http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, October 7, 2011

ဓါးသွေးကျောက်


























" ညီညီ ဘာတွေ လုပ်နေပြန်ပြီလဲ "

" ခဏလေးပါ သပြေညို ငါ ဒီမှာ စကား ပြောစရာ ရှိနေလို့ ခဏလေး "

" အေး မကြာစေနဲ့နော် ငါ ဒီမှာ ရပ်စောင့်နေရတာ တစ်ယောက်ထဲ  ကြောင်တယ် "

" အင်းပါ မကြာစေရဘူး ခဏလေးပဲ "

ပြောပြော ဆိုဆို ညီညီတစ်ယောက် အရေးတကြီး သုတ်ခြေတင် ထွက်သွားသည်။ သိပ်မကြာလိုက်ပါဘူး ညီညီ တစ်ယောက် အပြေး တပိုင်းနဲ့ ပြန်ရောက်လာသည်။

" နေပါအုံး ညီညီ နင်က ဘာတွေ အရေးတကြီး ဖြစ်နေတာလဲ "

" ဒီလို သပြေညိုရဲ့ ငါ (၁၀)တန်း ကျောင်းသားတွေ အတွက် ကျုရှင်သင်ဖို့ ပြောထားတာ အဲဒါ သေချာအောင် သွားမေးနေတာလေ "

" နင့်ဟာကလည်းဟာ သေချာမှလဲ လုပ်စမ်းပါ တော်ကြာ နင့်အိမ်က သိရင် ပြဿနာ ဖြစ်မှာနဲ့ ၊ပြိးတော့ စာမေးပွဲလည်း နီးနေပြီနော် ညီညီ "

" ငါ ပိုင်ပါတယ်ဟ စာမေးပွဲက အကြောင်းမဟုတ်ဘူး၊ အိမ်က သိရင်သာ ပြဿနာ တက်မှာ "

" အေးလေ ငါလည်း အဲဒါပဲ ပြောနေတာ "

" တက်ကာမှ တက်ရော သပြေညိုရာ ငါက ငါ.....ဝါသနာ မပါတဲ့ အလုပ်မှ မလုပ်ချင်တာ ၊ ကျောင်းမပြိးခင် အလုပ်လေး စထားမှ တော်ရာ ကြမယ်၊ မဟုတ်ရင် ငါလုပ်ချင်တာ မလုပ်ရပဲ ဖြစ်နေမယ် "

" နင့် ဝါသနာကလည်း တစ်မျိုးကြီးပဲ ညီညီရာ "

" သပြေညို ကလည်းဟာ သူများတွေ အထင်မြင်သေးလို့ ဘယ်လောက်ပဲ ရှုပ်ချရင် ချစမ်းပါစေ နင်ကတော့ ငါ့ကို နားလည်မှု အပြည့်နဲ့ ယုံကြည်မှု  ရှိနေပေးပါဟာ    ငါ့..ဘက်မှာ နင်ကလွဲရင် ဘယ်သူမရှိတာလည်း နင်အသိပဲ "

" အေးပါ ငါမပြောတော့ပါဘူး ဘာပဲ လုပ်လုပ် သတိ၊ဝိရိယနဲ့ လုပ်နော် ညီညီ "

" အင်းပါ ငါသိပါတယ် နင့်ကို ငါပြောရအုံးမယ် သိလား သပြေညို။  မနေ့ကလေ ငါ စာသင်ဖို့ ကိစ္စနဲ့ ပါတ်သက်ပြီး ကိုသောင်းကျော်နဲ့ သွားတွေ့တုန်း မင်္ဂလာဒုံဘက်က ကျောင်းတစ်ကျောင်းမှာ ဆရာမလာလို့ အတန်းလစ်နေတာနဲ့ ငါ လက်စွမ်း ဝင်ပြခဲ့တာ ကျောင်းသားတွေ တော်တော် သဘောကျတယ် ဆိုပဲဟ "

" ညီညီ နင့်တစ်ယောက်ဟာလေ သူများတစ်ကာ တွေလို ရူးချင်လဲ ကောင်းကောင်းကန်းကန်း ရူးတာမဟုတ်ဘူး၊ ကျူရှင် ဆရာ ဘဝကိုမှ ရူးသွပ်ရတယ်လို့ "

" သပြေညိုကလည်းဟာ ပြောထားရက်နဲ့ .. "

ညီညီ တစ်ယောက် သပြေညို့ စကားကြောင့် စိတ်မကောင်း ဖြစ်သွားဟန် တူသည်။ စကားကို ရှေ့ မဆက်ပဲ တစ်ဝက် တစ်ပျက်နှင့် ရပ်ကာ ဟိုးအဝေးသို့ ငေးမော ကြည့်နေတော့သည်။

####################################


သပြေညိုနှင့် ညီညီ ဆိုတာ ငယ်ပေါင်း ကြီးဖော် မဟုတ်ပေမယ့် ပြောမနာ ဆိုမနာ သူငယ်ချင်း ဘဝမှ နားလည်မှု ရယူထားသည့် သူငယ်ချင်းမက ချစ်သူများသာ ဖြစ်သည်။ သပြေညို၏ မိဘများမှာ နိုင်ငံ ရပ်ခြားတွင် အလုပ်ဖြင့် ရွေ့ပြောင်း နေထိုင်ကြသူများမို့ သပြေညို့မှာ ဖခင်၏ အမကြီးဖြစ်သူ ကြီးဒေါ် အပျိုကြီးနှင့် နေထိုင်ရသူ ဖြစ်သည်။ ညီညီနှင့် ဆယ်တန်းကျောင်းသား ဘဝတွင် ရင်းနှီးခဲ့ကြပြီး တက္ကသိုလ် ကျောင်းသား ဘဝထိ လက်တွဲဖြစ်ခဲ့ကြ ခြင်းပင်။ ညီညီသည် မွေးချင်း (၃)ယောက်တွင် အငယ်ဆုံး ဖြစ်သလို ယောက်ျားလေးလဲ ဖြစ်နေပြန်ရာ ညီညီ၏ မိဘများက ညီညီအား ပွဲရုံလုပ်ငန်းများကိုသာ ဆက်လက် လုပ်ကိုင်စေလိုကြသည်။

ညီညီရဲ့ အစ်မများကသာ ပွဲရုံ လုပ်ငန်းများကို စိတ်ဝင်တစား ရှိလှသော်လည်း ညီညီကမူ လုံးဝ လှည့်၍ပင် မကြည့်။ ညီညီသည် စာတော်သလို လူကလည်း ဖြူဖြူနုနုနှင့်မို့ လူချောတစ်ဥိးပင် ဖြစ်၏။ တက္ကသိုလ်တွင် ရေးပန်းစားသော လူငယ်များတွင်လည်း တစ်ဦး အပါအဝင်ဖြစ်၏။ ဒုတိယနှစ်
အမှတ်အများဆုံး ကျောင်းသား အဖြစ် ဂုဏ်ထူးတန်း တက်ခွင့်ရတဲ့ အချိန်တွင် ညီညီရဲ့ ရည်မှန်းချက်သည် ပို၍ သေချာသွားခဲ့ရသည်။ ဓာတုဗေဒ မေဂျာ တစ်ဝန်းလုံးတွင် ညီညီကိုဆို မသိသူ မရှိလောက်အောင် ကျော်ကြားလှ၏။ မရေရာတဲ့ အနာဂတ်နဲ့ သေချာနေတဲ့ ကိုယ်ပိုင် စီးပွားရေး ဘယ်လိုမှ ယှဉ်ပြိုင်လို့ မရသော် ငြားလဲ ညီညီသည် စိတ်ဓါတ်အင်အား ပြင်းထန်စွာပဲ သူ၏ ဝါသနာကို ကျောင်းမပြိးခင်ကပင် အကောင်ထည် ဖော်ဖို့ ကြိုးစားနေသူ တစ်ဥိးပင် ဖြစ်၏။

###########################################

" ညီညီ ဘယ်လိုလဲ နင့်အိမ်က အခြေနေ "

" ထင်ထားတဲ့ အတိုင်းပဲ သပြေညို အဖေက အိမ်ကဆင်းတဲ့လေ "

" အဲဒီတော့ နင်ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ ညီညီ "

" ဘာဆက်လုပ်ရမှာလဲ ငါ ရည်ရွယ်ချက် ဖြစ်အောင် လုပ်မှာပေါ့ သပြေညိုရ ၊ အခုတောင် လမ်းစရှိနေ ပြီပဲ။ ဆက်ကြိုးစားဖို့က ငါ့သမိုင်းပဲလေ၊ ငါမကြောက်ပါဘူး သပြေညိုရာ.. ဒီလမ်းတွေ ဒီလိုဖြစ်မယ်ဆိုတာ လောက်တော့ ငါပြင်ဆင်ထား ပြီးသားပါ၊ ငါမကြောက်ပါဘူး သပြေညို နင်သာ.... "

ညီညီကြောင့် သပြေညို တော်တော်လေး ဦးနှောက်ခြောက်ခဲ့ရ ပြီးပြီ ဆိုရင် ပိုမှန်မှာပါ။ တစ်ကယ်ဆို အဆင်သင့်နေတဲ့ လုပ်ငန်းခွင်ထဲ မဝင်ပဲ လမ်းသစ်ထွင်ချင်တဲ့ ညီညီကို သပြေညို နားမလည်ချင်ပါ။ မိန်းမသားမို့ ရှေ့ရေးနောက်ရေး စဉ်းစားကြည့် တဲ့အခါမှာလည်း ညီညီရဲ့ ဝါသနာကို လက်မခံချင်။ သို့သော်လည်း ညီညီကို အသဲပေါက်မတက် ချစ်မိသောကြောင့် အတိုက်အခံ မပြောမိသော်လည်း တားမြစ်ဖို့ ဆိုတာလည်း မဖြစ်နိုင်။ သပြေညို ဘာလုပ်ပေးရမလဲ ညီညီရယ် လို့သာ သက်ပြင်းမော သူ .. မသိအောင် ချမိသည်။

" ညီညီ... နင် တစ်ကယ်ပဲ ဆုံးဖြတ်ပြီး သွားတာ သေချာပြီပေါ့ "

အတည်ပြုသလို မေးတဲ့ သပြေညို့ အမေးကို ညီညီတစ်ယောက် ခပ်သွက်သွက် ခေါင်းငြိမ့်လို့ အဖြေပေး၏။

" အဲဒါဆိုလည်း ဆက်လုပ်ရုံပေါ့ ညီညီရယ် ၊ ငါက နင့်ဆန္ဒဆိုရင် ဘယ်နှစ်ခါများ ငြင်းဆန်ခဲ့ဘူးလို့လဲ ညီညီ "

သပြေညို့ရဲ့ စကားအဆုံးမှာ လင်းလက်သွားတဲ့ မျက်လုံးတွေနဲ့အတူ ဝမ်းသားအားရ  ညီညီ က

" ကျေးဇူးတင်ပါတယ် သပြေညိုရယ် ငါ့ကို ယုံကြည်တဲ့အတွက်ရော နားလည်ပေးတဲ့ အတွက်ပါ ကျေးဇူး ကမ္ဘာပါပဲ ဟာ... "

" ဒါပေမယ့် တစ်ခုတော့ ရှိတယ် ညီညီ။  ငါ့..ကိုလည်း နင်ခွင့်ပြုရမယ် "

" ဘာကိုလဲ သပြေညို "

" ငါ ဖေဖေတို့ဆီ အလည်သွားရင်း အလုပ်လုပ်ချင်တယ် (၃)နှစ်လောက်ပေါ့ ဘယ်လိုလဲ ညီညီ "

သပြေညို့ အပြောကြောင့် ညီညီ တွေဝေသွားပုံ ရသည်။ အချိန်တော်တော်ကြာ စဉ်းစားနေသလို ပြုပြီးမှ လေးလေးကန်ကန် တွေးတွေးဆဆဖြင့်

" ဆန္ဒရှိတယ်ဆို သွားပါ သပြေညို... အဲဒီ(၃)နှစ်ဆိုတဲ့ အချိန်တွင်းမှာ နင်ပြန်လာရင် ငါလည်း အခြေတော်တော်လေး ကျနေလောက်ပါပြီ။ အဲဒီမတိုင်ခင်တော့ ငါတို့ လွမ်းနေကြတာပေါ့ သပြေညို။ တစ်ခုတော့ ရှိတယ် သစ္စာတော့ မဖောက်ကြေးနော်၊ နင်နဲ့ငါကြားမှာ တစ်ယောက်ယောက်ကများ သစ္စာဖောက်ခဲ့ကြရင် တစ်ယောက်ရှိတဲ့ မြေကို တစ်ယောက် ဘယ်တော့မှ ခြေဦးမလှည့်ကြေးပဲ "

" စိတ်ချပါ ညီညီ ငါလည်း ငါ့သစ္စာ အတွက် အသက်နဲ့ အာမခံတယ်။ နင်သာ လုပ်တဲ့အလုပ်က ငယ်သူတွေနဲ့ ရောရောနှောနှော နေနေရတာ သတိထား။ ငါ.. ဘာသံမှ မကြားချင်ဘူးနော် ညီညီ "

ကျူရှင်ဆရာနဲ့ ကျောင်းသူ ငယ်ငယ်လေးတွေ ဖြစ်တက်ကြတဲ့ လောကထဲက ဖြစ်ရပ်တွေထဲမှာ ရုပ်ချောလှတဲ့ ညီညီအတွက် စိုးရိမ်မိတာလဲ အမှန်။ မိမိရဲ့ ဆုံးဖြတ်ချက် မှန်လား၊ မှားလား မဝေခွဲနိုင်ခင်မှာပဲ နှစ်ဦးသားရဲ့ ဆုံးဖြတ်ချက် ကိုယ်စီ ခိုင်မာနေကြလျှက်သား ဖြစ်နေပေမည်။

" စိတ်ချပါ သပြေညိုရယ် ညီညီဆိုတာ အမြဲတမ်း သပြေညို့ရဲ့ ညီညီပါ။  သပြေညို တစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့် ရမယ့် ညီညီ ပါဟာ... "


#############################

မွေးရပ်မြေနဲ့ ခွဲရသလို ချစ်ရသူနဲ့ပါ ခွဲခွာရတဲ့ တစ်နယ်တစ်ကျေးမှာ သပြေညို တစ်ကယ်ကို မပျော်ပါဘူး ညီညီ။ အလွမ်းတွေ၊ အဆွေးတွေ၊ သောကတွေ ကြားကပဲ တစ်လတစ်ကြိမ် ညီညီနဲ့ ဖုန်းပြောရတဲ့ အချိန်လေးတွေက ရေကြည်ပေါက်လိုပဲ ငတ်မပြေပါဘူး ညီညီ။ ဝေးနေမှ ပိုလို့ချစ်မှန်း သိသိလာတာနဲ့အမျှ အမြန်ဆုံး နီးကြဖို့ ရည်ရွယ်ကာ ဆုံတွေ့ကြမယ့် ရက်တွေ လက်ချိုးရေမိ ပြန်တယ်ညီညီ။ တစ်ဦးအသံ တစ်ဦးကြားနိုင်ဖို့ အရေး လကုန် ရက်တွေကို စောင့်စားရတဲ့ အချိန်တွေက ပိုကြာ နေသလိုပါ။ လကုန်ရက်လေး နီးလာလေလေ ညီညီနဲ့ စကားပြော ခွင့်ရပြီး အသံ ကြားရဖို့ ရင်ခုန်စောင့်မျှော်ရတဲ့ အလုပ်ကလည်း သပြေညို့ အတွက်တော့ (၁၆)နှစ်၊ သမီးလောက်များ ပြန်ငယ်လေသလားလို့ ထင်မိသယောင်ယောင်ပါ။

" ဟလို ညီညီ၊ သပြေညိုပါ "

" အင်း သပြေညို နေကောင်းလား "

" အင်း ညီညီရော နေကောင်းလား အဆင်ပြေရဲ့လား "

" ပြေပါတယ် သပြေညို၊ "

" အင်းညီညီ သပြေညို လည်းအရမ်းသတိရတယ် ပြန်လာချင်ပြီ သိလား၊ ညီညီရော .."

" ခဏ သပြေညို ....ငါ.. ပြောစရာ ရှိတယ် "

" အင်းပြောလေ ညီညီ သပြေညို နားထောင်နေတယ်လေ "

" ဟိုလေ ...."

" အင်း....ပြော ညီညီ "

" ညီညီ လက်ထပ်တော့မယ် သပြေညို "

" ဘာ... ပြောတယ် ညီညီ ... နင်.. ငါ့ကို အဲလို နည်းနဲ့တော့ မစပါနဲ့ ညီညီရာ။ သပြေညို ချက်ချင်း ထပြန်လာ ခဲ့လိုက်မှာနော် ညီညီ "

" ငါ့ကို ...ခွင့်မလွတ်ပါနဲ့ သပြေညို..... ငါ.....လေ.. တစ်ကယ့်ကို ......လက်မထပ်လို့ မရတော့တဲ့ အနေအထား ဖြစ်နေလို့ပါ...."

ကြားနေရတဲ့နားတွေ ရုတ်တရက် ကန်းသွားပါစေလို့တောင် ဆုတောင်းမိပါရဲ့ ညီညီ။ ဘယ်လိုမှ မယုံနိုင်အောင်ပါပဲ ။ နင်ရက်စက်တယ် ညီညီ။ သပြေညို့ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်တယ်။ နှစ်ယောက်သား ယုံကြည်ထားတဲ့ အနာဂတ် အိမ်မက်တွေကို နင်မို့ ရက်ရက်စက်စက် ရိုက်ချိုး ပစ်ရက်တယ်။

" ဘယ်သူလဲ ညီညီ၊ ဘယ်သူ့ကများ ....ညီညီ ..နင်...ဟို ....."

" ဟုတ်တယ် သပြေညို ..ငါ့...တပည့်မလေး တစ်ယောက်နဲ့ ...."

" တော်တော့ ..ညီညီ ရပြီ.... ဒီလောက်ဆို ငါ...နားလည်လိုက်ပါပြီ။ တော်ပါတော့....ညီညီရယ် ..နင်...မှာ ..။ ကျေးဇူးပြုပြိး ငါ ဘာမှဆက်ပြော ခွင့်မရအောင် ဖုန်းချ လိုက်ပါတော့ ညီညီ။ ငါ့နှုတ်ခမ်းက မဖွယ်မရာ စကားလုံးတွေ မပြောမိခင်မှာပဲ ချလိုက်ပါတော့လို့ ... တောင်းပန်ပါတယ် ညီညီ .... ငါ ..."

" ခွင့်လွတ်ပါလို့ မတောင်းဆိုပါဘူး သပြေညို...... ညီညီ ဖုန်းချလိုက်တော့မယ် ကျန်းမာရေး ဂရုစိုက်ပါ နော် ..."

ဘာမှ မကြားချင်ဘူးလို့ စိတ်ရှိတိုင်း အော်ဟစ် ပေါက်ကွဲရမဲ့အစား ကိုက်ခဲထားတဲ့ နှုတ်ခမ်း။ နာကျင်နေတဲ့ နှလုံးသားနဲ့အတူ ဒေါသအလျှောက် ဖိကိုက်ထားမိတဲ့ နှုတ်ခမ်းတစ်စုံမှ  ငန်ကျိကျိ အရသာတွေ ရမှပဲ နှုတ်ခမ်းပေါက်အောင် ကိုက်ထားမိတဲ့ မိမိအဖြစ်ကို ပြန်လည် သတိရမိသည်။ သပြေညို့ လက်ထဲမှ ကိုင်လျှက်သား ဖုန်းလေးအား နံရံသို့ စိတ်ရှိလက်ရှိ အားကုန် ပစ်ပေါက်မိတော့သည်။ တစ်စစီ လွင့်ထွက် ပျက်စီးသွားသော ဖုန်းလေးအား စူးစူးစိုက်စိုက် အချိန်တော်တော် ကြာသည့်အထိ ငေးကြည့်နေမိရင်း..... ။

########################################

တစ်ကယ်ဆို ဒီရေ၊ ဒီမြေကို ဘယ်တော့မှ ခြေမချတော့ဘူးရယ်လို့ ဆုံးဖြတ်ထားခဲ့ ပြီးသား။ ကာလတွေ ကြာညောင်းခဲ့ ပေမယ့် မဟောင်းတဲ့ ရင်ထဲက အတိတ်ဒဏ်ရာ ကြောင့် အသစ်ပြန် မဖြစ်တော့မယ် ဒဏ်ရာ အဟောင်းကိုလည်း ပြန်လည် မတူးစွ ချင်တော့ပေ။ သစ္စာဆိုတာကို စာလုံးမပေါင်းတက်တဲ့ ကတိမတည်တဲ့ လူတစ်ယောက် အကြောင်း၊ စည်းမစောင့်... ကတိမတည်တဲ့ လူတစ်ယောက် အကြောင်း၊ ယုံကြည်မှုတွေ အလွဲသုံးစား လုပ်ခဲ့တဲ့ လူတစ်ယောက် အကြောင်း၊ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း ဆိုတာ ဘာမှနားမလည်တဲ့ စိတ်ထား ခပ်ညံ့ညံ့ လူတစ်ယောက် အပေါ် မတန်မရာ ပေးခဲ့မိတဲ့  မေတ္တာတရား။

အချိန်ကာလ(၁၀) စုနှစ်တစ်ခုသာ ကုန်သွားတယ် သူကတော့ ဘယ်လိုနေသည်မသိ။ သပြေညို့ရင်ထဲမှာ သစ်ဆွေးတုံး တစ်တုံးလို ပုံစံမပျက် ဒီအတိုင်း ရှိနေခဲ့တာ။ နာကျင်စေခဲ့ရတာနှင့်  မတန်အောင်ပဲ  သူ့ရဲ့ပုံရိပ်တွေက သပြေညို့အား အချိန်တိုင်း စိုးမိုးနေခဲ့တာ။ ခုလောက်ဆို သား၊သမိးတွေနဲ့ သူကတော့ သပြေညိုဆိုတဲ့ အမျိုးသမီး တစ်ယောက်ကို သတိရဖို့ အချိန်တောင် ရှိရှာမှာမဟုတ်။ တွေးလေလေ တစ်ကိုယ်တည်း ဒေါသ ဖြစ်လေလေ။ သူတစ်ပါးရဲ့ စွန့်ပစ်ခံရသည့်တိုင် မမေ့နိုင်ပဲ ရင်မှာ နာကျည်းခြင်းများစွာနဲ့ အမှတ်ရစေခဲ့သောသူ။

အချိန်တိုင်း အတွေးထဲမှာ နာကျင်လျှက်နဲ့ သတိရစေခဲ့တဲ့သူကို မေ့ပစ်ဖို့ ကြိုးစားနေရင်းမှပဲ သတိရနေ တက်ပြန်သည်။ လွမ်းမောဖွယ် ပြည့်နေတက်တဲ့ အမိ တက္ကသိုလ်မြေထဲ ဘာရယ်မဟုတ် ခြေဦးတည့်ရာ လျှောက် လှမ်းနေမိရင်း ရေတမာပင်နဲ့ အုပ်ဆိုင်းနေတဲ့ အဓိပတိလမ်းမက ဟိုး...အရင်လိုပါပဲလား။ ငေးရင်း တွေးရင်းနဲ့ ဖြတ်တိုက်လာတဲ့ လေးအေးတွေကြားမှာ ကံ့ကော်ပန်းရနံ့က သင်းနေ၏။ တစ်ကယ်ဆို ဒီလိုပန်းရနံ့တွေနဲ့ ကင်းဝေးခဲ့တာ တော်တော် ကြာခဲ့ပြီလေ။

" ဒီမှာ ဒီက မသပြေညို ထင်တယ်... ဟုတ်လား မသိဘူး...ခင်ဗျ "

ရုတ်တရက် ခေါ်သံနဲ့အတူ မရေမရာ နှုတ်ဆက်တဲ့ အသံကြောင့် သပြေညို လှည့်ကြည့်မိ၏။ ဒီနေရာ ဒီဒေသတွင် သူမတွင် အသိဟူ၍ နှုတ်ဆက်မည့်သူ အလွန်နည်းပါးလှ၏။ အသားညိုညို၊ ရှပ်လက်တို အစိမ်းနုကို အစိမ်းရင့်ရင့် အကွက်စိပ် ကချင်ပုဆိုးနှင့် တွဲဝတ်ထားသော လူရွယ်တစ်ယောက်။  သပြေညို့တို့နှင့် မတိမ်းမယိမ်း (၃၅)ဝန်းကျင် လူလတ်ပိုင်း အရွယ်လောက်ပါပဲ။

" ဟုတ် ...ကဲ့ ဘယ်သူများလဲ မသိဘူးနော် "

" ဟာဗျာ... ဝမ်းသာလိုက်တာ ကျွန်တော်ကို မမှတ်မိဘူး ထင်တယ်။ ကျွန်တော် ကိုသောင်းကျော်လေ။ ညီညီနဲ့အတူ ကျွန်တော်တို့ နှစ်ကြိမ်လောက်ပဲ ဆုံဖူးတယ် ထင်တယ်၊ ဟုတ်တာပေါ့..... ဆုံကြတာလဲ ခဏပဲဆိုတော့ မမှတ်မိတာနေမယ်။ မသပြေညိုကတော့  အရင်အတိုင်းပဲမို့ ထင်ပါရဲ့.... ပြီးတော့ ထူးထူးခြားခြားပဲဗျ ... ကျွန်တော်က ... တူပါတယ်လို့ ကြည့်နေရင်း "

" သြော်.... "

သြော် .. ဟုသာ ဆိုမိရင်း အခုမှေ၇းတေးတေး မှတ်မိလာသလိုလိုပင်။ ညီညီ ကျုရှင် သင်ဖို့ ကျောင်းကိစ္စ စုံစမ်းခဲ့စဉ်က တွေ့ကြုံခဲ့ဖူးသူပင်။

" ဟိုလေ ..အချိန်ရရင် ကျွန်တော်တို့ တစ်နေရာရာမှာ အအေးဖြစ်ဖြစ် သောက်ရင်း စကားပြောကြရအောင်ဗျာ.... ကျွန်တော်မှာ မသပြေညိုကို ပြောပြစရာလေးတွေ နည်းနည်း ရှိလို့ပါဗျာ..."

အားနာလို့ပဲ ဖြစ်ဖြစ်၊ လမ်းမကြိးတွင် မတ်တပ်ရပ် စကားပြော ရန်မှာ မသင့်တော် သည်က တစ်ကြောင်းနဲ့ နီးစပ်ရာ ကော်ဖီဆိုင် တစ်ဆိုင်သို့ ကိုသောင်းကျော်နှင့်အတူ လိုက်ပါခဲ့ရသည်။

##################################

" တစ်ကယ်တော့ ညီညီဟာ မသပြေညို ကိုပြောခဲ့သလို သစ္စာမဲ့သူ မဟုတ်ခဲ့ ရပါဘူးဗျာ..။ သူ အိမ်ကနေ ဆင်းလာတော့ သူစီးနေကျ ဟွန်ဒါ ဆိုင်ကယ်တစ်စီးရယ်၊ သူ့အဝတ်အစား အိတ်ရယ်ပဲ ယူပြိး ဆင်းလာခဲ့တာလေ။ ကျွန်တော်နဲ့ အတူ အခန်းတစ်ခန်းမှာ ငှားနေရင်း သူပါလာတဲ့ ဆိုင်ကယ်လေးနဲ့ပဲ ကျူရှင်တွေမှာ စာလိုက်သင်ရှာတယ်။ အဲဒီလိုနဲ့ တစ်နေ့ သူစီးလာတဲ့ ဆိုင်ကယ်နဲ့  ညစာစားပွဲက ပြန်လာတဲ့ အမူးသမားတစ်စု ပါတဲ့ ကားတို့ တိုက်မိရာက  ညီညီတစ်ယောက် ညာခြေထောက် ဖြတ်ပစ်လိုက် ရတယ် မသပြေညို "

" ဆေးရုံမှာ (၂)ပတ်တိတိ အတွင်းလူနာ အဖြစ်တင်ထားခဲ့ရပြီး မသပြေညိုနဲ့ ဖုန်းပြော ဖြစ်တဲ့ အချိန်က သူ့ခြေထောက် ဖြတ်ပြီးလို့ ဆေးရုံမှာပဲ ရှိနေသေးတဲ့ အချိန်ပါ။ ... ညီညီက ဒုက္ခိတ ဖြစ်နေတဲ့ သူ့ဘဝထဲ မသပြေညို့ကို ဆွဲမခေါ်ချင်ခဲ့တာကြောင့် သူလိမ်ညာခဲ့တာပါ..။ ဆေးရုံက ပြန်ဆင်းလာတော့လည်း သူ့မိဘတွေက ပြန်ခေါ်တာကို လိုက်မသွားပဲ ကျွန်တော်နဲ့ပဲ ပေတေနေရှာတယ်။ သူဝါသနာပါတဲ့ ကျူရှင်ဆရာ အလုပ်ကို ခြေတစ်ဖက်နဲ့ လှည့်သင်ခဲ့တယ် မသပြေညို။ ဆိုင်ကယ်လည်း စီးလို့မရတဲ့ အခြေနေ မှာ ချိုင်းထောင့်နဲ့ပဲ သူသွားလာနိုင်သမျှ မြို့နယ်တွေမှာ လိုင်းကား စီးပြီး စာလိုက်သင်တယ် ၊ စာအသင်ပြ ကောင်းလွန်းသလို တပည့်တွေလဲ သူ့ဆို ချစ်မှချစ်ပဲ ၊ ဓာတု(ညီညီ)ဆိုရင် မသိသူ မရှိအောင်ပဲ သတင်းမွှေးလှတယ်။ "

" အဲဒီလို စာတွေ သင်နေရင်းနဲ့ပဲ ချို့တဲ့ရှာတဲ့ ကလေးတွေ ပညာရည် သောက်သုံး နိုင်အောင်ဆိုပြီး အခမဲ့ ကျောင်းဆောင်လေးမှာ သူအပါအဝင် ၊အခြား ကျူရှင်ဆရာတစ်ချို့နဲ့ ပေါင်းပြီး  တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့် ကျောင်းသားတွေအတွက် အခမဲ့ ပညာသင်ပေးတဲ့ ကျောင်းလေး တည်ထောင်ခဲ့တယ်။ သူရှာဖွေရသမျှကို အဲဒီကျောင်းလေးမှာပဲ ရင်းနှီးမြုပ်နှံတယ်။ သူ့မိဘတွေ အကြိမ်ကြိမ်အခါခါ လာခေါ်ကြပေမယ့်လည်း သူပြန်မလိုက်ခဲ့ဘူး မသပြေညို။ အဲလိုနေလာရင်းနဲ့ပဲ အက်စီးဒင့်ဖြစ်ချိန်က ဘယ်ခြေထောက်က အသားကြေလို့ ခေါ်တဲ့ ဒဏ်ရာပါ တစ်ဆက်ထဲ ရခဲ့တာ ရှိလေတော့ ဆေးထိုး၊ ဆေးသောက်နဲ့ အမြဲလုပ်နေရတယ်။ "

" အသားကြေတယ် ဆိုပြီး ဆေးရုံ၊ဆေးခန်း ပြနေရင်းမှာပဲ ဓါတ်မှန်ရိုက်တဲ့ အခါမှာ အသားကြေ ဒဏ်ရာကနေပြိး ဘယ်ကနေ ဘယ်လို ခြေဖဝါး ကင်ဆာ အဆင့်ကို ရောက်သွားသလဲ မသိပါဘူးဗျာ... ။ ဆရာဝန်ကတော့ ပြောပါတယ် ကျန်တဲ့ ခြေတစ်ချာင်းပါ ဖြတ်ပစ်မယ်ဆို အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက် ရှိတယ်တဲ့ လေ ....။ ညီညီကလည်း သိတဲ့အတိုင်းပဲ ခေါင်းမာတဲ့ နေ၇ာမှာ နှစ်ယောက်မရှိတဲ့သူ ဆိုတော့ ကျန်တဲ့ ခြေတစ်ချောင်းကို ဖြတ်ဖို့ ငြင်းဆန်ပြီး ဆေးထိုး၊ ဆေးသောက်နဲ့ပဲ ဒဏ်ရာ တန်းလန်းနဲ့ သူ့တပည့်တွေကို ကျောင်းအနှံ စာတွေ လိုက်သင်ရှာတယ်။ နောက်ပိုင်း တဖြေးဖြေးနဲ့ ဒဏ်ရာက ဆိုးဆိုးလာတော့ သူလည်း မြို့နယ်အနှံ ဝေးဝေး လံလံ လိုက်ပြီး စာမသင် နိုင်တော့ဘူးဗျာ...။ စာသင်တဲ့နေရာမှာ ငွေကြေး အဓိက မဟုတ်ပဲ စာသင်နေရရင် ကျေနပ်နေတဲ့သူဗျ..။ ကျောင်းသားတွေနဲ့ စာသင်နေရရင်ကိုပဲ ပျော်နေတက်တဲ့ သူလေ ...။ "

" သွေးတစ်စက်စက် ကျနေတဲ့ ခြေထောက်အောက်မှာ ထွေးခံတွေ ပတ်တီးတွေနဲ့ စာသင် မပျက်ခဲ့ဘူး။ တစ်ရက်  သူ့တပည့်တွေကို စာသင်နေရင်းနဲ့ပဲ  သူမေ့ လဲကျသွားခဲ့တယ်။ သူမေ့လဲကျသွားလို့ ဆေးရုံချက်ချင်း တင်လိုက်ပေမယ့် ဆေးရုံရောက်တဲ့ ညမှာပဲ သူအင်မတန်ချစ်တဲ့ သံယောဇဉ်ရှိလှတဲ့ တပည့်တွေကိုရော သူအင်မတန် ဝါသနာပါလှတဲ့ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဘဝကိုရော စွန့်ခွာသွားခဲ့တယ်လေ။ သူ့ဘဝ နောက်ဆုံး အချိန်တွေထိ သူ့ဝါသနာပါရာ စာသင်ကြားခြင်းနဲ့ပဲ ကုန်ဆုံးစေခဲ့သူပါ မသပြေညို... ။ ညီညီက ဒုက္ခိတ တစ်ယောက်ရဲ့ ဇနီးမယား တစ်ယောက် မဖြစ်စေချင်လို့  တမင် လိမ်ညာပြောခဲ့ပေမယ့် ညီညီ ရင်ထဲမှာ မသပြေညို တစ်ယောက်ထဲပဲ ရှိခဲ့တယ်ဆိုတာ အသိသာကြီးပါဗျာ......"


" တစ်ကယ်တော့ ညီညီ တစ်ယောက် လောကကြီးထဲကနေ ပျောက်ကွယ် သွားခဲ့ပေမယ့် ကျွန်တော်တို့နဲ့ အတူ ချစ်စွာသော သူ့ တပည့်တွေရဲ့ ရင်ထဲ၊ အသဲနှလုံးထဲမှာ သူက ထာဝရ ရှင်သန်နေဆဲ ပါဗျာ..... "

#####################################

ညီညီအောင် (ဓာတု)
အသက်(၃၃)နှစ်
( ၂.၁၀.၂၀၀၂ )တွင် ကွယ်လွန်သည်။

ဆေးရောင် မပြယ်တစ်ပြယ် ဖြူလွှလွှ အုတ်ဂူရှေ့တွင် သပြေညို တစ်ယောက် ဒူးထောက် ထိုင်ချမိရင်း ဆိုနင့်ကြေကွဲရသူ တစ်ယောက်အတွက် စကားလုံးတွေ ပျောက်ဆုံးစွာဖြင့်။ အထူးပြောစရာ မလိုဘူးဆိုပေမယ့် နာကျင်တယ် ဆိုတာထက် ပိုနာကျင်ရတယ် ညီညီ။ အဖြစ်မှန်ကို မသိပဲ  အထင်သေး မှားယွင်းစွာ အချိန်အကြာကြီး နာကျည်းခဲ့မိတယ်။ မုန်းတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အမှန်တစ်ကယ်တော့ မုန်းလို့မရအောင် ညီညီက သပြေညို့ ရင်ထဲမှာ အုတ်မြစ်သဖွယ် သန္ဓေတည်နေခဲ့သူမို့ အရာရာဟာ သပြေညို့ နှစ်ယောက်အတွက် ရက်စက်ခြင်း လို့ပဲ ဆိုရလေမလား... ညီညီရယ်....။




စာဖတ်သူများအား အစဉ်အမြဲ
လေးစားလျှက်
အမြဲကြိုးစားနေမည့်
Angelhlaing


#########################################



Written By Angelhlaing
(www.angelhlaing.blogspot.com)
Saturday, October 08, 2011(Am 00;26)
Austria



33 comments:

ညီညီရဲ့စိတ်ဓာတ်ကိုလေးစားတယ်အမရေ

ရက်စက်လိုက်တဲ့ စာရေးသူရယ်. . .
သေမဲ့ အစား ခြေနှစ်ချောင်းလုံးဖြတ်ပြီးတော့ ပေါင်းပေးလိုက်ပါတော့လား !_!

လက်ထပ်တော့မယ်ဆိုတုန်းက ဘယ်သူနဲ့လဲ ဘယ်လိုကြောင့်လည်း ဆိုတာတွေ သူနေတဲ့နေရာမှာသွားစုံစမ်းဖြစ်ခဲ့ရင်......

ယုံကြည်ချက်တစ်ခုကို ဘ၀တစ်ခုနဲ့ ပေးဆပ်သွားတဲ့ ဇတ်လမ်းလေးကို အားပေးသွားပါတယ်ခင်ဗျာ။

တကယ့်အဖြစ်အပျက်များလား အိန်ဂျယ်ရေ ဆရာညီညီ ဆိုပြီးတော့ ဓာတုဗေဒစာအုပ်တွေ့တယ်။ စေတနာ၊၀ါသနာ၊အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ပြည့်စုံတဲ့ ညီညီရဲ့စိတ်ဓာတ်ကိုတော့ လေးစားမိပါတယ်....
အစဉ်အမြဲအားပေးလျက်ပါ...

ဟုတ်..
ပထမတော့ သပြေညို့နာမည်ကို
ဖတ်ရတာထောက်နေပေမယ့်နောက်ပိုင်းက
အရမ်းကောင်းပါတယ်နောက်တစ်ခါဆို
ဇာတ်ပေါင်းလေးလုပ်ပါနော်အစ်မ
အသည်းမခိုင်လို့း))
ဒါနဲ့အစ်မ သပြေညိုကညီညီမရှိတော့
အပျိုကြီးပဲလုပ်သွားတာပေါ့နော် :P
ချစ်ခင်စွာနဲ့
မိစံ

ဝတ္ထုဖြစ်ဖြစ် အဖြစ်မှန်ဇာတ်လမ်းဖြစ်ဖြစ် ပျော်ရွှင်ကြည်နူးစွာနဲ့ အဆုံးသတ်တာမျိုးပဲနှစ်သက်တယ် အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟုတ်ပ အေ
အဲ့ဂလောက် ရက်ရက်စက်စက် ဇာတ်နာပစ်ရလားလို့ ..း((
တော်တော်ဆိုးးး
အသက်ရှင်ရက်တောင် ပြန်မြင်မသွားရရှာဘူး ၀ါးးးးးးးးး

ဝတ္တု တစ်ပုဒ်
ဇတ်သိမ်းလှဖို့ ဆိုတာ
စာေ၇းသူ ရင်ခွင်
အပြုံးတွေဆင်
အမုန်းတွေမမြင်ဘဲ
ခံစားမှုနဲ့သာ တိုက်ဆိုင်တယ်။

ဝါးးးးတော်လိုက်တဲ့ သူငယ်ချင်း....

လှိုင်ကတော့လေ ရင်ကို ထိမှန်စေတဲ့ ဝထ္ထုကောင်းလေးတွေ ရေးဖွဲ့ တတ်တယ်...

ဓားသွေးကျောက်ရဲ့ဘဝကို ပီပီပြင်ပြင် ပုံဖော်သွားတာပါလား ညီမရေ
တကယ့်ကို ဓားသွေးကျောက်လို မိမိကိုယ်ကို လုံးပါးပါးရင်း အနစ်နာခံတဲ့ ဆရာတစ်ချို့ တကယ်ကိုရှိပါတယ်။
ဇာတ်သိမ်းလေးက ရင်ကိုနင့်ကနဲဖြစ်စေတယ်
ဖတ်ပြီး ဝမ်းနည်းမိပါတယ်။

လုပ်ပြီသူကတော့ သူလွမ်းတာနဲ့အားလုံးကို
လိုက်လွမ်းခိုင်းနေတော့တာပဲနော်....
မသေလဲရရက်သားနဲ့
စိတ်မကောင်းလိုက်တာနော်....
ချစ်တဲ့ မမjas
အာဘွားးးးးးးးးးးး

ညည်းကလဲအေ အလွမ်းတွေချည်းပါပဲလား :P

ရင်ထဲမှာ တခုခုကျန်နေခဲ့ရင် စာရေးသူ တော်လို့ပဲ
း) ကြိုက်တယ် ရင်ထဲမှာ တမျိုးလေး ခံစားရတယ်

အခု ၀ါသနာ စေတနာ အနစ်နာနဲ့ ပြည့်စုံတဲ့ ဓါးသွေးကျောက်တွေ အရမ်းကိုရှားပါးသွားပြီ။ ဒါကြောင့်ပဲ ဓါးတွေလဲ တုံးကုန်ရတယ်ထင်ပါရဲ့ ။
ဇာတ်လမ်းလေးက ရင်ကိုထိတယ်။

ရက်စက်လိုက်ပါပေ့ဗျာ...
ပေါင်းပေးလိုက်ပါတော့လား။

ဒါပေမယ့် အဲလိုပေါင်းပေးလိုက်ရင်လည်း
စာဖတ်သူ ရင်ကို ဒီလောက်စိုက်ဝင်မယ် မထင်ပြန်ဘူး
ဒီအတိုင်းလေး ဆိုတော့ စာဖတ်သူတွေကိုပါ လွမ်းကျန်စေတယ်။

ယုံကြည်မှုနဲ့ ခုလို ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့ သူတွေ အများကြီးပါ။ ဒါပေမယ့် ညီညီ့လို စိတ်ဓာတ်မျိုးရှိတဲ့ သူကတော့ ရှားလိမ့်မယ်...သူတို့ လို လူမျိုးတွေ အသေမစောသင့်ဘူး...

ဝတ္ထုတိုကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူး ညီမရေ...

ညီမလေးရေ
လာအားပေးသွားပါတယ်....
စိတ်မကောင်းဘူး..
ဇာတ်သိမ်းက မလှဘူးနော်....

နှင်းနဲ့မာယာ

ကြိုက်တယ်မမ...နောက်ဆုံးမှာမပေါင်းပေးလိုက်ပေမယ့် အချစ်ကိုတန်ဖိုးထားတဲ့ပြကွက်တစ်ခုကိုသရုပ်ဖော်ထားတာ မို့ဖတ်လို့ကောင်းလှပါတယ်...တော်တယ်လို့မမကိုကပ်မြှောက် ခဲ့တယ်နော်...:P

ဇာတ်လမ်းလေးက လွမ်းခန်းမှာဆုံးတယ်..
ဖတ်လို့ ကောင်းတယ်..
သိုသိုသိပ်သိပ်နဲ့ တိုတိုမိမိ ရေးတတ်တယ်..

အလွမ်းမင်းသမီးလေးးးး
လွမ်းဝရာတွေချည်းရေးနေတယ်။ စိတ်မခိုင်ပါဘူးဆိုနေမှဘဲ။
အပျိုဘကြီးဖြစ်ဦးမှာဘဲ။း))

ခင်မင်လျှက်

မိလှိုင် . . . ဇာတ်လေးကို ဆွဲထုတ်သွားပုံက ကောင်းပါတယ် . . . ဒါပေမဲ့ နောက်ဆုံးကျမှ သပြေညိုကို ညီညီအုတ်ဂူနားမှာ မုဆိုးဒူးထောက် ထိုင်ခိုင်းတဲ့ပုံက အကို့ မျက်လုံးထဲ တမျိုးကြီးဖြစ်သွားတယ် . . မိန်းကလေးတွေ မုဆိုးဒူးထောက် ( ဒူးတဖက်ထောက် ဒူးတဖက်ထောင် )ထိုင်ပုံက တမျိုးပဲ . . ဒူးနှစ်ဖက်ထောက်ထိုင်ရင်းဆိုရင် ပို နူးညံ့မလားပဲ . .

း))

အကိုပဲ ရှေ့ရိုးဆန်းနေတာလား . . . ခေတ်အမြင်ပဲ မတွေးတတ်သေးတာလားတော့ မသိဘူး မိလှိုင်း))

ကျန်တဲ့ အပိုင်း အားလုံးသေသပ်တယ်

ခင်မင်စွာဖြင့်
ဗညားရှိန်

ညီမလေးရေ-စာရေးရင် တစ်ခုသတိထားရမှာက နာမည်ပါ။ ညီမလေးရေးတဲ့ ညီညီ ဆိုတဲ့နာမည်ဟာ တခြားဝတ္ထုဆို ဘာမှမဖြစ်ပေမယ့် ရန်ကုန်မှာ နာမည်ကြီးကျူရှင်ဆရာ ညီညီ( ဓာတု )ဆိုတာရှိနေလေတော့ သူ့အဖြစ်အပျက်လို့ထင်စရာရှိနိုင်တယ်။ အဲဒါကြောင့် နောက်ဆိုစာရေးရင် သတိထားရေးစေချင်ပါတယ်။ ညီမလေးက မသိတာလည်းဖြစ်နိုင်တယ်။ တခြားနာမည်ပေးရင်လည်း ဇာတ်လမ်းကို မထိခိုက်နိုင်ပါဘူး။ ဇာတ်လမ်းကတော့ကောင်းတယ်။ ညီမလေးပေးချင်တဲ့ Message ကို အစ်ကိုရလိုက်တယ်။ ဇာတ်လမ်းကို ပေါင်းတယ်၊မပေါင်းဘူးဆိုတာက စာရေးသူရဲ့လက်မှာပဲမူတည်ပါတယ်။ အဲဒါကိုဂရုမစိုက်ပါနဲ့။ ကွဲလို့၊ မညားလို့၊ လွမ်းလို့သာပရိသတ်မကြိုက်ရင် မောင်စိန်ဝင်း(ပုတီးကုန်း)ဆိုတာပေါ်လာမှာမဟုတ်ဘူး။ စာရေးသူက သူတည်ဆောက်လိုက်တဲ့ ဇာတ်အိမ်ပေါ်မှာ ကြိုက်သလိုစီရင်နိုင်တယ်။ စာဖတ်သူရင်ထဲမှာ စွဲကျန်အောင်လုပ်ရမှာက စာရေးသူရဲ့ပညာပဲ။ ဆက်လုပ်ပါ။ လက်တော်တော်တက်လာပြီ။

ညီညီရဲ့အချစ် ညီညီရဲ့စိတ်ဓါတ်ကို လေးစားပါတယ်။

ညီမ ရေ

စာလေးဖတ်ပြီးရင်ကိုနင့်သွားတာဘဲ အရေးကောင်းလွန်းလို့လေ

ခင်မင်တဲ့
အမရွှေစင်

ဝတ္ထုလေး လာဖတ်တယ် လှိုင်...။ ကိုညီညီ သနားပါတယ်နော်။ ခြေထောက်လည်း ဖြတ်ရတယ်၊ ချစ်သူကိုလည်း စွန့်လွှတ်ရတယ်။ လှိုင်ရေးတဲ့ ၀တ္ထုလေးတွေ အားပေးနေတယ်နော်။

အကိုတော်ဗညား ....ကျေးဇူးပါလို့ ပြင်လိုက်ပြီအကို။ (လင်းခေတ်ဒီနို)
အကို ဆူးသစ်(အဖြူရောင်လမ်းကလေး) ကျေးဇူးပါအကို ။ ညီညီအောင်လို့ ပြင်လိုက်တယ် :):)

း( ညားပေးလိုက်လဲရတဲ့ဟာကို ဆရာမလေးရယ်း (

ဘာလို့ ညားရမှာတုန်း။။ မညားပေးဘူး။။ အဲဒီအမတော် မဒိုးကန်ကတော့လေ။။ ဟီးးးးးး။။
အားပေးခဲ့တယ်ဝေ့။။ ကြိုးစားထားကွ။။။
ဟေဟေ့။။

ဝထ္ထုကောင်းလေးဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်ခံစားသွားပါတယ်...ဆက်ရေးစမ်းပါဦး တစ်ပုဒ်ပြီးတစ်ပုဒ် ပိုကောင်းလာတယ်လို့ ခံစားမိလို့ပါ...

တကယ်တော်တယ် ညလေးရယ်။ ကြိုက်တယ်။ လက်ရည်တွေ တအားတက်လာပါလား။

ခင်တဲ့
မေသိမ့်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More