http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, October 31, 2011

လွန်ပါစေ..... စိတ္တဇ...... ညတွေ.....

(၁၀)ပေ ပတ်လည် အခန်းကျဉ်းလေး တစ်ခုထဲမှာ လူးလိမ့်ငိုကြွေးရတဲ့ နေ့တွေတိုင်း အမေ အပြုံးတွေ မြင်ယောင်ရင်း ကျွန်မ မျက်ရည်တွေ ကြားကပဲ ပြုံးတက်နေပြီ အမေ။ အမြဲတမ်း ခွင့်လွတ်စိတ်နဲ့ ပြုံးနေတက်တဲ့ အမေ့လို အပြုံးတွေ ပြုံးတက်ဖို့ ကြိုးစားရင်းနဲ့ပဲ ကျွန်မရဲ့ မနက်ဖြန်တွေက တစ်ခါတစ်လေ ကြေမွပျက်စီးသွားတဲ့ အလှကြည့် မှန်တစ်ချက်လိုပဲ ပြန်ဆက်ထားတဲ့ အခါ အက်ကြောင်းရာတွေနဲ့ပေါ့။




မတူညီတဲ့ လောကဓံတရားတွေ ကြုံသလို ရင်ဆိုင်နေရင်းနဲ့ကိုပဲ တစ်ခါတစ်လေ ထိချက်တွေ ပြင်းလို့ ပြန်ထနိုင်ဖို့ အားပျက်သွားတဲ့ အခါ ညစဉ်၊ညတိုင်း တီးတိုးငိုရှိုက်သံတွေ ကြားမှာ နံရံတွေသာ စကားပြောတက်ခဲ့ရင် ခုလောက်ဆို ကျွန်မရဲ့ အခန်းလေးမှာ အော်ဟစ်သံတွေနဲ့ ဆူညံနေမယ် ထင်တယ် အမေ။

မြင်ရခဲတဲ့ အမေရင်ထဲက အခက်ခဲတွေနဲ့ သက်ပြင်းမောတွေကို သိုဝှက်ခဲ့တဲ့ အမေအပြုံးက ကျွန်မနှလုံးသားကို အမြဲသတိပေးလို့ လဲကျရာက ပြန်ထဖို့အတွက် ခွန်အား အရှိစေဆုံးပါ အမေ။ မြေအောက် ထိုးဆင်းနေတဲ့ စိတ်ဓါတ်တွေ ပြန်မြင့်တင်ဖို့ အတွက် ချွေးစို့နေတဲ့ အမေ့မျက်နှာရယ်၊ ရေစိုနေတဲ့ အမေ့ရဲ့ ထမီအောက်နားစလေးတွေရယ်၊ ပင်ပန်းမှုကြောင့် ကြမ်းရှနေတဲ့ လက်ဖဝါးလေးတွေ မြင်ယောင်တိုင်း ကျွန်မ ရင်ဆိုင်ရတဲ့ ဒုက္ခ မပြောပလောက်ပါဘူးလို့ တွေးမိပြီး အားတင်းထားတယ် အမေ။ တစ်ခါတစ်လေ မခံချင်စိတ် လက်တစ်ဆစ်နဲ့ ထိုးကြွလာတဲ့ မာနတွေကို ချိုးနှိမ်ရင်းကပဲ စကားမပြောတက်တဲ့ သူတစ်ယောက် ဖြစ်သွားမလားလို့ စိုးရိမ်နေမိသေးတယ် အမေ။

မွန်းကြပ်သမျှ ဖွင့်ဟဖို့ ချရေးထားတဲ့ ဒဏ္ဍရီစာအုပ်လေးလည်း မကြာခဏ အကုန်မြန်သလို ပါပဲလား အမေ။ လမသာ၊ ကြယ်မလင်း၊ နွေးထွေးမှုတွေ ကင်းတဲ့ အမေ့ရဲ့ အဝေးမှာနေရင်း ညတစ္ဆေတွေနဲ့ မိတ်ဆွေတောင် ဖြစ်နေ ပြန်ပါရော့လား အမေ။ အေးစက်တဲ့ ပတ်ဝန်ကျင်၊ ခက်ထန်မာကျောတဲ့ မျက်ဝန်းနဲ့ စာနာမှု ကင်းတဲ့ အပြောတွေ ကြားမှာ နေသားကျအောင် ကြိုးစားရင်း ကျွန်မ ခံစားချက်တွေ မဲ့လာမှာ ကြောက်မိတယ်အမေ။ မှောင်မိုက်တဲ့ အမှောင်လမ်းတစ်ခုမှာ လမ်းမသိပဲ လျှောက်နေရသမျိုး၊ လှမ်းနေရင်းနဲ့ ဦးတည်ချက် မဲ့သွားသလိုမျိုး၊ မကြာခဏ ဖြစ်တက်တဲ့ ရင်ဘတ်ထဲက အောင့်တက်တဲ့ ဝေဒနာလည်း ပိုပို တိုးလာသလိုမျိုး၊ အသိတွေမဲ့ ၊ခံစားချက်တွေ ပျောက်ပြီး ရင်ခွင်မှာ ဗလာ၊ ဟာတာတာ ဘဝနဲ့ အသက်ရှူရတာလဲ မဝတော့ဘူးအမေ။

ကြိုးစား ပြုံးနေရင်းနဲ့ အပြုံးတွေက မပြီပြင်တော့ တမင်များ မဲ့ပြတယ် ထင်နေမလားပဲ အမေ။ စိတ်မပါရင် ပြုံးဖို့ဝေး လှည့်မကြည့်တက်တဲ့ အမေ့သမီး အခုတော့ ဟန်ဆောင်မှု နယ်ပယ်ထဲမှာ သရုပ်ဆောင် တစ်ယောက် ဖြစ်နေပြီ အမေ။ ကြိုးစားနေတဲ့ ဘဝမှာ သရုပ်ဆောင် မပီပြင်တော့ စကားမပြောတက်တဲ့ အရုပ်တစ်ရုပ် အသွင်ကို ရောက်မှန်းမသိ ရောက်ပြီး အံခဲထားရလို့ အပြုံးဆိုတာလည်း ရှားပါး သယံဇာတ အဖြစ်နဲ့ပေါ့။  ဆက်ဆက်ထိမခံတဲ့ စိတ်ဓါတ်တွေ ခဏ၊ခဏ ကျိုးလို့ အစွယ်ချိုး ခံထားရတဲ့ မြွေတစ်ကောင်လိုပဲ တစ်ခါတစ်ခါ ယုံကြည်မှုတွေလဲ ပျောက်ကုန်ပြီအမေ။ အမေပေးတဲ့ အဖြူစင်ဆုံးသော ရိုးသားမှု တရားသည် တစ်ခါတစ်ရံ သူတပါး တွန်းလှဲခံရဖို့အတွက် အလွယ်ကူဆုံးသော လျှိုဝှက်တံခါး တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေတဲ့အခါ ကျွန်မ မဖြူစင် ချင်တော့ဘူးအမေရယ်။

ဥပေက္ခာနဲ့ အပယ်ခံဘဝ ဝေါဟာရ အရ အဓိပ္ပါယ်တူ၊မတူ သေချာမသိဝေခွဲ နိုင်ပေမယ့် အဲဒီခံစားတွေက ခါးသီးလွန်းတယ် အမေ။ အားမငယ်ရဘူးလို့ အားတင်းနေရင်းနဲ့ သွေးသားထဲက ယိုစိမ့်လာတဲ့ အကြောက်တရား ခပ်ပါးပါးက လူကို မရူးရုံ တစ်မယ် သွေးပျက်စေတာတော့ အမှန်ပဲလေ။ အမေ့လက်မောင်း သွဲ့သွဲ့ကိုတွဲခိုလျှောက်ရင်း ယုံကြည်မှုတွေ အပြည့်ရှိခဲ့တဲ့ နေ့ရက်တွေ အမြန်ဆုံး ပြန်ရောက် ချင်ပြီအမေ။ လမ်းတွေလျှောက်ရင်း ဦးတည်ချက် ပျောက်နေတဲ့ ဘဝမျိုး၊ ခါးသီးတဲ့ ဘဝအတွေ့ အကြုံတွေကြားမှာ အလူးအလဲ ခံစစ်ထိုး ကြိုးစားရင်း မျက်ရည်ကြားက ပြုံးတက်အောင် သင်ယူနေမိတယ်အမေ။ ထိန်းချုပ်ထားရင်း လွတ်သွားတဲ့ သည်းခံခြင်းတရား ဓါးသွားတမျှ ထက်နေလေတော့ တစ်ခါတစ်လေတော့ ကိုယ့်ထံပြန်ထိတဲ့ အခါလည်း ရှိတာပေါ့ အမေ။

စိတ်ရဲ့ ဖိစီးမှုတွေ များလာတဲ့အခါ မျက်ဝန်းတံခါးက အလိုလို လျှံတက်လာတဲ့ မျက်ရည်မြစ်တွေကို ခုခံတန်ပြန်ဖို့ အားခွန်အပြည့်နဲ့ " အမေ ....." လို့ တမ်းတ ခွင့်ပြုပါအမေ။ မွန်းကြပ်မှုတွေ နံရံတစ်ဖက်ခြား ပြေးထွက်ခွင့်ရဖို့ ခွန်အား အမေလက်ဖဝါး ဖွဖွလေး ဆုပ်ထွေးပြီးမှ ရပရစေအမေ။ လဲကျတိုင်း ပြန်ထဖို့ အမေ့အပြုံးလှလှလေး ကျွန်မအတွက် လက်ဆောင် အဖြစ် ပို့ပေးပါ အမေ။ လျှောက်ရင်း လှမ်းနေတဲ့ ခြေလှမ်းတွေ ခွေယိုင်ကျလို့ ရပ်တည်စွမ်းမရှိတဲ့ အခါ ဖေးမမဲ့ အမေ စကားတစ်ခွန်း  ကြားပရစေ အမေ....။ လျှောက်နေတဲ့လမ်း ဆူးခင်းတဲ့ လမ်းဖြစ်နေပါစေ အမေ အတွက် ဆိုတဲ့ အသိနဲ့ ရဲရဲနင်းလို့ ကျော်ဖြတ်ခဲ့မယ် အမေ။

ကျေးဌက်မစုံ၊ သံမသာ ညမကူး
ဆူးခင်းသော လမ်းတွေထက်က
ငိုညည်းသံ သဲ့သဲ့ ...
ရှိုက်သံတွေ မွန်းကြပ်...
" ဘဝ "ဆိုပြိး ရေးဖွဲ့...
အရေးလွယ်သလောက်
အတွေးကြွယ်.....
ဖြစ်ရေးမလွယ်တဲ့ ဒီခရီး
ဘယ်တော့များမှ နီးပါ့မလဲ အမေ....။
xxxxxxxxxxxxx
xxxxxxx
xxx

Written By Angelhlaing
Monday, October 31, 2011
(8.38)Pm, Austria
(www.angelhlaing.blogspot.com)

30 comments:

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်က အဲ့လိုရှိသလား။ ဒီစာမှာ သုံးထားတဲ့ စကားလုံးတွေက စာဆန်နေသလိုလို ရှိပေမယ့် အံ့အားသင့်စရာ ကောင်းတယ်။ သုံးတတ်တယ်လို့ ပြောရမယ် ထင်တယ်။

ချီးကျူးတာ မဟုတ်ဘူး။ စိတ်ပိုင်း ခံစားချက် တွေ ချည်းပဲကို မရိုး မထပ်သွားအောင် ဖော်ပြသွားနိုင်တာ။

အမေရယ် ၊ သမီးရယ် ဒါပဲ ရှိနေပေမယ့် နောက်ခံက "ဘဝ" ကို ချယ်သွားပေး နိုင်တာ။

အဲ့ဒါတွေကို အားလုံးပေါင်းလိုက်ရင်- ဒီတစ်ခါလည်း တော်တယ်လို့ ပြောရပြန်ပြီ။

အကို့ညီမလေး ဒီထက်မက ကြိုးစားသွားနိုင်ပါစေ။

အားငယ်တတ်တဲ့ မိန်းမသားဘဝကို ထင်ဟပ်ရေးသားထားတာလေး မိုက်တယ်။။ အဲဒီလိုအဖြစ်နဲ့ပြောင်းပြန်ဆန်ဆန် အမေ့ရင်ခွင်ကို ခြေစုံကန်ထွက်ရင်း ကိုယ့်ယုံကြည်ချက်ဆီ ခပ်ပြင်းပြင်းလှော်နေမိ တဲ့အဖြစ်ဆိုတော့ အခက်အခဲတွေ့ရင်တောင် အမေ့ကိုတဖို့မရဲတော့ပါဘူးလေ။။ဘာပဲပြောပြော အမေ့အိမ်ဆီကိုတော့ တမ်းတမိတာပါပဲ။။
မိုက်တယ်..။။။
Cheer My Dear!!!!!!!!
Carry on!!!!!!! ..:P:P:P

Austria မှာ နှင်းတွေကျနေပြီလား ညီမရေ။ ဓာတ်ပုံထဲက လှိုင်က ချစ်စရာလေး။ အပြစ်ကင်းစင်တဲ့ ကလေးလေးနဲ့ တူတယ်။ စိတ်ခံစားချက်လေးတွေ လာဖတ်သွားတယ်နော်။ ညီမ အစစအရာရာ အဆင်ပြေပါစေ။

ဒါကြောင့် ငါ့ညီမလေးက အမြဲတမ်း ငိုနေတဲ့ ပုံလေး တင်ထားတာကိုး။ ငိုနဲ့ ငိုနဲ့ တိတ် တိတ် . . .အစ်ကို ဘလော့ဂါ မောင်နှမတွေ ရှိနေသားပဲ။

အဲဒီ အမေအတွက်ဆိုတဲ့ ဇွဲနဲ့ ဆက်လျှောက်ပါ ညီမ...
တနေ့ ညီမ အမေလို အပြုံးမျိုးနဲ့ လောကဓံကို ကြံကြံခံနိုင်လာပါလိမ့်မယ်...
အားတင်းရင်း ဆက်လျှောက်၊ ဆက်လျှောက်ရင်း ပြုံးနိုင်အောင် ကြိုးစား ညီမရေ...

အရေးအသားတွေက နူးညံ့လိုက်တာ..အိန်ဂျယ်ရေ..း))..

ခင်မင်လျက်
နေ၀သန်

ဘဝ ဘဝ ဘဝ ဖြစ်ချင်တာတွေ အများကြီးပဲ

ဘာမှမလုပ်ပဲ ထိုင်စားလို့ရတာ အမေ့အိပ်ဘဲလို့ သိလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော်ဟာ ဟိုး..........အဝေးကြီးကို ရောက်ရှိနေခဲ့ပါပြီ အမေ.... :P

စာလေးတွေများရေးတာ နူးညံ့ပြီး ပုံဖော်တတ်လိုက်တာ ..
ချစ်စရာညီမလေးကိုလဲတွေ့သွားပါတယ် .
ပျော်ရွှင်ပါစေညီမလေးရေ

ချစ်တဲ့

မဒိုးကန်

လွမ်းဆွတ်ကြေကွဲတဲ့ စကားလုံးတွေနဲ့ မရယ်မပြုံး စိုက်ကြည့်နေတဲ့ ဓါတ်ပုံလေးနဲ့က လိုက်တယ်..၊း) ဝမ်းနည်းရတဲ့ လမိုက်ညတွေ လွန်ပြီး ကောင်းသောနေ့သစ်တွေနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေဗျာ..။

ချစ်ခင်စရာ..အားကိုးဖွယ်
မာတာမိခင်နဲ့..အမြန်ဆုံစည်းနိုင်ပါစေရှင်
သမီးတွေတွက်တော့..အမေဟာ..
အစစ.အရာရာ..အတုယူစရာ
ခေါင်းဆောင်ကောင်းတစ်ယောက်ပါပဲ
စိတ္တဇညများ..ကုန်ဆုံး.လွန်မြောက် ပါစေရှင်
ချစ်ခင်စွာနဲ့
မိစံး)

မိခင်နဲ့ အဝေးမှာရောက်နေတဲ့သမီးတစ်ယောက်ရဲ့ အားငယ်ခြင်း စိတ်ပျက်ခြင်းတွေနဲ့ မွန်းကြပ်ခြင်းတွေကို ချယ်မှုန်းထားတာ ကိုယ်ချင်းစာမိပါတယ်။။ အိမ်နဲ့ ဝေးနေတဲ့သူတွေအားလုံး မိခင်ရဲ့ ရင်ခွင်ဆီ အမြန်ပြန်နိုင်ခွင့်ရပါစေလို့ ဆုတောင်းမိပါတယ်။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရှိတဲ့ အခြေအနေမှာ ဖြစ်နေတာတွေကို အကောင်းဆုံးရင်ဆိုင်လို့.. တစ်နေ့နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်ကြပါစို့လို့..

မိခင်ရင်ခွင်နဲ့ ဝေးကွာနေတဲ့ သမီးတစ်ယောက်ရဲ့ ရင်ကို ထွင်းဖောက်မြင်လိုက်ရပါတယ် ညီမလေးရေ...။ ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရတဲ့ ဘ၀တွေပေမယ့် လိမ်မာသမီးလေးရဲ့ မေမေ့အပေါ်ထားတဲ့ မေတ္တာကို မေမေက သိနားလည်နေမှာပါ။ ချစ်တဲ့ မေမေနဲ့တချိန်မှာ ပြန်လည်ဆုံတွေ့ခွင့်ရမှာမို့ အားမငယ်ပါနဲ့ ညီမလေးရေ...။

သဲလေးရေ
Austria မှာ နှင်းတွေကျနေပြီလား
အဲဒီပုံလေးက ညလေးလား.....
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်
တွေကိုဖော်ပြလိုက်တယ်နော်....
မေမေနဲ့သမီး တဲ့ လွမ်းလိုက်တာမေမေကို

အင်း..ရမ်းကောင်းပါတယ်
ဖွဲ.နွဲ.ထားတာလေးလဲကောင်းပါသည်..
အမေ.ရင်ခွင်ဆိုတာ...အင်း
ခုလောလောဆယ်ပြန်လို.မရသေးဘူးလေ..

ဟောဗျာ အကို ဟိုနေ့ က ပြောတာမှန်တယ်နော်..
ပိုစ့်ထဲ က စာသားတွေ ဟုတ်လားဆိုတာလေ.
ညီမလေး မငို နဲ့  တိတ်တော့... ရန်ကုန်ရောက်ယင်
ုမုန့်ဟင်းခါးကျွေးမယ်နော်...
ဘယ်မှာစားမလဲ ပြောပါ..
အားပေးလျှက်

အိန်ဂျယ်လေး ...
စိတ်ဆင်းရဲမှုတွေ ကင်းဝေးပါစေ။
ချစ်သော မေမေနဲ့လည်း အမြန်းဆုံး ပြန်လည် ဆုံတွေ့ပါစေ။ ပုံလေးကြည့်ရတတာ ဂျစ်ပဲနေမှား)

သောကမုန်တိုင်းကြားမှ အမြန်ဆုံးကင်းလွတ်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်ရတဲ့ မာတာမိခင်ရဲ့ ရင်ခွင်လေးမှာအပြုံးပန်းများဖြင့် ထာဝရလန်းဆန်းနိုင်ပါစေ အိန်ဂျယ်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စကာလုံးတွေက နုညံ့နက်နဲလိုက်တာ
ချစ်သောမေမေနှင့်အမြန်ဆုံးဆုံတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ညီမငယ်လေး...
“ဘဝ”ဆိုတာ..“တိုက်”ဖို့...
“ရှိုက်”ငိုဖို့ မဟုတ်ဘူး...
ရဲရဲသာ တိုက်လိုက်စမ်းပါ...

အားမငယ်ပါနဲ့ လှိုင်ရေ...
လှိုင်က စာအရေးအသားတော်တော်ကောင်းတာပဲ
ခံစားချက်ကိုပုံဖော်သွားတာ အရမ်းကောင်းတယ်...။

ခင်လျက်
Junemoe

ပန်းတိုင်မရောက်ခင် လျှောက်နေတဲ့
ခရီးလမ်းမှာ အားတင်းထားပါ လှိုင်..
ယုံကြည်ချက်ခိုင်ခိုင်မာမာထားလို့ သတ္တိရှိရှိနဲ့ရှေ့ဆက်ပါညီမ..

ဖတ်သွားပါတယ် အရေးအသားကောင်းတယ်
ညီမရေအားပေးနေမယ်နော်

ဘဝတူတွေမို့  ...အိန်ဂျယ်က ချစ်စရာလေး..

သူငယ်ချင်းရေ..ငါ့ဆီမှာ ပို့စ်အသစ်တင်တိုင်းမပြဘူး..နောက်ကျမှလာတယ်

လောကကြီးက ဒီလိုပါပဲ ညီမလေးရေ။ အားမငယ်ပါနဲ့။ အစ်ကိုတို့လည်း တစ်ခါတစ်ခါ အိမ်ကိုအရမ်းလွမ်းတတ်ပါတယ်။ ဒါပေမဲ့ ဘ၀ကဒီလိုပဲ ဖန်တီးထားတာကိုး။ အိမ်ကိုလွမ်းလို့ အိမ် ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ပုဒ်ရေးထားခဲ့မိတယ်။ ရည်မှန်းချက်တွေပြည့်တဲ့နေ့ကတော့ အိမ်ပြန်တဲ့နေ့ပေါ့ ညီမလေးရေ။ လောလောဆယ်တော့ လုပ်စရာရှိတာကို အားတင်းလုပ်ပါ။ အားပေးပါတယ်။

ဟေး...မဖြူစင်ချင်တော့ဘူးရယ်လို့...ဘယ်လိုဖြစ်ရပြန်တာလဲ...

ဖြူကိုဖြူစင်ရမယ်...အခြေအနေတိုင်းမှာ ရိုးသားပြရမယ်...လောကဓံကို အကောင်းဆုံး ရင်ဆိုင်ပြရမယ်...အခက်အခဲတိုင်းကို အရဲရင့်ဆုံး တွန်းလှန်ပြရမယ်...ဒါဟာ အမေ့အတွက် သားသမီးတစ်ယောက်ရဲ့ အကောင်းဆုံး ပေးဆပ်မှု...

အမေပေးထားတဲ့ အသက်တန်းကို အကောင်းဆုံး အသုံးချပြီး အမေချစ်တဲ့သမီးတစ်ယောက်အဖြစ် မားမားမြင့်မြင့် ကြွားကြွားစွင့်စွင့် နေလိုက်စမ်းပါလေ...


မနက်ဖြန်မှာ နေသာပါလိမ့်မယ်...

လှိုင်ရေ...
စိတ္တဇညတွေကနေ အမြန်ဆုံးလွှတ်မြောက်ပါစေလို့

အမကြီး.....
စာအရေးအသားတော်တယ်လို့ပြောဖို့ထက်
စာဖတ်သူရဲ့ရင်ကိုတောင် ထွင်းဖေါက်သွားတဲ့ခံစားချက်က
ထိရှလွန်းလှတယ်ဗျာ။

အခက်အခဲဆိုတာက ဘ၀ အတွက်စမ်းသက်ချက်တခုလို့ဘဲမြင်မိတယ်
အကယ်၍များလဲကျသွားမယ်ဆိုရင်
အမြဲတမ်းလိုလိုသူက အနိုင်ယူသွားလိမ့်မယ်
အမကြီးပြန်ထလိုက်နော် သူက အမရဲ့ ခြေဖျားအောက် အလိုလိုရောက်သွားပါလိမ့်မယ်။

(ရိုးသားစွာ နှင့် ရဲရင့်လိုက်ပါ)

စာအရေးအသား အရမ်းကောင်းတယ် .
အမြဲတမ်းပျော်ရွှင်နိုင်ပါစေ.. ;)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More