http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

Thursday, August 9, 2012

အဆုံးသတ်ခြင်း မရှိခဲ့သော


အေးစက်နေတဲ့ အကြည့်တွေနဲ့အတူ မာကျောခက်ထန်နေတဲ့ မျက်ဝန်းစိမ်းတွေနဲ့ နောက်ဆုံးဆိုတဲ့ အသိတစ်ခုကို ကိုယ်စီ ရင်ဝယ်ပိုက်ပြီး မျက်နှာခြင်းဆိုင် ထိုင်နေရာမှ သူ့ဘက်မှ စတင်၍ သော့အတွဲလိုက်ကို စားပွဲပေါ် ပစ်ချရင်း " အဲ့ဒါ တိုက်ခန်းသော့၊ ကားသော့၊ ခင်ဗျားနဲ့ ကျွန်တော် ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး " တဲ့။ သူပစ်ချလိုက်တဲ့ သော့တွဲမှာ ချိတ်လျှက် ရှိနေတဲ့ အသဲပုံ ကျောက်စိမ်း သော့ချိတ်လေးကို ကျွန်မ ငေးကြည့်နေမိသည်။

မိုးကုတ်ရောက်တုန်း သူ့အတွက် အမှတ်တရ အဖြစ်ဝယ်ခဲ့စဉ်က သူသိပ် သဘောကျခဲ့ ဖူးတဲ့ သော့ချိတ်လေး။ ကျောက်စိမ်းအစစ်နဲ့ လုပ်ထားတာမို့ ဈေးကြီးပေမယ့် သူ့အတွက် ဆိုတော့လည်း ငွေကြေးဆိုတာ ထည့်တွက်ရ ကောင်းမှန်း နားမလည်ခဲ့တာ အမှန်။ ချစ်ခြင်း၊ မေတ္တာကိုသာ အခြေခံလို့ သူ့စိတ်ကြိုက်၊ သူ့သဘောဆိုတာတွေသာ ခေါင်းညိမ့် ဖြည်းစည်း ပေးတက်ခဲ့တာ။ သူ့ဆန္ဒတွေ ပြည့်ဖို့ အရာရာ ဖြည့်စည်း ထောက်ပံ့ပေးခဲ့သမျှ နောက်ဆုံး သူစွပ်စွဲခဲ့သလို " ငွေကြေးနဲ့ လူတစ်ယောက်ရဲ့ ဘဝကို အပိုင်သိမ်းတယ်" ဆိုတဲ့ ဝေါဟာရမှာ တစ်ချိန်လုံး ငုံ့နေခဲ့တဲ့ မာနက ခေါင်းပြူလာခဲ့သည်။


အရာရာ သူ့ကိုပံ့ပိုးထောက်ပံ့ ခဲ့သမျှ အချစ်ကြောင့်လို့ မခံယူပဲ လူတစ်ယောက်ရဲ့ ဘဝကို သိမ်းသွင်းခြင်းလို့ ခေါင်းစဉ် တပ်ချင်မှပေါ့ ကျွန်မဆိုတာ ဘယ်လိုလူမျိုး ဆိုတာ သူအစောကြီးထဲက သိသင့်တာပေါ့။ အရာရာ ပြည့်စုံနေတဲ့ မိန်းမတစ်ယောက်က ငွေနဲ့ပုံပြီး ယောက်ျားတစ်ယောက် သိမ်းသွင်းရ လောက်အောင် ဘဝတစ်ခုလုံး အတွက် မလိုအပ်ဘူး ဆိုတာ သူမသိခဲ့လေ ရော့သလား။ သူ့ဆီမှာ ရှိတဲ့ ယောက်ျား တစ်ယောက်ရဲ့ မာန၊ အရည်အချင်း၊ စိတ်ဓါတ် အားလုံး ခုချိန်ထိ မလေးမစား မပြုမှုခဲ့ဘူးတာ သူအသိဆုံးပဲ ဖြစ်မှာပါ။

ကျွန်မ ဆိုတဲ့ မိန်းမဆိုတာ ကိုယ့်ဒူးကိုယ်ချွန်ခဲ့လို့ တော်ရုံ အခက်ခဲ ဆိုတာ ရင်ကော့ခံနိုင်သူမို့ စီးပွားရေးမှာ အတော်အသင့် နေရာရခဲ့သူမို့ မာကျောကောင်း မာကျောမယ် မခက်ထန်ဘူး၊ ပျော့ပျောင်းခြင်း ရှိချင်မှ ရှိမယ် ဒါပေမယ့် မရင့်သီး တက်ဘူး၊ အချိန်နဲ့ နေရာကို ခွဲခြားသိနိုင်သလို မိန်းမသား တစ်ယောက် ဦးဆောင်နေရတဲ့ ဘဝမို့ သာမာန်ထက် သဘောထား မာကောင်းမာနိုင်ပေမယ့် လုပ်သင့်မလုပ်သင့် ဆိုတာကို ခွဲခြား ဝေဖန်နိုင်စွမ်း ရှိသူတစ်ယောက်။ အရမ်းထက်မြတ်တဲ့ မိန်းမ တစ်ယောက်ရဲ့ ချစ်သူဖြစ်ရမယ့်သူက အရည်ချင်းတွေ ရှိသင့်သလောက် ရှိရမယ် ဆိုတာထက် တစ်ကယ်တမ်း အဲ့ဒီမိန်းမ ချစ်မြတ်နိုးခြင်း ခံရဖို့က အရေးကြီးတယ်ဆိုတာ သူသိသင့်ခဲ့ပါလျှက်နဲ့။

ပညာတက်တဲ့ ယောက်ျားတစ်ယောက် ဖြစ်တဲ့အပြင် အောင်မြင်လိုစိတ် ရှိသလို ကြိုးစား ထိုးဖောက် ထွက်လိုတဲ့ သူ့  ခံယူချက် လေးတွေကို သဘောကျ နှစ်သက် မိရာကစလို့ အယူအဆနဲ့ အမြင်တွေ မတူညီတဲ့ အပေါ်မှာ အပြိုင်ဆိုင် ငြင်းခုန်ရင်း နှစ်သက်ခဲ့ရတဲ့ ယောကျားတစ်ယောက်။ မတူတဲ့ အတွေးခေါ်တွေထဲမှာ ကိုယ့်အားကိုယ်ကိုးတက်တဲ့ မာန တစ်ခွဲသားခြင်း ရှိတာမျိုးလည်း တူလို့။ ကိုယ့်ခြေထောက်ဖို့ ကိုယ်ရပ်တည်ဖို့ ရှေ့ရေးနောက်ရေး မျှော်မြင်တွေးတော တက်တဲ့ သူတစ်ယောက်မို့ လက်တွဲဖော်တစ်ယောက် အနေနဲ့ အားကိုးအားထား ပြုချင်ခဲ့မိတဲ့ ကိုယ့်ရဲ့ အလေးထားမှုတွေကို သူလစ်လျူရှူ နိုင်ခဲ့မှတော့။

သူ့သဘော သူ့ဆန္ဒတွေကို ချစ်ခြင်းတစ်ခုနဲ့ လိုက်လျောခဲ့တာတွေ၊ မြတ်နိုးစိတ်နဲ့ ပံ့ပိုးမိတာတွေ၊ သူ့တစ်ယောက်သာ တစ်ကမ္ဘာထင်လို့ သူစေလိုရာစေ ခဲ့နိုင်ပြိးမှ မာနဆိုတဲ့ အလွှာခြင်း ပြိုင်ဆိုင်ဖို့ သူ့ဘက်က စတင် ရွေးချယ်လာခဲ့မှတော့ ဘယ်တော့မှ ခေါင်းငုံမခံတက်တဲ့ မာနက ခေါင်းပြူလာခဲ့တယ်။ " သေချာ ဆုံးဖြတ်ပြီးသွားပြီ မလား ဒါဆို မင်းနဲ့ ကိုယ်နဲ့ ပတ်သက်မှု တစ်စုံတစ်ရာမှ မရှိအောင် အရာရာ ရှင်းရှင်းလင်းလင်း လုပ်ခဲ့။ ပြီးရင် ကိုယ့်ဘဝထဲကို နောက်တစ်ကြိမ် ခြေဦးလှည့်ဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။ တစ်စုံတစ်ရာကြောင့်များ လှည့်လာဖြစ်ခဲ့ရင် မင်းဘဝ စုတ်ပြတ်သတ်သွားဖို့ ကိုယ်ရဲရဲကြီး တာဝန်ယူတယ်။ အဲ့ဒီအချိန်များ ရောက်လာခဲ့ရင် မင်းဘဝ ငါးပါးတင်မကဘူး သံဃာစင်ပါ မှောက်သွားစေရမယ် " လို့ ရာဇသံပေး ကြေငြာချိန် နာကျည်းမှုတွေ စွန်းနေတဲ့ သူ့နှုတ်ခမ်းက အပြုံး တစ်စက ရင်ဝကို ဓါးနဲ့ စိုက်ခဲ့သလိုပဲ။

နောက်ဆုံး ရှင်းတမ်းဆိုတဲ့ နှစ်ဦးသား ပတ်သက်မှု အဆုံးသတ် အပြီးမှာ " ခင်ဗျားကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော် ကူညီနိုင်မယ် ထင်တာမျိုး ရှိခဲ့မယ်ဆိုရင်တော့ အချိန်မရွေး Welcome ပါလို့ " မဲ့ပြုံးတစ်ဝက်ဖြင့် သူပြောတော့ " စောရီးပဲ မင်းကူညီမှ ဖြစ်နိုင်မယ့် ဆိုတဲ့ အလုပ်မျိုး ရှိလာခဲ့ရင် ကိုယ်အဲ့အလုပ်ကို စွန့်လွတ်လိုက်မယ် ဘယ်တော့မှ မင်းနဲ့ ပတ်သက်ဖို့ မကြိုးစားဖူး..၊ ကိုယ်မင်းလို သဘောထား ကြီးချင်ယောင် မဆောင်တက်ဘူး ဒါကိုယ့် စကားအကုန်ပဲ "လို့ ခပ်ပြတ်ပြတ် ပြန်ပြောရင်း သူကျောမခိုင်းခင်ပဲ ကျွန်မ သူ့ကို ကျောခိုင်းလိုက်တယ်။

သူ့ခြေသံ ဖွဖွလေးနဲ့အတူ အမြဲတမ်း ယဉ်နေပြီဖြစ်တဲ့ သူ့ကိုယ်သင်းရနံ့လေး တဖြေးဖြေး ကွယ်ပျောက် သွားချိန်မှ ကျွန်မ မျက်ဝန်းမှာ မျက်ရည်တွေ စိုလာခဲ့တယ်။ ခုမှမဟုတ်ပါဘူး သူဆိုတဲ့သူက မျက်ရည်ဆိုတာ ရှားပါးတယ်လို့ နာမည်ကျော်တဲ့ ကျွန်မဆီက မျက်ရည်နဲ့မှ ခြေဆေးခဲ့သူလေ။ ဒါဟာ သူနဲ့ ပါတ်သက်လာရင် နောက်ဆုံး မျက်ရည် ဖြစ်လိမ့်မယ်လို့ ကျွန်မ အာမမခံနိုင်ပေမယ့် သေချာတာကတော့ သူ ဘယ်တော့မှ မြင်ခွင့်ရတော့မှာ မဟုတ်တာ အသေအချာပဲ။ သူနဲ့ပတ်သက်တဲ့ ကျွန်မ ရင်ထဲက ခံစားချက် အမှန်ဆိုတာကို သူဘယ်တော့မှ သိခွင့်မရစေရဘူး။

မာနချင်းတူတယ်၊ ဘဝချင်းလဲတူတယ်၊ ဝါသနာလည်း တူတယ်၊ ခံယူချက်ခြင်းလဲတူတယ် ဒါပေမယ့် ကျွန်မတို့နှစ်ယောက် ဘဝကြီးပြင်းခဲ့ ပုံခြင်းကွာတယ်။ အဲ့ဒီကွာဟမှုပေါ်မှာ ဘဝကို ရင်ဆိုင်ကြတဲ့ ပုံစံခြင်း ကွာခြားသွားတယ်။ ရဲရင့်တယ်၊ ပြတ်သားတယ်လို့ ကျွန်မ အထင်ကြီးခဲ့တဲ့ ယောက်ျားတစ်ယောက်က ပတ်ဝန်းကျင်ဆိုတာကို သေချာဂရုစိုက် အလေးထား တက်တဲ့သူတစ်ယောက်၊ ကျွန်မက မှန်တယ်ထင်ရင် လုပ်ရဲသလို ဖြစ်လာသမျှ အကျိုးဆက်ကိုလည်း ရဲရဲကြီး ခံယူရဲပေမယ့် ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် တွေးကြောက်တက်တဲ့ သဘောထား တစ်ချို့နဲ့ ကျွန်မရဲ့ တွဲလက်ကို ဖြုတ်ချပစ်ခဲ့သူ။

အရာအားလုံး ပြည့်စုံနေတဲ့ သူ့မှာ ချွင်းချက်အနေနဲ့ သဘောထားလေး သေးနေခဲ့လို့ ဆိုတဲ့ အသိ ကျွန်မ အတွေးထဲ ဝင်လာခဲ့ရတယ်။ ရှိပါစေတော့ ..မည်သို့ပင် ဖြစ်စေကာမှု ကျွန်မနဲ့သူ ဆိုတာ ပြိးဆုံးသွားခဲ့ ပြီးပြီပဲလေ။ တစ်ကယ်တမ်းကျတော့ ကျွန်မ သူ့နဲ့ပါတ်သက်တဲ့ အတိတ်တစ်ချို့ထဲက ရုန်းမထွက်ခိုင်းခဲ့သလို သူ့သတင်းတွေ နားစွင့်ရင်း ကျွန်မရဲ့ နိစ္စဒူဝ အလုပ်တွေကြားမှာ ပုံမှန် လည်ပတ်နေခဲ့တယ်။ သူ့ဘဝ အစိတ်အပိုင်း လှုပ်ရှား ပုံတွေကို ထောင့်စေ့ကွက်စေ့ ကျွန်မ သိနေပေမယ့် သူဘာလုပ် နေတယ်ဆိုတဲ့ အသိနဲ့ သူဘယ်မှာ ရှိနေတယ်ဆိုတဲ့ အသိတွေနဲ့ ကျွန်မ ကျေနပ်နေခဲ့တယ်။

ကျွန်မလည်း သူ့ဆီ မရောက် ခဲ့သလို သူလည်း ကျွန်မရှေ့ ရောက် မလာခဲ့ဘူး။ ကျွန်မလိုပဲ သူသည်လည်း ကျွန်မ ဘာလုပ်နေတယ် ဘယ်မှာ ရှိနေတယ်ဆိုတဲ့ အသိနဲ့ ကျေနပ် နေလိမ့် မည်မှာ မလွဲ ဧကန်ပင်။ သေချာတာက ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ဥပေက္ခာ ပြုလိုက်ခြင်း မရှိနိုင်ခဲ့ပါ။ တစ်ယောက်ထံသို့ ဘယ်သူကမျှလည်း ခြေဦးလှည့်ဖို့ မရှိသည်မှာလည်း အမှန်။ သို့သော် ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မြင်နေခဲ့ကြတယ်။

#################
##########
####

Written By Angelhlaing
Thursday , August 09, 2012
8.32 PM (Austria)

28 comments:

သေချာတာက ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ဥပေက္ခာ ပြုလိုက်ခြင်း မရှိနိုင်ခဲ့ပါ။ တစ်ယောက်ထံသို့ ဘယ်သူကမျှလည်း ခြေဦးလှည့်ဖို့ မရှိသည်မှာလည်း အမှန်။ ...

အဟင့်... တစ်မျိုးကြီးပါလား. ..အဲလိုကြီး လုပ်နဲ့
လေ.. ပေါင်းမယ်ဆိုလည်း ပေါင်းပေါ့...ခုတော့.

ခံစားဖတ်ရှုသွားပါတယ်ဗျာ....
စိတ်မကောင်းတော့ဖြစ်မိပါတယ်...
ကံကိုပဲ အပြစ်တင်ရတော့မှာပဲ....

ဘာကြောင့်များလဲနော်..................

တစ်ယောက်နဲ့တစ်ယေက်မြင်နေရက်နဲ့နော်
ဘာကြောင့်များလဲကွယ်

တမ်းသည်လည်း မဟုတ် လွမ်းသည်လည်းမမြည် ရှိနေသည်ဆိုသော အသိလေးနဲ့ မှန်းဆ၍ှတော့ ကြည့်မိသည်ပေါ့....။

ဖတ်နေရင်းနေရင်း...
လူနှစ်ယောက်ကကိုးဆယ်ဒီဂရီဖြစ်သွားတယ်
မာနတွေကြောင့်ထင်တယ်..

ဒီလိုပါပဲ သံယောဇဉ်ဆိုတာ ပြတ်နိုင်တဲ့အရာမျိုး
မဟုတ်ပါဘူး တယောက်နဲ့တယောက်ချစ်သူတွေ
မဟုတ်တော့ပေမယ့် သူဘာလုပ်နေလဲဆိုတာမျိုး
တော့ တွေးမိမှာပါ သတင်းလေ့းတော့ စောင့်
ကြည့်မှာပေါ့ စောင့်ကြည့်လို့ မြင်ပေမယ့်
မသိချင်ယောင်ပဲဆောင်ရတော့မှာလေ
ဖြစ်တတ်ပါတယ်

အမ်း..စာတွေအများကြီးဖန်တီးနိုင်ပါစေ..ဆုမွန်ကောင်းခြွေပါတယ်သူငယ်ချင်း

စာရေးကောင်းတဲ့သူတွေဆိုတော့ ဘာမှပြောတော့ပါဘူး..:)
အားပေးသွားတာပေါ့..:D

အစ်မလှိုင်ရေ........ပြောစရာအချို့ကိုတွေ့မိတယ်ဗျာ။ ဂျီတော့မှာ တွေ့မှာ အေးအေးဆေးဆေး ဆွေးနွေးပါဦးမယ်။။။။ ဆန္ဒမွန်ဖြင့်......လွမ်းနောင်

တီတင့်က happy ending ကိုသဘောကျတယ်။ ဝတ္ထု ဇာတ်လမ်းဖြစ်ဖြစ် ဝမ်းနည်းကြေကွဲ လွမ်းဆွတ်မှုတွေနဲ့ ဇာတ်သိမ်းတာမျိုးဆိုရင် စိတ်မကောင်းဖြစ်တတ်လို့း)
စာအရေးအသားတွေကောင်းတယ် အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရှိသင့်တဲ့ မာနဆိုတာ ထားကောင်းပေမယ့်၊ ရံဖန်ရံခါ မထားအပ်တဲ့အချိန်၊ နေရာမှာ မာန ကိုယ်စီ ထားကြ တော့ နှလုံးသားနဲ့အတူ ဘ၀ကိုရင်နာ၊ ခံပြင်း စွာ ရင်းလိုက်ကြရတဲ့ ချစ်လျှက်နဲ့ဝေးကွာနေကြတဲ့ ချစ်သောသူများအတွက် အတုယူဖွယ်ရေးသားချက်လေး ပါ၊

(အမ နားလည်ခံစားသွားရသလို ကွန်မန့်ပေးခြင်းမျိုးလေးပါ)

မာနဆိုတာ ထားတိုင်းမကောင်းဘူးဆိုတာလေးလို့ ...းး))

ခေါင်း စဉ် နဲ့ ကွ က် တိ ကြိး ပဲ နော် ။အားပေး ပါ တယ်။

ဖတ်ပြီးစိတ်မကောင်းစရာဘဲ
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါလျက်နဲ့ မာနတွေကြောင့် လမ်းခွဲရတယ် ထင်ပါရဲ့...

စိတ်မကောင်းစရာ.......လွမ်းစရာ.......ဟူးးးးးးးးးးး

သံယောဇဉ်ကြိုး ခိုင်မြဲစ္ဖာငြိတွယ်နေပါသောကြောင့်
ညှိလို့ရသည် ၊ ညှိသင့်သည် နှစ်ယောက်စလုးံ တင်းထားတဲ့ မာနကြိုးလေးကို နဲနဲလျှော့
လိုက်မယ်ဆိုရင် အရမ်းသာယာလှပတဲ့ အချစ်သံစဉ် လေးဖြစ်လာမှာပါ ။

မာနတွေ ထားတာ မကောင်းဘူး ဆိုပေမယ့်လည်း တကယ်တမ်း အားလုံး လွှတ်ချလိုက်ဖို့လည်း ခက်သားလားနော်..

မာနပြိုင်ပွဲလေးမှာ နှစ်ယောက်စလုံးခံစားရမှာပဲ..စာအရေးအသားကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပါပေတယ်..

ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်လာခဲ့တဲ့ လူတွေမှာ တွေ့ရတတ်တဲ့ မာနက နှစ်ဦးသားကြားက ချစ်ခြင်းတွေကို သတ်လိုက်တာ စိတ်မကောင်းစရာ..၊ ဥပေက္ခာ ပြုကြပေမယ့် သံယောဇဉ်လေးတွေ စွန်းထင်း နေတုန်းဆိုတာ တွေ့ရတယ်..၊ စာအရေးအသား ညက်ညောပါတယ် ညီမရေ..။

သံဃာစင်ပါ မှောက်ပလိုက်တယ်ပေါ့လေ...။
အိမ်ဂျယ်တို့က တယ်ပြတ်သားသကိုး.. ၀တ္ထုထဲမှာ..

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဥပေက္ခာပြု လမ်းခွဲလိုက်ကြပေမယ့်
ကြေကွဲနေတဲ့ ရင်နှစ်စုံကို လှမ်းမြင်လိုက်တယ်..။

စာသားလေးတွေဖတ်မိပြိး
စိတ်မကောင်းဖြစ်မိတယ်အမ
အားပေးသွားပါတယ်နော်

ရင်နဲ့ရင်းပြီးတော့ ခံစားဖတ်ရှုသွားပါတယ် အစ်မရေ..။ဝတ္ထုတစ်ပုဒ်ရေးရတယ်ဆိုတာ လွယ်တယ် မဟုတ်မှန်း ဒီနေ့ မှကိုယ်ချင်းစာ တတ်ပါတော့တယ်။ အများကြီးရေးနိုင်တဲ့ အစ်မကို လေးစားပါတယ်ရှင်

ဒီအချိန် တစ်ဖက်လူ ဘာတွေလုပ်နေလဲ၊ ဘာတွေတွေးနေမလဲ ဆိုတာကိုလည်း သိသိကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်လည်း ဘယ်သူကမှ စတင်မခေါ်၊ တကယ်တမ်းလည်း ဥပေက္ခာမပစ်လိုက်နိုင်တဲ့ relationshipတွေကို အပြင်မှာ မြင်ဖူးကြုံဖူးတယ်။

ဒါကြောင့် အထီးကျန်ခြင်းဝေဒနာထက် ချစ်ရခြင်း၏ဒုက္ခက ပိုကြီးတယ်လို့ ဆိုကြတာကိုး။

မာနတွေက ပြန်ဆုံဖို့ကို ဝေးစေပြီ

ပေးချင်တဲ့အကြောင်းအရာနဲ့ခေါင်းစဉ်ကကိုက်တယ်ညီမလေး။ကောင်းတယ်။ အတွေးလွဲနေတာလေးပြင်ခဲ့ပေးဦးမယ်။ စာရေးမယ့်သူဆိုတာစာများများဖတ်ရတယ်ညီမလေး။ညီမလေးကစာဖတ်မှာပါ။ဆက်ဖတ်ဦး။မဖတ်နိုင်ရင်လူကြီးတွေပြောတာလေးတွေနားထောင်ပြီးလိုက်မှတ်ထား။ အစ်ကိုကတရားနာဖူးတော့ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်ဆိုတဲ့ ငါးပေါက်မှားလို့ငါးပါးမှောက်တယ်လို့သုံးကြတာပါညီမလေး။အဲဒါတရားစကားကလာတာပါ။တကယ့်အရင်းအမြစ်ကိုမသိတော့တော်တော်များများကငါးပါးမှောက်တယ်ဆိုတာနဲ့သံဃာစင်ပါမှောက်ကြတော့တာ။အမှန်ကဘာမျှမဆိုင်ပါဘူး။ ညီမလေးသိအောင်ဗဟုသုတအနေနဲ့ပြောပြတာပါ။ညီမလေးရေးလက်ကောင်းတယ်။ ကြိုးစား။

ဟင်း နိဂုံးကြီးက ဝမ်းနဲစရာကြီး။
အားပေးသွားပါတယ်။

အလည်ေ၇ာက်တယ် ညီမလေး
စာတွေကတော့ဖတ်ရင်းနဲ့
ကြွေးတွေကျန်နေဆဲပါကွယ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More