http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, July 9, 2011

သူမနှင့် ထိုယောက်ျားနှစ်ယောက်

သူမ မျက်နှာကို မရဲတရဲ မောကြည့်လျှက်မှ သူ့ရဲ့ မျက်ဝန်းတွေက နီးစွေးနေလျှက်။ သေချာပြီ မကြာသေးခင် အချိန်က သူငိုထားသည်မှာ အသေအချာပင် ဖြစ်ပေမည်ဟု တစ်ထစ်ချ ယုံကြည်နေ၏။ သူမသည် သူ့အား စူးစူးစိုက်စိုက် ပြန်ကြည့်ရင်း

" အခုကိစ္စမှာ ဘယ်သူက မှားပြိး၊ ဘယ်သူက မှန်လဲ...ဘာလို့ အပြစ်ရှိသူကို အပြစ်စကား တစ်ခွန်းမဆိုပဲ အပြစ်မဲ့သူက ဘာလို့ငိုရတာလဲ ပြော "

သူမရဲ့ အသံသည် ဒေါသကြောင့် လိုသည်ထက် ပိုကျယ်လောင်နေ၏။ သူသည်လည်း သူမရဲ့ ဒေါသကို နားလည်နေသည့် အလား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဗျာများနေ၏။

" ဟာ... မေးနေတယ်လေ "

" မဟုတ်ဘူးလေ မာမာ "

သူသည် ရုတ်တရက် စကားလုံး ရှာမရအောင် ဘာပြောရမှန်းမသိ ဖြစ်နေပုံပင်။ သူမ စိတ်ကျေနပ်စေရန် တစ်စုံတစ်ရာ ပြောဖို့ ဥိးနှောက်ကို အလုပ်ပေးသော်လည်း ဘာစကားတစ်ခွန်းမှ ထွက်မလာ။

" အဲဒါဆို ဘာလို့ ငိုထားတာလဲ "

" တစ်ကယ်တော့ မာမာမှ အပြစ်မှမရှိတာ ဘယ်သူတွေ ဘာပြောပြော မာမာကို ကျွန်တော် နားလည်တယ်၊ မာမာ ဘာလုပ်လုပ် ခွင့်လွတ်နိုင်တယ်၊ ပြိးတော့ မာမာကို ကျွန်တော် အရမ်းချစ်တယ်၊ မာမာ လုပ်နေတဲ့ အပြစ်တွေထက် မာမာရဲ့ အပြုံးတွေ ပျောက်မှာကို ကျွန်တော် သေမလောက်ကြောက်တယ် "

" မာန မရှိဘူးလား ၊မနာကျည်း တက်ဘူးလား ဒီလောက်တောင်ပဲ အ ရသလား ဟင်"

" ဟုတ်တယ် မာမာ ကျွန်တော်မှာ မာန မရှိဘူး အထူးသဖြင့် မာမာနဲ့ ပါက်သက်ရင် ကျွန်တော်က ကြိုးခွေ တစ်ခွေလိုပဲ၊ မာမာရဲ့ ဆန္ဒနဲ့ အသက်ဆက် ရှင်ချင်တာ ။ မာမာသာ ပျော်မယ်ဆို ကျွန်တော်ဘဝ ဘာပဲ ဖြစ်နေပါစေ ဘယ်သူတွေ ဘယ်လို ပြောကြပါစေ ဂရုမစိုက်ဘူး မာမာ .. "

" အနော်မာ ဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ အရှုပ်တော်ပုံ သတင်းတွေ နားနဲ့ မဆန့်အောင် ကြားနေရတာတောင် ယုံကြည်တယ်တဲ့လား.. ဘာအတွက်လဲ ဘာကြောင့်လဲ ..."

" ကျွန်တော်ရဲ့ စွဲဆောင်နိုင်မှု စွမ်းရည်က အသုံးမဝင်လို့၊ ကျွန်တော် အရည်ချင်း မရှိလို့ မာမာက သူများတစ်ယောက် ဆီရောက် သွားတာ ကျွန်တော်မှာပဲ အပြစ်ရှိတယ်။ ကျွန်တော်မှာ မာမာ လိုချင်တဲ့ ထက်ထက်မြတ်မြတ် ယောက်ျားတစ်ယောက် ပုံစံမျိုး ရှိမနေဘူး၊ အရာရာ ပျော့ညံ့တယ် ၊အားငယ်နေတယ်၊ မာမာကို ချစ်တာ တစ်ခုကလွဲပြိး မာမာရဲ့ အခက်ခဲတွေ၊ ဒုက္ခတွေ ကျွန်တော် ဘာမှ မကူညီနိုင်ဘူး ကျွန်တော်ကြောင့် မာမာ စိတ်ပူစေရတာကလွဲရင် ကျွန်တော်က ဘာများ မာမာအတွက် ကောင်းကျိုးတွေ ဖြစ်စေခဲ့တဲ့သူမို့လို့ မာမာကို အပြစ်တင်ရမှာလဲ။ ကျွန်တော်မှာ မာမာ မကြိုက်တဲ့ ယောက်ျားတန်မဲ့ မျက်ရည် ကျတက်တဲ့ အလွယ်တကူ ငိုလိုက်ဖို့နဲ့ စိတ်အားငယ်ဖို့ ကလွဲပြိး ဘာများ ရှိလို့ လဲ မာ့မာ။ မာမာလဲ ရွေးချယ်ခွင့် အပြည့်ရှိတဲ့ လွတ်လပ်တဲ့ မိန်းမပျို တစ်ယောက်ပဲလေ၊ အဲလိုပဲ မာမာ တရားဝင် အိမ်ထောင် မပြုမချင်း မာမာကို မျှော်လင့်နေခွင့် ကျွန်တော်မှာ ရှိတယ်။ မာမာ ပင်ပန်းရင် နားခိုဖို့ ရင်ခွင်တစ်ခု အမြဲတမ်း မာမာ အတွက် အသင့်ဖွင့်ထားတယ် ။ ဘယ်အရပ် ဘယ်ဌာနေ ကိုပဲ သွားသွား မာမာ အတောင်းညောင်းလို့ နားချင်လာတဲ့ တစ်နေ့ ကျွန်တော် ရင်ခွင်က မာမာ့အတွက် အမြဲ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ပြိး စောင့်နေတာ။၊ မာမာကို အပြစ်တင်ဖို့ မပြောနဲ့ မာမာ ကျွန်တော်ရဲ့ အပြုအမှုကြောင့် ငြိုငြင်သွားမျာတောင် ကျွန်တော် မလိုချင်ဘူး။ မာ့မာ စိတ်ကို ကျွန်တော်သိတယ် ။ ဟင်..ဆိုရင် ဘယ်တော့မှ လှည့်မကြည့် တက်တဲ့ မာမာ ဆီက အမုန်းတွေ ဥပေက္ခာတွေ ရအောင် ဘယ်တော့မှ ကျွန်တော် မကြိုးစားဘူး မာမာ ။ မာမာ ပျော်မယ် ထင်တာတွေသာ လုပ်ပါ ။ ကျွန်တော်ကို ငဲ့ညာစရာ မလိုသလို မာမာ လုပ်ချင်တာတွေ လုပ်နေသည့်တိုင်အောင် ကျွန်တော်က မာမာကို ဘယ်တော့မှ အပြစ်တင် စကားဆိုမည့်သူ မဟုတ်ဘူးဆိုတာ မာမာ သိမှာပါ ။ "

" အဲဒါ ချစ်တာ မဟုတ်ဘူး ရူးမိုက်တာ "

" မာမာကို ကျွန်တော် အဲဒီလောက်ထိ အောင်ပဲ ချစ်ခဲ့တာပါ မာမာ "


သူရဲ့ နင့်နင့်နဲနဲ ရေရွတ်လိုက်တဲ့ စကားသံကို သူမ ကတော့ မကြားသလို။ တစ်ကယ်တော့ သူရေရွတ်ခဲ့ သလို သူသည် အစွမ်းစ မရှိသော လူတစ်ယောက် မဟုတ်သလို စွမ်းဆောင်ရည် မရှိသော ယောက်ျား တစ်ယောက်လည်း မဟုတ်။ အင်ဂျင်နီယာ (M.P) ဘွဲ့ရ သမား တစ်ယောက်ဖြစ်ပြိး ကိုယ်တိုင်က အေးအေး ဆေးဆေး နေတက်သလို သဘောကောင်း နားလည်ပေးတက်သော ခပ်အေးအေး လူတစ်ယောက်မျှသာ။ စကားကို လိုရင်လောက်သာ ပြောတက်ပြိး စာတွေနဲ့သာ အချိန်ကုန် ကြိးပျင်းခဲ့ရသော ယောက်ျားလေး တစ်ယောက်။ အလိမ်အညာ ကင်းပြိး ရိုးသားသူ တစ်ယောက်လည်း ဖြစ်သလို လူတစ်ကာပေါ်လည်း အကောင်းမြင် စိတ်ရှိတက်ပြိး ကူညီတက်လွန်းသော သူတစ်ယောက်။

ရိုးသား အေးစေးသော သူ့အပေါ် အနိုင်ယူမှုတွေ ဘယ်လိုပင် ပြုမှု ပါစေ သူကတော့ အနော်မာ ဆိုသော မိန်းမတစ်ယောက် အတွက် ယောက်ျား တစ်ယောက်ရဲ့ မျက်ရည်တွေကို ကလေးငယ် တစ်ယောက်လိုပဲ ဖောဖောသီသီ သုံးလေ့ရှိ၏။ အဆိပ်ကင်းတဲ့ သတ္တဝါ လိုပဲ သူမ ထားရာနေ၊ စေရာသွား ။ အချိန်တွေ များစွာ ပြစ်ထား တက်သလို၊ အကြောင်းပြ ချက်အမျိုးမျိုး ဖြင့်လည်း အကွက်တွေ ရွေ့နေတက်သော မိန်းမ တစ်ယောက်ဟု သိနေသည့်တိုင် အပြစ်မြင်လို့ မြင်ရမှန်း နားမလည် တက်တဲ့သူ။ သူက အပြစ်မတင်တော့ အပြစ် တင်ခံရမယ့်သူက သူ့အား အော်ဟစ်နေပြိး သူကတော့ ဖြေရှင်းချက်တွေ ပေးလို့ သူရဲ့အပြုအမှုတွေက သူမအား တစ်ခါတစ်ခါ ရူးသွပ် သွားစေရလောက် အောင်ပါပဲ။

" နားနဲ့ မဆံ့အောင် ကြားနေရတဲ့ သတင်းတွေ အတွက် "

သူမ စကားပင် မဆုံးသေးခင်မှာပဲ ...သူက

" မာမာ... ကျွန်တော်အတွက် အခုရှေ့မှာ ရပ်နေတဲ့ မာမာက လွဲပြီး ကျန်တာဘာမှ အရေးမကြီးပါဘူး မာမာ၊ ကျွန်တော် မုန်းအောင် ဘယ်လို အပြုမှုတွေ ပဲ လုပ်နေပါစေ ကျွန်တော် မာ့မာကို နားလည်တယ်။ မာမာစိတ်ကို သူများထက်သိတယ်၊ မာမာ ထားသွားရင်လည်း ကျန်ခဲ့မယ်..သူ၊ ဘယ်သူတွေ ဘာပဲ ပြောပြော မာမာရဲ့ စိတ်ရင်းကို ကျွန်တော် သူများတွေထက် ပိုသိတဲ့ သူပါမာမာ ၊ ကျွန်တော်ကို မာမာကို မစောင့်မျှော်နေနဲ့ ဆိုတဲ့ စကားနဲ့ မချစ်နဲ့လို့ မတားရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ မာမာ လုပ်ချင်ရာကို ဆန္ဒရှိသလို လုပ်ပါ၊ မာမာ နေကောင်းဖို့နဲ့ ပျော်ရွင်နေတယ် ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ.."

" မသိဘူး...ဘာမှလာမပြောနဲ့ မသိဘူး "

သူမသည် စိတ်ထဲရှိသလို အော်ဟစ်ပြိး သူ့အား လှည့်မကြည့်ပဲ ထွက်လာခဲ့၏။ သူမရင်ထဲက ခံစားချက်တွေကိုတော့ တစ်စုံ တစ်ယောက်က သိဖို့ ခဲယှဉ်းနိုင်စွာဖြင့်။ ချစ်သူကို ချစ်ရုံသာ ချစ်တက်ခဲ့ပြိး လက်တွဲဖို့ မစဉ်းစားခဲ့သော သူမ။ သူမကိုယ်သူမ ကျေးဇူးတရား ဆိုတဲ့ ဘောင်တစ်ခုထဲမှာ ကိုယ်တိုင်ကိုယ်ကျ အကျဉ်းချထားတဲ့ သူမအတွက် အရာရာဟာ ခါးသထက် ခါးနေခဲ့တာ မဆန်းပါဘူး။ ရက်ရက်စက်စက် ပြစ်ပြစ် ခါခါ လုပ်လဲ အပြစ်မမြင်၊ အပြစ်မတင်တဲ့ ချစ်သူနဲ့ မကြာခဏ ဆုံတိုင်း ဒေါသ တွေဖြင့်သာ အဆုံးသတ်ရ၏။ သူမ ဘယ်လိုပင် ကြိုးစားကြိုးစား သူမရဲ့ ကြိုးစားမှု မှန်သမျှသည် ခွင့်လွတ် နားလည်သည် ဟူသော သူရဲ့ စကားလုံးအောက်မှာ အရာအားလုံး အရာမဝင် ဖြစ်ခဲ့ရ၏။ ထိုယောက်ျားသည် သူမ၏ လိုလို လားလား ချစ်သူ ဖြစ်ခွင့်ရခဲ့ ဖူးသော သူတစ်ယောက်လည်း ဖြစ်၏။

#############################

" အနော်မာ "

" အင်း ဘာလဲပြော ဝဿန် "

" အနော်မာကို ကျွန်တော် ချစ်တယ် "

သူမသည် ကျွန်တော်ရဲ့ စကားအား ခံစားမှုမဲ့စွာပဲ မသိကျိုးကျွံ ပြုလျှက် မလုပ်မယှက် နေနေ၏။ အချိန် တော်တော်လေး ကြားမှ သူမက တစ်လုံးချင်း အေးဆေး တည်ငြိမ်စွာပဲ

" အနော်မာက ဝဿန်ကို မှ မချစ်တာ ခဏ၊ခဏ ပြောနေလဲ အပိုပဲလေ ဝဿန် အနော်မာ ပြောပြိးပါကော မဟုတ်ဘူးလား"

" ဝဿန်မှာ ဘာအပြစ် ရှိလို့လဲ အနော်မာ ကျွန်တော်မှာ အနော်မာ ငြင်းရလောက်အောင် ဘယ်လို ချို့ယွင်းချက်တွေ များရှိနေလို့လဲ အနော်မာ "

" ဝဿန်က ကိုယ်ကိုကိုယ် အထင်ကြိးတာကိုး ဝဿန်ဘာသာ ဝဿန် ဘာကြီးပဲ ဖြစ်နေဖြစ်နေ အနော်မာက ချစ်ချင်မှ ချစ်မယ် ကြိုက်ချင်မှ ကြိုက်မယ် ကဲ..ရှင်းပြိးလား "

" ခင်ဗျားက တော်တော် အကြင်နာ တရား မရှိတဲ့ မိန်းမပဲ ၊ကျုပ်ရင်ထဲကို ခင်ဗျား ဝင်လာ ကြည့်ပါလား ရင်တစ်ခုလုံး စုတ်ပျက် သတ်နေပြီ "

" အဲဒါ အနော်မာက ဘာလုပ်ပေးရမှာလဲ မချစ်မှ မချစ်တာ မချစ်ဘူး မပြောလို့ ဘာပြောရမှာလဲ "

" ခင်ဗျားဦးနှောက်ထဲမှာ ငွေဆိုတဲ့ အရာတစ်ခုပဲ ရှိနေတယ်လား ၊ ငွေကလွဲပြိး တခြား ဘယ်လို အကြောင်းအရာတွေကမှ ခင်ဗျားကို မစွဲဆောင် နိုင်ဘူး ထင်တယ်၊ ပြိးတော့ အနော်မာ ဆိုတဲ့ နာမည်နဲ့ လိုက်အောင် မြစ်လိုပဲ ခင်ဗျားက ကောက်ကွေ့တဲ့ နေရာမှာ နှစ်ယောက်မရှိဘူး "

" ဟား....ဟား...ရယ်ရတယ် ဝဿန် ...ယောက်ျားတွေက အဲလိုမျိုးပဲလား လိုချင်တာ မရရင် မရသလို ချိုးချိုးဖဲ့ဖဲ့ ပြောတက် တယ်ပေါ့လေ...မှတ်ထား ဝဿန် မြစ်တို့မည်သည် ဘယ်လောက်ပဲ အကွေ့အကောက်များများ သူတို့ရဲ့ ဦးတည်ချက်က အဆုံးတစ်ခု ဆီမှာပဲ ရှိတယ်....သိတယ်မလား..သူတို့ဘယ်နေရာမှာ အဆုံးသတ်တယ် ဆိုတာလေ "

" ခင်ဗျား စကားတက်တိုင်း လျှောက်ပြောမနေနဲ့ ကျုပ် ဆိုတဲ့ ကောင်က သူများရဲ့ အပြော နည်းနည်းမှ ခံတဲ့ ကောင်မဟုတ် ဘူး ခင်ဗျား ပြောသမျှ ဆိုသမျှ ခံနေတာ ကျုပ် သိပ်ချစ်တဲ့ မိန်းမ ဖြစ်နေလို့ ခင်ဗျား သက်သာနေတာ မှတ်၊ မဟုတ်လို့ကတော့ နေရာတွင် အသက်ပျောက် နေလောက်ပြီသိလား "

" ဒီမှာ ဝဿန် အနော်မာ ဆိုတဲ့ မိန်းမကလည်း သူများအော်တိုင်း ခေါင်းငုံ့ခံတက်တဲ့ ခပ်ညံ့ညံ့ မိန်းမထဲက မဟုတ်ဘူး ဆိုတာ ဝဿန် သိပါတယ် "

တခါတရံ စကားအကောင်း ပြောနေရာကနေ ခင်ဗျားတွေ၊ ကျုပ်တွေ တွင်တွင် သုံးပြီး သူမနဲ့ ကျွန်တော် စကား အခြေအတင် ဖြစ်နေကျ။ သူမသည် ကျွန်တော်အပေါ် ဘယ်တုန်းကမှ အပြောမချို သော မိန်းမ တစ်ယောက် ဖြစ်သလို သူမ ဘယ်လိုပင် နာကျင်အောင် ပြောပြော နာရကောင်းမှန်း မသိသော ကျွန်တော်အပေါ်တွင် စကားလုံး ကြမ်းကြမ်းများဖြင့် ကျွန်တော်ရင်သို့ အကြိမ်ကြိမ် ထိခိုက် နာကျင်အောင် ပြောလေ့ရှိ၏။ ကျွန်တော် ရင်မှလာသော ခံစားချက် အစုအဝေး များကို သူမက လှောင်ပြောင် ဖို့လည်း ဝန်မလေးတက်ပေ။ ကျွန်တော်က လွဲပြီး တခြားသူများ အပေါ် စကားပြော ချိုသလောက် ကျွန်တော် အပေါ်ဆို ပိဿလေးနဲ့ ခဲပစ်သလို အကြိမ်ကြိမ် ပြောဆိုတက်သော သူမအနားမှ ကျွန်တော်သည် ပေတွယ် ကပ်နေသော ကပ်ပါးကောင်အလား။ သူမနှင့် မည်သို့မှ မတွေ့ရပဲ မနေနိုင်အောင် ဖြစ်ရ၏။ ရံဖန်ရံခါ စကားများကြ၏။ အပြန်လှန် ခွန်းတုန့် ပြန်ပြီး အခြေတင် ဖြစ်ရပေါင်းလဲ မရေတွက် နိုင်အောင် ဖြစ်ခဲ့ရ၏။

သူမနဲ့ မဆုံအောင် ကြိုးစားသော်လည်း ကျွန်တော်ရဲ့ စိတ်အစဉ်သည် သူမထံသို့သာ အချိန်ပြည့် ရှိနေတက်၏။ ထိန်းချုပ်လေ သူမနဲ့ ပိုလို့ ဆုံချင်လေ ဖြစ်ရ၏။ သူ၏ စိတ်သည် ခတ်ထန်၏။ ပြတ်သားသလို မာနကြိးသည်ဟု အလွန်နာမည် ကြိးလှသော ကျွန်တော် ဘဝတွင် ထိုသို့သော မိန်းမ တစ်ယောက်၏ ရှေ့တွင် ဒူးထောက် ကျရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူမသည် သွေးအေးစွာ ရက်စက်တက်သော ခံစားချက်မဲ့သော မိန်မ တစ်ယောက်ပင် ဖြစ်ပေလိမ့်မယ်။ သူရဲ့ မာနတွေကို အကြိမ်ကြိမ် မြေသို့ ချနင်း၏။ မထိလေးစားဖြင့် သူ့ဘဝအား ကစား၏။ စူးရှထက်မြတ်သော မျက်ဝန်း တစ်စုံနှင့် ကျင်လည်ရာ အသွား ထက်ထက်နဲ့ နှုတ်ခမ်းပါး တစ်စုံဖြင့် သူ့ဘဝ၊ သူ့မာန၊ သူ့ရဲ့ အာရုံများကို လှလှပပ ခြေမွ ဖျက်စီးတက်၏။ သူမနဲ့ မဆုံအောင် သူ စွန့်စား ကြည့်ဖူး၏။ ကျွန်တော့် အတွက် ခဲရာခဲဆစ် ကြိုးစားမှု သည် သူမရဲ့ ဥပေက္ခာ အကြည့် တစ်ချက်မျှသာ ဖြစ်၏။

" ဝဿန် အနော်မာ ကိုရှောင်နေတာလား ရှောင်ရလောက်အောင် အနော်မာက ဘာဖြစ်နေလို့လဲ နူနေလို့လား "

ကျွန်တော်ရဲ့ ရှောင်တိမ်းနေမှုကို ပထမတော့ သူမသည် တိုက်ဆိုင်မှုဟု ထင်နေတာမှ တဖြည်းဖြည်း ရိပ်မိ သွားဟန် တူ၏။ ဒေါသ ကြောင့် သူမ အသံသည် အနည်းငယ် တုန်ရီနေလျှက်မှ

" သိပ်ပြိး ဆန္ဒ ရှိနေတယ် ဆိုရင် အနော်မာ ဝဿန်ကို ကူညီပေးနိုင်ပါတယ် "

" ကျွန်တော် သိပ်ပျော်နေတယ်လို့များ အနော်မာ ထင်နေလား ၊ အနော်မာနဲ့ တွေ့ချင်ဆုံချင် နေလျှက်နဲ့ မဆုံရတဲ့ ကျွန်တော့်အတွက် နေသာတယ်လို့ များ ထင်နေတာလား၊ ကျွန်တော် ဘဝပျက်ရတာလဲ ခင်ဗျားကြောင့်ပဲ အနော်မာ "

" တော်စမ်းပါ ဝဿန် အရက်သမား အရက်ကြိုက်လို့ အရက်သောက်တာများ အနော်မာဆိုတဲ့ ခေါင်းစဉ် လာမတက်စမ်းပါနဲ့ နားခါးတယ် ... "

" ခင်ဗျား တာဝန်မဲ့လှချည်လား အနော်မာ ဒီလို ဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ ဘာအတွက် ဖြစ်နေတာလဲ ခင်ဗျား မသိလို့ နေနေတာ တော့မဟုတ်လောက်ပါဘူး ၊ မသိချင် ဟန်နေတာပဲ ဖြစ်ရမယ် ရင်ခွဲပြီး ဒူးထောက် ထားတဲ့ဆိုတဲ့ သူကိုမှ ခင်ဗျားက ဆားနဲ့ ထက်ပက်ချင်တဲ့ မိန်းမပဲ "

"ဒီမှာ ဝဿန် အချစ်ဆိုတာ သူ့ဘာသာ သူဖြစ်လာတာ လုပ်ယူလို့ မရတဲ့ အရာတစ်ခုကို အတင်းလုပ်ယူဖို့ မကြိုးစားချင်စမ်းပါနဲ့ ဝဿန် "

" ခင်ဗျား ညာတာ ကိုယ်နှလုံးသားကိုယ် ညာနေတာ ကျုပ်ကို ခင်ဗျား လုံးဝ မချစ်ဘူးဆိုတာ ကျုပ်မယုံဘူး ခင်ဗျားနှုတ်က အကြိမ်ပေါင်း များစွာ ငြင်းနေလဲ ကျုပ်မယုံဘူး အနော်မာ ခင်ဗျား သူများကိုပဲ ညာစမ်းပါ ခင်ဗျားကို ခင်ဗျား ညာမနေပါနဲ့၊ ခင်ဗျား မချစ်ဘူးလို့ ကြေငြာထားတဲ့ ယောက်ျား တစ်ယောက်ကို ဘာလို့ အနားမှာ တစ်ချိန်လုံး ခေါ်ထားဖို့ ကြိုးစားရတာလဲ "

" အဲဒါ မာန်လို့ ခေါ်တယ် ဝဿန် အဲဒီမာန်ကပဲ ဝဿန်ကိုယ် ဝဿန် ဒုက္ခ ကောင်းကောင်း ပေးလိမ့်မယ်၊ ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိတာ ကောင်းပါတယ် အထင်ကြိးတာများရင် တော့ မကောင်းဘူးလေ၊ မာန ရှိတာလည်း ကောင်းပါတယ် ထားသင့်တဲ့ နေရာမှာ ထားဖို့ပေါ့ ..မာန်ဆိုတဲ့ အရာကတော့ မရှိသင့်တဲ့ အရာဆိုတာ လောက်တော့ ဝဿန် သိထားသင့်တယ် "

" ဘာပဲပြောပြော အနော်မာ ကျွန်တော်ကို ခင်ဗျားဘယ်လို ပဲငြင်းငြင်းဗျာ....ဟောဒီ ရင်ဘတ်ထဲကကို ချစ်တယ်ဗျာ ရှင်းလား ခင်ဗျားကို ချစ်တယ်လို့ လာမပြောဖို့ပဲ ခင်ဗျားတားလို့ရမယ် ကျုပ်ရင်ထဲက ခင်ဗျားကို ချစ်နေတဲ့ အချစ်တွေကိုတော့ ဘယ်လိုနည်းနဲ့မှ ခင်ဗျားတား ဖို့ မကြိုးစားပါနဲ့ "

" စိတ်ကို မဝင်စားဘူး ဝဿန် ရှင်းလား... "

သူမသည် ကျွန်တော်ရဲ့ အရှိုက်ကိုမှ ထိခိုက်စေသော စကားလုံးများကို ဖောဖော သီသီ သုံးတက်သူ ပီပီ ကျွန်တော်သည်လည်း သူမရဲ့ စကားလုံးပေါင်းများစွာ တွင် အကြိမ်ကြီမ် ကျဆုံးစေ၏။ သို့သော်လည်း ကျွန်တော်ရဲ့ နှလုံးသား တစ်စုံနှင့် ရင်ဘတ်တို့သည် ထိုမိန်းမထံ သို့သာ အစဉ်သဖြင့် ခံစားလိုကြသည်။

" အနော်မာ..... ခင်ဗျားစကားတွေက ဘယ်လောက်တောင် ကျွန်တော်ရင်ကို ထိထိမိမိ ခံရခက်စေလဲ ဆိုတာ ခင်ဗျား မသိလို့လား သိလျှက်နဲ့ မစာမနာ တအားပြောနေတာလား ဒီမှာ ရင်ဘတ်တစ်ခုလုံး ကျိန်ဆက်နေပြီ "

" ဟုတ်လား ဝဿန် ...ပြစမ်းပါအုံး ဘယ်နား နာသွားလဲ ကြည့်ရအောင်လို့.."

သူမသည် ထောင်တန်စကား ရယ်ပေါ့..ဆိုသလို ကျွန်တော်ရဲ့ ခံစားမှု ရင်ဖွင့်သံ တို့ကို ဟာသအဖြစ် ဖန်တီးပြစ်တက်သော အသဲနှလုံးမရှိသော စိမ်းကားတဲ့ အသည်းနှလုံး ပိုင်ရှင် မိန်းမ တစ်ယောက်လည်း ဖြစ်၏။ ကျွန်တော်အတွက် ဆိုသူမရဲ့ ဥပေက္ခာ တရားကို အလိုရှိသလို တွင်တွင် သုံးလျှက် အေးစက် မာကျောလှသော နှလုံးသား ပိုင်ရှင် တစ်ယောက်လည်း ဖြစ်ပြန်၏။ အလွန် လျှိုဝှက် အသဲမာလှ သော သူမတွင် ကျွန်တော် စွဲလမ်းရသော မဲ့နက်လေး တစ်လုံးလည်း သူမရဲ့ မေးစေ့ အလည်တွင် ထင်ထင် ရှားရှား ရှိနေ သေး၏။ ထိုမျှ မက သူမ၏ ဘယ်ဘက် လက်ဖျံ အတွင်းသားတွင်လည်း လူဝင်စားများတွင်သာ ပါရှိတက်သော အနီရောင် အမှတ်အသားလည်း ထင်ထင် ရှားရှား ရှိ၏။

#######################################

သူမ ဘဝတွင် ထိုကဲ့သို့သော ယောက်ျား နှစ်ယောက်နှင့် ဆုံတွေ့ရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိသလို အိမ်မက်ပင် မက်ခဲ့ဘူးပင်။ ရိုးသား အေးဆေးသော ယောက်ျား တစ်ယောက်အား သူမသည် အကြိမ်ကြိမ် အပြစ်တင် ရှုံချတက် သလို အမြဲအားငယ်တက်သော ထိုယောက်ျားအား မကြာခဏ ဆူပူ ကြိမ်မောင်းတက်၏။ သူမရဲ့ ဒေါသတွေ အောက်မှာ နေစရာ မရှိအောင် သွေးပျက် ချောက်ခြားနေတဲ့ လူတစ်ယောက် အဖြစ် အမြဲရပ်တည်နေပြီး သူမ ဘယ်လိုပင် ရက်စက်တဲ့ အပြုမှုတွေ သူမ ပြုမှု လုပ်ကိုင်နေပါစေ သူမအား အပြစ်မမြင်ပဲ ခွင့်လွတ် နားလည် တက်သော သူတစ်ဥိးပင်။ ပင်ကို အနေအေး သလောက် တပါးသူ အပေါ် အပြစ်မမြင် တက်သော သူ့အား အပေါင်းသင်းများ အလယ်တွင် သူမနှင့် ပက်သတ်သော လှောင်ပြောင် ကျီစယ်မှုတွေ ခံနေရတိုင် တုန်လှုပ်ခြင်း ကင်းစွာ သူမရဲ့ စကားတစ်ခွန်းအား အမိန့်တစ်ခုလိုပင် မြေဝယ်မကျ စေသော ယောက်ျား တစ်ယောက်လည်း ဖြစ်၏။

ဆန်းကြယ်သော ကံကြမ္မာ၏ လှည့်ကွက်ပင် ဖြစ်လင့်တကား အလားတူ ယောက်ျား တစ်ယောက်သည်လည်း ထက်မြက်သလောက် မာနကြီး၏။ အရည်ချင်းရှိ ရှိသလောက် အပြောလဲ ဆိုး၏။ မာနနဲ့ သိက္ခာကို အထိပါးမခံသော ထိုယောက်ျား၏ တန်ဖိုးကြီးလွန်းလှသော အရာမှန်သမျှသည် သူမအတွက် မြေသို့ခရသည့် တိုင်အောင် သူသည်လည်း ထိုမိန်းမရဲ့ ဆန္ဒ တစ်စုံတစ်ရာကို မလွန်ဆန် နိုင်ခဲ့ပေ။ သူမနဲ့ သူသည် အကြိမ်ပေါင်းများစွာ စကားများ ရန်ဖြစ်၏။ ထိုသို့ ရန်ဖြစ်တိုင်းလည်း မခံနိုင်သည့်အဆုံး ကျရှုံးသူသည် သူသာ ဖြစ်ရ၏။ သူမနဲ့ မတွေ့တော့ဘူး ရယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့လည်း သူမရှေ့ ပြန်လည် ရောက်ရှိဖို့ ကြိုးစားမိသူ သည် သူကိုယ်တိုင်သာ ဖြစ်၏။ 

သူမသည် သူမဘေးတွေ သူ့ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ အရေးတယူ မရှိလှသလို သူရဲ့ မည်သို့သော စကားလုံး ကြမ်းကြမ်း များကိုပင်မဆို အပြုံးမပျက် နားထောင်နိုင် စွမ်းသော ခံနိုင်ရည်လည်း ရှိ၏။ မာနနဲ့ သိက္ခာကို ကိုးကွယ်သော ယောက်ျား တစ်ယောက်အား သူမသည် မြွေအလိမ္မာယ် ဆရာတစ်ယောက် အလား သူ့အား ပြုစား နိုင်လွန်း၏။ ကံတရား၏ ဆန်းကြယ်မှုသည် အံသြရလောက်ပဲ ထူးဆန်းလှ၏။ မည်သို့ပင် ဖြစ်စေကာမှု ထို ယောက်ျားနှစ်ယောက် စလုံး၏ တူညီသော ဆန္ဒ တစ်စုံသည် သူမရဲ့ ဆန္ဒ မှန်သမျှကို အမိန့်သဖွယ် ခံယူတက်ကြပြီး သူမအတွက် သူတို့ရင်မှ ကျဆင်းသော မျက်ရည်များဖြင့် သူမထံမှတပါး အခြားအရပ်ကို မခွာလို ကြသော သူများပင် ဖြစ်ကြ၏။

################################

" အနောမာ ... ရှာလိုက်ရတာ ဗျာ... ဘယ်တွေရောက်နေလို့လဲလို့ စိတ်ပူ လိုက်ရတာ ၊ ခင်ဗျားကတော့ တော်တော်နေနိုင် တယ်ဆိုတာထက်ကို နေနိုင်တဲ့ သွေးအေးပြိး ရက်စက်တဲ့ မိန်းမပဲ "

" လာပြီ... တွေ့တာနဲ့ ရန်ဖြစ်ဖို့ပဲ တာဆူနေတယ် တိတ်တိတ်ဆိတ်ဆိတ် နေချင်လို့ ဒီနေရာကို တကူးတက လာနေတာ နားပူအောင် စိတ်ရှုပ်အောင် လာမလုပ်နေနဲ့ "

" လူမရှိ သူမရှိ မြစ်ကမ်းဘေး လာထိုင်ပြီး ဘာလုပ်နေတာလဲ "

" ကြည့်စမ်း ဒီလို အလှပနေရာ လေးကိုများ မခံစား တက်ပဲ..ပြောနေပြန်ပြီ ဟောဟိုက မြစ်ထဲမှာ လူးလာ စုန်ဆန်နေတဲ့ သင်္ဘောတွေ၊ ပျံဝဲနေတဲ့ ဇင်ယော်ငှက်တွေ၊ အလေ့ကျ ပေါက်နေတဲ့ တောပန်းလေးတွေ ဘယ်လောက်တောင် အသက်ဝင် လှပနေတယ်ဆိုတာ မသိဘူးလား မခံစားတက်ဘူးလား ပန်းချီကား တစ်ချပ် လိုပဲ ဆည်းဆာ ချိန်ကို အလှဆင့်နေ သလိုပဲ .."

" အဲဒါတွေထက် ခင်ဗျား အခုလို လူမရှိ၊ သူမရှိနေရာမှာ တစ်ယောက်ထဲ လာလာနေတာက ပိုပြီး ပြဿနာ ရှိတယ် နားလည်လား "

" အဲလိုမှန်းသိရင် ဝဿန်ကို ဒီနေရာ မပြထားပါဘူး အနော်မာ ဘာသာပဲ တိတ်တိတ်လေး လာနေတာ ပိုကောင်းတယ် အခုတော့ အနော်မာ ဘဝရဲ့ ခံစားရာ နေ၇ာတစ်ခုက တိတ်ဆိတ်ခြင်း ကင်းလို့ အလှပျက်နေပြီ ..အနော်မာ ဒီနေရာလေးကို အရမ်းသဘော ကျတာ. စိတ်ညစ်တဲ့ အခါ... ခံစားချက်တွေ များနေလို့ စိတ်ပင်ပန်းတိုင်း မကြာခဏ ရောက် ဖြစ်တဲ့ နေရာလေးပေါ့ ဘယ်သူမှ မသိတဲ့ နေရာလေး၊ ရှိသမျှ အဆက်သွယ်တွေ ဖြတ်ပြီး လူတွေကို ရှောင်ပုန်း ချင်လာတဲ့ အချိန်ဆို ဒီနေရာလေးမှာပဲ ရှိနေတက်တာ ဝဿန်ကို ဒီနေရာလေး ပြမိတာ မှားပြီ ထင်ပါရဲ့ .."

သူမသည် နောင်တရသလို ညည်းငြူပြီး ကျွန်တော်အား စိတ်ပျက်စွာ ကြည့်၏။ ကျွန်တော်ရဲ့ နားမှ ရုတ်တရက် အဝေးသို့ သူမတစ်ယောက်ထဲ ထွက်သွားဖို့ ဟန်ပြင်၏။ တစ်ကယ်လဲ မြစ်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးတွေကြောင့် စိတ်နှလုံး အေးချမ်းစရာ တိတ်ဆိတ်လှတဲ့ နေရာလေးပါ။ သူစိတ်ထဲ သူမလိုပင် ထိုနေရာလေးအား သဘောကျ နှစ်ခြိုက်မိသော်လည်း တစ်ကယ်တမ်း သူမအတွက် စိုးရိမ်မိနေသော စိတ်အစဉ်ကြောင့်သာ ထိုသို့ ပြောမိခြင်းပင် ဖြစ်ပေ၏။

ထိုအချိန်တွင် သူမသည် ကလေးငယ် တစ်ဦးအလားပင်။ တုတ်တစ်ချောင်းဖြင့် လူသွားလမ်း သဖွယ်ဖြစ်နေသော လမ်းလေး၏ ဝဲယာ နှစ်ဖက်မှ ထိခရုံး မြက်ပင်လေးများအား အားကုန် ရိုက်နှက်ပြိး စိတ်ထွက်ပေါက် တစ်ခု အနေဖြင့် ဆော့ကစား လို့နေသည်မှာ လှပသော ပတ်ဝန်းကျင်နှင့် သူမ တော်တော်လေး ပနာ ရလှ၏။ ထိုအချိန်မျိုး များတွင် သူမ၏မျက်နှာတွင် ဘယ်လို အရောင်မှ ခြုံလွမ်းမနေပဲ ပကတိ ဖြူစင် အေးမြနေတက်သည်။ သူမမျက်နှာ အား သူမ မသိအောင် ခိုးခိုးပြီး ငေးမောရတဲ့ ကျွန်တော် အဖို့ အချိန်တိုင်း သူမရဲ့ ထိုပုံစံလေး အတိုင်း ရှိနေစေချင်၏။ သို့သော်လည်း သူမ၏ အေးချမ်းသော မျက်နှာ ပုံစံလေးသည် ထိုမြစ်ကမ်း ဘေးမှ ထွက်ခွာ သည်နှင့် တပြိုင်နက် အမည်ဖော်ရ ခက်ခဲသော အရောင်တစ်မျိုး ဖြင့်သူမရဲ့ မျက်နှာသည် ခက်မှန်းရ ခက်လှ၏။

သူမရဲ့ တစ်ခုထည်းသော လျှိုဝှက်နေ ရာလေးကို သိသူ တစ်ယောက်အဖြစ် ကျွန်တော်သည် သူမနှင့် အဆက်သွယ် မရတိုင်း ထိုနေရာလေး သို့အပြေး အလွား သွားရှာ တက်၏။ ရှာတိုင်းလဲ သူမသည် ထိုနေရာ တွင်ပဲ ရှိနေတက်၏။ သူမသည် ခန့်မှန်းရ ခက်သော မိန်းမ တစ်ယောက် ဖြစ်သလို သူမရဲ့ ဆန္ဒတစ်စုံ တစ်ရာအား သူမ စိတ်လို လက်ရ ရှိသည့် အချိန်မျိုးတွင် ရုတ်တရက် ဖွင့်ဟ တက်၏။ သူမ မျက်နှာမှ အရိပ်အကဲ ဖတ်တက်ရန် ခက်ခဲလှ၏။ သူမသည် သူမရဲ့ အခက်ခဲ သောကတွေကို ဝေမျှ ဖွင့်ဟ တက်သူမဟုတ်သလို သူမရင်ထဲက စစ်မှန်သော ခံစားချက်တွေကိုလဲ မြိုသိပ် နိုင်စွမ်း ရှိလှ၏။ သူရင်ထဲမှ ခံစားချက် တွေကိုလည်း လျှစ်လျူရှူ ဖုံးကွယ် နိုင်စွမ်း ရှိသောသူ လည်း ဖြစ်၏။ သူမသည် ကျွန်တော်အတွက် အဖြေထုတ်ရန် လွန်စွာ ခက်ခဲသော၊ နားလည်ရ ခက်သော၊ ခန့်မှန်းရ ခက်သော မိန်းမ တစ်ယောက်ပင် ဖြစ်ပေ၏။ အလွန် ပုစ္ဆာ ဆန်သော မိန်းမ တစ်ယောက် ပင်ဖြစ်လင့် တကား ကျွန်တော်သည် လည်းလက်မလျော့ နိုင်အောင် ခေါင်းမာ သူလည်း ဖြစ်၏။

#########################################

အေးစက်စက် ဆောင်းတစ်ညမှာပဲ သူမသည် သူမအား စောင့်မျှော်နေသော ယောက်ျားနှစ်ယောက်နဲ့ အတူ သူမပတ်ဝန်းကျင်မှ သူအားလုံးကို ကြိုတင်ပြင်ဆင် မှုတွေနဲ့အတူ သူမတစ်ယောက် တိတ်တိတ်လေး ထွက်ခွာ သွားခဲ့လေပြီ။ သူမ ဆုံးပြီ ဆိုသော သတင်း စကာားနဲ့ အတူ သူမှာ မယုံနိုင်ခြင်း အံသြသင့်ခြင်း များစွာဖြင့် သူမရှိရာ အပြေးလာခဲ့ရာ လှပစွာ ပြင်ဆင်ချယ်သ ထားသော သူမရဲ့ ရုပ်အလောင်း အားမြင်ရ ချိန်မှာတော့ သူရဲ့ ခြေထောက် တွေက အလိုက်သင့် ကွေးကျလျှက် သူမရဲ့ အလောင်းစင် ရှေ့မှာ ဒူးထောက် လျှက်။

" အနော်မာ ရယ်....ခင်ဗျား..ဗျာ..."

မချိတင်ခဲ ရေရွတ် သံနဲ့အတူ သူ့မျက်ဝန်းမှ မျက်ရည်တို့က အတားဆီးမဲ့ စွာကျဆင်းလေ၏ သူမသည် သူများအပေါ် တွင်မှ ရက်စက်တက်သော မိန်းမ တစ်ယောက်ဟု ထင်ထားခဲ့သော်လည်း တစ်ကယ်တမ်း သူမကိုယ် သူမလည်း ရက်စက်နိုင်လွန်းသော သွေးအေးလွန်းသော မိန်းမတစ်ယောက်လဲ ဖြစ်၏။ သူမလို အမျိုးသမီး တစ်ယောက်အတွက် ကိုယ်ကိုကိုယ် အဆုံးစီရင်မှု ပြုလုပ်ခဲ့ခြင်းသည် တော်တော်လေး မိုက်မဲလွန်းသော လုပ်ရပ် တစ်ခုပင်။ လှလှပပ ကြိုတင် အေးဆေးစွာ အရာရာကို ကြိုတင် စီစဉ်မှုများနှင့် သူမသည် လောကကြီးအား နှုတ်ဆက် ထွက်ခွာ သွားလေ၏။ သူမရဲ့ လုပ်ရပ်ကြောင့် သူ့မှာသာ ဖော်ပြရန် ခက်ခဲသော ခံစားမှု ရသတွေ ထုံမွမ်းနေလျှက်။ ရင်တစ်ခုလုံး ဗလာ ကျင်းလို့နေ၏။

သူမသည် တခြားသူများ အားဂရုမစိုက် ပြစ်ပြစ်ခါခါ လုပ်သည် ဟု သူမကြာခဏ စွပ်စွဲ ပြောခဲ့ဖူး၏။ သူမရဲ့ လုပ်ရပ်တွေကို မကောင်းမြင်စွာ ပြောဆို ဖူးခဲ့၏။ နားမလည်စွာပဲ ပုစ္ဆာ ဆန်သော သူများအား အဖြေထုတ်ရန် ကြိုးစားခဲ့ဖူး၏။ အချိန်တွေများစွာ သူမ နံဘေးတွေ ရပ်တည်ခွင့် ရှိခဲ့သော်လည်း သူမ၏ စိတ်အစဉ်အား စိုးစဉ်မှ စိုးမိုးနိုင်စွမ်း မရှိခဲ့ပေ။ ထိုထက်ပို၍ သူမရဲ့ ယခု နောက်ဆုံး လုပ်ရပ်တစ်ခု ကိုပင် သူနားမလည်ဆုံး ပင်ဖြစ်၏။ သူမနှင့် ပါတ်သက်၍ ယခုလုပ်ရပ်သည် သူအား ယူကြုံးမရ ဖြစ်စေသလို သူမနှင့် အချိန်ပြည့် လိုလို ရှိနေခဲ့သော သူသည် သူမရဲ့ ရင်တွင်း ခံစားချက် တစ်စုံ တစ်ရာမှ သိခွင့်မရခဲ့ ရလောက်ပါပဲ သူမသည် လျှိုဝှက်မှု များဖြင့် သိုသိပ်လွန်းသော သူဖြစ်၏။

သူမသည် သူမရဲ့ နောက်ဆုံး လုပ်ရပ်အတွက် ကျေနပ်မှု များဖြင့် လောကကြိးအား စွန့်ခွာသွား သည်မှာ ပြုံးမယောင် သူမရဲ့ နှုတ်ခမ်းများက သက်သေ ပြုနေ သည်အလား...။ ရက်စက် လွန်းသော သူမအား နောက်ဆုံး အနေဖြင့် သူအချိန် တော်တော်ကြာထိ စိုက်ကြည့်နေပြိး သူလှည့်ထွက် ဖို့ပြင်လိုက် စဉ်မှာပဲ သူမြင်ကွင်း ထဲသို့ ဝင်လာသူတစ်ယောက် ကသူမရဲ့ ရုပ်အလောင်းအား စူးစိုက်ကြည့်နေရင်း မျက်ရည်တွေ ကုန်ခမ်းနေ သကဲ့သို့ နာကျင်ကြေကွဲ၊ ယူကြုံးမရ ဖြစ်နေလို့ သူ့လိုသူ အခြား ယောက်ျားတစ်ယောက်။

" ခင်ဗျား..သိပ်တော်ပါတယ်..သိပ်ပြီးလည်း အရည်ချင်း ရှိပါတယ်..အနော်မာ "

လို့ သူနှုတ်မှ ရေရွတ်လိုက်ပြီး သူမရဲ့ ရုပ်အလောင်းအား နောက်ဆုံးအသိဖြင့် လှမ်းကြည့်ချိန် ကျေနပ် အပြုံးတို့ဖြင့် သူမရဲ့ နှုတ်ခမ်း တစ်စုံ ကွေးညွတ်သွားသလို သူမြင်လိုက်ရ၏။ လုပ်ချင်ရာ လုပ်ရလို့ ခု ခင်ဗျား ကျွန်တော်တို့ ကိုကြည့်ပြီး ပြုံးနေမယ် ဆိုတာ ကျုပ်သိပါတယ် အနော်မာရယ်.....။

##################################

စာဖတ်သူများအား အစဉ်သဖြင့်
လေးစားလျှက်
အမြဲကြိုးစားနေမည့်
Angelhlaing
(www.angelhlaing.blogspot.com)
( Sam, 2.52 PM ) 9, July 2011




19 comments:

ဖတ်သွားတယ် မအိန်ဂျယ်ရေ။ အခု ပြောင်းထားတဲ့ တန်းပလိတ်လေးက တော်တော်လေးကို ကဗျာဆန်တယ် မအိန်ဂျယ်ရေ။ ဒီတန်းပလိတ်လေးကို သဘောကျမိတယ်။
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

အနော်မာ သိပါသည်ပေါ့ ...
ဖတ်လို့ ကောင်းတယ်။

ဝတ္ထုလေးဖတ်သွားတယ် ညီမရေ..ဇာတ်လမ်းကို ရေးထားတာလေးက သေသပ်လှပလိုက်တာ..
Template အသစ်ကလေး လှတယ်ညီမ..

မာမာကြိုက်တဲ့ကောင်ရေ...အဲလောက်ရူးမိုက်ရင်လည်း လဲသေလိုက်....။ မျောသွားတယ်...။

မိန်းမတစ်ယောက်ရဲ့ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာနဲ့ လွန်ဆွဲနေတာလေးကို
ဖွဲ့ထားတာ။ နောက်ဆုံးတော့
သူထွက်ခွာသွားတယ်...

ဝတ္ထုတို ဇာတ်လမ်းလေး ဖတ်သွားတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်ဆိုတာရှိတာမို့ ကိုယ့်ရဲ့မူပိုင်လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်ရှုထောင့်ကကြည့်ရင်တော့ အမှန်ချည်းပဲပေါ့ကွယ်။
စိတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဖတ်သွားတယ် ညီမရေ ဇာတ်သိမ်း ကောင်းကောင်းလေး လုပ်ပါအုန်း

ကဗျာဆန်တဲ့စာသားလေးတွေကို
ရင်ဘတ်နဲ့ဖတ်သွားပါတယ်ညီမရေ....

အနော်မာလို အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးတွေမှာ ထိုင်ပြီး ငေးမောနေရတာ သဘောကျတယ်။
ဒီတစ်ပုဒ်ရေးဟန်က တစ်မျိုးလေးဆွဲဆောင်မှုရှိတယ်။

အပြန်အလှန် စကားပြောခန်းလေးတွေ ကောင်းတယ် ညီမရေ..၊ ယောင်္ကျားတွေက နဲနဲ ပျော့သယောင် ရှိပေမယ့် ဒီလိုလူတွေလည်း တကယ် ရှိကြတာပါပဲ..၊ ဖတ်လို့ကောင်းတယ်၊ ဆက်ရေးပါဦး...။

အင်း...အနော်မာဆိုတော့ အနာမော်လို့ စိတ်ထဲမှာ တွေးလိုက်မိတယ်...ဇာတ်ကောင်နံမည်တွေကို ရင်းနှီးလွယ်တဲ့ နံမည်ပေးရင် ပိုကောင်းမယ်ညီမရေ...ဘာကြောင့်လဲဆိုရင် ၀ထ္ထုတစ်ပုဒ်ရဲ့ အရည်အချင်းမှာ သဘာဝနဲ့ တစ်သားတည်းကျအောင် ရေးနိုင်ခြင်းက အရေးကြီးပေတာကိုး...အဲဒီလို သဘာဝကျမှလည်း ဇာတ်လမ်းထဲမှာစီးမြောပျော်ဝင်နိုင်ပေမပေါ့...အဲဒီတော့မှလည်း ရေးရကျိုး နပ်မယ် မဟုတ်လား...

အင်း..
ငါ့ ညီမ တော်တော် ကြိုးစားရေးထားတာ
တွေ့ ရတယ်၊ ပြောချင်တာက အချစ်ကို
လက်တွေ့ ကျကျ ချစ်ဖို့ မကြိုးစားပဲ စိတ်ကူး
ယဉ်ဆန်ဆန် ချစ်ဖို့ ကြိုးစားတယ်လို့  မြင်တယ်။
အမှန်က ခေတ်တွေ ပြောင်းရင် အချစ်တွေ
လည်း ပြောင်းရမယ်လေ..။
လက်တွေ့ ခေတ်ဆိုတော့  အချစ်လည်း
လက်တွေ့ ပဲပေါ့ ။

စာလာဖတ်သွားပါတယ်....

ဖတ်ရတာ တော်တော် အရသာရှိတယ်။ ဖတ်သောသူအတွက် ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့အောင် ဖော်ကျူးထားနိုင်ခဲ့ပါတယ်...
အားပေးလျက်
ပေါဆိမ့် (ဆင်တဲကဖေး)

ခက်ပါ့။ ဒီလောက်တောင် အချစ်ကြီးရသလား။ ဒါကလဲ ပြောလို့ရတာ မဟုတ်ပါဘူးလေ။ ကိုယ်တိုင်ကြုံဖူးမှ ပို သိမှာပေါ့။

ခင်မင်လျက်

လှိုင်ရေ... အချိန်လေးရှိတုန်း ၀တ္ထုတိုလေး လာဖတ်သွားတယ်နော်။ အရင် ရေးဟန်လေးနဲ့ မတူဘဲ ပိုကောင်းပြီး ပြေပြစ်တယ်။

ဖတ်သွားပါတယ်ညီမလေး

အင်း.....ဒီထဲမှာ ဆိုလိုရင်းတစ်ခုကိုမြုပ်ထားတယ်လို့ထင်တယ်....

မမရေ
ဇာတ်လမ်းလေးကို လာဖတ်သွားပါတယ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More