http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, July 4, 2011

အလွမ်းလျှော်ကြေး

" နိုရာ ကို ကျွန်တော် ပြောစရာ ရှိလို့ နိုရာရဲ့ "

" အင်းပြောလေ ချစ် ရဲ့ "

" ကျွန်တော်ပြောမှာက ပုံပြင် တစ်ခုပါ နိုရာ ရဲ့ "

" အင်းပြောလေ "

ကျွန်တော် ရဲ့အပြောကို သူမက အာရုံအပြည့်နဲ့ နားစိုက်ထောင်နေ တော့ကျွန်တော် မှာ ရယ်ချင်စိတ်ကို မနည်းထိန်းပြိး စကားစဖို့ ဟန်ပြင် လိုက်သည်။

" ဒီလို နိုရာရဲ့ ဟိုးရှေးရှေး တုန်းက ကောင်လေး တစ်ယောက် ရှိတယ် "

" အင်း "

သူမက ကျွန်တော်ရဲ့ စကား အစမှာပဲ ထောက်ခံမဲ အပြည့်နဲ့ ဂရုတစိုက် ရှိလှပါတယ်။

" ပြိးတော့ သူက ဘာမှလည်း မသိဘူး "

" အင်း "

ကျွန်တော် စကားစကို ခဏရပ်လိုက်ပြိး ဟိုငေး ဒီငေး လုပ်နေ လိုက်သည်။ အချိန် နည်းနည်း ကြာတော့ သူမက

" အင်း ဆက်ပြောလေ ချစ်..ရဲ့ ဘာဖြစ်လဲ "

" သြော် ဟုတ်...နိုရာ  သူက ဘာမှလည်း မသိဘူး လေ"

" အင်းလေ အဲဒီရောက်နေပြီ ဆက်ပြောလေ "

" အင်း ဟုတ်တယ် သူက ဘာမှ မသိဘူး "

" အင်းပါ ဟုတ်ပါပြီ ဆက်ပြောပါဆိုနေ "

" သြော် ...နိုရာ  ကတော့ ခက်ပြီ သူကဘာမှ မသိပါဘူး ဆိုမှပဲ ဘာမှ မသိဘူးပေါ့ ..နိုရာ ရဲ့ "

ကျွန်တော်ရဲ့ အကြောင်ရိုက် နှောင်ပြောင် မှုကို တော်တော်လေး ကြာမှ သူမက သဘောပေါက် စွာရယ်မောပြိး ကျွန်တော်ကို အပြုံး ဖြင့် လှမ်းကြည့်သည်။

" ချစ်...ကတော့ လုပ်ပြီ သူများက  ကတစ်ကယ် မှတ်လို့ နားထောင်နေတာ ဆိုးပ နော် ... "

တစ်ခါတစ်လေ သူမနဲ့ စနှောက်ရတာ ကျွန်တော် အဖို့ သူမရယ်မောတဲ့ အဆင့်ရောက်ဖို့ သူများ တကာထပ် ပိုကြိုးစားရတယ်။ တစ်ခါတစ်လေ ကျွန်တော်က ဆိုလိုတာ တစ်မျိုး၊ သူမ နားလည်တာက တစ်မျိုးနဲ့ အူကြောင်ကြောင် လဲနိုင်လှတယ်။ သူမက အေးဆေးတယ်လည်း မဟုတ် ခတ်ဆန် တယ်လည်း မဟုတ်နဲ့ သူမက တစ်သီးတစ်သန့် ဆန်နေသလိုလို။ တစ်ခါတစ်လေ တော့လည်း ထက်မြက်နေ လိုက်တာ သူမမှ ဟုတ်ပါလေစ လို့တွေးမိ ရသလောက်ပါပဲ။ တစ်ခါတစ်လေ သူမက လက်သည်း ဝှက်တက်သော ကျားသစ်မ လေးအသွင်နဲ့၊ တစ်ခါတစ်လေ ကျတော့လည်း ခပ်ပိန်းပိန်း မိန်းကလေး တစ်ယောက်ရဲ့ ဟန်ပန် အမူအရာတွေနဲ့ စနောက်လို့ အရမ်းကောင်းတဲ့သူ တစ်ဦးဖြစ် နေတက်ပြန်တယ်။

စိတ်သဘောထား ပြည့်ဝသလို ရင့်ကျက်တဲ့ မိန်းမသား တစ်ယောက် ဟန်ပန် အပြည့်နဲ့ သူမက သူမထက် ငယ်သော ကျွန်တော် အပေါ်လည်း မသိမသာ လူလည်ကြ အနိုင်ယူ တက်ပြန်သေးတယ်။ အဲဒီ အခါမျိုးမှာ မချိုမချဉ် မျက်နှာနဲ့ သဘောတကျ ရယ်မောပုံလေး ကလည်း တစ်ကယ့် အပြစ်ကင်းတဲ့ ကလေးငယ် တစ်ယောက်ရဲ့ ပုံစံ မျိုးတွေ သူမရဲ့ မျက်နှာမှာ ပေါ်လွင် နေလျှက်။ ကျွန်တော်ကိုလည်း " ကလေးလေး ဆိုတာက တစ်မျိုး၊ ချစ်ချစ်လေး ဆိုတာ တစ်သွယ်၊ ကလေး.. ကလည်း၊ ချစ်.. ကလည်း" ဆိုတဲ့ အသုံးနှုန်းတွေနဲ့ အမျိုးမျိုး သုံးရင်း အခေါ်ဝေါ် အမျိုးမျိုးမှာ သူမ တစ်ယောက်ထည်း ချာချာ လည်နေတက်သူလဲ ဖြစ်ပြန်တယ်။

သူမက သူမရဲ့ ဂရုတစိုက် ချစ်ခင်မှု ကိုနှုတ်ကနေ ဖွင့်ဟ မပြော ပြတက်ပေမယ့် သူမရဲ့ လုပ်ဆောင်ချက် တွေကကျွန်တော် ကိုသူမအလေးထား ချစ်မြတ်နိုး ကြောင်း သိသာစေရန်တော့ လုပ်ဆောင်လေ့ ရှိသလို " အရမ်းချစ်တယ် နော် " လို့ မကြာခဏ ဖွင့်ပြောဖို့ မမေ့တက်တဲ့ သူမက ကျွန်တော်ကို " မောင် " လို့ ခေါ်ဝေါ် ဖို့အတွက်တော့ အရှက်သည်း တက်တဲ့ သူတစ်ယောက် ဖြစ်နေတက်တယ်။ ကျွန်တော် ပြောသမျှကို အားမနားတမ်း မညည်းမငြူ နားထောင်တက် တဲ့သူမက ကျွန်တော် တင်ပြဆွေးနွေးတဲ့ အကြောင်းအရာ တော်တော်များများ ကိုလဲ စိတ်ရှည် သည်းခံစွာ မသိချင်ယောင် ဆောင်၍ သူမပဲ တစ်ကယ် မသိသေး သလိုမျိုး၊ ကျွန်တော် ပြောမှသိသလို ပုံစံမျိုး ဖြင့်လည်း ကျွန်တော်ကို တစ်ပတ်ရိုက် တက်ပြန်သေးတယ်။


" ချစ် "

" ဟုတ် နိုရာ  ပြောလေ "

" နိုရာ  မနက်ဖြန် အပြင်သွားစရာ ရှိလို့ အဲဒါ ချစ် ..နဲ့ ဆုံဖြစ်မယ် မထင်ဘူး အိမ်ပြန် နောက်ကျမှာမို့လေ "

" ဟင်း အဲဒါဆို ကျွန်တော်က ဘာလုပ်နေရမှာလဲ "

" ချစ်ကလည်း မသွားမဖြစ်လို့ပါ ချစ်ရဲ့ လူကြိးတွေနဲ့ ပြောပြိးဆိုပြိးသား ဖြစ်နေလို့လေ "

" အင်းပါ အင်းပါနော် တားလို့လဲ ရတာမဟုတ် အသိပေးရုံ သဘောမျိုးနဲ့ ပြောနေတာ ဆိုတော့လည်း "

" သြော် ခက်ပြီ ချစ်ကလည်း အဲလို သဘောမျိုး မဟုတ်ပါဘူးနော်  နိုရာက ဒီလောက် ချစ်တာကိုးနော် "

" ဟုတ်ကဲ့ ပါဗျာ... နိုရာ..ရဲ့ သဘောပါ ကျွန်တော် ဘာမှ မပြောပါ ဘူးနော် "

" အဲဒါကြောင့် ချစ်ရတာ သိလား ချစ်ကို "

သူမလုပ်ချင်တာ လုပ်ခွင့်ရလို့ သဘောတကျ ရှိတာ အသေချာမို့ ပြုံးနေမယ့် သူမမျက်နှာကို ကျွန်တော် မကြည့်ပဲ မြင်နေရသည်။ တစ်ကယ်လည်း ကျွန်တော် ရင်ထဲက ဆန္ဒအမှန် တစ်ခုဆိုရင် သူမမျက်နှာ အမြဲ ပြုံးနေတာ မျိုးပဲ ဖြစ်စေ ချင်တာပါ။ အဲဒါကြောင့် လည်းသူမနဲ့ တွေ့တိုင်း ဟာသတွေနဲ့ အပြောင်အပျက် တွေရှာဖွေ ပြောခြင်းဖြင့် သူမနဲ့ ကျွန်တော် တွေ့ဆုံမှု တိုင်းမှာ သူမ မျက်နှာ ပြုံးပျော်နေဖို့ ဆန္ဒတစ်ခု ကလွဲပြီး ကျန်တာ မမျှော်လင့်ပါဘူး။ ကျွန်တော့်အတွက် သူမရဲ့ အရယ်အပြုံး လေးတွေထက် အခြား အရေးပါတာ မရှိနိုင်တာလဲ အမှန်ပါပဲ။

လှတယ် ဆိုတာထက် ပြေပြစ်တဲ့ သူမရဲ့ အလှက ရုတ်တရက် ကြည့်လျှင် လှသလို မထင်ရသော်လည်း သူမက တစ်စိမ့်စိမ့် ကြည့်လေ အကြည့်ခံလေ ဆိုတဲ့ အလှမျိုး ထဲမှာ ပါဝင်သူ။ သူမထံမှာ ရိုးသားသော ပွင့်လင်းမှု၊ ဖြူစင်သော ကူညီတက်မှု လေးတွေ၊ ကြိးကြိးငယ်ငယ် ချိုသာစွာ ပြောဆို တက်သူ ဖြစ်သောကြောင့် သူမ ပတ်ဝန်းကျင်မှာ သူမကို ချစ်သော သူများနှင့် အမြဲ ဝိုင်းရံနေ တက်သူလေးပင်။ တခါတရံ သူမရဲ့ အပေါင်းသင်းတွေ နဲ့ဆိုရင် သူမက ကျွန်တော့ကို မေ့သွားဖို့လည်း ဝန်မလေး တက်သူ ဖြစ်နေတက် ပြန်သည်။

သူမက အပေါင်းသင်းဆံ့ သလို အလွန် အားနာတက် သူလဲ ဖြစ်သောကြောင့် သူမရဲ့ အပေါင်းသင်းတွေ ကြားမှာ ဘာမသိ၊ ညာမသိ ကျွန်တော်က အလွန် အူကြောင်ကြောင် ဖြစ်ရတဲ့ အခါတွေလည်း မရေတွက်နိုင်အောင် များပြားလှသည်။ ထိုအခါမျိုး များတွင် သူမရဲ့ အပေါင်းသင်း များမှုကို မခံမရပ်နိုင်စွာပဲ ကျွန်တော် စိတ်ဆိုးရ သည့်အထိ ဖြစ်တက်၏။ သူမကလည်း ဖြတ်ထိုး ဥာဏ်ကောင်းသော ထက်မြတ်သူ တစ်ဦးပီပီ ကျွန်တော်ရဲ့ မျက်နှာ အရိပ်အကဲ ကြည့်၍ ကျွန်တော် စိတ်ဆိုး ပြေဖို့ အစွမ်းကုန် ကြိုးစားတက်သူ ဖြစ်လေသည်။ အမြဲလိုလို တည်တည် နေတက်တဲ့ သူမက တစ်ခါတစ်လေ တော့လည်း အတည်ပေါက်နဲ့ နောက်တက်သူ တစ်ဦး ဖြစ်နေပြန်တယ်။

" ချစ် "

" နိုရာ  ခဏလေး "

" ဟာ မရဘူး... ချစ် ...ချစ် ..ဘာတွေ လုပ်နေတာလဲ ဆို "

" နိုရာ  ကလဲဗျာ.. ခဏလေးပါဆိုမှ "

" အင်းလေ ဘာလုပ်နေလဲ ပြောမှ စောင့်နေရတဲ့ သူက စောင့်နေနိုင်မှာပေါ့ ခုတော့ သိချင်လှပြီ "

" နိုရာ ..ကတော့ လုပ်ပြီ ဒီမှာ မကို သီချင်းဆိုပြမလို့ ဂီတာ ကြိုးပြတ်သွားလို့ အသစ်လဲနေတာ "

" သြော် သိမှ သိပဲဟာ... ပြောလေ အဲလို .."

ကျွန်တော့ရဲ့ စကားအဆုံးမှာ လှစ်ခနဲ ပြုံးလိုက်တဲ့ သူမရဲ့ ကျေနပ်ပြုံးလေး ကိုကျွန်တော်က မြင်ဖြစ်အောင် မြင်လိုက်ပြိး လက်ထဲက ဂစ်တာကို မေ့လျှော့ကာ သူမရဲ့ တဒင်္ဂ အပြုံးမှာ ပျော်ဝင်လို့။

" ဟင် ..ဘာလုပ်နေတာလဲ လူကို စိုက်ကြည့်ပြိး .."

" နိုရာ .. ကချစ်ဖို့ ကောင်းလို့ "

" အပိုတွေနော် ...တိုးတိုးပြော သူများတွေ ကြားရင် နိုရာ  ...ကို လှောင်နေ ကြအုံးမယ် "

" သြော် ..ကဲ... နိုရာ ကလည်း တစ်မျိုး ၊ ကျွန်တော် ကလည်း တစ်မျိုး၊ သူတို့ ကလည်း တစ်မျိုး ၊ အားလုံးပေါင်းတော့ သုံးမျိုး ရတာပေါ့ နိုရာ ရဲ့ ဟုတ်ဘူးလား ... "

ကျွန်တော်ရဲ့ အရွန်းဖောက် စကားကို သူမက သဘောတကျ ရယ်မောလို့။ သူမမို့ ရယ်လိုက်ရင် ကျွန်တော့် နှလုံးသွေးတွေ တစ်ဒိတ်ဒိတ် အခုန်မြန်လို့ အသက်ရူဖို့ မေ့ရလောက်အောင်ပဲ သူမရဲ့ အရယ်အပြုံးက ကျွန်တော်ကို ပြုစား စေနိုင်သည်။ ကျွန်တော့ ဘဝမှာ အဖြစ်စေ ချင်ဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုလျှင် သူမရဲ့ နံဘေးမှာ ကျွန်တော် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အမြဲ ရယ်မော နေစေချင်တဲ့ စိတ်ကလေး သူမအတွက် အသင့်ရှိ နေ၏။

" နိုရာ  ဘာသီချင်း နားထောင်ချင်လဲ ပြော "

" ချစ်ရတဲ့ သီချင်းပဲ ဆိုပါ ..နိုရာ .ကဘာရယ်လို့ မဟုတ်ဘူး ချစ် ဆိုပြတယ်ဆိုတဲ့ အသိလေးနဲ့ပဲ နှလုံးသားနဲ့ နားထောင်မှာ ဆိုတော့ .."

" ဟ..ဟ... နိုရာ ကတော့ လုပ်ပြီ "

" ဟာ.. တစ်ကယ်ပါဆို ..."

" ကျွန်တော်က သီချင်း တစ်ပုဒ် ကောင်းကောင်း မရဘူး နိုရာ ရဲ့ "

" အင်းပါ ရသလောက်ပေါ့ ...ဈေးမကိုင်နဲ့တော့နော်... ဒီမှာ နားထောင်ချင်လှပြီ.."

" ဟုတ်...."

တစ်ကယ်တမ်း ကျတော့လည်း သီချင်းတစ်ပုဒ် အစအဆုံး မရတဲ့ ကျွန်တော်က သီချင်း တစ်ဝက်လောက် အထိပဲ ကောင်းကောင်း ရလေ့ရှိပြီး တစ်ဝက်ကျော်ရင် Key တွေလွဲ သီချင်း စားသားတွေ မေ့ပြိး သံစဉ်တွေ ပျက်ကာ အရယ်နဲ့သာ အဆုံးသတ်ရ သူဖြစ်၏။ ဟိုတစ်စ ဒီတစ်စ စိတ်ကူးတည့်ရာ သံစဉ်တွေ ကိုသူမနံဘေးမှာ တီးခတ်ခွင့်ရတဲ့ အခိုက် အတန့် ကျွန်တော် ဘာနဲ့မှ မလဲနိုင်အောင်ပဲ ကြည်နူး မိသည်။ သူမသည်လည်း ကျွန်တော်ရဲ့ ပုခုံးထက်မှာ မှီလျှက် ပီတိ ကလေးငယ် တစ်ဦးလိုပဲ ကျွန်တော်ရဲ့ နံဘေးမှာ မှီတွဲ၍ ကျေနပ် နေမယ့် သူမအပြုံးကို မမြင်သော်လည်း သိနေ၏။

" ချစ်က သီချင်းဆို ကောင်းသားပဲ "

" အသံ မကောင်းပါဘူး နိုရာ ..ရာ "

" အင်း အသံကောင်းရင် အဆိုတော် ဖြစ်နေမှာပေါ့..ချစ်ရဲ့ သီချင်းကို သီချင်းတစ်ပုဒ်လို နားဝင်ချိုအောင် ဆိုတက်ရင်ပဲ တော်တော်လေး အဆင်ပြေပြီ မဟုတ်လား "

" အင်း.. ဟုတ်တာပေါ့ ..အသံတော့ မကောင်းဘူး သေချာတယ် နိုရာ ....မပြောလဲ သိတယ်လို့.."

" လုပ်ပြီ ...ချစ်ကတော့လေ..သြော် ဒါနဲ့ ချစ်က ဘာလို့ နှစ်သက်စရာတွေ ဒီလောက် အများကြိး ရှိတဲ့ ထဲက မိုးကောင်းကင် (Heaven) ဆိုတဲ့ ဝေါဟာရကို ဘာလို့ နှစ်သက် ရတာလဲဟင် "

" ကျွန်တော်က အမြဲ အထီးကျန် တယ်လို့ အမြဲခံစားရလေ့ ရှိတက်တယ် ..အဲလို ခံစားရတိုင်းလဲ ရင်ဖွင့်စရာ ဆိုလို့ ကောင်းကင်ပြာ ကြိးကိုမော့ကြည့် လိုက်တိုင်း မမြင်ရတဲ့ နွေးထွေးမှု တစ်ခုခု ကျွန်တော် ကိုယ်ပေါ် လွမ်းခြုံထားသလို ခံစားရတယ်..၊ ရင်ထဲမှာ တင်းကျပ်နေတဲ့ အရာတွေကို ကောင်းကင်ကြိးကို မော့ကြည့်ပြိး ရင်ဖွင့် တိုင်တည် လိုက်ရရင်ပဲ နေလို့ ထိုင်လို့ တော်တော်လေး အဆင်ပြေတယ်လို့ ထင်မိတယ်၊ သူများတွေ အတွက်ကတော့ မိုးကောင်းကင် ကို အိပ်နေတဲ့ အချိန် တိုက်ဆိုင်လို့ မျက်နှာဆိုင် မိမှ ကြည့်ဖြစ်တယ် ဆိုပေမယ့် ကျွန်တော်ကတော့ တစ်စုံတစ်ခုကို ပြင်းပြင်းပြပြ အလိုရှိတိုင်း၊ စိတ်ဖိစီးမှု တွေနဲ့ ကြုံကြိုက်တဲ့ အချိန်တိုင်း၊ မကြာခဏ မော့ကြည့်မိတယ် ၊ ပျော်စရာနဲ့ ကြုံဆုံလဲ ကောင်းကင်ကို မော့ကြည့်ရတာ အမော၊ စိတ်သောကတွေနဲ့ ကြုံလည်း ကောင်းကင်ကို မော့ကြည့်ရတာ အမော ..ပြိးတော့ ဘယ်လို အချိန်မျိုးမှာ ဖြစ်ဖြစ် ကောင်းကင်ကြိးကို မောကြည့်လိုက် ရတာ ကျွန်တော်အတွက် နွေးထွေးတဲ့ အလွှာတစ်ခုရဲ့ ဖုံးလွမ်းခြင်းကို ခံစားရသလိုမျိုး နွေးထွေးတယ်လေ ပြိးတော့ မ..ကို သတိရတိုင်းလဲ ကောင်းကင်ကြိးကို မော့ကြည့် ဖြစ်တယ် နိုရာ ရဲ့ အကြောင်းတွေ စဉ်းစားပြီး နိုရာ..က အပြုံးတွေနဲ့ ကျွန်တော်ကို ငုံ့မိုးကြည့် နေသလို မျိုး ကျွန်တော်အတွက် နွေးထွေးမှုတွေ ရတယ်..နိုရာ အဲဒါကြောင့် လောကမှာ ရှိတဲ့ တစ်ချို့တစ်ချို့သော အရာတွေထက် ကျွန်တော် မိုးကောင်းကင်ကို ပိုပြိး နှစ်သက်မိရတဲ့ အကြောင်းရင်းပဲ..နို၇ာ"

" ကဗျာဆန်လိုက်တာ ...နိုရာ..တောင် တစ်ခါမှ အဲလိုအတွေးမျိုး မဝင်တက်ခဲ့ ဘူးဖူး.. ခုတော့ ချစ်ကြောင့် နိုရာ..လည်း မကြာခဏဆိုသလို ကောင်းကင်ကို မော့ကြည့်ပြီး တီးတိုး စကားဆို တက်နေပြီ .."

သူမရဲ့ ရှက်ပြုံး တစ်ခုနဲ့ ဝန်ခံလိုက်တဲ့ အမှန်တရား တစ်ခုက ကျွန်တော်ရင် တစ်ခုလုံးကို ဝုန်းတိုင်း ကျဲသွားစေသည်။ သူမသည် ကျွန်တော်ရဲ့ ကောင်းကင်လို့ တင်စားရလောက်အောင်ပဲ လျှိုဝှက် နက်နဲ လွန်းသောသူ၊ သူမတွင် ခက်ထန် မယောင်နဲ့ နူးညံ့သော ချစ်ခြင်းတွေ ရှိ၏။ ရံဖန် ရံခါမျိုးတွင်လည်း သူ မတူအောင် မာကျောလွန်းသော နှလုံးသား ပိုင်ရှင် တစ်ယောက်လဲ ဖြစ်၏။ သဘောကောင်း၊ ချိုသောသော အပြောတွေ ပိုင်ဆိုင်သော် ငြားလည်း အေးစက်သော ဥပေက္ခာ တရား သူမတွင် ခိုင်ခိုင်မာမာ ရှိနေတက်၏။ ခံစားချက်တွေကို သိုဝှက်နိုင် စွမ်း ရှိသလို သည်းခံနိုင်မှု လည်း တော်တော်လေး ပြည့်ဝတဲ့ သူလည်း ဖြစ်၏။

သူမရဲ့ ဘဝက ကြမ်းသော် ငြားလည်း စိတ်ဓါတ်အားဖြင့် တော်ရုံ အမျိုးသမီး တွေမှာ မရှိနိုင်သော ကြံ့ခိုင်သော စိတ်ဓါတ်အင်အားဖြင့် လောကဓံကို တိုက်ဆစ် ဆင်နိုင်သော သူလည်း ဖြစ်ပေ၏။ သူမတဲ့ အချက်လက်တွေဖြင့် သူမက သူမပတ်ဝန်းကျင်မှာ သူရဲကောင်း တစ်ဦးသဖွယ်လဲ အထင်ကရ ရှိသူ တစ်ယောက် ဖြစ်သည်။ ဘယ်လိုပင် သူမရဲ့ အရည်ချင်းတွေ ပြည့်စုံနေ သော်ငြားလည်း သူမရဲ့ ရယ်မောသံ လွင်လွင်လေး ကြားရ၊ မြင်ရရင် ကျွန်တော်ရင် တစ်ခုလုံး စမ်းချောင်း သဖွယ် အေးမြစေတဲ့ သူမရဲ့ ရယ်သံ ချိုချိုလေးတွေ ရရှိဖို့ အတွက် သူမရယ်မောဖို့ ကြိုးစားတိုင်း ကြိုးစားမှုရဲ့ ရလဒ်က ကျွန်တော့် အတွက် ကျေနပ်မှု နဲ့အတူ ကြည်နူးမှု တွေရရှိ စေသည်။

" နိုရာ.... ညက ဖုန်းပြန် ဆက်ပါဆို ဘာလို့ မဆက်တာလဲ ကျွန်တော် စောင့်ရတာ လည်ပင်းကို ရှည်လို့ "

ကျွန်တော်ရဲ့ အပြစ်တင်စကားကို သူမက သဘောတကျ ရယ်မောလျှက်မှ

" ချစ် အပြစ်တင်လဲ ခံရမှာပဲ ..ချစ်ပြောတဲ့ ဖုန်းနံပါတ်ကိုပဲ နှိပ်တာလေ အဲဒါ ဖုန်းက နံပါတ်မှားနေတယ်တဲ့ .."

" ဖြစ်ရမယ် နိုရာ..ကတော့ ကျွန်တော် ဒီလောက်ပြောနေရင်းနဲ့ ပြောတော့ သေချာ မှတ်ထားတယ်ဆို "

" အင်းလေ မှတ်ထားတာပဲ ဟာ..ချစ်ကလည်း သိရဲ့သားနဲ့ နိုရာ  အကြောင်း နိုရာ...က နည်းနည်းလေးတော့ လွဲလိုက်ရမှလေ သိတယ်မလား "

သူမက ပြောလည်းပြော သူမရဲ့အပြောကို သဘောကျစွာ ရယ်လဲရယ်နေ၏။ သူမကို ကြည့်ရင်း ကျွန်တော်မှာသာ အူတွေ အခွေလိုက် ကနေ ပြုတ်ထွက်မလား ပါပဲ။ သူမက ထူးထူးခြားခြားလဲ အလွဲတွေနဲ့ ကြုံတက်သူလဲ ဖြစ်သလို မကြာခဏလဲ လွဲနေ တက်သူ ဖြစ်၏။ သူမက သူမကိုယ်သူမလည်း လွဲနေတက်သောကြောင့် " သိတယ်မလား..နိုရာ ..က နည်းနည်းလေးတော့ လွဲလိုက် ရမှလေ.." လို့ အရွန်းဖောက်တက်သူ လဲဖြစ်ပြန်၏။

" အင်းပါ..အင်းပါ အဲမှာ အမြဲတမ်း လွဲနေ ပြိးရင် ကျွန်တော်နဲ့ပါ လွဲနေအုံးမယ်နော် ကြည့်လုပ်အုံး..နိုရာ..ရဲ့"

" ဟင်းးနော် နိုရာ..အဲလို ..လွဲတက်မှန်း ချစ်လည်း သိနေတာကိုပဲ..စိတ်ရှည်လေ နော်...ဘာလဲ ချစ်က ခုထဲက ငြိုငြင်တာလား ပြော "

" ဟာ.. နိုရာ..တော့လုပ်ပြီ နိုရာ.. ပဲ အမြဲ လွဲနေတက်တာ ဆိုပြိးတော့နော်...ကျွန်တော်က လွဲမှာဆိုးလို့ သတိပေးတာပါ နိုရာ..ရဲ့ ကျွန်တော်လား နိုရာ နဲ့ လွဲချင်မလားလို့နော် ဟောဒီ ရင်ဘတ်တစ်ခုလုံး နိုရာ.အတွက် ချည်းပဲဗျ...ဖြစ်နိုင်ရင်လေ ရင်နှစ်ခြမ်း ဗြန်းဗြန်းခွဲပြိးသာ သက်သေ ပြလိုက် ချင်တယ် .."

" အမလေးလေးနော် ... သက်သေတော့ မပြလိုက်ပါနဲ့ ရှင်... နောက်ဘဝထိ မစောင့်နိုင်ဘူး ရှင့်..သိရဲ့လား.."

ကျွန်တော်ရဲ့ စကားကို အရွန်းဖောက်လို့ သူမက ထိုသို့လည်း နောက်ပြောင် တက်သော သူလည်း ဖြစ်၏။ သူမက ဖော်ရွေသလို ပွင့်လင်း၏။ ဟန်ဆောင်မှု ကင်းသလို ပျော်ပျော်လည်း နေတက်၏။ စိတ်ညစ် စရာတွေကိုလဲ ရင်ထဲမှာ ကြာကြာ မထားတက်သလို မကျေနပ်တာ ရှိရင်လည်း မြိုသိပ်နိုင်မှု နည်းသူ ဖြစ်၏။ စိတ်ဓါတ်အားဖြင့် ကြံ့ခိုင်သော သူမသည် မကြာခဏ ဆိုသလို အာဂါနု ရောဂါ အသေးမွှားလေးများနှင့် မပြတ်ရှိတက်သူလဲ ဖြစ်၏။

" နိုရာ... နှာခေါင်းထဲက သွေးတွေ ကျတယ်ဆိုတာရော သက်သာရဲ့လား "

" အင်း သက်သာပါတယ် .."

" ဆရာဝန်နဲ့ရော ထပ်မပြဘူးလား "

" နောက်နှစ်ရက်လောက်တော့ စောင့်ကြည့်ချင်သေးတယ် မသက်သာရင်တော့ ထက်၊ပြမယ်လေ "

" အင်းနော် ဆရာဝန်နဲ့ ပြမယ့်အရေးများ နေ့လွဲညလွဲ နဲ့နော်..ကြည့်လဲ လုပ်အုံး ကျွန်တော်နဲ့ မတွေ့ပဲ သိကြားမင်း ဦးမာဃနဲ့ တွေ့နေမယ်.."

" ပြောတော့မယ် ...ချစ်ကတော့လေ..သူနဲ့ တွေ့လို့ မဖြစ်သေးပါဘူး နိုရာ ..မှာ ဦးမာဃ့ထက်အရင် တွေ့ရမယ့်သူ ရှိတဲ့ဟာ ကိုနော်..."

သူမနဲ့ ကျွန်တော်က အမြဲလိုလို အတိုင်အဖောက် ညီညီ စကား အပေးအယူလဲ တော်တော်လေး မျှကြလို့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကဆို ကျွန်တော်ကို အမြဲတမ်း သူမနဲ့ ပါက်သတ်ပြိး စနောက်လို့ မဆုံး။

" မင်းလေ ကြည့်လေ ..ကြည့်လေ မင်းရဲ့ နိုရာ..နဲ့ တဖြည်းဖြည်း တူတူ လာပြီ "

" မင်းတို့ နှစ်ယောက်က ရုပ်လဲ တော်တော်လေး ဆင်ကြတယ် "

" မင်း..အဲလို ကြပ်ကြပ်လုပ် ... ဟိုတစ်ယောက်ကို မင်းကို ပြန်မလွတ်ပဲ အပိုင် သိမ်းထားလိုက် လိမ့်မယ် "

မကြာခဏ ဆိုသလို သူမကြောင့် ကျွန်တော် မျက်နှာ ပွင့်ရသလို သူမကြောင့်လည်း ကျွန်တော်မှာ အနေရ ခက်လှသည်။ သတင်းမွေးတဲ့ ရွှေမင်းသမီး တပါးအလား သူမက ထည်ဝါလှသော ကြောင့် ဝိုင်းရံနေတဲ့ သူမနံဘေးမှ ပုရိသ တွေနဲ့ ဘဝအရေး တွေးမလွယ်လို့ အဝေးထွက်ရမယ့် ကျွန်တော်မှာ ရင်တွေပူလိုက် ရတာ ညတွေလဲ မရေတွက် နိုင်အောင်ပါပဲ။ တစ်ဘဝတာ ပေါင်းရဖို့ အရေး တခဏတာ ခွဲကြရမှာ ဆိုပေမယ့် သူမနဲ့ ကျွန်တော် မခွဲချင်လောက် အောင်ပဲ ဖြစ်ရ၏။ ဘယ်လို အကြောင်းမျိုးနဲ့မှ သူမနဲ့ မခွဲခွာချင်သော်လည်း ကျွန်တော်တို့ နှစ်ဦး စုံစည်းဖို့ အရေး ခဏလေးတော့ ဝေးနေ ကြရမှာလည်း အသေအချာ ပါပဲလေ။

" ချစ်..တစ်နေ့ ဒီလို ထွက်သွားရမယ် ဆိုတာ သိနေပေမယ့် ဒီလောက် မြန်မြန်ကြိး ဖြစ်လိမ့်လို့ မထင်ထားဘူး .. ကြိုတင် သိနှင့်နေ ပေမယ့်လဲ ပြင်ဆင်ထားပေမယ့်လည်း တစ်ကယ်တမ်း ကြုံလာတော့ ခံနိုင်ရည် မရှိဘူး ချစ်..နိုရာ..တစ်ယောက်ထဲ ဘယ်လိုနေခဲ့ ရမလဲတောင် မတွေးရဲဘူး.. ချစ်..မရှိပဲ နိုရာ. မနေချင်ဘူး ဖြစ်နိုင်ရင် ချစ်..လို့ အကျယ်ကြိး အော်ပြီး ရင်တစ်ခုလုံး ပွင့်ထွက်သွားအောင် အော်ဟစ် ပြစ်လိုက်ချင်တယ် ..နိုရာ..ရင်တွေ ပွင့်ထွက် မတက်ပါပဲ ချစ် "

" ကျွန်တော်လည်း နိုရာ နဲ့ ထပ်တူ ထက်မျှပါပဲ ..နိုရာ..ရယ်..တစ်ဘဝစာ ပေါင်းရဖို့အရေး တခဏတာ ဝေးကြဖို့ အတွက် ကျွန်တော်တို့ရဲ့ အလွမ်းတွေကို တံတားအဖြစ် ခင်းကြရမယ်လေ..ပြိးတော့ ဘဝတစ်ခု ပြီးပြည့်စုံဖို့ အချစ်တစ်ခု ထည်းနဲ့ မပြိးစုံနိုင်တာ နိုရာ..လဲအသိပဲ..အချစ်အပြင် နောက်ထက် လိုအပ်တဲ့ (၇၅)% ကို ကျွန်တော်ရော နိုရာ..ပါ ဖြည့်စည်း ကြရမှာပေါ့ ..မဟုတ်ဘူးလား နိုရာ."

ကြိုသိနေ ပါလျှက်နဲ့ အဆင်သင့် မဖြစ်တဲ့ သူမရဲ့ မျက်ရည်တွေကို ကြင်နာစွာ သုတ်ပေးရင်း သူမရဲ့ ရှိုက်သံတွေနဲ့အတူ မျက်ရည်တွေက ကျွန်တော့် ရင်ဘတ်မှာ စွန်းထင်းခဲ့ရသည်။ တစ်ကယ်တမ်းတော့ မ..ရယ် ကျွန်တော် ရင်ဘတ်မှာ စွန်းထင်းသွားတဲ့ မျက်ရည်စက်တွေက ကျွန်တော့်ရဲ့ ဟိုးအနက်ရှီုင်းဆုံး နှလုံးသား တစ်ခုလုံးကိုပါ စိုစွတ်သွား စေတယ်ဆိုရင် ပိုမှန်ပါတယ်လေ။

" မငိုပါနဲ့ ..နိုရာ..ရယ် ဒီအလွမ်းတွေ ဟာ ကျွန်တော်တို့ နှစ်ယောက်အတွက် အားဖြစ်စေဖို့ တွန်းအား တစ်ခုအနေနဲ့ ကြိုးစား ကြရအောင်လားနော် .."

" အင်းပါ...မငိုတော့ဘူးနော်... "

ကျွန်တော်ရဲ့ အပြောကြောင့် သူမက ပြာပြာသလဲ မျက်ရည်တွေ သုတ်လို့ အပြုံးမျက်နှာကို ဖန်တီးပြီး ကျွန်တော်ကို စူးစူး စိုက်စိုက် ကြည့်နေ၏။

" ဘာ ဖြစ်လို့လဲ..နိုရာ "

ရုတ်တရက် ကွယ်ပျောက် သွားမယ့် သူအလား သူမက ကြည့်နေ၇င်းမှ

" မှတ်မိအောင် ကြည့်လို့ရတဲ့ အချိန်လေးမှာ သေချာ မှတ်ထားမလို့ .."

ကလေးဆန်ဆန် နုတ်ခမ်းစူ၍ ပြောတဲ့ သူမ။ ကျွန်တော် သဘောမကျပဲ မနေနိုင်အောင် ပြုစား လွန်းပါဘိ။

" မရယ်နဲ့ တစ်ကယ်ပြောနေတာ အချိန် အကြားကြီး လွမ်းရအောင် လုပ်ထားပြီး ပြန်လာရင် အဲဒီ အလွမ်းတွေ အတွက် တန်ရာ တန်ကြေးပါ အတိုးနဲ့ တောင်းမှာနော်.."

" ဟုတ်ပါပြီ ဗျာ...နိုရာ..သဘောပါ.."

" အင်း ပြီးရော ..ကိုယ့်စကား သေသေချာချာ မှတ်ထားနော် "

" အင်းပါ နိုရာ..ရဲ့ ကျွန်တော် ကတိတည်တာ သိတယ်ဟုတ်...နိုရာ..နဲ့ပါတ်သက်ပြိး အမြဲကတိ တည်တဲ့ ကျွန်တော်က နိုရာ ရှိရာ အရပ်ကို အမြန်ဆုံးနဲ့ အလွမ်းတွေသည်ပြိး အရောက် ပြန်ခဲ့ပါ့မယ်..နော်"

" အင်း..နိုရာ .ဆုတောင်းမပေး တော့ဘူးနော်..နိုရာ..ကဆုတောင်းတိုင်း လွဲတက်သူ ဆိုတော့ ဘာမှ ဆုမတောင်းပေးတာ ချစ်.အတွက် ပိုကောင်းမယ် ထင်လို့လေ..ပြိးတော့ ကျန်းမာရေး ဂရုစိုက်နော်၊ နွေးနွေးထွေးထွေးနေပါ၊ စိတ်ချမ်းသာအောင် လည်းနေနော်၊ စိတ်ညစ်စရာတွေကို ရင်ထဲ ကြာကြာ မသိမ်းထားနဲ့ ရောဂါ ဖြစ်လိမ့်မယ်၊ အစားစားချိန် ဂရုစိုက်ပါ၊ ဗိုက်မဆာဘူး ဆိုပြိး မစားပဲ မနေရဘူးနော်.."

ကလေး တစ်ယောက်မှာ သလို တတွတ်တွတ် မှာနေသော သူမကို ကြည့်ပြီး ကျွန်တော်မှာ သက်ပြင်းတွေ အကြိမ်ကြိမ် ချနေမိသည်။ ဆုတောင်းတိုင်း လွဲတက်လို့ ကျွန်တော်အတွက် ဆုမတောင်းပဲ နေနေရတဲ့ သူမရင်ထဲက နာကျင်မှုတွေကို သူမနှုတ်က ဖော်မပြသော်လည်း ကျွန်တော် ခံစားလို့ရနေ၏။

" တစ်ကယ် ဆုမတောင်းဘူးလား.. ကျွန်တော်နဲ့ ပြန်ဆုံဖို့လေ.."

" ဟင့်အင်း မတောင်းဘူး တောင်းမိရင် လွဲမှာ သေချာလို့ ဘယ်တော့မှ ဆုမတောင်ဘူး "

သူမရဲ့ အပြောကို ကျွန်တော် သဘောကျစွာ ရယ်မောရင်းမှ

" စိတ်ချနော်..နိုရာ..ကျွန်တော် နိုရာ..ရှိရာအရပ်ကို အမြန်ဆုံးနဲ့ ဆက်ဆက် ပြန်လာခဲ့မယ်.. ပြိးတော့ အမြဲ ကတိတည် သလို ပြောရင် ပြောတိုင်း အသေအချာ လုပ်တက်တဲ့ ကျွန်တော်ကို ယုံကြည်မှုတွေနဲ့ပဲ စောင့်ကြိုနေပါလို့..နော် "

" အင်း "

အင်း ဆိုပြိး ခေါင်းငြိမ့်လျှက်မှ မျက်ရည်တွေ ကြားမှ အနိုင်နိုင် ပြုံးပြရင်း သူမရော ကျွန်တော်ပါ တစ်ကယ်တမ်း ခွဲခွာကြတော့ စကားလုံးတွေ ဆွံ့အလို့ ပျောက်ဆုံးကုန်၏။ မျက်ရည်တွေကြားမှ အပြုံးလှလှ ဖြင့် နှုတ်ဆက်လက် ပြရှာတဲ့ အငိုမျက်နှာလေး တစ်ခု ကျွန်တော် ကျောခိုင်းခဲ့ သည်တိုင် ရင်ဘတ်မှာ ငြိပါခဲ့ရသည်။ သူမသည်လည်း ကျွန်တော့် နည်းတူ နာကျင်သော ခံစားမှုတွေဖြင့် ငိုပွဲဆင်နေမှာ အသေချာဆိုတာ ကျွန်တော် ယုံကြည်နေမိသည်။ သူမနဲ့ ပါတ်သက်ပြိး ရရှိနေ အလွမ်း ခါးခါးတွေကို သူမရယ်သံ နဲ့ ပြာချ ပြစ်ဖို့ နေ့စဉ်နဲ့ အမျှ ကျွန်တော် ကြိုးစားနေမိသည်။

သူမကို လွမ်းတိုင်း မိုးကောင်ကင်ကို မော့ကြည့်ပြိး စကားတွေ တစ်ယောက်ထည်း ဆိုဖြစ်သလို သူမသည်လည်း ကျွန်တော်လိုပဲ ကောင်းကင်ကို မော့ကြည့်လို့ တိုင်တည်နေလေ မလားလို့ တွေးရင်း သူမနာမည်လေး ဖွဖွ ရေရွတ်မိတယ် ဆိုရင်ပဲ ကျွန်တော်ရင် ထဲနွေးခနဲပါပဲ။ သူမသည်လည်း အလွမ်းတွေနဲ့ စောင့်မျှော်နေ သလို ကျွန်တော်နဲ့ ထပ်တူ အတိတ်နယ်ထဲမှာ တဝဲလည်လည် သိတရ ရှိနေမယ် ဆိုတာ ပြေးမကြည့် နိုင်ပေမယ့် အသေအချာပါပဲ။ ကျွန်တော် ဆီမှာ စကားတွေ ဖောင်ဖွဲ့လို့ သူမရဲ့ တစ်နေ့တာ အဖြစ်ပျက်တွေကို ရင်ဖွင့်တက်တဲ့ သူမ။ သူမ အရမ်းနှစ်သက်ပါ သည်ဆိုသော စာတွေကို ကျွန်တော် နားထောင်ချင်လား မထောင်ချင်လား ဘယ်တော့မှ မမေးပဲ သူမဘာသာ ဖတ်ပြပြိးမှ " နားညည်း သွားပြိးလား၊ ဒီစာလေးက ကောင်းလို့ပါ ..ဖတ်စေချင်လို့ ညွန်းလိုက်ရင် မဖတ်ဖြစ်မှာ ဆိုးလို့ ကိုယ်တိုင်ပဲ ဖတ်ပြလိုက်တာ .ကဲ သိပြီလား " လို့ အပြုံးတွေနဲ့ မလိမ့်တပတ် လုပ်တက်တဲ့ သူမကို ကျွန်တော် အရမ်းပဲ လွမ်းပါသည်။

ရာသီ စက်ဝန်း အကြိမ်ကြိမ် လည်လို့ သူမများ ကျွန်တော့် အပေါ် စိမ်းလေမလား ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ရင်တွေ တဒိတ်ဒိတ် ခုန်လျှက် သူမရှိရာသို့ စိတ်လှုပ်ရှားခြင်း မျာစွာဖြင့် ကျွန်တော်မှာ ကိုယ့်အသက်ရူသံ ဖြင့်ကိုယ် ထိန်လန့်လို့ နေ၏။ သူမရဲ့ တစ်နေ့တာ အချိန် ဇယားသည် နှစ်တွေ ပြောင်းသော်လည်း ယခင် အတိုင်းပဲ ရှိနေမှာပဲလို့ တက်အက် သိနေသည့်အလား ကျွန်တော်ရဲ့ ခြေလှမ်းတွေက သူမရှိရာ အရပ်သို့ ပေါ့ပါးစွာ လျှောက် လှမ်းလျှက်။ လျှောက်နေ ရင်းနဲ့ မြေကြိးနဲ့ ခြေထောက် မထိသလို ရင်တစ်ခုလုံး လေမှာလွင့်လို့ ဟာတာတာ ဗလာကျင်းနဲ့ ရင်ခွင်တစ်ခု။

သူမရှိရာ အရပ်နဲ့ နီးလေလေ ကျွန်တော်မှာ အသက်ရူရပ်မတက် စိတ်လှုပ်ရှားမှု တွေ အစီအရီဖြင့်။ ဟော.. မြင်တွေနေကြ သစ်ပင် ပုပု စိမ်းစိမ်းလေးတွေ က အစီအရီ။ ဒီပတ်ဝန်းကျင် ဒီအနေအထား က ကျွန်တော့်အတွက် မျက်စိမှိတ်ပြိး လျှောက် ဆိုရင်တောင် အလွတ်ရနေတဲ့ နေရာတွေ။ အစီအရီ လှလှပပ ညက်ပြီး ပုံသွင်းထားတဲ့ သစ်ပင်တန်းတွေရဲ့ အဆုံး ခုံတမ်းလေး ပေါ်မှာ သေချာတယ် သူမရှိနေမှာ ပဲလေ။ ရုတ်တရက် အတွေးတွေနဲ့ ဘယ်လိုများ သူမကို ထိန့်လန့်အောင် လုပ်ရင် ကောင်းမလဲလို့ အတွေးတွေနဲ့ ရုတ်တရက် ရှုပ်ထွေးသွားရသည်။ မမျှော်လင့်ပဲ ကျွန်တော်ကို ရုတ်တရက် မြင်တွေ့ လိုက်ရရင် သူမ ထများ အော်လေမလား သို့လော သို့လော အတွေးများစွာ ဖြင့် ကျွန်တော် ကြည်နူး နေမိ၏။

သစ်ပင်တန်းလေးတွေ ရဲ့ အဆုံး ခုံတမ်းလေး အရောက် မှာတော့ ကျွန်တော် မျှော်လင့်နေသလို သူမ ရှိနေခဲ့ပါ။ ဟာ..ခနဲ ဆင်းသွားတဲ့ ရင်တစ်ခု ကျွန်တော် မတ်တပ်ရပ်သည့် အနေဖြင့် ရပ်တည် နိုင်စွမ်း ကင်းစွာ ဒူးတွေ တစ်စက်စက် တုန်ရီလျှက်။ သူမ ဘာလို့များ ထိုနေရာမှာ ရှိမနေ ခဲ့တာပါလိမ့်။ သူမ ကျွန်တော် အပေါ် စိတ်များ ပြောင်းလဲ သွားပြီးလား။ အနှစ်နှစ် အလလ ကျွန်တော် ယုံကြည် မျှော်လင့် နေသလို ကျွန်တော်ကို စောင့်မျှော်ခြင်း ကင်းခဲ့လေ ပြီလား။ အခြေနေ မပေးလို့ အဆက်သွယ် ပြတ်တောက် မှုအပေါ် အပြစ်မြင်လို့ သူမ စိမ်းရက်လေ ခြင်းလား။ ထားခဲ့တဲ့ သစ္စာ ဖောက်ပြားဖို့ ကြံရွယ် သူမ တစ်ကယ်ပဲ မုန်းနိုင် လေပြီလား။

စူးရှတဲ့ အတွေးနဲ့ နာကျင်နဲ့ ခံစားချက်တွေ ကြောင့် မျက်ဝန်းမှ မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာ၏။ မဖြစ်သင့်ဘူး၊ မဖြစ်ရဘူး ရယ်လို့ အကြိမ်ကြိမ် အော် ဟစ်လိုက်ဖို့ ကြိုးစားပေမယ့် နှုတ်ခမ်းမှာက တစ်စက်စက် တုန်ရီလျှက်မှ ဘာအသံမှ ထွက်မလာခဲ့။ အဲလို မဟုတ်ပါ စေနဲ့လို့ အကြိမ်ကြိမ် ဆုတောင်းနေရင်း ကွေးညွတ်ကျဆင်း သွားတဲ့ ကျွန်တော်ရဲ့ ခြေထောက်တွေက ခုံတန်းလေး အရှေ့မှာ ဒူးထောက် နေလျှက်မှ။ ကျဆင်းလာတဲ့ မျက်ရည်တွေက ယောက်ျားဆိုတဲ့ မန်ကို ခွင်းပြိး တာကျိုးတဲ့ မြစ်အလား ပါးပြင်မှာ စီးဆင်းလျှက် ကျွန်တော် ခံနိုင်ရည် မဲ့စွာ ခေါင်းငုံ ချလိုက်မိသည်။ ကလေးငယ် တစ်ယောက်လို ပဲ အသံထွက်၍ ချုံပွဲချ ငိုမိသည်။ တရိုက်မတ်မတ် ရိုက်သံတွေက အနှစ်နှစ် အလလက မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက် တစ်ခု ရိုက်ချိုး ပျက်စီး ခံခဲ့ ရသလို နာကျင်ကြေကွဲ နေလျှက်။

ဒူးထောက် ခေါင်းငုံနေလျှက်မှ ဖျတ်ခနဲ့ နွေးထွေးတဲ့ လက်တစ်စုံ ကျွန်တော် ပုခုံးသို့ လာရောက်ထိတွေ့ တဲ့အခိုက် ဦးညွတ်ထားတဲ့ ဦးခေါင်းကို မော့လို့ အကြည့် မမြင်တာပြိဖြစ်တဲ့ နူးညံ့တဲ့ နွေးထွေးတဲ့ အပြုံးမျက်နှာနဲ့ သူမက ကျွန်တော်ကို ပြုံးလို့ ကြည့်နေ၏။ ရုတ်တရက် သူမအား ရင်ခွင်ထဲ ထွေးပွေ့လျှက် လွတ်ထွက်သွားမှာ ဆိုးသည့်အလား ထွေးပိုက်မိရင်း

" ဟာ.... နိုရာ..ရယ် ..လွမ်းလိုက်ရတာ ဗျာ"

လို့ မချိတင်ခဲ ရေရွတ်လိုက်တော့ သူမက နားလည်သော အပြုံးတွေဖြင့်

" အလွမ်းတွေ အတွက် လျှော်ကြေးပေးရတာ နင့်နင့်နဲနဲ မှ ဟုတ်ပ လေစ ချစ် "

သူမရဲ့ အပြောကြောင့် ကျွန်တော်မှာ နားမလည်သော မျက်လုံးများဖြင့် သူမအား ကြည့်မိရင်း

" ဘာ ပြောတယ်နိုရာ.. လျှော်ကြေး ဟုတ်လား.."

" ဟုတ်တယ်လေ ချစ်ရဲ့ နိုရာ..ပြောသားပဲ အလွမ်းတွေ အတွက် ထိုက်တန်တဲ့ လျှော်ကြေး ပေးရမယ် ဆိုတာလေ ..ဘာလဲ မေ့သွားပြီ ..ခုချက်ချင်း စိတ်ကောက် လိုက်မှာနော် "

ပြောလည်းပြော သူမက ကျွန်တော်ကို ကျောခိုင်းဖို့ ဟန်ပြင်လိုက်၏။

" မလုပ်လိုက်ပါနဲ့ နိုရာ..ရယ် အခုတောင် ကံကောင်းလို့ဗျ မဟုတ်ရင် အသက်ပါ ပါသွားမှာ သိရဲ့လား ကြောက်စရာ ......လန့်စရာဗျာ အလွမ်းရဲ့ လျှော်ကြေး ဆိုတာနဲ့တင် လုံလောက် နေပါပြီ စိတ်တော့ မကောက်ပါနဲ့တော့နော်."

" ဟွန့်  .နော် သနားလို့ ..ဘာမှတ်နေလဲ "

ပြုံးစစ မျက်နှာပေးတဲ့ သူမက ကလေးတစ်ယောက်ကို ကြည်စယ်သည့်အလား ချိုမြ ဝင်းလဲ့လို့ နေ၏။ ကျွန်တော် ကမ်းသော လက်သို့ သူမရဲ့ လက်လေး အလိုက်သင့် ပြန်ကမ်းပေးပြီး ကျွန်တော့် လက်မောင်းကို ပိုင်ပိုင်နိုင်နိုင် တွဲလို့ သူမနံဘေး ရောက်လာတဲ့ ခဏ လောကကြိး တစ်ခုလုံး ကျွန်တော်တို့ နှလုံးသားနဲ့ အတူ အလှတွေ ပြိုင်လို့...လေ။






##################################
########################
##############

ချစ်ကြသူတိုင်း ဆုံစည်း နိုင်ကြပါစေလို့
ဆန္ဒပြုလျှက်
အမြဲ ကြိုးစားနေမည့်
Angelhlaing
(3.02)pm,  4 , July . 2011
(www.angelhlaing.blogspot.com)

မှတ်ချက် ။ ။ ဇတ်သိမ်း လှလှလေး ဖတ်ချင် တယ်လို့ တောင်းဆို ကြတဲ့ သူငယ်ချင်းများ အတွက်ပါ။ အားလုံးပဲ ကျေနပ် ကြမယ်လို့ မျှော်လင့် ပါတယ်။ စာရေးသူ ကတော့ ပေါင်းပေး လိုက်ရလို့ မကျေနပ်ပါ....:):):)

19 comments:

အိန်ဂျယ်လှိုင်ရေ မင်္ဂလာပါ။

ဝတ္ထုတိုလေးက ထိတယ် အိန်ဂျယ်လှိုင်ရေ ၀တ္ထုတိုလေး ခံစားသွားပါတယ်...

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ပေါင်းပေးလိုက်တာ ကိုပဲ ကျေနပ်လိုက်ပါဟယ်...
အားတုန်းခဏရောက်တာနဲ့ ခဏလေးဖတ်လိုက်တာနဲ့
ဇာတ်လမ်းလေးကို သဘောကျသွားတယ်..
အဖွဲ့ အနွဲ့နဲ့ စကားလေးတွေကိုးက ချစ်စရာ

အရေးအသား ညက်ညက်ညောညောရှိတာကို သတိထားမိတယ် ညီမရေ...ချစ်ခြင်းမေတ္တာအကြောင်းကတော့ နေ့ရှိသ၍၊ လူရှိနေသ၍၊ ရေးနေ၊ ပြောနေရဦးမယ့် အကြောင်းအရာတွေပါ...ပိုစ့်တစ်ခုထက်တစ်ခု ပို၍သာ၍ တိုးတက်လာသော အနုပညာအင်အားနဲ့ ဆက်ရေးနိုင်ပါစေကြောင်း ဆုတောင်းပေးပါရစေ...

နာမည်ကျော်စာရေးဆရာမတစ်ယောက်များလားဗျာ... ကောင်းလိုက်တဲ့အရေးအသားးး.

ကွဲသွားကြမယ် ထင်နေတာ။ ပေါင်းသွားကြတာကိုး။ ပေါင်းသွားတော့လဲ ပေါင်းသွားတယ် မှတ်ရုံပေါ့။း))))
ကိုယ်တွေ့ကျနေတာဘဲ ရေးတတ်လိုက်တာ။း))

ခင်မင်လျက်

လူသားအားလုံး လက်တွေ့ဘဝမှာ ပြီးပြည့်စုံမှုကို ရနိုင်ဖို့ရာ ခက်ခဲကြပေမယ့် အခုလို ကြည်နူးစရာလေးနဲ့ နိဂုံးချုပ်ထားတော့ စာဖတ်သူတို့ရဲ့စိတ်ကို ကျေနပ်မှု ပေးနိုင်တာပေါ့ကွယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ကွဲသွားတော့လည်း စိတ်မကောင်းဝမ်းနည်းရသလို ပေါင်းသွားရတဲ့ ချစ်သူတွေအတွက်တော့ ကြည်နူးချမ်းမြေ့ခြင်းတွေ ကူးစက်ခံစားရပါတယ်ညီမလေးရေ
စာရေးကောင်းတဲ့ ညီမလေးလည်း ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာပါစေ

ဖတ်သွားတယ်ညီမရေ ober

ဝတ္ထုလေးကကောင်းလိုက်တာညီမရေ.. အရမ်းဖွဲ့နွဲ့တတ်တာဘဲ။ ဒါပေမယ့် အဲဒီအဖွဲ့အနွဲ့လေးတွေက သွက်သွက်ကလေးတွေဆိုတော့ ဖတ်တဲ့သူကို ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားနိုင်တယ်။

စာလာဖတ်တယ်ဗျို့ ... အားပေးလျက်ပါ ...

အချစ်မှတဆင့်နိဗ္ဗာန်သို့လို့တော့ ပြောတာပဲ။ ဘယ်အချစ်နဲ့ ရောက်အောင်သွားရမှန်းကို မသိသေးဘူး။ ဖတ်ရတာ မျောပါသွားတယ်...။

နင့်နင့်နဲ့ ပေးရတဲ့လျှော်ကြေးကို စဉ်းစားနေတာ၊

စကားပြောခန်းတွေများနေတယ်၊ ဇာတ်လမ်းက နည်းတယ်။

အရေးအသားမှာ တိုးတက်လာပြီပဲ။ ဇာတ်အိမ်တခုခုဖွဲ့တည်ပြီး ရေးရင် ပိုကောင်းမယ် ထင်မိတယ်။ ဒီဝတ္ထုတိုရဲ့ အရှေ့ပိုင်းမှာ ဖွဲ့ထားတာတွေက ဇာတ်လမ်းရှည်ရေးသလို စိတ်ပြေနပြေ ဖွဲ့ထားတာမျိုးလို့ ခံစားမိတယ်။

စာရေးတာအရမ်းကိုကောင်းနေတယ်နော်..
ဆက်ကြိုးစားနော်ညီမရေ..
နာမည်ကြီးစာရေးဆရာမဖြစ်ဖို့ရှိတယ်..
အတည်ြော့တာပါနော်...

အလွမ်းလျှော်ကြေး လာယူသွားပါတယ်..
ငါ့ညီမလေးက စာရေးအရမ်းကောင်းတယ်..
အောင်မြင်တဲ့ စာရေးဆရာမကြီးတစ်ယောက်ဖြစ်ပါစေကွယ်..

မမရေဇတ်လမ်းလေးကောင်းတယ်နောစာရေးဆရာမကြီးဖြစ်ပါစေဗျာ..

ကောင်းလိုက်တာဗျာ..........။
ဇာတ်အိမ်မပါသလိုပဲနော်
ဇာတ်ကောင်တွေကို ခွဲပြစ်လိုက်ရင်
ပိုပြီးကောင်းမယ်လို့ထင်မိတယ်။

ထင်မိမြင်မိတာလေးကိုပြောမိတာပါ။

အင်း..ချစ်သောသူတိုင်းညားကြပါစေ..
ညားသောသူတိုင်းသစ္စာရှိကြပါစေ................

ခင်မင်လျှက်
မဒမ်ကိုး

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More