http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, November 9, 2011

ရင်ထဲကလှိုင်း


 တစ်သိမ့်သိမ့် ရှိုက်ငိုနေသော သူငယ်ချင်းမလေးနွေးကို ကြည့်ပြီး နှစ်သိမ့်ပေးဖို့ စကားလုံးတွေ ဆွံ့အနေခဲ့ရတဲ့လှိုင်း ။နွေးရဲ့နောက်ကျောမှ အသာယာ ထွေးပိုက်ပြီး အားပေးဖို့ စကားလုံးတွေ ရှာမတွေ့နိုင်သလို လှိုင်းကိုယ်တိုင်လည်း မျက်
ရည်လွယ်သူမို့ မျက်ဝန်းမှာ ဝေ့ဝိုင်းလာတဲ့ မျက်ရည်စတွေကို နွေးမသိအောင် ပုတ်ခက်ရင်း...နွေးရဲ့ကျောပြင် လေးကို အသာယာထွေးပိုက် နေမိတယ်..။ နှစ်သိမ့်ပေးချင်သူရဲ့ ဆန္ဒတွေဟာ အရာ မဝင်ပေမယ့် လှိုင်းရင်ထဲက ကြေကွဲမှုတွေကို နွေးတစ်ယောက် နားလည်မှာပါလို့ တွေးရင်း လှိုင်းကို အားကိုးတစ်ကြီး ဖက်ထားတဲ့ နွေးရဲ့ ခန္ဒာကိုယ်လေးအား ခပ်တင်းတင်း ပြန်လည်ထွေးဖက်မိရင်း...။
.......................................။.................................

နွေးနဲ့လှိုင်းဟာ ငယ်သူငယ်ချင်းတွေဖြစ်သလို တစ်ရပ်ကွက်ထဲ နေကြသူတွေမို့ အမြဲတမ်း သွားအတူတူ၊ လာတူတူနဲ့ အရမ်းလည်း ချစ်ကြတဲ့ သူငယ်ချင်းတွေပါ.။ နွေးက အသားဖြူဖြူ၊ ဆံပင်ရှည်ရှည် သေးသေး သွယ်သွယ်မို့ လှိုင်းနဲ့ယှဉ်ရင် အရပ်နည်းနည်း ပုတယ်ဆိုပေမယ့် မိန်းမချောလေးနွေးက တစ်ကယ်ကို လူချစ်လူခင် ပေါများသူလေးပါ...။ ကျောင်းတက်စဉ် ကာလ တစ်လျှောက်လုံးလည်း ထင်ပေါ်တဲ့နွေးကြောင့် ဘာမဆိုင်၊ ညာမဆိုင် လှိုင်းကပါ အလိုလို နာမည် ကြိးခဲ့ရသေးတယ်..။ချစ်သူတွေ ဝိုင်းဝိုင်းလည်ခဲ့သူနွေး တစ်ယောက် စိတ်ကြိုက် ရှာမတွေ့သလို သူမရင်ခုန်ရမယ့်သူ မတွေ့လို့ဆိုပြိး ကြေးကခပ်များများ ဝိုင်းဝန်း ပိုးပန်း သူတွေကို ကြံကြံဖန်ဖန် ပြစ်တင် ပြောဆိုတက် သူလေးပါ..။နွေးက ပြည့်စုံတဲ့မိသားစုက ဖြစ်သလို၊ မောင်နှမ နှစ်ယောက်ထဲရှိတဲ့ နွေးက လှိုင်းကိုဆို အရမ်းလည်းဆိုး အရမ်းလည်းတွယ်တာသူလေးပါ..။စားစရာ၊ အသစ်အဆန်းဆိုရင်လည်း လှိုင်းအိမ်ကို မရောက်ရောက်အောင် လာပို့ရင်ပို့ မပို့ရင် လှိုင်းကို အလည်ခေါ်ပြိး သတိတရ ခေါ်ကြွေးတက်သူလေးပါ။


သွားသွားစားစား ၊မခွဲအတူဆိုပေမယ့် ကျောင်းပြီးသွားတော့ နွေးရဲ့အကိုကြိးက ကိုယ်ပိုင် စီးပွားရေးလုပ်ချင်တဲ့ နွေးအတွက် အလှဖန်တီးတာ ဝါသနာခံရှိတဲ့နွေးကို သင်တန်းတွေ တက်စေပြီး သင်တန်းလည်းပြိးရော ကိုယ်ပိုင် ဗြူတီပါလာဆိုင်နဲ့အတူ အလှကုန်ပစ္စည်း စတိုးဆိုင်လေးပါ တွဲဖွင့်ပေးတော့ ဝါသနာပါတဲ့ နွေးရဲ့အစဉ်တစ်စိုက် ကြိုးစားမှုအောက်မှာ တစ်ဖြည်းဖြည်း နာမည် ရလာခဲ့တယ်လေ..။ တစ်ကယ်ဆို ကျောင်းပြိးကတည်းက ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ နွေးရဲ့ဆိုင်မှာ အချိန်တော်တော် ကြာ လှိုင်းလည်း ကူညီပေးခဲ့ဘူးလို့ နွေးရဲ့ အောင်မြင်စ ပြုနေတဲ့ စီးပွားရေး လုပ်ငန်းလေးကို အားကျရင်း နွေးတို့လို ငွေကြေး အလုံအလောက် မရှိတဲ့လှိုင်းတို့အဖို့ ဘဝအတွက် ရုန်း ကန်ဖို့ရာ နိုင်ငံခြားကို အလုပ် ထွက်လုပ်မှပဲ ဖြစ်နိုင်မှာမို့ သင်တန်းလေးတွေ ရှာဖွေတက်ရင်း လှိုင်းချစ်တဲ့ မိသားစုနဲ့ အတူ ချစ်ရတဲ့သူငယ်ချင်း နွေးကိုပါ ခွဲခွာခဲ့ရတယ်လေ..။

အဝေးရောက်နေပေမယ့် ချစ်ရတဲ့နွေးနဲ့ အဆက်သွယ် မပြတ်ခဲ့ပါဘူး..။ မကြာခဏ ဖုန်းပြောဖြစ်သလို အပြန်အလှန် အတွေ့အကြုံလေးတွေ ဝေမျှရင်း တစ်နှစ်လောက်ကြာတော့ လှိုင်း ဆီက ရင်ခုန်ရတဲ့သူတွေနေပြီဆိုတဲ့ သတင်းနဲ့ အတူ ရေပက်မဝင်အောင် အမြဲပြောတဲ့ ချီးမွန်းစကားတွေနဲ့ အတူ နွေးကြောင့် သူငယ်ချင်းအတွက် လှိုင်းမှာ ပီတိဖြစ်ခဲ့ရတယ်...။အမြဲလိုလို ဆုံဖြစ်တိုင်းလည်း တဖွဖွပြောတက်တဲ့ နွေး ကြောင့်လည်း နွေးရဲ့ချစ်သူဆိုတဲ့သူအကြောင်း လှိုင်းမှာ အလွတ်ကို ရနေပါရောလေ...။

သက်တမ်းပြည့်လို့ လှိုင်း မြန်မာ ပြည်ပြန် ရတော့မယ်ဆိုတဲ့အကြောင်း ဝမ်းသာအားရနွေး ဆီဖုန်းဆက်တော့ နွေး
တစ်ယောက် ဆေးရုံတင်ထားရတယ် ဆိုတော့ လှိုင်း စိတ်တွေပူလိုက်ရတာ....နောက်နှစ်ရက်လောက်ဆို ဆေးရုံ
ကဆင်းရမယ်ဆိုတဲ့အကြောင်းနဲ့ နွေး သက်သာနေပြီလို့နွေးရဲ့မိခင် ဖြစ်သူက စိတ်မပူဖို့ ပြောတာတောင် လှိုင်း
မှာတော့ နွေးဆေးရုံက ဆင်းလာဖို့ရက်ကို စောင့်ရတာ ပင်ပန်းရပါဘိနဲ့နော်...။ အားရဝမ်းသာ နွေးဆေးရုံက ဆင်း
တဲ့နေ့ လှိုင်းဖုန်းဆက်တော့ ..နွေးတစ်ယောက် စကားတော်တော်နဲ့ မပြောပဲ ငိုနေလိုက်တာ...နွေးရဲ့ချစ်သူက
လမ်းခွဲခဲ့လို့ပါတဲ့လေ...။

ဘယ်လို လူမျိုးလဲဆိုတာ သေချာ မသိရပေမယ့် နွေး ပြောသလောက်ဆို ဘာအပြစ်မှ မယ်မယ်ရာရာ မရှိပဲ နွေးကို
ထားခဲ့တဲ့လူကို လှိုင်းအမှုန့်ခြေပစ်ချင်လောက်အောင် မုန်းပါတယ်..။ဘယ်လိုပဲ ကြည့်ကြည့် နွေးလို မိန်းခလေး
တစ်ယောက်ကို ထားခဲ့နိုင်တဲ့ အဲဒီလူကိုလည်း အံသြမိပါတယ်..။ ရုပ်ရည်၊ ပညာ ၊ငွေကြေးအဆင့်အတန်း  ပြည့်စုံတဲ့ နွေးကိုမှ ဘာအတွက်များ ထားသွား နိုင်တာပါလိမ့်လို့  တွေးရင်း ဒေါသတွေ တစ်လိမ့်လိမ့် တက်ခဲ့ရတယ်..။ အဲဒီလူကောင်းမှု ကြောင့် လှိုင်းပြ့န်လာမယ့်ရက် နွေးတစ်ယောက် ကျန်းမာရေး မကောင်းလို့ လှိုင်းကို လာမကြိုနိုင် ခဲ့ဘူးလေ..။ အမျှော်လင့်ကြိး မျှော်လင့်ခဲ့ရတဲ့ အပျော်လေးတွေ အဲဒီလူကြောင့်ပဲ ပျက်စီးခဲ့ရတယ်လေ...။

ဘာရယ်လို့ အကြောင်းပြချက် မယ်မယ်ရာရာ မပြနိုင်ခဲ့ပဲ  လမ်းခွဲစို့လို့ ပြောခဲ့တယ်ဆိုတဲ့ နွေးရဲ့ချစ်သူ။ ရင်ခုန်သံ တွေကို မညာချင်ဘူးနွေးရယ်တဲ့ ...နွေးကို ကိုယ်ဘဝရဲ့လက်တွဲဖော် အဖြစ် ဘဝတစ်သက်တာ လက်တွဲဖို့ မဖြစ်လို့ပါတဲ့...ပြီးတော့နွေးက အမှန်တစ်ကယ် ချစ်ဖို့ကောင်းပြီး အဖက်ဖက်က ပြည့်စုံတဲ့ မိန်းခလေးပါတဲ့....အဲဒီလိုတွေ ပြောပြီး လမ်းခွဲသွားတဲ့ နွေးရဲ့ချစ်သူ...။

..........................။........................................

ခွဲခွာခဲ့တာ (၃)နှစ် ရှိပြီဖြစ်တဲ့ လှိုင်းကို ချစ်ရတဲ့ သူငယ်ချင်းမလေးနွေး လာမကြိုပေမယ့် မျှော်လင့်စောင့်ဆိုင်း နေမယ့် လှိုင်းရဲ့ ခွဲခွာနေရတာ ကြာပြီဖြစ်တဲ့ မိသားစုတွေ နဲ့ ပြန်လည် ဆုံတွေ့ရမှာမို့ လှိုင်း တစ်ယောက် အဆမတန် ရင်ခုန်နေခဲ့ရတယ်..။အင်း ဒီလိုအချိန်လေး ချစ်ရတဲ့ နွေးသာ လာကြိုခဲ့မယ်ဆိုရင် လှိုင်း ပိုပျော်မိမှာလို့ တွေးရင်း နွေးကို နေမကောင်းဖြစ်အောင် လုပ်တဲ့လူကို ဘာရယ်မဟုတ် အသံတိတ် မေတ္တာပို့ နေမိတဲ့လှိုင်း..။

လေယဉ်ပေါ်က ဆင်းပြီး အကောက်ခွန် ဌာနကိုအဝင်   နိုင်ငံသားများသာ ဆိုသော ဝင်ပေါက်မှာ လှိုင်းတစ်ယောက် ဝင်တန်းစီရင်း မျက်လုံးမှလည်း ကြိုနေမယ့် မိသားစုကို ရှာဖွေနေမိတယ်....လေ..။ များပြားလှတဲ့လူအုပ်ထဲမှာ အသဲသန်ရှာဖွေရင်း.....

ဟော....

တွေ့ပါပြီ..။မှန်တွေခြားထားတဲ့ အပြင်မှာ လှိုင်းကို လာကြိုနေတဲ့ မိသားစု.။လှိုက်ခနဲ ခုန်လာတဲ့ပီတိ၊။
အသာယာ လက်လှမ်းပြရင်း...

"  စောရီးနော်...ကိုယ်....." 

အသံရော နောက်ကနေ ဆက်ခနဲ တွန်းလိုက်သလိုကြောင့် လှိုင်း ခန္ဒာကိုယ်လေး..ရှေ့ကို တော်တော်လေး ငိုက်ကျသွားရတယ်။ အသာယာကိုယ်ကို ပြန်လည်မတ်ရင်း အသံရှင် ကို လှိုင်း လှည့်အကြည့် အားပါးပါး နည်းတဲ့ အရပ်ကြိးပါလား...လို့တွေးရင်း နေကာမျက်မှန်ကို ဟန်ပါပါ တပ်ထားတဲ့ လူတစ်ယောက်..။  ချောမောပြေပြစ်တယ် ဆိုတာထက် ယောက်ျားဆန်ဆန် တည်ငြိမ်ဟန်အပြည့် သူ့ဟန်ပန်ကြောင့် လှိုင်းရဲ့ နှုတ်ခမ်းတွေက သူကိုကြည့်ပြိး ပြုံးမိရက်သား ဖြစ်နေခဲ့တယ်..။ လှိုင်းရဲ့ အပြုံးကို သဘောကျသလို သူကလည်း ခေါင်းဆတ်ခနဲ့ငြိမ့်ပြိး အသိမှတ်ပြုတော့  ဘာရယ်မဟုတ်ပဲ လှိုင်း တစ်ယောက် ရှက်သွေးဖျာခဲ့ရတယ်..။ သြော် ..ငါ့နဲ့နော်...ခိုးကြည့်ကာမှ လူုမိရသလားလို့လဲ တိတ်တိတ်လေးအပြစ်ဆိုရင်း ကြိုလင့်နေပြီဖြစ်တဲ့ မိသားစုကို အရှက်ပြေ လက်လှမ်းပြရင်း.... တစ်ကိုယ်တည်း အတွေးတွေနဲ့ ပြုံးလိုက်မိတဲ့ လှိုင်း....။

ကိစ္စတွေပြိးလို့ စောင့်ကြိုနေတဲ့အမေနဲ့အတူ မိသားစုတွေနဲ့ ဆုံမိပြီလည်းဆိုတော့ လူတွေအများကြိးရှိနေတဲ့ လေဆိပ်ဆိုပေမယ့် လှိုင်း မရှက်နိုင်စွာပဲ အမေရင်ခွင်သို့ ပြေးဝင်ပြိး ငိုမိတယ်....လေ။ လှိုင်းအမေက လှိုင်းကို အလိုက်သင့် ပြန်လည်ထွေးဖက်ရင်း အတော်ကြာမှ သတိပြန်ဝင်တဲ့လူတစ်ယောက်လို ဘာရယ်မဟုတ် ပတ်ဝန်းကျင်ကို သတိထားမိတော့ လှိုင်းကို ပြုံးပြီးကြည့်နေတဲ့ ဟိုလူ..။ ရှက်စိတ်ကြောင့် ထူပူနေတဲ့ လှိုင်း...။ ခဏလေးပါပဲ...အသင့်ဆိုက်လာတဲ့ကားပေါ်တက်ရင်း လှိုင်းကို လက်ပြပြီး ထွက်ခွာသွားသော ထိုလူကို ဘာရယ်မဟုတ် လှိုင်း မြင်ကွင်းထဲက ပျောက်သွားတဲ့ အထိ ကြည့်နေမိတယ်...။
................................................။.................................................

ပြန်ရောက်ရင် အပျော်တွေ အတိုးချပြီး ပျော်မယ်လို့အားတင်းခဲ့ပေမယ့် ချစ်ရတဲ့နွေးက အပြင်သွားဖို့ ဆိုရင် အရင်လို မဟုတ်ပဲ အသဲသန် ခါးသိးစွာ ငြင်းဆန်နေတက်ပြိး ဆိုင်နဲ့ အလုပ်ထဲမှာပဲ  စိတ်နှစ်ထားတော့မယ် လှိုင်း
ရယ် ဆိုပြိး..တစ်နေကုန် သူမရဲ့ဆိုင်လေးမှာပဲ အချိန်ကုန်နေတော့တာ.။ .လှိုင်း ဘယ်လိုခေါ်ခေါ် မလိုက်တော့ လှိုင်းတစ်ယောက်တည်း အပြင်တွေသွား.ရတာပေါ့..။ ဒီနေ့လည်း လှိုင်း မေမေမှာတဲ့ ဆေးတစ်မျိုးဝယ်ဖို့ မြို့ထဲထွက်တာ.. မရောက်တာ အတော်အတန် ကြာပြီဖြစ်တဲ့  ဆူးလေဘုရား လမ်းမပေါ် ခြေခြင်းလိမ်အောင် လျှောက်နေကြတဲ့ လူတွေကို ကြည့်ရင်း လှိုင်းဘာရယ်မဟုတ် အလွမ်းပြေ ကြည့်နေမိတယ်လေ..။လှိုင်း ရောက်ခဲ့တဲ့ နိုင်ငံမှာ အခုလို လူတွေ အများအပြား သွားလာတာ မရှိသလောက် ဆိုတော့ မဖွံ့ဖြိုးဘူး ပဲပြောပြော ၊ချစ်ရတဲ့အမိမြေကို ပြန်လည် ခြေချခွင့်ရတဲ့ နွေးထွေးမှုမျိုးကို ဘာနဲ့မှ မလဲနိုင်ဘူး ဆိုတဲ့အသိကြောင့် တစ်ယောက်ထဲ ပြုံးနေမိရင်း..

"  အမြဲတမ်း တစ်ယောက်ထည်း ပြုံးနေကြ ထင်တယ်  "

အနားကပ်ပြီး မေးလာတဲ့အသံကြောင့် လှိုင်းလှည့်ကြည့်မိတော့

 " ဟင်  "

  " အင်း ဟုတ်တယ် ကိုယ်ပါ မှတ်မိမယ် ထင်ပါတယ်နော်...လေဆိပ်မှာ ကိုယ်တို့ဆုံဖူး ကြတယ်လေ "

လှိုင်း ဘာမှပြန်မပြောဖြစ်ပဲ ပြုံးရုံသာ ပြုံးဖြစ်ပြီး သူက လှိုင်းရဲ့အပြုံးကို သဘောပေါက် နားလည်စွာပဲ

" အချိန်ရမယ်ဆို ကိုယ်တို့စကားပြောရင်း တစ်ခုခု စားရအောင်လို့ဖိတ်ခေါ်ပရစေ  "

လို့ယဉ်ကျေးစွာ ဖိတ်ခေါ်ခဲ့တော့ ...

 " ကိုယ်က မိုးယံပါ  "

" ဟုတ်ကဲ့လှိုင်းပါ.. "

အပြန်အလှန် မိက်ဆက်ဖြစ်ရင်း..။။။။။
........................။...............................................
" မအားဘူးလား လှိုင်းရယ် ဘယ်တွေ သွားနေတာလဲ တစ်နေကုန်  "

" နွေးရယ် နွေးလိုမှ လှိုင်းက ကိုယ်ပိုင် လုပ်ငန်းမရှိတာ အခုလည်း နိုင်ငံခြားကသာ ပြန်လာတယ် ရလာတဲ့ ငွေလေးနဲ့ လုပ်ငန်းလုပ်ဖို့ ဆိုတာ တစ်ကယ်တန်း စုံစမ်းကြည့်တော့ မလွယ်ပါဘူး နွေးရယ် အခုလည်း အဒေါ်ဖွင့်ထားတဲ့ ဆိုင်လေးမှာ တွဲပြီး တစ်ခုခုများ လုပ်လို့ရမလားလို့ ပညာသင်အနေနဲ့ အရောင်းဝယ် အကဲခတ်ကြည့်နေတာ မလွယ်ပါဘူးနွေးရယ် လှိုင်းမှာရှိတဲ့ ငွေက လိုက်မမှီလောက်ဘူး...အဲဒါအဒ်ါက ပညာယူအနေနဲ့ ဆိုင်ဝိုင်း ထိုင်ကြည့်ဆိုလို့ နေ့ဝက်လောက် ဝိုင်းထိုင်ရင် လုပ်ကြည့်နေတာ ဖြစ်နိုင်ရင်နွေးလိုပဲ အိမ်မကွာ လုပ်ငန်းလေး လုပ်ချင်တာပေါ့.. ပြိးတော့ လှိုင်းက နွေးလိုလဲ စိတ်မရှည်တော့..ညစ်တယ်နွေးရယ်... "

" အင်းပါ အင်းပါ.....တစ်သက်လုံး အပျိုကြိးလုပ် လှိုင်း...နွေး ရှာကျွေးမယ်သိလား.. "

" အောင်မယ်နွေးက ရည်းစားလေး တစ်ခါပြတ်တာနဲ့ အိမ်ထောင် မပြုတော့မှာကျနေတာပဲ "

" ဟင်..တစ်ကယ်ပြောတာ လှိုင်းရ...နွေး အိမ်ထောင် မပြုတော့ဘူး...ပြိးတော့ နွေး အရမ်းကြောက်သွားတဲ့အချစ်ကို နောက်တစ်ခါ မြည်းစမ်းဖို့ အင်အား မရှိတော့ဘူး..သူလုပ်ရက်တယ် လှိုင်းရယ်...နွေးရင်မှာ အခုထိနာကျင်နေတုန်း ပုံမှန်ဖြစ်အောင် မနည်း ရပ်တည်နေရပေမယ့် နွေးလေ...နွေး  "

ပြောရင်း မျက်ရည်တွေ ဝဲလာတဲ့ နွေးကြောင့် လှိုင်းက

"  နွေးရာ အဲလောက်လဲ ဝမ်းမနည်းပါနဲ့တော့နော်..နွေး ပင်ပန်းတာပေါ့နော်...ခုဆို လှိုင်းလည်း ပြန်ရောက်နေပြီပဲ "

"  လှိုင်း..နွေးလေ သူကို လှိုင်းပြောသလို မေ့ပစ် လိုက်ချင်ပါတယ်...အဲလိုဖြစ်ချင်လို့လည်း သူနဲ့ပါက်သက်သမျှ အမှတ်တရတွေ မကျန်အောင် ဆိုပြီး ဓါတ်ပုံတွေ လက်ဆောင်တွေ အားလုံး မီးပုံရှို့ပစ်လိုက်တာ ဘာတစ်ခုမှမ ကျန်ခဲ့ရအောင်ဆိုပြီး .. .အဲလိုလည်း လုပ်ပြိးရော. .နွေးလည်း ဆေးရုံရောက် သွားတော့တာပဲ.....ဒါပေမယ့် နွေးရင်ထဲက အမှတ်တရတွေကိုတော့ နွေးကိုယ်တိုင် မဖျက်စီးနိုင်ခဲ့ဘူး..အချိန်ပြည့် အလုပ်ထဲမှာ စိတ်နှစ် ထားရပေမယ့် ...နှလုံးသားထဲမှာ ပြည့်နေတဲ့ အမှတ်တရတွေနဲ့ အတူ...နွေးအခုချိန်ထိ....သူကို ချစ်နေတုန်းဆို တာနွေး ဘယ်လိုမှညာလို့ မရဘူး လှိုင်းရယ်... "

" အင်းပါ အင်းပါနွေးရာ..လှိုင်းနားလည်တာပေါ့...ဖြစ်နိုင်ရင်လေ...အဲဒီလူကို လှိုင်းလေ ရန်တွေ့လိုက်ချင်တယ် "

" ထားပါ လှိုင်းရာ...လှိုင်းလဲနွေးကြောင့် မခံမရပ်နိုင် ဖြစ်နေတာ... "

" လှိုင်းကတော့လေ နွေးအရင်လို ပျော်ရွင်နေတာပဲ မြင်ချင်တယ်နွေးရယ်.... "

" နွေးလည်း ကြိုးစားနေပါတယ် လှိုင်း..ရယ် "

" အင်းပါ ..သြော်ဒါနဲ့ နွေး လှိုင်း အခုတစ်လော အဒေါ်ဆိုင်မှာ အလုပ်သင်ပေါ့လေ...အဲဒါသွားလုပ်မှာမို့ လှိုင်း လာဖြစ်မယ် မထင်ဘူး...ဒါပေမယ့် လှိုင်း ဖုန်းဆက်မယ်လေနော်... "

"  အင်း လှိုင်းရယ်လုပ်ပါ..နွေး သိပါတယ်....... "

...................................။.....................................
နိုင်ငံရပ်ခြား သွားပြိး စုဆောင်းလာတဲ့ ရင်းနှီးငွေလေးနဲ့ ကိုယ်ပိုင် စီးပွားရေးလေး လုပ်ချင်တဲ့ လှိုင်း တစ်ကယ်တမ်း လုပ်ချင်တဲ့ လုပ်ငန်းမှာ အစဉ်တစိုက် ဝင်လုပ်ဖြစ်တော့... တစ်ကယ် မလွယ်မှန်း နားလည်လာခဲ့ ရတယ်လေ...။ အဲဒီလို အချိန်လေး အတွင်းမှာ လုပ်ငန်းတွေ လေ့လာနေရင်းနဲ့ပဲ သူနဲ့လှိုင်း နဲ့လည်း ပိုလို့ ရင်းနှီးလာခဲ့တယ်..။ အဒေါ်ဆိုင်မှာ ပညာသင်ပြိး ကိုယ်ပိုင် ဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားနေတဲ့ လှိုင်း အကြောင်း သူသိတော့ အချိန်ရရင်ရသလို လှိုင်းရှိရာကိုရောက် လတက်ပြီး  တစ်ခါ တစ်လေလည်း သူကအလျင်း သင့်ရင်သင့် သလို လှိုင်းနဲ့ အချိန်ကြာကြာ ဖြုန်းတက်တယ်လေ..။ အချိန်တွေ ကြာလေလေ လှိုင်ထံ အလာစိပ်လို့ သူကို့ လှိုင်း အဒေါ်ကတောင် ရိပ်မိနေပြီလေ...။ သူ့အကြောင်း နွေးကို တိုင်ပင်ရအောင်လည်း.. .နွေးကလည်း သောကတွေနဲ့။ ပြိးတော့ မသေချာသေးတဲ့ အနေထားတစ်ခုမှာ နှုတ်မကျွံချင်သေးတာနဲ့ သူ့အကြောင်းကို နွေးကို မပြောဖြစ်သေးဘူး...။ လှိုင်းများ ချစ်သူရပြီ ဆိုရင်..နွေးပိုလို့ ကြေကွဲနေမလားဆိုတဲ့ စိုးရိမ် စိတ်လေးကြောင့် ..သူနဲ့လှိုင်းအကြောင်း နွေးကို ခုချိန်ထိ မပြောဖြစ်သေးတဲ့လှိုင်း..။

သူအကြောင်း ဆိုရလောက်အောင်လဲ..လှိုင်းအနေနဲ့  သေသေချာချာလည်း မသိရသေး...။သူပြောသလောက် ကတော့. သူကနိုင်ငံခြား ဖက်စပ်ကုမ္မဏီတစ်ခုရဲ့ ရှယ်ရာဝင် တစ်ယောက် ဖြစ်သလို ၊မကြာခဏလည်း နိုင်ငံခြား ခရီးထွက်ရတဲ့သူ၊ ပြီးတော့ တစ်ဦးတည်းသော သားဖြစ်သလို သိပ်အချမ်းသာကြိး မဟုတ်ပဲ. .ကိုယ်ပိုင်ကားလောက်တော့ စီးမယ်ဆို စီးလို့ ရပါတယ်တဲ့လေ...။ အဲလောက်ပါပဲ.. .သူပြောသမျှ..။ အဲလောက် ဆိုရုံတင်ဆိုပေမယ့် . ..လှိုင်းနဲ့တော့ ကွာခြားလွန်း အားကြိးနေပါပြီ...။ သူ့ပြောသလို သူ့အနေအထားဆို လှိုင်းလို ရုန်းကန်နေရတဲ့ ဘဝသမားနဲ့ မလိုက်ဖက် ပါဘူးလေ...။ လှိုင်းနေရာမှာ နွေးနဲ့သူနဲ့သာဆို... အရမ်းကို လိုက်ဖက်မှာပဲ လို့  ဘာရယ်မဟုတ် အတွေးတွေ ဝင်နေမိတဲ့လှိုင်း....။

သံယောဇဉ်နဲ့ အချစ်ဆိုတာ မသင့်တော်ဘူး မဖြစ်သင့်ဘူး ဆိုတိုင်း တားဆီးလို့ မရဘူးဆိုတာ  နွေးပြောနေကျ စကားလို အခုလည်း လှိုင်း ခံစားတက်နေပြီ နွေး..။ သူလာနေကျ အချိန်ဆို ဘာရယ်မဟုတ် ရင်တွေခုန်ပြီး မျှော်နေတက်ပြီ..။ လာနေကျအချိန်ထပ် နောက်ကျနေပြီဆို စိတ်တွေထွေပြားပြိး ဘာကို အလိုမကျမှန်းမသိ... သူ့မျက်နှာ မြင်လိုက်ရတဲ့ခဏ  ရင်ထဲမှာစမ်းချောင်းလေး ဖြတ်သွားသလို ..အေးမြနေလိုက်တာ..။ တစ်ခါတစ်လေ.. သူခရီး(၃)ရက်လောက် ထွက်ရတဲ့နေ့တွေဆို လှိုင်းရင်ထဲမှာ ဟာတာတာနဲ့ သူလာမယ့် ရက်ကို လက်ချိုးရေပြီး စောင့်မျှော်ရတာ လှိုင်းအတွက် လောကငရဲပါပဲ... အဲလိုရက်တွေဆို... အလိုက်တသိများ သူ့ဆီက ဖုန်းဝင်လာရင်....ပြောစရာ စကားလုံးတွေ ပျောက်ဆုံးပြီး  ရင်ထဲမှာ အပျော်တွေ စီးဆင်း နေပြန်ရောလေ..။. .သူ့ဆီက သတိရလိုက်တာ လှိုင်းရယ် လို့  ပြောတိုင်း မွေးညှင်းစိမ်းလေး ထရလောက်အောင် လှိုင်း စိတ်တွေလှုပ်ရှား ခဲ့ရတာ လှိုင်းကိုယ်တိုင် အသိဆုံးပါပဲလေ..။

ခရီးက ပြန်ရောက်တိုင်းလည်း ခဏလေးဖြစ်ဖြစ် အချိန်ပေးပြိး လှိုင်းဆီကို မရောက်ရောက်အောင် လာတဲ့အခါမျိုး ဘယ်လို ကြည်နူးမိမှန်း မသိအောင် ပဲ အရမ်း ကြည်နူးမိတဲ့အခါ လှိုင်းအပေါ် အလိုက်သိတဲ့သူကို အရမ်းပဲ တွယ်တာခဲ့ရတယ်..။ မမေ့မလျှော့ ဝယ်လာတက်တဲ့ လက်ဆောင်လေးတွေထက် သူကိုမြင်ရတဲ့ ခဏ လှိုင်း ရင်ထဲကြည်နူးမိတိုင်း အဲဒီလို အချိန်တွေ အတိုင်းပဲ သူနဲ့ရာသက်ပန် တည်ရှိနေချင်တဲ့ လှိုင်းရဲ့ စိတ်တွေကို သူက သိမ်းသွင်း နိုင်စွမ်း ရှိခဲ့တယ်လေ...။ အဲလို သေချာနေပြီ ဖြစ်တဲ့ လှိုင်းကို . .သူက ချစ်ခွင့် တောင်းတာတဲ့ တစ်နေ့...

" လှိုင်း..ကိုယ်လှိုင်းကို  အရမ်းချစ်နေမိပြီ.. တစ်လက်စထည်း လှိုင်းရယ် ကိုယ် လက်ထပ်ခွင့်ပါ တောင်းပရစေ...နော် သေချာတယ် ကိုယ်လှိုင်းကလွဲပြီး ဘယ်မိန်းခလေးမှ မချစ်နိုင်သလို လှိုင်း ဘယ်လို အနေအထားပဲဖြစ်ဖြစ် လှိုင်းကို ကိုယ်သစ္စာ ရှိရှိချစ်ပါ့မယ်... ဘယ်တော့မှ မပြောင်းလဲတဲ့ မေတ္တာတွေနဲ့ပါလှိုင်း.."

" ဒါပေမယ့် လှိုင်း ဘဝအခြေနေ ကိုမိုးယံ မိဘအသိုင်းဝိုင်း လက်ခံနိုင်လောက်တဲ့ အနေအထား မဟုတ်ဘူးနော် သေချာ စဉ်းစားစေချင်တယ်... လှိုင်းတို့ အသက်အရွယ်က အချစ်တစ်ခုကို ဦးစားပေးစဉ်းစားရမယ့်  အရွယ်မဟုတ်တာ ကိုမိုးယံသိမှာပါ..... ဘာအတွက်နဲ့ ဘယ်သူမှ မနာကျင်စေချင်ဘူး ကိုမိုးယံ "

" လှိုင်း ဆိုလိုတာကို ကိုယ်သဘော ပေါက်ပါတယ်... ကိုယ်လက်ထပ်မယ့် အမျိုးသမီးကို ကိုယ်ကို တိုင်သဘောကျ မြတ်နိုးမိသူပဲ ဖြစ်စေချင်တယ်လေ. .ပြီးတော့ ကိုယ်မိဘတွေကလည်း လှိုင်းထင်သလို ဂုဏ်ဓန မဆန်ပါဘူးလှိုင်း. .ပြိးတော့ အရာတွေအားလုံးထက် ကိုယ်က လှိုင်းကို မြတ်မြတ်နိုးနိုး ချစ်တာ... ကိုယ် အဆုံးရှုံးမခံနိုင်ဘူး လှိုင်း "

"မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။

" ကောင်းပြီ ကိုမိုးယံ.. လှိုင်းကို အချိန်ပေးပါ .. လှိုင်းစဉ်းစားပရစေ.. ၊ဘဝတစ်သက်တာ အရေးမို့ လှိုင်း အလေးထားပြီး စဉ်းစားရမှာမို့ပါ.. လာမယ့် Sunday မှ  ပြန်ဆုံကြမယ်လေ... "

" ကိုယ့်အတွက် ကံကောင်းခြင်းတွေနဲ့ ပျော်ရွင်ဖွယ်ရလဒ်တစ်ခု လှိုင်းဆီက မျှော်လင့်နေတယ် ဆိုတာတော့ မမေ့နဲ့နော်.... "

လှိုင်း ဘာမှမပြောပဲ ပြုံးပြီး သူ့ကို ကြည့်နေမိတယ်...။ လှိုင်းရဲ့ဦးခါင်းကို ချစ်စနိုး အသာပုတ်ပြိး ထွက်သွားတဲ့ သူ့နောက်ကျောကိုကြည့်ပြီး သေချာနေပြီဖြစ်တဲ့ Sunday ကို လှိုင်း တစ်ယောက် ကြိုတင် ရင်ခုန်နေမိတော့တယ်လေ.....။

.....................................................။................................................................

လာမယ့် Sunday မတိုင်ခင် နွေးကို အသိပေးရမယ့် ဆိုတဲ့အသိကြောင့် ဘာရယ်မဟုတ်လှိုင်းရင်တွေ ခုန်နေလိုက်တာ..။ တိုက်တိုက်ဆိုင်ဆိုင် နွေးကလည်း ဆိုဒ်အတွက် လိုတာလေးတွေ ဝယ်ပြီး မတွေ့တာ ကြာပြီဖြစ်တဲ့ လှိုင်းတို့ နှစ်ယောက် အေးအေးဆေးဆေး အပြင်မှာ စကားပြောကြတာပေါ့ ဆိုတော့... ။နွေးက ထင်တာထက် စောပြိး လှိုင်းရှိရာ အဒေါ်ဆိုင်ကို ရောက်လာတော့.. သူငယ်ချင်း နှစ်ယောက် မသွားတာ ကြာပြီဖြစ်တဲ့ မြို့ထဲတစ်နှံ့ လျှောက်သွားရင်း အတိတ်တွေကို တူးဖော် အပြန်အလှန် စနောက်ရင်း တစ်ကယ်ကို ကြည်နူးစရာလေးပါ..။ အခုလို မရယ်မောတာ ကြာပြီလို့ နွေးက ဆွေးဆွေးမြေ့မြေ့လေး ပြောတော့ လှိုင်းရင်ထဲ မကောင်းလိုက်တာ...။ အပျော်လေးတွေ ပျက်သွားမှာဆိုးလို့  နွေးရဲ့ မျက်နှာနွမ်းနွမ်းကို ကြည့်ပြိး လှိုင်း ဘာလုပ် ရမလဲ မသိအောင်.. .တွေဝေ နေခဲ့တယ်လေ..။

မင်္ဂလာဈေး ရောက်တော့ နွေးက မှာနေကျ ဆိုင်တွေမှာ သူမလိုတဲ့ ပစ္စည်းလေး တွေ လာပို့ပေးဖို့ မှာနေတာ ကြည့်ရင်း သြော်နွေးရယ်လို့ မချိတင်ကဲရေရွက်ရင်း...။ အချိန် တော်တော်လေး လှည့်ပတ် လိုက်တာ မင်္ဂလာဈေး တစ်ခုလုံးလည်း နှံရောပေါ့....။ နေ့လည်စာစားချိန်လည်း ကျော်နေပြီမို့ တစ်ခုခုစား ကြရအောင် ဆိုပြီး ဆိုင်သောက်ဆိုင်တန်းတွေ ဘက်ကို သူငယ်ချင်းနှစ်ယောက် စကားတစ်ပြောပြောနဲ့ လျှောက်လာလိုက်တာ.. .ရုတ်တရက်  နွေးက  တစ်စုံတစ်ခုကို မြင်တွေ့သွားတဲ့ ဟန်ဖြင့်

"   လှိုင်း . .နွေးတို့ တခြားအထပ်ကို သွားရအောင်...လာ  "

"    ဟင် ဘာလို့လဲနွေးရဲ့ ဘယ်သူကို တွေ့လို့လဲ. ..နွေးရာ..."

"  ဟိုတစ်ယောက်လေ. ...သူ.. သူ.. ဒီမှာရှိနေတယ်.. "

"  ဘာ..... နွေး ကိုထားသွားတဲ့ လူလားနွေး  ဟုတ်လား.. "

"  အင်းဟုတ်တယ် လှိုင်း လာပါလှိုင်းရယ် .. ဘာမှပြသနာ မရှာပါနဲ့နော်. .ပြိးတော့ နွေးသူ့ရှေ့မှာ ဘာမှမဖြစ်သလို နေပြဖို့ အဆင့်သင့် မဖြစ်သေးလို့ပါ လှိုင်းရယ်.... .နွေးတောင်းပန်ပါတယ်နော်... လာပါလှိုင်းရယ်နွေးတို့ တခြား သွားရအောင်နော်... "

ပြောရင်း မျက်ရည်တွေ တွင်တွင်ကျနေပြီဖြစ်တဲ့ နွေးကို  လှိုင်း  မကြည့်ရက်စွာပဲ...

"  အင်းပါနွေးရယ်.. လှိုင်းတို့ သွားကြတာပေါ့ ဒါပေမယ့် လှိုင်းကို အဲဒီလူပြအုံးလေနွေးရ လှိုင်က မြင်တောင် မမြင်ဖူးဘူးလေ... အခုလိုကြုံတုန်း လှိုင်းကိုပြနော်... စိတ်ချ. .နွေးစိတ်ပူသလိုမျိုး လှိုင်း ပြသနာရှာဖို့ မဟုတ်ပါဘူးနွေးရယ်နော်... "

" အင်း.. ဟိုးထောင့်ချိုး အကွေ့မှာတွေ့လား. .မိုးပြာရောင် ရှပ်လက်ရှည်နဲ့ နွေးတို့နဲ့ဘေးတိုက်အနေထား ရှိနေတဲ့သူလေ.. "

နွေးညွှန်ပြရာသို့ လှိုင်းကြည့်မိရင်း... .လှိုင်းမျက်လုံးတွေ ကြက်သေသေ သွားခဲ့ရတယ်... ။ မဖြစ်နိုင်ပါဘူး ဆိုပြိး သေချာ ကြည့်မိနေပေမယ့် သူမှသူအစစ်..။နွေးပြတဲ့ နွေးရဲ့ ချစ်သူဟောင်းဆိုတာ လှိုင်း ရဲ့မျှော်လင့်ချက်တွေ စုဝေးရာ Sunday ရဲ့အရှင်သခင်ပါလား...။ ယူကြုံးမရတဲ့ စိတ်တွေအပြင် .. ဆုံးရူံးပြိဆိုတဲ့ အသိ.. .လုပ်ရပ်လိုက်တာ ဆိုတဲ့ အသိတွေကြောင့် လှိုင်းရဲ့ ခန္ဒာ တစ်ခုလုံးလည်း  သွေးလည်ပတ်မှုတွေ ပြောင်းပြန်တွေ ဖြစ်ကုန်ရပြီလေး..။ ရုတ်တရက် အမြင်မှာ လှိုင်းရဲ့  ခံစားမှုကို နွေးရှေ့မှာ ထိန်းချုပ်ဖို့  အင်အားမရှိခဲ့ပေမယ့်  နွေးကတော့  သူ့အပူနဲ့သူမို့ လှိုင်းကို ထိုနေရာနှင့် ဝေးရာသို့ အတင်း ဆွဲခေါ်လာတော့... ရပ်တည်ဖို့ အင်းအားမရှိတဲ့ လှိုင်း... .နွေးရဲ့ ခေါ်ဆောင်ရာ နောက်မှာ အလိုက်သင့် လိုက်ပါရင်း...။

.....................................။..........................................

" ဘာပြောတယ် လှိုင်း.. ပြန်လာတာမှ မကြာသေးဘူး အခုပြန်ထွက်မယ် ဟုတ်လား ဘာတွေဒီလောက် လောဘတွေ ကြိးနေတာ လဲလှိုင်းရယ်..... အခုလည်း လှိုင်း လုပ်ငန်းစမယ်ဆို စလို့ ရနေပါပြီ လှိုင်းရ... လှိုင်းပဲ မြန်မာပြည်ကို လွမ်းတယ်ဆို လှိုင်း မရှိရင်နွေး ကဘယ်သူနဲ့နေရမှာလဲ လှိုင်းရယ်.... .ဆုံးဖြတ်ချက် ပြင်ပါအုံးနော် လှိုင်း.. "

မျက်ရည်တွေ တွင်တွင်စီးရင်း... လှိုင်းကို တားနေတဲ့နွေးကို ဖတ်ပြီး လှိုင်းလည်း မျက်ရည်တွေ ကျလာခဲ့တယ်..။ ဘာရယ်မှ မသိနားမလည်ရှာတဲ့ သူငယ်ချင်း မလေးကတော့ လှိုင်းကို ခင်တွယ်လို့.. လှိုင်းကတော့...... အိုး.. ဆက်ပြိး မတွေးရဲအောင်ပဲ အသဲထဲကထိအောင် ခါးနေတဲ့ ရင်ထဲက ဒဏ်ရာတွေကို ဘယ်လိုများ ဒီသူငယ်ချင်းမလေး သိအောင် ပြောပြရမှာပါ့လိမ့်နော်...။

" လှိုင်း.. .နွေးပြောနေတာ မကြားဘူးလား လှိုင်းရယ်.... ..နော်မသွားပါနဲ့တော့ လှိုင်းရယ်...နော်.. .နွေးကိုမသနားဘူးလားဟင်..လှိုင်း.. "

"  နွေးရယ်... ဘဝဆိုတာ.. အမြဲတမ်း ဖြစ်စေချင်သလိုမှ မဖြစ်တာ...နွေးရဲ့ လှိုင်းလည်း ကိုယ့်မြေကိုယ်ရေမှာပဲ အခြေချ နေထိုင်ချင်တာပေါ့ နွေး... ဘဝအတွက်ကြတော့ အရွယ်ရှိတုန်းလေး ကြိုးစားမှလေ. .နွေးရ.. .အခုလှိုင်း လုပ်ငန်းလုပ်ဖို့ ဝင်ပြိးလုပ်ကိုင်ကြည့်တော့ လှိုင်းမှာသာ အရင်းနှီး အလုံအလောက်ရှိရင်... လှိုင်းလုပ်ချင်တာ လုပ်ခွင့်ရမယ်ဆိုတဲ့အသိ၊ အဲဒါလေးကြောင့် လှီုင်းအခုလို ထပ်ပြိး စီစဉ်လိုက်ရတာပါ နွေးရယ်... လှိုင်းလည်း ချစ်တဲ့နွေးကို ထားပြိးလှိုင်းချစ်တဲ့ မြန်မာပြည်ကြီးကို ခွဲချင်ပါ့မလားလို့.. မငိုပါနဲ့နွေးရယ်... .နွေးငိုတော့.. လှိုင်းလည်း ငိုချင်တာပေါ့နော်.. "

 " နွေးတော့ လှိုင်းကို နားမလည်တော့ပါဘူး  လှိုင်းလည်း အရင်လိုမဟုတ်ဘူး. .နွေးကကို ကံမကောင်းတာနေမှာ...  နွေးချစ်တဲ့ သူတွေမှန်သမျှ  နွေးနားမှာ ဘယ်သူမှ ကြာကြာမနေချင်ကြဘူး... "

ပြောလည်းပြော ငိုလည်းငိုနေတဲ့နွေးကို ကြည့်ပြီး.. .လှိုင်းရင်ထဲက ခွင့်လွတ်ပါနွေးရယ် လို့ တိတ်တဆိတ် တောင်းပန်နေမိတယ်..။ နွေးရဲ့ အလွမ်းတွေ သံယောဇဉ်တွေ၊ နာကျင်မှုတွေကို လှိုင်းအခု ကောင်းကောင်းကြိး ခံစားတက် နေပါပြီနွေးရယ်... ။နွေးရော လှိုင်းပါ အရင်ဘဝက ဘာတွေလုပ်ခဲ့မိလို့ အခုလို နာကျင်ခဲ့ကြတာပါလိမ့် နွေးရယ်...။

.........................................။......................................................................

" ဖျန်း "

ပါးပြင်ပေါ် ကျရောက် လာတဲ့ပူရှိန်းတဲ့ အထိတွေနဲ့ အတူ စပ်ဖျင်းဖျင်း ဒဏ်ရာနဲ့ ယှဉ်ရင်. .လှိုင်းရဲ့ စကားတွေက ကျွန်တော်ရင်ကို နာကျင်စေခဲ့တာပါ.။

" လူယုတ်မာ. .ရှင် အစကတည်းက  သိနေခဲ့တယ်မလား... လှိုင်းတို့ သူငယ်ချင်း နှစ်ယောက်ကို. .ရှင်ယောက်ျားဖြစ်ပြီး ယုတ်မာလိုက်တာ..... မိန်းမတစ်ယောက်တောင် လိုက်လို့မမှီဘူး.. .ပြောပါအုံး. .နွေးရှင့်အပေါ်ဘာတွေ များနာကျဉ်းစေခဲ့လို့.. .နွေးကိုရှင်နာကျင်စေခဲ့ရတာလဲ..  .ပြိးတော့. .လှိုင်းကရောဘာအတွက်  ရှင့်ကြောင့် အခုလို နာကျင်နေရတာလဲ.... ထွက်သွား ရှင်မျက်နှာ မမြင်ချင်ဘူး.. "

" ကိုယ် ရှင်းပြပရစေလှိုင်း... .နွေးနဲ့ပါက်သက်ပြီး  ကိုယ်ဘက်က မှားတယ်ဆိုတာ ကိုယ်မငြင်းပါဘူး လှိုင်း ချစ်သူ ထားတယ်ဆိုတာ.... အချိန်မရွေး လမ်းခွဲခွင့်ရှိတယ်... ပြီးတော့ နွေးက အဘက်ဘက်က ပြည့်စုံသင့်တော်တဲ့ မိန်းခလေး တစ်ယောက်ဆိုတာ ..လည်း ကိုယ်လက်ခံတယ်... ဒါပေမယ့်  မချစ်တဲ့မိန်းမတစ်ယောက် ကိုတစ်သက်စာ လက်တွဲဖို့ဆိုတာ ကိုယ်အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး လှိုင်း... အခုနေနွေး နာကျည်းတယ် ဆိုတာ နောင်တစ်ချိန် အိမ်ထောင်ကျမှ  ပြိုကွဲရလို့ နာကျဉ်းတာနဲ့ စာရင်  အများကြိး ကောင်းပါတယ်လှိုင်း ပြီးတော့ လှိုင်းကို ချစ်တယ်ဆိုတာ.. .နွေးနဲ့မဆိုင်ပါဘူးလှိုင်း.. လှိုင်းနဲ့ကိုယ်  ပါတ်သက်ခဲ့တာ  နွေးနဲ့ဘယ်လိုမှ မသက်ဆိုင်တဲ့ ပါက်သက်မှုတွေနဲ့ တွေ့ခဲ့ကြတာပါလှိုင်း. ..ပြိးတော့ ကိုယ်တစ်ကယ်ကို နှစ်နှစ်ကာကာ ချစ်ခဲ့မိတာ လှိုင်း...ကိုပါ လှိုင်း ရယ် "

" မပြောနဲ့ မကြားချင်ဘူး ရှင်ရဲ့အလိမ်အညာတွေကို မကြားပရစေနဲ့ လှိုင်းတောင်းပန်ပါတယ်... အခုချက်ချင်း လှိုင်းရှေ့ကထွက်သွားပေးပါ.. .ကျေးဇူးပြုပြိး လှိုင်း ဘယ်တော့မှ ရှင့်မျက်နှာမမြင်ပရစေနဲ့ "

ခါးခါးသီးသီး ပြောနေတဲ့လှိုင်းနှုတ်က စကားတွေက ကျွန်တော်ရင်တွေ ကို အစိတ်စိတ် အမွှာမွှာ ခွဲလိုက်သလိုပါပဲ လှိုင်းရယ်..။နွေးနဲ့ ချစ်သူတွေ ဖြစ်ကတည်းက နွေးတစ်ဖွဖွပြောလို့ လှိုင်းဆိုတဲ့နာမည်တစ်ခုကို ကျွန်တော်  ရင်းနှိးနေခဲ့တာ မှန်ပေမယ့် နွေးရဲ့သူငယ်ချင်း လှိုင်း မှန်းသိခဲ့လို့ လှိုင်းရဲ့အချစ်ကို တောင်းခံခဲ့တာ မဟုတ်ရပါဘူး လှိုင်း။ ကိုယ်နဲ့လှိုင်းနဲ့ စတင် ဆုံစည်းခဲ့ကြတာ.... .လှိုင်း ပြန်စဉ်းစား ကြည့်မယ်ဆိုရင် နွေးနဲ့ ဘယ်လိုမှ မပက်သက်ဘူးဆိုတာ လှိုင်းသိနေမှာပါ.. ..ခက်တယ်လှိုင်းရယ်.... .ဘဝဆိုတာ လိုသလို မဖြစ်ကြတဲ့ဘဝတွေမှာ ကိုယ်တို့ရဲ့ နှလုံးသားတွေ ဘယ်ဘဝ ဝဋ်ကြွေးတွေကြောင့်များ နာကျင်နေ ကြရမှာပါလိမ့် လှိုင်းရယ်...။ ကိုယ်စီ သိနေမြင်နေကြတဲ့ ကိုယ့်ရင်ထဲက အချစ်တွေကို လှိုင်း မြင်နေမယ်ဆိုတာ ကိုယ် ယုံကြည်သလို  လှိုင်း နှုတ်ကဖွင့်မပြောပေမယ့် လှိုင်း ရင်ထဲက မေတ္တာတွေကိုလည်း ကိုယ်မြင်နေပါတယ် လှိုင်း...။ ကိုယ်တို့တွေ  အချစ်စစ်မှန်ရင်... .ပြန်လည်ဆုံတွေ့ကြမှာပါ..။

..................................................။...............................................................
ခွဲခွာခဲ့တာ ကြာပြီဖြစ်တဲ့ အမိမြေကို နောက်တစ်ကြိမ် ပြန်လည်ခြေချဖို့ ရက်တွေက တဖြည်းဖြည်းနီးလာပြိလေ...။ တည်ငြိမ်ပြီ ထင်ထားတဲ့ ခံစားချက်တွေကလည်း အတွေးတွေနဲ့တောင် ယောက်ရက်ခတ်နေဆဲပါပဲ...။ အလုပ်က ပြန်လာလို့  စားပွဲပေါ် အသင့်ရောက်နေတဲ့ စာအိပ်လေးကို.. အသာကောက်ကိုင်းရင်း.. စာအိပ်ပေါ်က... လက်ရေး ဝိုင်းဝိုင်းလေးတွေရဲ့  ပိုင်ရှင်ကို အတက်သိနေရင်း...အားရဝမ်းသာစားဖောက်ဖတ်ဖို့ လှိုင်း ကြိုးစားရင်း

သို့........

                  ချစ်ရတဲ့ လှိုင်းရေ......အခုဆို နွေးနဲ့အတူ  မြန်မာပြည်မှာ လှိုင်းကို စောင့်မျှော်နေကြသူတွေ
အများကြိး ဖြစ်နေပြီးမို့ အမြန်ဆုံးပြန်ခဲ့ပါလို့ မှာကြားပရစေ ချစ်ရတဲ့လှိုင်း....အဓိကစောင့်မျှော်နေသူ
ကတော့..သူများမဟုတ်ပါဘူးလှိုင်းရေ..နွေးကိုယ်တိုင်ပါပဲ....နွေးရဲ့အချစ်ဆုံး သူငယ်ချင်းလှိုင်း မရှိပဲ နွေးရဲ့
လက်ထပ်ပွဲကို မကျင်းပချင်တာကြောင့် သနားညှာတာသောအားဖြင့် အမြန်ပြန်ခဲ့ပေးပါနော်လှိုင်း..
ပြီးတော့လေ..အရာရာအတွက် နွေးကို ခွင့်လွတ်ပါ လှိုင်းရယ်.....လှိုင်းအခုလို နောက်တစ်ကြိမ် ပြန်
ထွက်သွားရတာ..နွေးရဲ့အပြစ်လည်း မကင်းပါဘူးဆိုတာနွေးကလှိုင်းရဲ့အချစ်ဆုံးသူငယ်ချင်းတစ်
ယောက်ဖြစ်ခဲ့ပါရက်နဲ့ လှိုင်းရင်ထဲကိုမမြင်ခဲ့ဘူးလေ...။ အဲဒီအတွက်လည်းလှိုင်းကို အရမ်းပဲအားနာ
မိပါတယ်..လှိုင်းရယ်....လှိုင်းကတော့ နွေးရဲ့ ဆန္ဒမှန်သမျှအကုန်အကဲခတ်နိုင်ခဲ့ပေမယ့် နွေးကတော့
လှိုင်းဖြစ်သမျှကိုဘာမှမသိခဲ့ပါဘူး....လှိုင်း အဲဒီအတွက်နွေးကိုခွင့်လွတ်ပါလှိုင်းရယ်......။နွေးရဲ့ချစ်သူ
က သင်္ဘောသားတစ်ယောက်ပါင်္လှိုင်း...ရေ... လှိုင်းမရှိပဲ မင်္ဂလာမဆောင်ချင်ဘူး  ညှင်းထားလို့သူလဲအ
တော်စိတ်ညစ်နေရှာလေ. ..ချစ်ရသူ စိတ်ညစ်တော့နွေးလည်း ဘယ်ပျော်ပါ့မလဲနော်...:P........ပြီးတော့
အဲဒီအကြောင်းတွေကို ကိုမိုးယံကိုယ်တိုင် လာပြောပြမှ နွေးက အားလုံးသိခဲ့ရတာပါ..လှိုင်းရေ....
အခုဆို လှိုင်းတစ်ယောက် မြန်မာပြည်ပြန်လာဖို့ မျှော်လင့်ချက်တွေနဲ့အများကြိးနဲ့စောင့်မျှော်နေကြ
တဲ့ သူတွေရဲ့ဆန္ဒပြည့် အောင်....အမြန်ဆုံးပြန်ခဲ့ပါတော့နော်......ချစ်ရတဲ့လှိုင်းလည်း....လွမ်းနေမယ်
ဆိုတာ နွေးလည်းသိပါတယ်နော်.....ချစ်ရတဲ့သူငယ်ချင်း လှိုင်း ရွင်လန်းချမ်းမြေ့ပါစေလို့....

ချစ်တဲ့
လှိုင်းရဲ့နွေး...

နွေးရဲ့ စာလေး ကိုဖတ်ပြီး  စိတ်တွေ လှုပ်ရှားမှုကြောင့် စာရွက်ခေါက်လေးက လှိုင်းရဲ့ လက်ထဲမှာ တစ်ဆက်ဆက် တုန်ခါနေပါရောလားရှင်...။ အိမ်ပြန်ချိန်တွေ များစွာထဲက ဒီတစ်ခါတော့ လှိုင်းအတွက် အလှပ ဆုံး အိမ်ပြန်ချိန် တစ်ခု ကြိုလင့်နေပြီဆိုတဲ့ အသိကြောင့် လှိုင်း....ရင်တွေတလှပ်လှပ်နဲ့ အရင်နေ့တွေထက် ပိုခုန်နေမိတဲ့ လှိုင်း ရင်ခုန်သံတွေအတွက်.........။။။။။။။။။။

ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေရှင်..။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxx

မှတ်ချက်။    ။ စာတွေ စရေးကာစက ရေးထားဖြစ်တဲ့ ဝထ္ထုလေးပါ။

Written By Anglehlaing 

29 comments:

ဖတ်သွားတယ်ကွယ်
ခံစားရသလိုပဲ

ဘာလဲတော့သိဘူး:)

ကောင်းပါတယ်
ခင်တဲ့
လွင်ပြင်လှိုင်းငယ်

အချစ်က တော်တော် ရှုပ်ထွေးတာပါပဲ..
ဘယ်သူ့ကိုမှ မချစ်လေ..ကောင်းလေပေါ့ကွယ်..။

ရှုပ်ထွေးလှတဲ့ လူ့ဘဝကြီးထဲမှာ မျှော်မှန်းမထားတဲ့ ကိစ္စများမြောင်တို့ဟာ ပေါ်လာတတ်စမြဲပါ အိန်ဂျယ်ရေ။ ဘယ်သူ့ကိုမှ အပြစ်တင်မရဘူးပေါ့နော်။
မနေ့ကလည်း မောင်သန့်ရဲ့ ပို့စ်လေးခေါင်းထဲရောက်လာတယ်။
မင်္ဂလာဆောင်ခါနီးမှ မောင်နှမမှန်းသိကြရတဲ့ ရင်နာစရာအဖြစ်မျိုးတောင် ရှိနေတယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟူးးးးးးးးးးး ရင်မောတယ်။ ရင်မောတယ် ညီမရယ်။
ဒီလို အဖြစ်တွေ.................

ဖျန်း...ဖျန်း.. (မိုးယံအတွက်)း)
(ဘာရယ်ဟုတ်ပါဘူး..ရိုက်ကြည့်လိုက်တား)
လှိုင်းကသာ..နွေးနဲ့သူငယ်ချင်းဟုတ်ဘူးဆို
ဒီလူ့ကို..အဲလို..တီးပြီးမှ..အဖြေပေးသင့်တယ်
မျက်နှာများသူကိုးးP
ချစ်သူတိုင်း..ညားကြပါစေ
ညားသူတိုင်းလည်း..ချစ်ကြပါစေ ;)
ခင်မင်လေးစားလျှက်
မိစံ

မခံစားနိုင်ဘူးနော်..ဒါပဲပြောမယ်

လူ့ဘ၀ကရိုးရှင်းပေမဲ့ လူတွေကတော့မရိုးဘူးနော်
အချစ်လဲရိုးရှင်းတယ်
လူတွေကတော့မရိုးဘူးပေါ့နော်
တစ်ကယ်လဲ ရှိနေမှာနော်အဲလိုအဖြစ်အပျက်တွေက
ချစ်တဲ့ jasmine(မုန်လာထုပ်)

ချစ်သူနှစ်ဦး ပေါင်းကြလေသတည်းပေါ့နော်...
အဲ့လိုပဲဗျ... ယောက်ျားလေးတွေကလေ..ဟိ
ရေးထားတာလေး အရမ်းကောင်းတာပဲ။ စာစရေးတုန်းကဆိုတဲ့ပို့စ်က တော်တော်ကိုကောင်းနေတယ်။

ခင်လျက်
ဂျွန်မိုး

အချစ်ဆိုတာ ငါကတော့ နှလုံးသားတစ်ခုလုံးသူမထံအပ်နှံထားပြီးသား..ငါဘတ်ကတော့မဖောက်ဘူး..သူ့ဘတ်ကဖောက်လည်း..မလွမ်းဘူး..

ဟုတ်ပါရဲ့
ချစ်သူတိုင်းကိုဆုံစည်းစေချင်ပါတယ်လေ..

ဒီလူ့နှယ်.. သူငယ်ချင်း မိန်းကလေး ၂ ယောက်ကိုမှ တလှည့်စီ ချစ်မိနေတော့တာ ပဲကိုး..၊း) ပူလောင်၊ ကြေကွဲခြင်းတွေ ကိုယ်စီ ရှိခဲ့ကြပေမယ့် အဆုံးမှာ ပျော်ရွှင်စွာ ဆုံစည်းကြတော့လည်း ကြည်နူးစရာပဲ ပေါ့၊ ဖတ်လို့ ကောင်းပါတယ် ညီမရေ..။

သူငယ်ချင်း သံယောဇဉ်နဲ့  အချစ်စစ်ကို အကောင်းဆုံး ဖော်ကျူးတဲ့ ဝထ္ထုလေးပါပဲ။ အားပေးနေပါတယ်။

ရေးမယ့် ရေးတော့လည်း ရှယ်ရေးတာပါပဲလား။

ကောင်းအိ။

ဝတ္ထုလေး လာဖတယ်တယ်။ စဖတ်တော့ လှိုင်း ဆိုတာကို ယောက်ျားလေး ထင်နေတာ ဟီးး) ရေးထားတာ၊ စကားလုံး အသုံးအနှုန်းလေးတွေ ကောင်းတယ်။ ဇာတ်လမ်းကို ကြိုမှန်းလို့ ရပေမယ့် ဇာတ်သိမ်းကိုတော့ မမှန်းနိုင်ခဲ့ဘူး။ အမြဲ အားပေးနေမယ်နော် ညီမ...။

အချစ်ကြောင့် ပျော်ရွှင်ရတယ်...
အချစ်ကြောင့်ပဲ ကြေကွဲရပြန်တယ်....
မထင်မှတ်ထားတာတွေက ဖြစ်လာတတ်တယ်..။ နှစ်သက်စရာဝတ္တုလေးပါညီမရေ..။

လှိုင်းအတွက် အိမ်အပြန်စိတ်ချမ်းသာစရာဖြစ်သွားတာပေါ့လေ..
ဝမ်းသာစရာပါ..
သူ့ကိုမျှော်နေတဲ့သူနဲ့ ပြန်ဆုံကြမှာပေါ့..
ချစ်သူတွေဆုံဆည်းခွင့်ရတာ မင်္ဂလာပါ..
ဖတ်လို့ကောင်းတယ်ညီမလေးရေ.. အဆုံးသတ်ရဲ့ အပျော်တွေ ယူသွားပါတယ်..

ဝတ္တုလား တကယ့်အဖြစ်အပျက်လား။ ကိုယ်တိုင်အဖြစ်ပျက်တစ်ခုလို အသက်ဝင်လှလွန်းလို့ပါ။ ဖတ်ရင်း ဖတ်ရင်း လှိုင်းနဲ့ လှိုင်စာလုံးပေါင်းမှားနေတာလို့ပဲ ထင်နေတယ်လေ။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စာရေးစက ရေးထားတာ ဆိုတာနဲ့တင် လေးစားနေပါတယ်။ အဲဒီကတည်းက ညီမလေးက ရေးတတ်တာပဲ။ ကောင်းပါတယ်။ ၀တ္ထုတိုရေးရင် အဲဒီလို အလှည့်လေးတွေပါတဲ့ဟာတွေက စာဖတ်သူကို ပိုဆွဲဆောင်နိုင်ပါတယ်။ ဆက်လုပ်ပါ ညီမလေး။

ခံစားသွားပါတယ်..လှိုင်းရဲ့နေရာလေးကနေခံစားသွားပါတယ်နော်

အားပေးသွားတယ်။ဝတ္ထုလေးကအရမ်းလဲကောင်းပါတယ်။
ချစ်သူတိုင်ဆုံစည်းနိုင်ပါစေဗျာ...။

ဝတ္ထုလေးကို ထပ်မံလာဖတ်သွားပါတယ်။ ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေလို့....။

ခင်တဲ့
မေသိမ့်

လောလောဆယ် အခြစ်ကောင်းကောင်းရှာနေတယ်၊ အုန်းသီးခြစ်မလို့ :P

အချစ်လည်း အဲလိုပဲ ထင်တာပြောတာ :)
လှိုင်းလည်း ကံကောင်းပါစေ။

တနေ့ထက်တနေ့ အရေးအသားတွေက ပိုနူးညံ့လာတယ် ..
ဖတ်လို့ကလဲကောင်းမှကောင်း အိန်ဂျယ်လေးရေ

ချစ်တဲ့
အမ မဒိုးကန်

အေ၇းအသားတွေတိုးတက်လာတော့
စာဖတ်သူတွေကိုခဏခဏ
ဖတ်ဖြစ်စေတယ်....
အလွမ်းဇတ်တွေကို
နူးညံတဲ့ ဇတ်ပေါင်းလေးတွေနဲ့
နှစ်သိမ့်ပါအုံး...ညီမ

ဘ၀မှာမမျှော်လင့်ပဲ ကြုံရတတ်တဲ့ အကြောင်းအရာလေးတွေကို နုနုညံ့ညံ့ လှလှပပလေး ရေးဖွဲ့တတ်လိုက်တာ..

ဝတ္ထုလေးကြှိုက်ပါတယ်။ ချယ်ရီမြေက လှိုင်းနဲ့လှိုင် စာလုံး
ပေါင်းမှားသလားထင်ရတယ်တဲ့။ ကျနော်ဖတ်တာတော့
နွေးနဲ့လှိုင်း ရောနေသလားလို့ပါ။ အောက်ပါစာပိုဒ်မှာ
အဝေးရောက်နေပေမယ့် ချစ်ရတဲ့နွေးနဲ့ အဆက်အ
သွယ်မပြတ်ခဲ့ပါဘူး။ မကြာခဏဖုန်းပြောဖြစ်သလို အပြန်
အလှန်အတွေ့အကြုံလေးတွေ ဝေမျှရင်း တစ်နှစ်လောက်
ကြာတော့ လှိုင်းဆီက ရင်ခုန်ရတဲ့သူ တွေ့နေပြီဆိုတဲ့ သတင်းနဲ့အတူ ရေပက်မ၀င်အောင် အမြဲပြောတဲ့ချီးမွမ်း
စကားတွေနဲ့အတူ နွေးကြောင့်သူငယ်ချင်းအတွက် လှိုင်းမှာ
ပီတိဖြစ်ခဲ့ရတယ်။ အမြဲလိုလိုဆုံဖြစ်တိုင်းလည်း တဖွဖွ
ပြောတတ်တဲ့ နွေးကြောင့်လည်း နွေးရဲ့ချစ်သူကိုဆိုတဲ့
အကြောင်း လှိုင်းမှာအလွတ်ကိုရနေပါလေရော။

ရေးခါ စ ဆို တော့ မဆိုး ပါ ဘူး။ ပ ထ မ အ ပို ဒ် မှာ နွေး နဲ့ လို င်း နဲ့ နော က် ကျော ဘက် ကနေ ဘယ် လို နွေး က ပြ န် ဖက် သ လဲ ဆို တာ မျက် စေ့ လယ် တယ် ။
မျက် စေ့ ထဲမြ င် လာ ဖို့  န ည်း နည်း လေး ဟ နေ တယ် ထ င် ပါ တယ် ။
ဘာ ပဲ ဖြ စ် ဖြ စ် ဆက် လက် အား ပေးမှာ ပါ ။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More