ ပုံရိပ်ကို ကျောခိုင်းလိုက်မိသည်။ ဒီလိုပါပဲ... မရေရာတဲ့ ယုံကြည်မှုတစ်ခု အသက်ရှင်နေရတဲ့ ကျွန်တော်ကို သေချာမှုတွေ အခိုင်မာ ရရှိနေတဲ့ သူမရဲ့ အတွေးထဲမှာ နေရာရခဲ့မယ်ဆိုရင်တော့ တစ်ညတာ ထက်တော့ ပိုမယ် မထင်ပါဘူးလေ။

################
###########
######

အစဉ်အမြဲ
ကြိုးစားလျှက်...
Written By Angelhlaing
Sunday,January 22, 2012
8;09 PM(Austria)
www.angelhlaing.blogspot.com

21 comments:

wow! good one Angelhlaing, I like your post. Khine

တညတာ ဆိုပေမဲ့လည်း
ခဏတော့နေခွင့်ရလိုက်တာဘဲလေ..

အရမ်းကောင်းတယ် အိန်ဂျယ်..မာနတွေ၊ ချစ်ခြင်းတွေ၊ လွှမ်းမောခြင်းတွေ ခံစားရတဲ့ ပို့ စ်လေးပါ..

လွမ်းစရာလေးနော် :)

ခဏတွေ့တာကိုရေးထားတာ ၀တ္ထုတစ်ပုဒ်ဖြစ်သွားပါရောလား ညီမလေး။ ကောင်းပါတယ်။ စာရေးရင် မလောနဲ့။ ညီမလေး ဆိုလိုချင်တဲ့ နောက်ဆုံးစာသားရဲ့ အဓိပ္ပါယ်ကို အစ်ကိုတော့ မနည်းဖမ်းယူလိုက်ရတယ်။ အစ်ကိုညံ့တာလည်းပါမယ်ထင်ပါတယ်။ ၀တ္ထုတိုဆိုတာမျိုးကျတော့ နောက်ဆုံးမှ ကိုယ်ပေးချင်တာနဲ့ ရိုက်ချထည့်လိုက်ရတာမျိုးလို့ အစ်ကိုထင်ပါတယ်။

လွမ်းစရာလေးပဲ အရမ်းကောင်းတယ် ညီမလေးရေ

သူ့ရင်ထဲက အနုပညာကို ဆွဲထုတ်ပေးပြီး သူမရင်ထဲက အနုပညာကို ချုပ်ငြိမ်းစေခဲ့သူ . . . . သုံးသွားတဲ့ စကားလေး လှလွန်းတယ် မိလှိုင် . . .

ဘာကြောင့်ရယ်လို့ ၀ထ္ထုထဲမှာ မပြောခဲ့ပေမဲ့ . . . တခါတလေ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ရတာဟာ သိပ်ကို ခက်ခဲပါတယ် သိပ်ကို ပြတ်သားလွန်းရပါတယ် . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

အင်း ကိုဆူးသစ် ပြောသွားတာ မှန်တယ် မိလှိုင် . . ငါ့ညီမ နည်းနည်းလောသွားတယ်လို့ အကိုလည်း ထင်တယ် . . ပေးချင်တဲ့ မက်ဆေ့က အာရုံစူးစိုက်ဖတ်တဲ့သူမှသာ ရသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ် . .း)

ခင်မင်စွာဖြင့်
အကိုဗညား

မိုက်တယ်အစ်မ.. ဖတ်ရတာ ညက်ညောတယ်..
အတုယူရမယ်..

ရင်ထဲက အချစ်
လူတိုင်းမှာရှိတဲ့ မာန
ခံစားဖူးသူတိုင်းသိတဲ့ အလွမ်း
အားလုံးကိုခံစားလိုက်ရ့ပါတယ်
ချစ်တဲ့
jasmine
အာဘွားးးးးးးးးးးး

တစ်ခဏလေးဆုံဆည်းခိုက်ကို ဇာတ်လမ်းတစ်ပုဒ်အနေနဲ့
ဖော်ပြနိုင်စွမ်းရှိတယ်။ စာအရေးအသားလေးတွေလည်း
ညက်တယ်။ ကိုယ်တိုင်သာ မရေးတတ်တာ အဲဒီလို
သူများရေးထားတဲ့ဇာတ်လမ်းကောင်းလေးတွေ
လိုက်ဖတ်ရတာ အရသာပဲး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ခြင်းတရားတွေမာနတွေကို
အရေးအသားညက်ညက်လေးရေးပြနိုင်တယ်
ညီမကစာရေးတော်လိုက်တာ
စာရေးသူခံစားချက်ကိုလဲမြင်ရတယ်
ခင်မင်တဲ့
ဘိုဖြူ

ညီမ ရေ

စာလေးဖတ်သွားတယ်နော်
ကျေးဇူး

ဇာတ်ဆောင် နှစ်ယောက်ရဲ့ စရိုက်လေးတွေကို မိခင်ဖြစ်သူနဲ့ ချိန်ထိုးပြသွားတာ ပိုပီပြင်သွားစေတယ်။
စာရေးခြင်းအတတ်ပညာထဲမှာ တစစနဲ့ အသားကျစ ပြုလာပြီ။ သေချာတာက ဇာတ်လမ်းဖော်ပုံတွေ အရင်ထက် ပိုပြီး ပိုကောင်းလာတယ်။

အိုး... စာကောင်းတစ်ပုဒ်ပဲ အိန်ဂျယ်ရေ..။ တခါတခါ ဘ၀မှာ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရဲရသေးတယ်.... လောကမှာ အောင်မြင်ကျော်ကြားနေတဲ့သူတွေကို မေးကြည့်ရင် တစ်ခုမဟုတ် တစ်ခုတော့ သူတို့နှစ်သက်မြတ်နိုးရာအရာတွေကို စွန့်လွှတ်ခဲ့ကြတတ်တယ်.... တကယ်တော့ သူမလို စိတ်ထားနိုင်ဖို့ဆိုတာလည်း မလွယ်လှပါဘူး... အောင်မြင်မှုအတွက် ရုန်းကန်နေတဲ့ သူမနှလုံးသားထဲမှာ သူ့အတွက် အတွေးတွေ တညတာပဲရှိနေလိမ့်မယ်ဆိုတာ သေချာရဲ့လားလေ... တခါတခါ ဆုံးဖြတ်ချက်ပြတ်သားသူတစ်ယောက်ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ဗရပွပါကွယ်....


ခင်မင်လျက်
နေ၀သန်

အင်...မိန်းကလေးက အောင်မြင်ပြီး... ယောင်္ကျားလေးက ကျန်ခဲ့ရတယ်လို့... ဝတ္ထုတိုအနေနဲ့တော့ ကောင်း၏။။ ဖြစ်ချင်တာကို ရေးထားတာဆိုရင်တော့.. :P :P :P

ဖတ်ရင်းနဲ့ ရင်ထဲ လွမ်းရတာရော၊ မောရတာရော အစုံခံစားရတယ် မမရေ... အော်... ထက်မြက်တဲ့မိန်းမတွေကိုကျ ဘာလို့များ အပြစ်မြင်ချင်တာလဲ သိဝူးနော်... :P

ချစ်ခင်လျက်
Junemoe

ကိုယ်ယုံကြည်ရာ လျှောက်ခဲ့တဲ့လမ်း အကောင်းဆုံးဖြစ်အောင် လျှောက်ကြတာ သဘာဝပါဘဲလေ... ဝါသနာကနေ သွေဖယ်ပြီး ကိုယ့်လမ်းကိုယ် အကောင်းဆုံး လျှောက်နေကြသူတွေ အများကြီးပါလေ...

ဒီလိုနှင့် ဝေးသွားရောလား ၊ ဖတ်ရတာ ရင်မောသွားတာပဲ .........

ခင်တဲ့
မိုးဇက်

လှိုင်ရေ...

စာတွေဖတ်ဖို့ သတိရတယ်။ ဟိုရက်တွေက ခရီးသွားနေလို့ ခုပြန်ရောက်ရောက်ချင်း အပြေးအလွှား လာဖတ်ရတယ်။

စာလေး လှတယ် လှိုင်။

ခင်မင်စွာဖြင့်
မြတ်

တစ်ညတာကို အားပေးသွားပါတယ်...အဲလို ခပ်တိုတိုလေးတွေက ကောင်းတယ်...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More