“မီ.. ရေ ပြောစရာရှိတယ် သိလား
… မင်းအတွက် ကိုယ် သဲလွန်စတစ်ခု ရခဲ့တယ်” ဟု အသံပြုလိုက်သော
သူငယ်ချင်းမလေးကို လှည့်ကြည့်ရင်း လုပ်လက်စအလုပ်ကို လက်စသတ်ကာ ဘာလဲဟူသော
သိလိုစိတ်ဖြင့် သူမကို မီ ပြုံးပြလိုက်သည်။ “ မင်းရဲ့
စိတ်ပုတ်ကို ကိုယ်မနေ့က တွေ့လိုက်တယ်သိလား…. ” ဟင်ဆိုတဲ့ အာမေတိတ်သံဖြင့်
မီရင်ထဲမှာ လှိုင်းတို့ ထန်လေသည်။
“ မင်းဟာက
သေချာရဲ့လားကွာ သူမဖြစ်နိုင်ပါဘူး”
မချင့်မရဲ မယုံရဲဟန်ဖြင့် မီဆိုလေသော အခါ သူငယ်ချင်းက “ဟာကွာ.. မီကလည်း ကိုယ်က
မသေချာပဲပြောပါ့မလား၊ ပြိးတော့ လူမှားရအောင်လည်း မင်းရဲ့ စိတ်ပုတ်လိုမျိုး လူက
နှစ်ယောက်ရှိနိုင်ပါ့မလား” ဟူ၍
အသေအချာ အခိုင်မာ ဆိုသောအခါ မီမှာ အံသြရင်း အံသြရပြန်သည်။ အံ့သြစိတ်ဖြင့် “ဘယ်နေရာမှာ တွေ့ခဲ့တာလဲ
….ပြောပြဦးလေ” ဟုမီဆိုတော့
မချိုမချဉ်အပြုံးဖြင့် “
အိပ်မက်ထဲမှာ ..” ဟုဖြေသော
သူငယ်ချင်းမလေးကို မီတစ်ယောက် အသံတိတ်ဆဲရေးလိုက်မိသည်။
သူငယ်ချင်းမလေးကတော့ အငိုက်မိခံလိုက်ရသော
မီ့ကို သဘောကျစွာကြည့်ကာ တဟားဟားဖြင့် လှောင်ရယ်နေတော့သည်သာ။ မီကလည်း မီပင်
ထိုသို့သော အကြောင်းအရာနှင့်ဆို အငိုက်မိ ခံရခြင်းက အကြိမ်ပေါင်း
မရေတွက်နိုင်အောင်ပင်။ အရူးလုပ်ခံရသည့်တိုင် မီကလည်း အမှတ်မရှိစွာ စွဲလန်းနေမိဆဲ
အရိပ်လေးတစ်ခုကို မစွန့်လွတ် နိုင်ခဲ့သူပင်။ ရောက်ရာ အရပ်မှာ မီရှာဖွေနေမိသော
အရိပ်လေးကတော့ ဘယ်အရပ်ဌာနေမှာ ရှိနေလိမ့်မည်ဟု မသိနိုင်သော်လည်း သိစိတ်ရော
မသိစိတ်ကပါ မီသူ့ကို ရှာဖွေနေခဲ့သည်ကတော့ နှစ်ပေါင်းများစွာပင် ကြာခဲ့သော်လည်း
ပုန်း၍ကောင်းနေဆဲသာ ဖြစ်နေတော့သည် မဟုတ်ပါလား။ ထိုသည်ကို အခွင့်ရေးယူ၍ အကြောင်းသိ
သူငယ်ချင်းများက မီ့ကို အတည်ပေါက်ဖြင့် “
ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာ တွေ့ခဲ့တယ်” ဟုတစ်မျိုး၊ တခါတရံ “ တာမွေအဝိုင်းမှာ ဆုံခဲ့တယ်” ဟူ၍လည်းကောင်း မရိုးနိုင်အောင် အမျိုးမျိုးလည်း
စနောက်တက်ကြသူများလည်း ဖြစ်သည်။
တွေ့ချင်သူ မီနှင့်ကျတော့ မကြုံ၊
မဆုံနိုင်ပဲ မီမဟုတ်သော အခြားသူများနှင့်တော့ ကြုံဆုံခွင့်ပေးသော ကံကြမ္မာကို
မီနည်းနည်းလေးမှ မနာလိုချင်ပါ။ ကြည့်ပါဦး မီကတော့ သွားသွားလာလာ ပတ်ဝန်းကျင်ကို
ငေးမောရင်း တစ်နေရာရာမှာများ သူ့ကို တွေ့ရလေမလားဆိုသည့် မျှော်လင့်ချက်လေးဖြင့်
ရောက်ရာအရပ်မှာ ရှာဖွေခဲ့ရသူ။ ပုန်းနေသူ မဟုတ်သော်လည်း ကံကြမ္မာ မျက်နှာသာမပေးတော့
မီမှာ သူနှင့်ပါတ်သက်သမျှ သတင်းစကား တစ်စိတ်တစ်ဒေသလေးတောင်မှ သိခွင့်၊ကြားခွင့်
မရခဲ့ရပေ။ မီ့သူငယ်ချင်းများနှင့်တော့ ကျယ်ဝန်းလှသော ရန်ကုန်မြို့ကြီးမှာ
မတော်တဆပဲ ဖြစ်ဖြစ် ခဏတာလေးပဲ တွေ့လိုက်ရတယ်ဆိုသော တဆင့်စကားတွေ ကြားရတိုင်းမှာ
မီသာ မချင့်မရဲ ဖြစ်ကျန်ခဲ့ရသူပင်။
မကြာသေးမီ တစ်ချိန်ကာလ တစ်ခုကပင်
မေနှင့်မိုးတို့ထံမှလည်း လှည်းတန်းမှာ သူကို တွေ့ခဲ့သေးကြောင်း မီထံသို့ သတိတရ
ဖုန်းဆက်ပြောခဲ့သေးသည်ပင်။ ခဏဆိုမှ ခဏလေးမျှသာဟု ဆိုသည်။။ သင်တန်းချိန်
နားသောအခိုက်မို့ အချိန်မရခဲ့သလို ခဏလေးတွေ့လိုက်ရသော လူတစ်ယောက်ကို ဘာအတွက်
ထိုနေရာမှာ ရောက်နေရခြင်းဆိုသော အဓိက အဖြေကို သိနိုင်ဖို့တော့ မလွယ်ကူခဲ့ပါ။
အကယ်၍များ သူသာ သင်တန်းတတ်နေသူ တစ်ဦး ဖြစ်မည်ဆိုရင်လည်း မီ့သူငယ်ချင်းများနှင့်
နောက်တစ်ကြိမ် ဆုံနိုင်သေးသည်ပင်။ ဒုတိယအကြိမ် မရှိသော သူနှင့် ပါတ်သက်သမျှသည်
မီ့အတွက် ခဏတာလေးများ အဖြစ်သို့ ရောက်ရှိ သွားတက်စမြဲ။
ချစ်စွာသော မီသူငယ်ချင်းများကလည်း
သစ္စာရှိရှိပင် မီမပါသော်လည်း သူနှင့်ဆုံလေတိုင်းမှာ မီကိုယ်စား
မြင်ကွင်းတစ်ဆုံး ပျောက်သွားသည့်အထိ ဂရုတစိုက် စောင့်ကြည့်ပေးတက်သူများပင်
ဖြစ်သည်။ သူ၏ လုပ်ရှားပုံ၊ ဝတ်စားပုံ၊ အရောင်၊ အမျိုးအစား ၊ သူတစ်ယောက်တည်း
ဟုတ်မဟုတ် သေချာကြည့်ကာ မီကို မြင်ကွင်းအစမှ အဆုံး သူတို့မြင်တွေ့ခဲ့ရညည့် အတိုင်း
ပြန်လည်ဖုံဖော် ပြောပြတတ်ကြပြန်သေးသည်။ သို့ပေသည့်တိုင်အောင် မီကလည်း မီကိုယ်တိုင်
သူနှင့် ဆုံစည်းခွင့်၊ သူ့ကိုငေးမောခွင့်တို့ကိုသာ အလိုက်မသိစွာ မျှော်လင့်နေမိဆဲ၊
တောင့်တနေမိဆဲသာ။ မီတစ်ယောက် ဘယ်လိုပင် မျှော်လင့်၊ တောင့်တသော်ငြားလည်း
တစ်ကြိမ်တစ်ခါလေးမျှတောင်မှ သူနှင့်မီကို ထပ်မံကြုံဆုံခွင့် မပေးသော ကံတရား၏
မျက်နှာသာကို မီတစ်ယောက် ယနေ့တိုင် နားမလည်နိုင်ခဲ့ပါ။ ဘဝမှာ တစ်ကြိမ်တစ်ခါပဲ
ဖြစ်ပါစေ သူနှင့်မီကို ကြုံဆုံခွင့်လေး တစ်ကြိမ်လောက်ပေးဖို့ ဘုရားတွင်
ဆုတောင်းမိသည်ကလည်း အခါခါ။ သို့သော် ဘယ်တော့များမှ မီ့ဆန္ဒလေး ပြည့်ဝလာမည်ကိုတော့
မီတစ်ယောက် မသိနိုင်သေးပါ။
✿◆✿◆~♥~◆~♥~◆✿◆✿
အတိတ်နေ့ရက် တစ်ချို့ဟာ မိုးရွဲရွဲစိုတဲ့
နေ့ရက်များက စခဲ့သလိုပင် ယခုထိတိုင်အောင်လည်း မီအတွေးတွေကို မိုးရေများဖြင့်
စိုရွဲစေပြန်သည်။
✿◆✿◆~♥~◆~♥~◆✿◆✿
အစိုးမရသော ရန်ကုန်မိုး၏ ရုတ်တရက်
သဲသဲမဲမဲ ရွာချလိုက်တဲ့အတွက် စာကြည့်တိုက်သွားရန် အဆောင်ကူးဖို့ ပြင်နေသော
မီတစ်ယောက် မပြေးရုံတမယ် ခြေလှမ်းများဖြင့် အနီးဆုံးရှိ တစ်ထပ်ဆောင်
ကော်ရစ်တာအောက်သို့ ပြေးဝင်လိုက်သည်။ လေရောမိုးရော ပါသဖြင့် မိုးခိုပါလျှက်
မလုံသည့်သူလို ဖြစ်နေသော မီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် တစ်ထပ်ဆောင်၏ မိုးလွတ်ရာ
အခန်းနံရံဘေးသို့ မီ့ကိုယ်လေးကို ကျုံဝင်လိုက်ရတယ်။ ရုတ်တရက်မို့ထင်သည်
မိုးကြောင့် ကျောင်းသား၊ကျောင်းသူ တော်တော်များများ အပြေးအလွှား မိုးလွတ်ရာ
ပြေးဝင်ခိုကြတာမို့ မိုးနှင့်အပြိုင် လှုပ်ရှားမှုအားလုံးကလည်း ထိုခဏမှာ
ရုတ်ရုတ်သဲသဲ ဖြစ်လို့သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် မီ့မြင်ကွင်းထဲသို့ အတော်ဝေးဝေးမှ
အားကုန်ပြေးလွှားလာတဲ့ သွယ်လျလျ ခန္ဓကိုယ်တစ်ခု ပိုင်ဆိုင်ထားသလို အသားရောင်
တီရှပ်လက်တို ဝတ်ထားသော လူတစ်ယောက် ဝင်ရောက်လာခဲ့သည်။ (အမှန်ဆို မီ့မြင်ကွင်းထဲတင်
မကပဲ မီဘဝထဲသို့ တိုင်အောင်ပင် အသံတိတ် ဝင်ရောက် လာခဲ့ခြင်းဟု ဆိုလျှင်
ပို၍ပင် မှန်လေမည်ပင်။)
မိုးသဲသဲ အောက်မှာ သူပြေးလွှားနေပုံက
အနည်းငယ်ပင် ပန်းချီဆန်နေသယောင်။ မိန်းလမ်းမကြီး၏ တစ်ဖက်တချက်မှာ အုပ်ဆိုင်းနေသော
ရေတမာပင်ကြီးများ၊ မလေးရှား ပိတောက်ပင်ကြီးများမှ အကိုင်း၊ အလက်တွေကလည်း
လေနှင့်အတူ ဘယ်၊ညာယိမ်းထိုးနေကြသည်။ အတော်ဝေးဝေးက ကြည့်ရုံဖြင့်ပင် ယောက်ျားလေး
တစ်ယောက်ဆိုတာကို သိနိုင်တာမို့ မီ့စိတ်ထဲက အတွေးဖြင့် အနည်းငယ် သွယ်လျလွန်းသည်ဟု
တစ်ကိုယ်တည်း မှတ်ချက်ပေး ဝေဖန်ကာ ငေးကြည့်နေမိသည်။ ခဏအကြာမှာတော့ မိုးလွတ်ရာ
ပြေးဝင်ခိုလာသော သူက မီနှင့် မလှမ်းမကမ်းမှာ ရပ်လိုက်ပြီး အနည်းငယ်
ကိုယ်ရှိန်သက်ကာ ခန္ဓာကိုယ်ပေါ်မှ မိုးရေစက်များကို လက်ဖြင့် ခါချလိုက်သည်။
မိုးရေစက်များ တွဲခို၍ အနည်းငယ်
တွန့်ခွေနေသော ဆံနွယ်များကို လက်ဖြင့်သပ်ကာတစ်မျိုး ခေါင်းယမ်းကာတစ်မျိုးဖြင့်
တစ်ယောက်တည်း အလုပ်ရှုပ်နေသည်မှာ တစ်လောကလုံးမှာ သူတစ်ယောက်တည်း ရှိနေသည့်အတိုင်း။
ပတ်ဝန်းကျင်ကို မေ့လျော့နေဟန်ဟု ဆိုရလေမလား သို့တည်းမဟုတ် ဂရုစိုက်ဖို့ မထားတတ်သူ
တစ်ယောက် အသွင်ကဲ့သို့ ဖြစ်နေတာမို့ တမင်တကာဟု မဆိုနိုင်သော်လည်း သူ့ကို
မီငေးကြည့်နေမိသည်။ သူထံမှ နီစွေး၍ ပါးလျပ်နေသော နှုတ်ခမ်းပါးလေးကို သတိထားမိချိန်
မိန်းမလှတစ်ဦးသာ ဆိုရင် ဘယ်လောက်များ စကားကြွယ်လိမ့်မလဲဟူသော အတွေးဖြင့်
တစ်ကိုယ်တည်း ပြုံးမိရပြန်သေးသည်။ ဖြူနုနေသော အသားရည်ပေါ်မှာ စိမ်းညို့နေတဲ့
မျက်ခုံးတန်း နှစ်တန်းနှင့် အနည်းငယ် လေးထောင့်ဆန်သော မျက်နှာပိုင်ရှင်ကို ကြည့်ကာ
တိုင်းရင်းသား တစ်ဦးဦးဖြစ်ရမယ်လို့ မီတစ်ယောက်တည်း ကောက်ချက်ချလိုက်သည်။
ဖြူနုလွန်းနေသော သူ့အသားရည်မျိုးက ရန်ကုန်သူမီ့အတွက်တော့ မနာလိုချင်စရာပင်
ကောင်းနေသေးတော့သည်။
မီတစ်ယောက် ကိုယ့်အတွေးဖြင့်ကိုယ်
တစ်ကိုယ်တည်း သဘောကျမိရင်းမှ သူရဲ့လှုပ်ရှားပုံများကို ဘာရယ်ဟု မသေချာပဲ အသေးစိတ်
ငေးကြည့်လို့ နေမိသည်။ သွယ်လျသော ခန္ဓာကိုယ်အချိုးစားမို့ထင်သည် သူဝတ်ထားသော
ဂျင်းပင်(လ်)ပြာသည် အနည်းငယ် ပွယောင်းယောင်း ဖြစ်နေသော်လည်း သူနှင့်
လိုက်ဖက်နေသလိုပင်။ ရေစက်များကို ခါထုတ်ပြိးသွားတော့မှ သူက ဂျင်းပင်(လ်)နောက်မှာ
အရှည်လိုက် မကျိုးသွားအောင် ခေါက်လျှက်ထည့်ထားသော စာအုပ်လေးကို ထုတ်ကာ ရေစိုမစို
လှန်လှောစစ်ဆေး၍ မစိုတာ သေချာသွားတော့မှ ခေါက်ရိုးချိုးအတိုင်း အိတ်ထဲပြန်ထည့်ကာ
အားလုံးသေသေသပ်သပ် ဖြစ်သွားဟန်ဖြင့် မီနှင့် ဆန်ကျင်ရာ ကန်တင်းရှိရာဘက်ကို
တစိုက်မတ်မတ် ထွက်ခွာတော့သည်။ သူ့နောက်ကျာကို မြင်ကွင်းတစ်ဆုံး ငေးကြည့်ရင်းမှ မီ
သတိထားမိလိုက်တာက လွယ်အိတ်မလွယ်တတ်သော ကျောင်းသား တစ်ယောက်အဖြစ်သာ မထင်မှတ်ပဲ သူက
မီအတွေးထဲ စတင်စိုးမိုးလာခဲ့တေ့သည်။
အများနှင့်မတူ တမူထူးခြားသော
ကျောင်းတစ်ကျောင်းလုံးမှာ လွယ်အိတ်လွယ်လေ့ မရှိသော သူ့အကြောင်းကို
သူငယ်ချင်းတွေကို ပြန်ပြေပြသောအခါမှာ သူငယ်ချင်းများကလည်း အားမနာလျှာမကျိုး မီ့အား
စိတ်ရောကိုယ်ပါ ပြန်လည် ချီးကျူးထောပနာ ပြုကြသည်။ မယုံတဝက် ယုံတဝက်ဖြင့်
ထင်ကြေးတွေ အမျိုးမျိုးပေးကာ မီ့ရဲ့ စွဲလန်းမှုကို လှောင်ပြောင် ရယ်မောခဲ့ကြတယ်။
အချိန်တစ်လ နီးပါးရှိသည့်တိုင်အောင် သူနှင့်မီ နောက်တစ်ကြိမ် မဆုံဖြစ်တဲ့အခါ
မီကိုယ်တိုင်လည်း အားလျော့လာခဲ့သည်။ သူ့ကို မီတို့ကျောင်းက မဖြစ်နိုင်ဘူးရယ်လို့
သူငယ်ချင်းတွေက မှတ်ချက်ပေးကြသလို အခြားကျောင်းတစ်ကျောင်းမှ အလည်လာသော
ကျောင်းသားတစ်ယောက် ဖြစ်ရမည်ဟုဆိုကာ တစ်ရွာသားကိုမှ စွဲလန်းမိလေခြင်းရယ် ဟူ၍လည်း
မီ့ကို အပြစ်တင်ကြပြန်သေးသည်။ သို့ပေသည့်တိုင်အောင် မီကတော့ ယုံကြည်နေမိဆဲ။
မီတွေ့လိုက်သော ခေါက်ရိုးကျိုး စာအုပ်လေးက မီ့တို့ဌာနက ထုတ်ဝေသော စာအုပ်လေးမို့
သူ့က ဒီကျောင်းမှာပဲ ရှိနေလိမ့်မည်ဟုပင် အသေအချာ ယုံကြည်နေခဲ့မိဆဲသာ။
သူငယ်ချင်းများက မည့်သို့ပင် စိတ်ပျက်အားငယ်အောင် ပြောခဲ့ကြပါစေ မီကိုယ်တိုင်ကတော့
အားလျော့စိတ်ပျက်ခြင်းကင်းစွာပင် နေရာအနှံ့မှာ သူ့ပုံရိပ်လေးကိုသာ ရှာဖွေနေမိဆဲသာ
ဖြစ်သည်။
✿◆✿◆~♥~◆~♥~◆✿◆✿
မီ့ ယုံကြည်မှုတွေကို သက်သေတည်စေသော
နေ့လေးတစ်နေ့။ ထိုနေ့က နေ့လည်စာ နားချိန်မို့ မီတို့သူငယ်ချင်းတွေ အားလုံး
ထိုင်နေကြ ကန်တင်းမှာ ထိုင်နေချိန် မီတို့နှင့် ဘေးချင်းကပ်ဆိုင်မှာ သူက အခန့်သား
ထိုင်လို့နေသည်။ သူ့ကို တွေ့လိုက်ရသော တဒင်္ဂ မီတစ်ယောက် အသက်ရှု ရပ်မတက်ပါပဲ။ မီ့
ခြေဖျား၊လက်ဖျားတွေလည်း ချက်ခြင်းဆိုသလို အေးခဲလို့ သွားရသည်။ သူနှင့်
ပါတ်သက်လာလျှင် မီသည် ထိုကဲ့သို့လည်း စိတ်လှုပ်ရှားခြင်းတို့ဖြင့် တစ်ယောက်တည်း
ရှုပ်ရှက်ခက်နေတက်သေးသည်။ တစ်ယောက်တည်း မဟုတ်သော သူ့ဝိုင်းမှာလည်း မီ့တို့လိုပင်
သူငယ်ချင်းငါးယောက်။ မရည်ရွယ်ပဲ သူနှင့်မီက မျက်နှာချင်းဆိုင် သဘောမျိုး
ဖြစ်နေတာကြောင့် သူ့လှုပ်ရှားပုံ အားလုံးကို မီ့မြင်ကွင်းထဲမှာ ပီသရှင်းလင်းစွာ
ထင်ထင်ရှားရှား မြင်နေရသည်။ ပျားပန်းခက်မျှ များပြားလှသော ကျောင်းသူ၊ကျောင်းသားများ
ကြားထဲမှ သူ့ကို ရှာဖွေတွေ့ရှိ လိုက်ရတဲ့အတွက် ကြည်နှုးမှုအပျော်နှင့်အတူ ထိုအချိန်က
မီရဲ့ ကျောင်းတတ်ချိန်တွေလည်း အလှပဆုံး ဖြစ်စေခဲ့သည်။
သူ့ကို မီတစ်ယောက်တည်း မဟုတ်ပဲ
မီ့သူငယ်ချင်းများကပါ သတိထားမိလာချိန်မှာတော့ မီတို့သူငယ်ချင်း တစ်စု၏ တစ်နေ့တာ
စကားဝိုင်းလေးမှာ သူ့အကြောင်းတွေကလည်း စိုစိုပြေပြေ ပါဝင်လို့နေသည်။ ဥပမာအားဖြင့်
သူ၏ ဝတ်စားဆင်ယင်မှု ၊သူဝတ်ထားလာသော တီရှပ်အရောင်၊ ဂျင်းပင်(လ်) အရောင်၊
အတန်းချိန်နီးမှ ရောက်လာတတ်သော သူ့အမှုအကျင့် စသည်ဖြင့် ဝေဝေဆာဆာ ရှိနေတက်စမြဲပင်။
အမှန်တိုင်း ဝန်ခံရစတမ်းဆို အတန်းချိန် အပြည့်တတ်သော သူ့အကြောင်းကို
သိခဲ့ရချိန်မှစ၍ မကြာခဏ အတန်းလစ်တတ်သော မီတို့ သူငယ်ချင်းတစ်စုလည်း အတန်းချိန်
မှန်လာခဲ့ရသည်။ ကျောင်းတစ်ကျောင်းထဲ ဆိုသော်လည်း မေဂျာမတူ၊ အတန်းချိန်မတူကြသော
မီတို့သူငယ်ချင်း ၅ယောက်စလုံး ကျောင်းတတ်၊ကျောင်းဆင်းချိန်နှင့် နေ့လည်စာ
စားချိန်တို့မှာ အဆောင်တစ်ခုမှ တစ်ခုသို့ ကူးလူးဆက်သွယ်ရင်း
မေဂျာတူတွေလိုပင် တပူးပူးတတွဲတွဲ ရှိတက်ကြသူများမို့ အတန်းချိန်နိးလာမှ သက်ဆိုင်ရာ
အခန်းတွေကို အပြေးအလွှား တတ်ကြသူများလည်း ဖြစ်သည်။
ထားဝယ်သားတစ်ယောက် ဖြစ်သောသူက
မြန်မာစကားပြောရာမှာ အတော်လေးပင် ဝဲနေတက်သည်။ သူ စကားဝဲလွန်း၍ ဘာပြောလိုက်မှန်း
နားမလည်အောင်ပင် ဖြစ်ရချိန်မျိုးမှာတော့ အစသန်သော သူငယ်ချင်းများကြောင့် မီ့မှာ
ခေါင်းမဖော်နိုင်အောင်ပင် ဖြစ်ရသေးသည်။ သူ့နှင့်အတူ သူငယ်ချင်းတွေ အားလုံးကလည်း
ထားဝယ်သားများသာ ဖြစ်ကြသည်မို့ ကန်တင်းသွားရာ လမ်းတလျှောက်မှာ မီတို့နှင့် အဖွဲ့လိုက်
ရှေ့နောက် ကြုံကြတဲ့အခါတိုင်း တဖွဲ့နှင့်တဖွဲ့ အပြိုင် စနှောက်ကြသော်လည်း
မီတို့အားလုံး ထားဝယ်သံဝဲဝဲကို နားမလည်တဲ့အခါ အတော်လေးပင် အခက်တွေ့ကြရပြန်သည်။
ကိုယ့်စကားနှင့်ကိုယ် နားလည်သလို စနောက်ကြရင်း ရင်းနှီးမှုဟု မဆိုနိုင်သော
မျက်မှန်းတန်းမိရုံဖြင့် တစ်ဖွဲ့ကိုတစ်ဖွဲ့ သတိထားမိလာခဲ့ကြသည်။ ထိုထက်မပိုသော
ရင်းနှိးမှုများနှင့် မီဘက်ကလည်း သူမသိအောင် တိတ်တဆိတ် နေ့စဉ်နေ့တိုင်း တိတ်တဆိတ်
စောင့်ကြည့်ငေးမောရသော အခြေနေမှ မတိုးတတ်လာခဲ့သလို သူ့ဘက်ကလည်း မီနှင့်
သူငယ်ချင်းတစ်စုကို ပျော်တတ်စတတ်သော အုပ်စုတစ်စုဆိုသော အသိထက် ပိုမလာခဲ့ပေ။
မီ့ဘက်မှ သူ့ကိုတိတ်တခိုး ငေးမောခွင့်ထက်
ပို၍ မမျှော်လင့်မိသော်လည်း မီ့မြင်ကွင်းထဲမှ သူ ပျောက်ကွယ် သွားမည်ကိုတော့ မီ
စိုးထိတ်ခဲ့ရသည်။ နီးစပ်ဖို့အထိ မရည်ရွယ်ခဲ့သော်လည်း သူနှင့်ပါတ်သက်သော
ဆန္ဒလေးတစ်ခုက မီ့ရင်ထဲမှာ အသင့်အနေအထားဖြင့် တည်ရှိ၍ နေခဲ့လေသည်။ ထိုအချိန်ကတည်းက
စပြီး ငေးကြည့်ခွင့်လေး ပျောက်ဆုံးသွားမှာ မရရှိတော့မှာကို မီတစ်ယောက် ကြိုတင်
တွေးပူနေတတ်ခဲ့ရသည်ပင်။
✿◆✿◆~♥~◆~♥~◆✿◆✿
မကြာမီမှာ မီ့အတန်းဖော် သူငယ်ချင်းမလေး
အသစ်တစ်ယောက်က ရလာခဲ့သည်။ မမျှော်လင့်ဘဲ သူမလေးက ထားဝယ်မလေး တစ်ယောက်
ဖြစ်နေခဲ့သလို ဘိတ်သူ၊ဘိတ်သားချင်းမို့ သူနှင့်ပါ ရင်းနှီးကျွမ်းဝင်တဲ့အခါ
ကျိတ်ပြီး ပျော်ရွင်ခဲ့ရသူက မီပင်။ သူ့အကြောင်းတွေကို မီ့အတန်းဖော်မလေး ဆီကနေတဆင့်
မီသိခွင့် ရလာတဲ့အချိန်ကစပြိး သူ့အပေါ်မှာ မီတစ်ယောက် လေးစားမှုလည်း ပိုလာခဲ့ရသည်။
အတန်းဖော် သူငယ်ချင်းမလေးက စုစံဟူသော ချစ်စရာ အမည်လေးကို ပိုင်ဆိုင်ထားသလို
သွက်သွက်လက်လက် ရှိလှသည်။ ရုပ်ရည် ချောမောလှပလွန်းသလို ခောတ်မှီ
အသုံးဆောင်တွေထဲမှာ သေသေသပ်သပ် ကျော့ရှင်းနေတတ်သူ တစ်ဦးဖြစ်သလို လူတစ်ယောက်
ချစ်အောင်လည်း တီတီတာတာ ချွဲနွဲ့တတ်သူတစ်ဥိးပင်။ အတန်းမှန်မှန် တက်နေပြီဖြစ်သော
မီ့ကို ချစ်စဖွယ်ချွဲရင်း အတန်းလစ်တတ်သူလေး ပီပီ ခဏတဖြုတ်သာ ကျောင်းလာတတ်ပြီး
အတော်ကြာကြာ ပျောက်နေတတ်သူပင်။
ငွေကြေးပြည့်စုံပုံ ရသလို ထင်သလို
သုံးစွဲခွင့်တွေ ပိုင်ပိုင်ရနေသော အဆိုးမလေး စုစံအတွက်တော့ သူက စိတ်ပုတ်
သူတစ်ယောက်အဖြစ် မီသိခွင့်ရခဲ့ပြန်သည်။ ခြိုးခြံချွေတာ၍ ကျစ်ကျစ်လစ်လစ်
နေထိုင်တတ်သော သူ့၏ စည်းစနစ်ကျမှုသည် ထင်သလိုကျဲနေသလို သူမလေးအတွက်တော့ ဘဝကျချင်စရာ
ရှိမှာမဟုတ်တာ အသေအချာပင် ဖြစ်နေပေလိမ့်မည်။ အချိန်တိကျမှု၊
အပေါင်းသင်းများသော်လည်း အတန်းမှန် စာကျက်မပြတ်သော သူ့ကို မီအပါအဝင်
သူငယ်ချင်းအားလုံးကလည်း အသိမှတ်ပြုခဲ့ ကြရသည်ပင်။ သူမလေးပေးသော သူ၏ နာမည်ပြောင်ကို
အစွဲပြုပြိး မီတို့ သူငယ်ချင်းတစ်စုကလည်း သူ့နာမည်ရင်း သိသော်လည်း “ စိတ်ပုတ်” ရယ်လို့ နားလည်မှုဖြင့် သူ့ကို အမည်ပေး
ကင်မွန်းတပ်ခဲ့ကြသည်။ မတိုင်ပင်လိုက်ရဘဲ သူကလည်း အလိုလိုပင် “ မီရဲ့ စိတ်ပုတ်” ဆိုသော ဘွဲ့ထူးလေးဖြင့် မီတို့
ကျောင်းတတ်ချိန်တွေမှာ အတော်လေး ရေပန်းစားလာခဲ့သည်။ မိန်းခလေးမို့ စောင့်စည်းရမည်
ဆိုသော အသိကြောင့် မဟုတ်သော်လည်း မီကိုင်တိုင်က သူ့ကိုငေးမောခွင့်ထက် ပိုပြီး
မတောင့်တခဲ့သည်မှာလည်း အမှန်တရား တစ်ခုပင် ဖြစ်လေသည်။
တစ်ခါတရံ သူကျောင်းမလာသော ရက်တွေမှာ နေကောင်းပါစေလို့
တိတ်တခိုး ဆုတောင်းမိရင်းမှ မီမြင်ကွင်းထဲသို့ သူရောက်လာဖို့အတွက်
စိတ်စောနေမိတတ်ပြန်သည်။ မီလိုပင် သူလည်း ခံစားသိရှိနေ၍လား မဆိုတက်ချေ။
သူကျောင်းပြန်တတ်သည့် ရက်တွေမှာဆို မီအတန်းရှေ့သို့ မရောင်မလည် သူရောက်လာတက်သည်။
အမှန်စင်စစ် သူက မီရှိရာ အတန်းသို့ ရောက်ဖို့ ခဲယဉ်းသူတစ်ယောက်မျှသာ။
မီ့အတန်းထဲတွင် သူ့သူငယ်ချင်းများ ရှိနေသည့်အတွက် လာမည်ဆိုက လာနိုင်သော်လည်း
လာလေ့မရှိတတ်သောသူ့ကို ထိုသို့သော ရက်များမှာတော့ သူ့သူငယ်ချင်းကို
လာတွေ့သလိုနှင့် မီအတန်းရှေ့သို့ ရောက်လာတက်သော သူ့၏ စာနာမှုဟု ဆိုရမည်လား မပြောနိုင်သော
အလိုက်သိမှုကဖြင့် မီ့ရင်ကို ကျေနပ်ခြင်းတို့ဖြင့် နွေးထွေးစေခဲ့ပြန်သည်။
သူရောက်လာချိန်မျိုးမှာ မီက သူ့ကိုမတွေ့ဘဲ
စာလုပ်နေချိန်မျိုး ဒါမှမဟုတ် ဘေးမှသူငယ်ချင်းနှင့် စကားကောင်းနေသော
အချိန်မျိုးများတွင်မတော့ မီမြင်ကွင်းရှေ့မှာ အခေါက်ခေါက်အခါခါ လမ်းလျောက်ခြင်းဖြင့်
မီရဲ့ သတိထားမှုကို အရယူတတ်သော သူတစ်ယောက်လည်းဖြစ်သည်။ သူ့ကို မီ
မြင်တွေ့သွားပြီဆိုမှ စိတ်ချဟန်ဖြင့် သူ့အတန်းဘက်သို့ ထွက်သွားတတ်သော
သူ့နောက်ကျောကို ငေးကြည့်ရင်း မီမှာ အသေးအမွှား သူရဲ့ အပြုမှုအတွက်
ကျေနပ်ခဲ့ရသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လို့လာခဲ့ရသည်။ ထိုသည်ပင် စကားလုံးများ
မလိုအပ်သော မီတို့နှစ်ယောက်၏ အသံတိတ် တုန့်ပြန်မှုလေးများဟု ဆိုနိုင်သည်ပင်
မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် သူ့ကို မြင်တွေ့လိုက်ရသော တစ်ခဏလေးသည်လည်း
မီ့ရင်မှ အပူမိးများကို တစ်ဟုန်တည်း ငြိမ်းအေးသွားစေပြန်သည်။
တခါတရံ ကျောင်းသားတွေကြားထဲ သူ့ကိုမတွေ့သည့်
အခါမျိုးမှာတော့ ရှာဖွေနေဆဲ မီအကြည့်များကို သူက နားလည်စွာဖြင့် များပြားလှသော
ကျောင်းသားများကြားမှ ရုတ်တရက်ထပြိး မတ်တပ်ရပ်လိုက်သလိုမျိုး၊ တစုံတရာ ရှာဖွေသလို
စသည့် အပြုမှုမျိုးများဖြင့် မီရဲ့ရှာဖွေမှုကို သူကအလိုက်တသိ အဆုံးသတ်
ပေးတက်ပြန်သေးသည်။ လက်တွေ့မှာတော့ သူနှင့်မီတို့ နှစ်ဦးစလုံးသည်
ချစ်သူများကဲ့သို့ တရားဝင် ချစ်ကျွမ်းမဝင် ခဲ့ကြသော်လည်း တစ်ဦး၏ အကြည့်မှာ
တစ်ယောက်က ပျော်မွေ့နေခဲ့ ဖူးကြသည်ပင် ဖြစ်လေသည်။
✿◆✿◆~♥~◆~♥~◆✿◆✿
ဒီလိုနှင့်ပဲ မီတို့လည်း
နောက်ဆုံးနှစ်သို့ ရောက်လာခဲ့ကြသလို နှစ်ကြိးကျောင်းသား ဖြစ်လာချိန်မှာတော့
ကျောင်းနှင့် ခွဲခွာရတော့မည်ဆိုသော အသိဖြင့် အတန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
စာသင်ခန်းတွင် တစ်နေကုန် အချိန်ဖြုန်းတတ်သူများ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။
ယခင်ထက်ပို၍လည်း အတန်းသားအချင်ချင်း ရင်းနှီးမှု ရှိလာကြသလို အချိန်ပြည့်
အတန်းထဲတွင် ရှိလာကြသောကြောင့် တစ်ဦးကိုတစ်ဦး ပိုမို ရင်းနှီး ကျွမ်းဝင်လာခဲ့ကာ
ကျောင်းပျော်သော ကျောင်းသားကြိးများအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
ကျောင်းနှင့်ပါတ်သက်သော လူမူရေး လှုပ်ရှားများတွင် ပါဝင် လှုပ်ရှားခဲ့ကြပြိး
မီတို့အားလုံး၏ အတွေး၊ စိတ်ကူးများထဲတွင်တော့ နောက်ဆုံးနှစ် ကျောင်းသားများ၏
ထုံးစံအတိုင်း အမှုမဲ့အမှတ်မဲ့ ပြုမှုခဲ့သမျှ အရာတိုင်းဟာ သတိရနေစရာ၊
အမှတ်ရစရာများအဖြင့် ပြည့်နှပ်လို့သာ နေလေတော့သည်။
ထိုအချိန်မျိုးမှာ မြင်မြင်သမျှ
အရာအားလုံးဟာလည်း အလိုအလျှောက် လွမ်းမောဖွယ်ရာအတိ ဖြစ်လို့နေသည်မှာ
ထူးဆန်းလွန်းလှသည်ပင်။ လေတွေအရမ်းတိုက်သော အခါမျိုးများတွင်လည်း လွမ်းမိသလိုလို၊
မိုးကြိးသည့် အခါမျိုးတွင်လည်း ငိုရမလို ရယ်ရမလို၊ ကျဲကျဲတောက် ပူနေသော နွေ၏
အပူရှိန်ကိုလည်း မညည်းငြူနိုင်လောက်အောင်ပင် အရာအားလုံး ချစ်ခြင်းတို့ဖြင့်
လွမ်းမောစရာ ပြည့်နှပ်လို့နေလေတော့သည်။ မရည်ရွယ်ခဲ့သည် မှန်သော်လည်း သူထံမှ
မီ့တသက်တာလုံးအတွက် မမေ့နိုင်စရာ အမှတ်တရများနှင့် လွမ်းမောစရာတွေကိုလည်း
ကျောင်းတော်ကြိးနှင့်အတူ ရရှိခဲ့ပြန်သည်။ တစ်နေ့ မီအတွက် ကြေကွဲစရာဟု ဆိုနိုင်သော
သတင်းတစ်ပုဒ်ကို ဆောင်ညင်းလာခဲ့သူတစ်ယောက်က ချစ်လှစွာသော မီသူငယ်ချင်းမလေး
သဲပင် ဖြစ်လေတော့သည်။
“မီရေ ..
မင်းရဲ့ စိတ်ပုတ်တော့ ကောင်မလေး ရနေပြီကွ သိလား… မီလောက်တောင် မချောပါဘူးကွာ
ကိုယ့်အထင်တော့ သူလေးက ထားဝယ်သူလေးပဲ ဖြစ်ရမယ် … ဟိုနေ့က မိန်းလမ်းမကြိးမှာ
ဘေးချင်းယှဉ်ပြီး လမ်းလျောက်သွားတာ ကိုယ်တွေ့လိုက်တယ်.. ပြိးတော့ သူ့လက်ထဲမှာ
ပိုက်ထားတာ ကောင်မလေးရဲ့ စာအုပ်တွေ ထင်တယ်ကွ.. လမ်းလျောက်သွားပုံ ကြည့်ရတာတော့
အေးအေးဆေးဆေးပါပဲ..”
သဲရဲ့ စကားတစ်ခွန်းဟာ မီ့ကို အလွမ်းကြီး
လွမ်းသွားစေခဲ့သည်။ မီကတော့ “ဟုတ်မှဟုတ်ရဲ့လား” ဆိုသော မရေမရာသော
ယုံကြည်မှု တစ်ခုကြောင့်ပင် သဲကို ပြန်မမေးဖြစ်ခဲ့ပေ။ အခြားသော သူငယ်ချင်းတွေကလည်း
မီ စိတ်မကောင်းဖြစ်မှာ စိုးစွာဖြင့် “မဖြစ်နိုင်ပါဘူး
သဲရယ်၊ မင်းကလည်း…သူငယ်ချင်း နေမှာပါ ဒါမှမဟုတ်လည်း သူတို့က သူတို့နယ်သား
အချင်းချင်းဆို ဆွေမျိုးသားချင်းလို ရင်းနှီးတတ်ကြတာပဲဟာ..” ဟု တစ်ယောက်တစ်ခွန်း ကာကွယ်ပြောဆို
ပေးခဲ့ကြသေးသည်ပင်။ မီ့ ခံစားမှုကို နားလည်စွာဖြင့် သက်သာစေဖို့ရန်
ဖေးမအားပေးခဲ့သော်လည်း မီကတော့ အပြုံးဖြင့်ပင် သူငယ်ချင်းတွေကို နားလည်စွာဖြင့်
ပြန်လည် နှစ်သိမ့်ခဲ့ရသေးသည်။ သူနှင့်ပါတ်သက်၍ ကျေနပ်မှုတစ်ခုတွင်
ထိုသို့ပြုမှုနိုင်သော အပြုမှုတစ်ခုသည်လည်း တစ်ခုအပါအဝင် ဖြစ်ရသည်။
“
အိုကွာ…. သူချစ်သူရတော့ရော .. ဘာဖြစ်တာမှတ်လို့ကွာ… မီနဲ့ သူက ချစ်သူတွေမှ
မဟုတ်ခဲ့ကြတာ..ကျောင်းပဲ နောက်ဆုံးနှစ် ရောက်နေပြီ သူက ကြင်ယာ တွေ့သွားတာပဲ
..မီက သူ့ကို Congratulation တောင် လုပ်ရဦးမှာ …” ဟု ဘာမှ မဖြစ်ခဲ့သလို ပြန်လည် ဖြေနိုင်ခဲ့သော်လည်း
မီရင်ထဲမှ အတိမ်အနက်ကိုတော့ မီကိုယ်တိုင် အသိခဲ့ဆုံးပင် မဟုတ်ပါလား။
သို့သော်ငြားလည်း မီဘက်မှ တက်စွမ်းနိုင်သော အရာမဟုတ်သည်ကိုလည်း နားအလည်ဆုံးသူသည်
မီ့အပြင့် နှစ်ယောက်ရှိနိုင်လိမ့်မည်ဟုလည်း မထင်ပေ။ ဒီလိုနှင့်ပဲ
မီနှင့်ဆန့်ကျင်ရာအရပ်သို့ သူ့ခြေလှမ်းတွေ ဦးတည်ချက် ပြောင်းသွားသည့်အခါမှာတော့
အလိုက်သိစွာဖြင့် တိုးတိတ်ကြေကွဲခြင်း သည်သာပင် မီရဲ့အဖော်အဖြစ်
တိုးဝင်လာခဲ့ရသည်။
✿◆✿◆~♥~◆~♥~◆✿◆✿
Third Year
Second Semester ဖြေခါနီးပြီးမို့
မီတို့အားလုံး အလွမ်းအဆွေးတွေကို ခဏဖယ်ထားကာ စာမေးပွဲအတွက် ပြင်ဆင်လုံးပန်း
ကြရပြန်သည်။ ဗိုက်ဗာဖြေဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ကြရသလို ဖီးလ်ဆင်း ကြရတာကလည်း
တစ်မျိုး၊ မေးခွန်းဟောင်းတွေကို စာကြည့်တိုက်မှာ တစ်နေကုန် ရှာဖွေကြရင်း
သက်ဆိုင်ရာ အပိုင်းလိုက် တာဝန်ခွဲဝေ ယူထားကြသော အပိုင်းကိုယ်စီကို
တာဝန်ကျေပြွန်ရန်နှင့် စာမေးပွဲကြီးကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ကြဖို့
ကိုယ်စီ ကြိုးစားနေကြသောအချိန်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆောင်း၏
အငွေ့သက်တို့ဖြင့် အေးစိမ့်နေသော်လည်း မီတို့ကျောင်းသားများကတော့ ကိုယ်စီကိုယ်ငှ
ရင်မှ အပူလှိုင်းတို့ဖြင့် ဆောင်းကို အံ့တုလို့ နေခဲ့ကြသည်။
မနက်ခင်း၏ နေရောင်အောက်မှာ
ဥထဟိုသွားလာနေသော မိန်းလမ်းမကြိးပေါ်မှ ရှုပ်ထွေးလှသော ကျောင်းသားများကြားကို
မီတစ်ယောက် အမှတ်မထင် ငေးနေမိခိုက် မီမြင်ကွင်းထဲသို့ တစိုက်မတ်မတ်
ဝင်ရောက်လာသောသူ့ကို မီမလွဲရှောင်နိုင်ပဲ ယခင်အချိန်များ ကဲ့သို့ပင်
ငေးမောကြည့်နေမိခဲ့သည်။ အလွတ်ရနေသော သူ့စတိုင်များစွာထဲမှ တစ်ခုဖြစ်သော
ဂျင်းပင်(လ်)ပြာနှင့် တီရှပ်လက်တို အပြာနုလေးကို လိုက်ဖက်လှစွာ ဝတ်ဆင်ထားသော
သူကတော့ ထုံးစံအတိုင်း စည်းချက်ကျကျ လှမ်းလျောက်၍ လာနေသည်။ ပုံမှန်လျှောက်နေကျထက်
အနည်းငယ် နှေးကွေးနေတာကို သတိထားမိချိန်မှာမှ သူနှင့်အတူ ဘေးချင်းယှဉ် လျောက်လာသော
ကျောင်းသူလေးကို မီတစ်ယောက် သတိထားမိသွားရသည်။ ပြည့်ဖြိုးသော မျက်နှာဝိုင်း
ပိုင်ရှင်မလေးသည် အရမ်းအလှကြီး လှသူမဟုတ်သော်လည်း စွဲဆောင်မှု တစ်ခုရှိနေခဲ့
သလိုပင် ကြည့်၍ပင် ကောင်းနေသေးသည်။ သူမသည်လည်း တိုင်းရင်းသူတစ်ယောက်ဆိုတာ
သိသာလှသော မျက်နှာထားဖြင့် ချစ်စဖွယ် အတိရှိလှသလို ရိုးရာဝတ်စုံဖြင့်
တင့်တင်တယ်တယ် သူမပြုံးနေဟန်ကလည်း မီ့ကို ကျေနပ်မှုတစ်ခု ပေးလိုက်သလိုပင်
ခံစားလိုက်ရသည်။
နှစ်ဦးစလုံး၏ မျက်ဝန်းများမှာ
ကျေနပ်ရိပ်၊ ကြည်နှုးရိပ်များနှင့် ဆောင်းမနက်ခင်းလေးတစ်ခုကို လိုက်ဖက်လှစွာ
အလှဆင်လျှက် မထင်မှတ်ဘဲ ငြိမ့်ညောင်းသာယာ နေခဲ့သည်ပင်။ ထိုတဒင်္ဂလေးသည်
အံသြစရာကောင်းလှစွာပင် သူ့အပေါ် စိတ်ဆိုး၊ နာကျည်းစိတ်လိုမျိုး ရှိမနေခဲ့သလို
သူ့နံဘေးမှ လိုက်ဖက်လှစွာ အတူယဉ်လျှက် ရှိနေသော အမျိုးသမီးလေးပေါ်မှာလည်း မနာလို၊
မရှုစိတ်မျိုး မီ့မှာ ဖြစ်ပေါ်မနေခဲ့သည်မှာလည်း အမှန်တရားတခုပင် ဖြစ်သည်။
လမ်းလျောက်ရင်း စကားပြောနေရာမှ ရုတ်တရက်ဆိုသလို မီရှိရာ သုံးထပ်ဆောင် ပထမထပ်သို့
အမှတ်တမဲ့ မဟုတ်သော တမင်တကာ ရှာဖွေမှုမျိုးဖြင့် မီကို ရှာဖွေနေခြင်းကို
ခံစားမိချိန်တွင်တော့ အမှန်ပင် မီ့ခြေထောက်များ ခွေကျသွားမတတ်ပင် ဖြစ်ခဲ့ရသည်။
ဝရံတာတစ်ခု၏ ထောင့်ကျကျနေရာမှ ရပ်ကြည့်နေသော မီံကိုတွေ့ရှိသွားချိန်မှာတော့
သူ့မျက်ဝန်းထဲမှ အမည်မဖော်နိုင်သော မီနားမလည်နိုင်သော အကြည့်တစ်မျိုးဖြင့်
မျက်လွှာချသွားသော သူ့ရဲ့ အပြုအမှုကိုဖြင့် မီတစ်သက် မမေ့နိုင်ခဲ့သလို ထိုအကြည့်ကပင်
မီ့အတွက် ဘယ်တော့မှ သူ့ကို မမေ့သွားစေဖို့အတွက် ဖမ်းစားခံလိုက်သည့်နှယ်ပင်။
ထိုတဒင်္ဂလေးသည်လည်း ဘယ်အချိန်ပင် တွေးတွေး မီ့ရင်ကို နုံးခွေသွားတက်စမြဲပင်။
တစ်ကယ်ဆို မီတို့နှစ်ယောက်က ဘယ်လိုမှ
ပါတ်သတ်ခဲ့ဖူးသည်ဟု ဆို၍ မရနိုင်သော အခြေနေသက်သက်မျှသာ ဖြစ်နေသည် မဟုတ်ပါလား။
တစ်ဦးနဲ့တစ်ဦး မျက်မှန်းတန်းမိရုံသာ အဆင့်ရှိသော ကျောင်းသူ၊ကျောင်းသား အဆင့်ထက်
ဘာမှ မပိုခဲ့ကြသည်မှာလည်း အမှန်ပင်။ မလုံမလဲဟန်ဖြင့် မျက်လွှာချသွားသော
သူ့မျက်ဝန်းများကတော့ မီကို အချိန်တိုင်းမှာ အတွေးများဖြင့်
ယောက်ယက်ခက်စေခဲ့သလိုမျိုး။ မီ့အနေဖြင့်လည်း သူ့အပေါ် ဘယ်တုန်းကမျှ
အပြစ်မမြင်ခဲ့သလို သူထံမှလည်း မီ့ကို နာကျင်စေဖို့ တမင်ရည်ရွယ်ချက်မျိုးဖြင့်
ကြံရွယ်ခဲ့ခြင်း မဟုတ်တာကို မီခံစား နားလည်ခဲ့ရသည်ပင်။ သူ့အပေါ်ထားသည့် မီ့ရဲ့
မေတ္တာတရားသည် တည်ရှိနေဆဲဖြစ်သလို သူ့ကိုလည်း တမ်းတနေမိဆဲ၊ သတိရနေမိဆဲပင်။
တစိုက်မတ်မတ်ဖြင့် မီ့ မြင်ကွင်းထဲကို လှလှပပ ဝင်ရောက်ခဲ့သော ထိုမနက်ခင်းကို
မီ့တစ်ယောက်တည်း ကျေနပ်စွာဖြင့် ငေးမောကြည့်နေမိကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်
အထိတိုင်အောင်ပင် လုပ်နေကြ အလုပ်တစ်ခုကဲ့သို့ ကြည်နုးစွာ ငေးကြည့်နေခဲ့မိသည်။
“မီ လောက်လည်း
အရပ်မရှည်ဘူး၊ မီလိုလည်း မလှပါဘူး၊ ပြိးတော့ တိုင်းရင်းသူလည်း ဖြစ်သေးတယ်
အဲ့လောက်ကြိး လှတယ် ပြောစရာ မရှိပဲနဲ့ ..” ဟုဆိုကာ အဖြစ်ပျက် အားလုံးကို မြင်လိုက်ရသော မိုးက
မီဘက်က မခံမရပ်နိုင် ဖြစ်ကာ အပြစ်တင်စကား ဆိုချိန်မှာတော့ မီက အပြုံးဖြင့် မိုးကို
နှစ်သိမ့်လိုက်သည်။ “
အဲ့လို.. မပြောပါနဲ့ကွာ ချစ်စရာလေးပါ ..သူလည်း မိန်းခလေး တစ်ယောက်ပဲလေ..ပြိးတော့
သူရွေးချယ်တဲ့သူက ကျန်တဲ့အရာတွေ မရှိရင်တောင်မှ သူ့ရဲ့ ချစ်ခြင်းတွေ အပြည့်အဝ ရရှိနေတဲ့
အတွက် သူ့ချစ်ခြင်းတွေနဲ့ ကံအကောင်းဆုံးနဲ့ ချစ်စရာ အကောင်းဆုံး မိန်းခလေးပဲ” ဟူသော စကားတို့ဖြင့် သူဘက်မှ ရပ်တည်ကာ
ကူပြောပေးခဲ့သည့် မီ့ပင် မဟုတ်ပါလား။
“အိုကွာ….
ကြည့်စမ်းပါဦး မီပြောသလို မီနဲ့သူနဲ့ ဘာမှ ပါတ်သက်မှု မရှိခဲ့ဖူးဆို မီနဲ့
ဆုံတဲ့အခိုက် ဘာလို့များ မျက်စိမျက်နှာ ပျက်ရလောက်အောင် မူတွေပျက်နေရလဲ …
ခြေလှမ်းတွေ မှားနေရတာလဲ .. အဲ့ဒါကို ကြည့်ခြင်း အားဖြင့် သူ မီ့အပေါ်မှာ
ရိုးသားခဲ့တယ် ဆိုတာ မဖြစ်နိုင်ဘူး မီ….” လက်တွေ့မှာတော့ မီတစ်ယောက် မိုးနှင့်
ပြိုင်၍ မငြင်းဆိုခဲ့ပါ။ သို့သော်လည်း သူ့အပေါ်အမြင်စောင်းတာမျိုး မခံနိုင်သော
မီကပင် “ဒါပေမယ့်လည်း…မိုးရယ်
မီတို့က တရားဝင် ချစ်သူ ဖြစ်ခဲ့ကြတာမှ မဟုတ်တာ.. သူ့ကို မိုးစွပ်စွဲသလို
သစ္စာဖောက်သူ တစ်ယောက်လို့တော့ မီမသတ်မှတ်နိုင်ဘူး.. မီမှ မဟုတ်ဘူး မိုးတို့ကိုလည်း
အဲ့လို သူ့အပေါ် အဆိုးမမြင်စေချင်ဘူး… မီနဲ့သူက အရှင်းဆုံး ပြောရရင်
စားပွဲဝိုင်းတစ်ခုမှာတောင် အတူထိုင်ခဲ့ဘူးတဲ့ သူတွေ မဟုတ်တဲ့အတွက် …သူ့လုပ်ရပ်က
အဲ့လိုစွပ်စွဲ ခံရဖို့ မထိုက်တန်ခဲ့ပါဘူး ..မိုးရယ်” ဟု လေချိုသွေးကာ
ပြေလျော့ခဲ့ပေးခဲ့ရသေးသည်။
မီဘက်မှ မခံနိုင်ဖြစ်နေ၍ စိတ်တိုနေသော
မိုးကို မီက နားလည်ပေးနိုင်သော်လည်း သူ့အပေါ် အပြစ်တင်နေသလို ဆိုနေတာကိုတော့ဖြင့်
သူ့ကိုယ်စား မီက နားလည်အောင် ရှင်းပြဖို့ ကြိုးစားခဲ့ရသေးသည်။ တစ်ကယ်ဆို
သူမသိနိုင်သော်လည်း သူ့ဘက်ကနေ အပြည့်အဝ မဟုတ်တောင် အနည်းငယ်ပဲ ဖြစ်ပါစေ သူ့အပေါ်
အမြင်ကြည်စေဖို့ မီကာကွယ် ပေးခဲ့နိုင်တဲ့အတွက် မီ့ကိုယ်မီ ကျေနပ်ရသည်။ မိုးကတော့
မီ့ကို စိတ်လည်းဆိုး၊ ဒေါသလည်း ထွက်ကာ သနားလည်းသနား ဆိုသလိုပင် အပြစ်တွေ
ဆိုနေရင်းမှ “ အေးပါကွာ…
သူတော်ကောင်းမကြီးရာ …မင်းကတော့ ဒါနဲ့ပဲ တန်တဲ့သူ ဆိုတော့ ဝဋ်ရှိသ၍တော့
ခံလိုက်ဦးပေါ့” ဟုဆိုတာ
အတန်းထဲသို့ မီ့ကို မစောင့်ဘဲ ဝင်သွားလေတော့သည်။ မီကတော့ မိုးထင်သလို
သူနှင့်ပါတ်သက်သမျှဟာ ဝဋ်တစ်ခုရယ်လို့ မခံယူခဲ့သလို ဒါဟာ ဝဋ်တစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်လည်း မီကိုယ်တိုင် ကျေနပ်လို့ လက်ကမ်းယူခဲ့သော ဝဋ်အတွက့် 
ပျော်နေမည့် သူပါဟုသာ ဆိုလိုက်ချင်ပါတော့သည်။
✿◆✿◆~♥~◆~♥~◆✿◆✿
စာမေးပွဲပြီး၍ ကျောင်းတွေလည်း
ပိတ်သွားခဲ့ပြီ။ ထုံးစံအတိုင်း နယ်ပြန်သူများကလည်း ပြန်ကြသလို၊ သင်တန်း ဆက်တက်သူ
များကလည်း တက်ကြသည်မို့ တစ်ချို့ဆို အဆက်သွယ်များလည်း ပျက်တောက်သွားကြကာ
လူချင်းလည်း မစုံနိုင်ကြသည်မှာလည်း ယနေ့ထိတိုင်အောင်ပင်။ မီတို့ သူငယ်ချင်း
ငါးယောက်စလုံး က ကံကောင်းထောက်မစွာ အဆက်သွယ် မပြတ်ခဲ့သလို နယ်ကလာသော မိုးကလည်း
ရန်ကုန်မှာပင် သင်တန်းတတ် အလုပ်ဝင်တာမို့ တစ်လတစ်ခါတော့ အနည်းဆုံး
ဆုံဖြစ်ကြသည်ပင်။ နှစ်သက်ရာ သင်တန်းကိုယ်စီ ရွေးချယ် တက်ရောက်ကြရင်း
တစ်ယောက်တစ်နေရာစီ ရောက်နေသည့်တိုင် မီတို့ ဆုံဖြစ်တိုင်းချိန်တိုင်းမှာ
သူအကြောင်းကို သတိတရ ပြန်ပြောဖြစ်နေဆဲ။ ချစ်စွာသော သူငယ်ချင်းများကလည်း မီအနားမှာ
မရှိပေမယ့် မီရဲ့ တာဝန်ကို လက်ဆင့်ကမ်း သယ်ယူကာ “မီရဲ့
စိတ်ပုတ်” ကို
တွေ့ရာအရပ်မှာ မီကိုယ့်စား မြင်ကွင်းတဆုံး ငေးကြည့်သော တာဝန်ကို ကျေပြွန်စွာ
ထမ်းဆောင်ပေးတက်ကြစမြဲ ။ မီ့ထံသို့လည်း အချိန်မှန် အစီရင်ခံတင်ပြပေးကြစမြဲပင်။
မီမှာသာ သူနှင့် မဆုံရလေခြင်း
၊လွဲရလေခြင်းရယ် ဟူ၍ စိတ်မောခြင်းများစွာဖြင့် သတိတရ ဖြစ်နေခဲ့ရသည်။ သူ့အပေါ်
စိတ်မကုန်နိုင်သော မီကို သူငယ်ချင်းများမှ စနောက်ကြသည့်အချိန်တိုင်းမှာတော့
အပြုံးမပျက်ဟန်ဖြင့် မီထံမှ “ ကိုယ်
အိမ်ထောင်ဖက် ရွေးတဲ့အခါ သူ့ကို ရည်စူးပြီး ထားဝယ်သားတစ်ယောက် ရှာယူမယ်ကွာ..” ဟူသော ခပ်ရွတ်ရွတ် အဖြေကြောင့် 
သူငယ်ချင်းများ၏ အသံတိတ်ဆဲရေးမှုကို မီတစ်ယောက် ခံခဲ့ရဘူးသည်ပင်။ “ အဲ့လိုမဟုတ်လည်း ထားဝယ်မှာ
အိမ်လေးတစ်လုံး ဝယ်နိုင်အောင် ကြိုးစားရမယ် ပြိးရင် ထားဝယ်သူ တစ်ယောက်ဖြစ်အောင်
လုပ်ပြီး သူ့ကို ရှာပုံတော်ဖွင့်မယ်..” ဟု
မီဆိုသောအခါ မိုးက “ သူက
အိမ်ထောင်ကျ ကလေးတွေနဲ့ဆို ဘာလုပ်မှာလဲ မီရယ် မောပါတယ်ကွာ..မင့်ဟာ…..ကလဲ ” စိတ်ပျက်သလို ဆိုလေသည်။ “ အိုကွာ… အနည်းဆုံးတော့ သူက
ကိုယ့်ရဲ့ အိမ်နီးချင်းတစ်ယောက် ဖြစ်လာနိုင်တယ်လေ..” ဟူသော မီရဲ့
ချေပမှုနှင့်အတူ မီ့ရဲ့ စွဲလန်းမှုကို နိုင်အောင် မပြောနိုင်သော သူငယ်ချင်းများက
လက်လျော့သွားမှ မီတစ်ယောက်တည်း ကိုယ့်အပြောကို ကိုယ်တိုင် သဘောကျကာ
ရယ်မောမိရသည့်အထိ။ မီဆိုသော မီသည် သူ့အပေါ်မှာ ထိုမျှလောက်ပင် နှစ်သက်သဘောကျ
စွဲလန်းခဲ့ရသူပင် မဟုတ်ပါလား။
လက်တွေ့ဘဝဟာ မီစိတ်ကူးနှင့်
မီမှန်းထားခဲ့သလို တစ်ခုမှ မဖြစ်လာခဲ့ပါ။ အမိမြေနှင့် ဝေးကွာစွာ ရေခြားမြေခြား
ရောက်နေသည့်တိုင်အောင်ပင် တနေရာရာတွင်များ သူနှင့် ပြန်ဆုံလေဦး မလားဆိုသော
မထင်မရှား စိတ်ကူးကလည်း ယနေ့ထိတိုင် မီ့တွင် တည်ရှိနေဆဲ။ ထားဝယ်သား တစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်
ရွေးချယ်မည်ဟု စိတ်ကူးခဲ့သော မီ့ အတွေးများသည်လည်း ဆန်ကျင်ဘက်ဖြစ်သွားရကာ
အထက်အညာသား တစ်ယောက်ကိုမှ မီက ရွေးချယ်မိရက်သား ဖြစ်နေပြန်သည်။ ဒါကိုပင်
မီ့သူငယ်ချင်းများ သိကြချိန်မှာတော့ မီ့ကို တဟားဟား လှောင်ရယ် ကြပြန်တော့သည်။ ကံတရားဟူသည် အကောင်းဆုံးသော မျက်လှည့်ဆရာ
တစ်ဦးဟူ၍ပင် ဆိုကြသည် မဟုတ်ပါလား။ မီမှ မတတ်နိုင်ခဲ့ဘဲနှင့် မည်သို့
ဖြစ်စေရမည်ဟု ကံကြမ္မာကို အမိန့်ပေး၍ရနိုင်မည် မဟုတ်တာကို မီနားလည်ခဲ့ခြင်းသည်သာ
မီ့အတွက် ဖြေသိမ့်စရာ တစ်ခုအဖြစ် ကျေနပ်ခဲ့ရသူမျှသာပင်။
✿◆✿◆~♥~◆~♥~◆✿◆✿
သူငယ်ချင်းများနှင့် ဆုံတိုင်း
သူ့အကြောင်း ပြောဖြစ်တဲ့အခါတိုင်းမှာလည်း သူငယ်ချင်းတွေက သတိတရဖြင့် မီ့ကို
စနောက်တတ်ကြသည်။ “မီရဲ့
စိတ်ပုတ် အကြောင်း ကိုယ်တို့တွေ မင်းရဲ့ စက်မှုကျောင်းသားကြိးကို ပြောပြ
လိုက်ရမလား..”
ထိုသို့လည်း မကြာခဏလည်း ခြိမ်းခြောက်တတ်ကြပြန်သေးသည်။ မီကလည်း ခေသူ မဟုတ်သူပီပီ “ အို..ကွယ် ပြောလိုက်စမ်းပါ
..မီရဲ့ စက်မှုကျောင်းသားကြိးကလေ မီ့လိုမျိုး စိတ်ကူးယဉ်ဆန်ဆန် ခံစားမှုတွေကို
သိပ်အယုံအကြည် ရှိတာမဟုတ်ဘူးကွ… သူက လက်တွေ့သမားစစ်စစ်ကြီး… ခံစားချက်တွေနဲ့ ဖွဲ့စည်းထားတဲ့
မီရဲ့ သံပတ်ပေးထားတဲ့ စက်ရုပ် တစ်ရုပ်ပါ ကွယ် ..” ဟု အားကျမခံ ပြန်လည်
ချေပခြင်းဖြင့် အနိုင်ယူမိနေဆဲ။ သို့ထိတိုင် မီသူ့ကို သတိရမိနေဆဲ ၊ သူ့အကြောင်း
တဖွဖွ ပြောမိနေဆဲ၊ လွမ်းမောနေမိဆဲ၊ တမ်းတနေမိကြဆဲ ဆိုတာ သူကတော့ဖြင့် သိနိုင်မည်
မဟုတ်တာ အသေအချာပင် ဖြစ်နေတော့သည်။
အတ္တတစ်ခုဟုပင် ဆိုရလေမလား မသိနိုင်သော
ဆန္ဒတစ်ခုဖြင့် မီ့ကိုလည်း သတိတရ ရှိနေစေချင်သော မီံ့အတွေးများသည် တခါတရံ
ဒဏ်ရာဟောင်းတစ်ခုလိုပင် နာနာကျင်ကျင် ရှိနေတက်စမြဲ။ သူဘက်မှလည်း မီကဲ့သို့ အလားတူ
မဟုတ်ခဲ့ဘူးဆိုလျှင်တောင် တက္ကသိုလ် ကျောင်းသားဘဝရဲ့ အမှတ်တရတွေ ထဲကများ သတိတရ
ရှိနေမလားရယ် ဟူ၍ မရေရာသော အတွေးဖြင့် မီတစ်ယောက် မျှော်လင့်နေမိဆဲသာ။
မျက်လွှာချသွားသော သူ့မျက်ဝန်းတွေက မီလွမ်းဆွက်နေမိဆဲ၊ ထိုမျက်ဝန်းတွေကပင် မီကို
ညပေါင်းများစွာ အိပ်ရေးပျက် စေခဲ့သည်မှာလည်း
ယနေ့အထိတိုင် ပါပဲဆိုတာ သူတစ်ယောက် သိခွင့် မရှိနိုင်သလို သူနှင့်
ကြုံဆုံခွင့်ရရှိခဲ့မည် ဆိုလျှင်တောင် မီကတော့…
သူ့ကို မြင်ကွင်းတဆုံး ငေးမောကြည့် ရုံ …. မှ တပါး…….အခြား မရှိခဲ့သူကလည်း
မီတစ်ယောက်ပင် ဖြစ်လေတော့သည်သာ။
Angelhlaing
11:04 PM
(Austria)
Monday,August
26, 2013
(ဘလော့ဒေး အမှတ်တရ ဖြင့် ရေးပြီးသား ဝထ္ထုတိုလေးဖြင့် ဘလော့ဂါ အပေါင်းတို့အား ချစ်ခြင်းအားဖြင့် နုတ်ခွန်း ဆက်သပါ၏။ :) )
လေးစားစွာဖြင့်...
10 comments:
ဘလော့ဒေးအမှတ်တရအဖြစ်နဲ့ ၀တ္ထုတိုလေး တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အိန်ဂျယ်လ်ရေ။ တစ်ခါတရံ ညဥ့်နက်အထိ ဒီဘလော့လေးထဲမှာ ၀တ္ထုလေးတွေ ၀င်ဝင်ဖတ်ဖူးတယ်။
အစွဲအလန်းကလဲ ကြီးပါ့။ ဟိုကဖြင့် မြေးတွေ မြစ်တွေ ရနေလောက်ပြီ။း)
အညာသားကြီးကလဲ ထားဝယ်သားထက် မလျော့သော ချစ်ခြင်းဖြင့်
ဖွဲ့တည်ပါတယ်တဲ့။ ကျေနပ်စရာကြီးပါ။း)
ညီမ စိန်ခေါ်ထားတယ်နော်။
လာကြည့်ဦး။း)
အချစ်မှာအစွဲကြီးသူတွေက သူများထက်ပိုပြီးခံစားရတတ်တယ်နော် အမှတ်တရလေးလို့ပြောပေမယ့် တကယ်အဖြစ်လိုပါပဲ
ခံစားတတ်သူမို့လား မသိပါဘူး အိန်ဂျယ်ရေ
ဖတ်ပြီးတော့ မီ့လိုဘဲ စိတ်ထဲကနေ ပတ်သက်ခဲ့ဖူးတဲ့
အချစ်ဟောင်းကိုလွမ်းသွားမိသလိုလို
Happy blog day ပါ တီတင့်ရေ.. :)
ဟိုလေ ရည်စားဦးကို မြေးဦးရတဲ့ထိတောင် မမေ့ဘူးဆိုတဲ့ စာသားတောင် ရှိသေးတာပဲ ... အကိုရယ်.. အဟီးး :D ဟုတ် စိတ်ခေါ်ထားတာ ဖတ်ပြိးကြောင်းပါ အကို ..(y) ကိုကိုမောင် (ပန်းရနံ့)
Happy Blog Day ပါမမရေ :) <3 (စံပယ်ချို)
မမရေ... အိန်ဂျယ်ကို တရားခံ ရှာနဲ့နော်... :D :P (Blackroze)
ခံစားချက်တွေဟာဟောင်းသွားပေမယ့်
တခါတရံမှာခါးသက်စိမ့်တဲ့အရသာလေးနဲ့ တမြည့်မြည့်ခံစားလို့ကောင်းတဲ့ ကော်ဖီလိုအရသာ
အရောက်လာခဲ့ပါတယ်လှိုင်ရေ
ဒေါ်စိန်စိန်တင် :P
Happy Blog Day ပါ မမ <3 :D :)
စိန်စိန်တင် သို့..
မှ/ စိန်စိန်ဂျယ် .. :P
ဖတ်ရတာအားရစရာကြီး..အရှည်ကြီးပဲ..း)
ကိုယ်လိုအစွဲအလန်းကြီးတဲ့အဖော်တစ်ယောက်ရပြီ
အဲ့ဒါဆို
လက်ချင်းချိတ်ပြီး ရှိတ်လိုက်ကြရအောင်လေ.. :)
(အနိုင်းမဲ့)
Post a Comment