http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, August 23, 2011

တမ်းတရတဲ့ " အလွမ်းည "





















ညရဲ့ လမင်း
ပျောက်ကွယ်လို့ မှောင်မိုက်
ဒါပေမယ့်လည်း နင်ရှိနေရင်
လသာဖို့လဲ မလိုဘူးလို့ ငါဟစ်ကြွေးခဲ့ဖူးတယ်...


ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...


နှလုံးသားက မြည်ဟိန်းတဲ့
နင့်နာမည်လေး တစ်ခုနဲ့တင်
ဝုန်းခနဲ ပြိုသွားတဲ့ ရင်ခွင် နင် အသိမှတ်မပြုလဲ
ကံတရားကို အပြစ်ပုံချဖို့ ငါမကြိုးစားချင်တော့ဘူး...


လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...



မမြင်ရတဲ့ သံယောဇဉ်ရယ်
ကိုင်တွယ်လို့မရတဲ့ ချစ်ခြင်းရယ်
သက်သေပြစရာမရှိတဲ့ တမ်းတခြင်းတွေနဲ့အတူ
အစမ်းသပ်ခံ နှလုံးသားအဖြစ်နဲ့ ငါစောင့်ကြိုနေမိတယ်...


နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ


တိုက်ခိုက်ကြတဲ့
သွေးထိုးစကားတွေက လေထဲကဆိုပေမယ့်
ငါ့မာနတွေ တဖျပ်ဖျပ်နဲ့ ခပ်ဆတ်ဆတ် နာလှပြီ...


ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချစ်သူ


ထုံးလိုမွှေ၊ ရေလိုနှောက်
ခေါက်ချင်ရာ ခေါက်ထားခံရတဲ့သူ အဖြစ်နဲ့
အပြုံးမပျက်နေခဲ့တာ ရင်ထဲက အချစ်တွေ
နင်မြင်ရင် အနှစ်အဖြစ် ပြောင်းလဲမလားဆိုတဲ့ မျှော်လင့်ချက် ပါးပါးလေးနဲ့
ခေါင်းငုံ့လို့ မမြင်ယောင်ဆောင် ဟန်ဆောင်ပြိး အကွက်ရွေ့လဲ
ငါဘက်ကတော့ ချစ်တယ် ဆိုတဲ့စကားထက် နင့်ကို အလေးအနက် ထားခဲ့တာပါ..


ဘဝမှာ
အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ..
မျှော်လင့်နေတဲ့ တစုံတရာ...
နာကျင်တဲ့ အလွမ်း...
ခါးလှတဲ့ ဥပေက္ခာ...
ရင်ထဲက ဆန္ဒ..
ယုံကြည်မှု တံတိုင်းနဲ့
ကာရံမိတဲ့ ချစ်ခြင်းတစ်စုံ..
မပြောဖြစ်တဲ့ ရင်တွင်းစကား..
ခံစားချက် အားလုံးနဲ့အတူ ဒီတစ်ညလည်း " အလွမ်းည " ဖြစ်သွားရပြန်ပြီ ချစ်သူ...။

မှတ်ချက်။ ။သင်တန်း စာမေးပွဲလေးကြောင့် စာရေးကျဲနေသလို မောင်နှမတွေရဲ့ ဘလော့တွေလဲ အလည်အပတ် ပြန်လည်မရောက်ဖြစ်တဲ့ အတွက် Angelhlaing ကိုခွင့်လွတ်ပေး ကြပါလို့ ဒီနေရာလေးကနေပဲ တောင်းပန် ပါတယ်နော်။ ခွင့်မလွတ်လဲ လွတ်တယ်လို့ပဲ အတင်းမှတ်ပါမယ်။ :):)

Written By Angelhlaing
(www.angelhlaing.blogspot.com)
August23,2011 (PM 10.37) Austria


20 comments:

ဖမ်းဆုပ် မရ
တမ်းတ ရတဲ့ ညတွေ များလာတော့
ငါ တစ်ယောက်ထဲ အလွမ်းညတွေထဲက
ရုန်းထွက်ဖို့ ခွန်အားလည်း မဲ့နေပြီ ချစ်သူ...

အဲဒီစကားလုံးလေးတွေကိုကြိုက်တယ်
လွမ်းပါတယ်ဆိုနေ
အိမ်လည်သွားတာတောင် အလွမ်းအိမ်ရှင်နဲ့
တွေ့နေရပြီနော်...
အော်ငါ့ဘ၀ ငါ့ဘ၀ အလွမ်းညတွေ
ဖြတ်မကုန်တော့ပါလား.....

ကဗျာလေးရဲ့ စကားလုံးတိုင်း သိပ်လှတာပဲ။ ဘယ်လိုများ စဉ်းစားပြီး ရေးတာလဲ လှိုင်...။ ခံစားချက်တွေများနေတယ်နဲ့ တူတယ်း)

"ဘဝမှာ အလိုချင်ဆုံး ဆန္ဒတစ်ခုကို
ပြောရမယ်ဆို " နောက်ဆုံးအချစ်နဲ့လက်တွဲဖော် " ဖြစ်ချင်ခဲ့တာ.."

အစ်မ ဘလော့ဂ်လေးကို အလည်ရောက်မလာလို့ စိတ်ဆိုးနေတယ်း) (စတာပါ... လူတိုင်းမှာ ကိုယ့်အလုပ်လေးတွေနဲ့ကိုယ် ဆိုတော့ နားလည်ပါတယ် လှိုင်ရေ)

လှပလွန်းတဲ့ ကဗျာလေးကို လာခံစားသွားပါတယ်...

ကောင်းလိုက်တဲ့ ''အလွမ်းည'' လေးဗျာ...။ထိတယ်ဗျို့...ထိတယ်..။ ခုလိုထိထိမိမိလေးရေးတင်ပေးတဲ့ခံစားချက်ကဗျာလေးကို ကော်ပီလုပ်ပြီးသိမ်းထားလိုက်ပါပြီ။ ကျေးဇူး..ကျေးဇူး။

ခါးခဲ့ဖူးတဲ့ ဘဝက အတ္တနဲ့ ယှဉ်ပြိုင်ပြီး
မာနတွေ ခဝါချ၊ ဘဝအတွက် ရင်းခဲ့ရတဲ့ နှလုံးသားတစ်စုံ
နင်းခြေလို့ ကြေမွ ပြာကျသွားရင်တောင် ငါ့ရင်ဘတ် တစ်စုံက
အသက်မဲ့ ရုပ်ကြွင်း တစ်ခုအဖြစ်နဲ့ နင့်ခံစားချက် ပြတိုက်ထဲမှာ
ဘောင်တော့ဝင်ခဲ့စေချင်တယ်...ချစ်သူ...


ဘယ်လို ပြောပြရမလဲ . . . လှိုင်းစီးနေသလိုပဲ မိလှိုင်ရယ်

တက်လိုက် ကျလိုက် နဲ့ . . ကဗျာရဲ့ တန်လ်ပို က ဖမ်းစားထားတယ်

လာဖတ်သွားပါတယ် အစ်မရေ ။ ခုလို မအားတဲ့ကြားက စာကို မဖြစ်ဖြစ်အောင် ရေးပေးသွားတာကို ကျေးဇူးပါဗျာ ။

ကဗျာလေး အရမ်းကောင်းတယ်... စာသားလေးတွေလည်း လှတယ်.. heart ထိတယ်.. :D

မအားတဲ့ကြားက ကဗျာလှလှလေးတစ်ပုဒ်တင်နိုင်လိုက်တဲ့ အရည်အချင်းဟာ နည်းလား...

ကဗျာလေးဖတ်သွားတယ်နော်။
အလွမ်းညများ အမြန်ဆုံး ကုန်ဆုံးပါစေလို့ တောင်းဆုချွေခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းတွေကိုစမ်းရေထဲမှာမျှော်လိုက်ချင်....
ချစ်ကြမ္မာအကြိုးပေးကဆိုးလှပါတယ်..
တစ်ယောက်တစ်နယ်...ဟိဟိ
ကမ္ဘာကုန်ကျယ်သရွေ့ တော့လွမ်းနေအုံးတော့
ပန်းနွယ်ရေ..အဲမှားလို့ မမအိန်ဂျယ်ရေ....

အဲ မှတ်လိုက်ပါ မှတ်လိုက်ပါ..း)
မအိန်ဂျယ်လေးရယ်..

အမ အထီးကျန်တဲ့ဝေဒနာရှိပုံရတယ်နော်
စာသားတိုင်းမှာအထီးကျန်တဲ့ခံစားချက်လေးတွေပါတယ်

ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ ကဗျာကို လာဖတ်သွားတယ်။ (စိတ်ဆိုးတော့မလို့ ဆိုးမလို့ပဲ ရှိသေးတာနော်။ သင်တန်းစာမေးပွဲလေး ကယ်သွားလို့ မဆိုးဖြစ်တော့ဘူး။ ဟာ ဟ) ကျန်းမာပျော်ရွှင်ပါစေ အိန်ဂျယ်လှိုင်ရေ

လွမ်းသမျှ ပြာချပစ်နေလဲ
ခါချလို့မရတဲ့ သတိရစိတ်တွေက
အချိန်နဲ့အမျှ ဒီရေတွေလို တိုးနေမှတော့
ခံနိုင်ရည်ဆိုတာလည်း ယဲ့ယဲ့လေးပဲ ကျန်တာ သဘာဝကျပါတယ်လေ...


ကဗျာတစ်ပုဒ်လုံးနှစ်သက်ပေမယ့် ဒီအပိုဒ်လေးကို ပိုပြီးအကြိုက်ဆုံးပဲ။

စာကျက်ရင်းနဲ့ အလွမ်းညတွေကို ရေတွက်နေတယ်ထင်ပါ့။း)))

ခင်မင်လျက်

ခံစားချက်တွေကို ဒီတခါ ကဗျာအဖြစ်နဲ့ ပုံဖော်တယ်ပေါ့။

ကဗျာက စာသားလေးတွေကို သဘောကျတယ်။ စကားလုံးလေးတွေ အရမ်းရွေးတတ်တာပဲ။
“နိုင်မနိုင် မသိတဲ့
ကံကြမ္မာကို လောင်ကြေးထပ်တဲ့ ပွဲ
နှလုံးသားချင်း စီးချင်းထိုးလို့ အနားသတ်တွေ မလှပတော့ရင်လဲ
ရင့်ကျက်မှု ကာရံတစ်ချပ်တော့ ကျန်ကောင်းပါရဲ့.. ချစ်သူ”
ဘ၀မှာ ကြုံရသမျှကတော့ ကံကြမ္မာနဲ့ အမြဲတမ်း အလောင်းအစားလုပ်နေကြရတာချည့်ပါပဲလေ..

ကဗျာလေးလာဖတ်ပါတယ်.. အိန်ဂျယ်ရေ.. ကျွန်တော်ကတော့ ကဗျာဆို ဥာဏ်က ခပ်တုံးတုံးမို့ ဘာရေးရမှန်းကို မသိတာပါ..း))


ခင်မင်လျက်
နေ၀သန်

အရမ်းလှတဲ့ အလွမ်းညကဗျာကို ဖတ်ရင်း...ဦးဟန်ကြည်လည်း အနားမှာ ရှိနေတဲ့ အိမ်ရှင်မကို တမ်းတ၊ လွမ်းရသလို ဖြစ်သွားတာမို့...ညီမတော်ရေ...ချမ်းမြစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါရဲ့ဗျား . . .

ကျွှန်တော်ကကဗျာမရေးတတ်ဖူးကဗျာတွေကိုလိုက်ဖတ်ရတာတော့ဝါသနာပါတယ်။ဖတ်ဖူးသမျှအလွမ်းကဗျာတွေထဲမှာတော့ဒီကဗျာလေးက
အကောင်းဆုံးပါပဲ။မာနသံလေးတွေရောပါနေတယ်လေ
ကဗျာရဲ့အစကိုဖတ်မိသွားတာနဲ့တင်ကြိုက်သွားတယ်။
မမမှာအလွမ်းညတွေရှိခဲ့ရင်မြန်မြန်ကုန်ဆုံးပါစေလို့ဆု
တောင်းပေးခဲ့ပါတယ်။

myo min hame aung

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More