http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, December 14, 2014

ကျွန်မ နေပျော်ခဲ့ပါတယ် မောင်

                           ကျွန်မ နေပျော်ခဲ့ပါတယ် မောင်
                      ======================



ကမ်းစပ်က လှိုင်းလေးတွေ ဂယက်ထနေချိန်မှာ ရေပြင်တစ်ခုလုံး တည်ငြိမ်နေပါစေလို့ ဆုတောင်းလိုက်တာဟာ အသိမဲ့ခဲ့လေမလား..။ ဒါမှမဟုတ် စကားလုံးလှလှသုံးပြီး ကလေးဆန်ကြည့်တာပါလို့ ဆိုလေမလား..။ သေချာမှုတွေကို ဝေဝေဝါးဝါးဖြစ်အောင် စိတ်ကိုပဲ လှည့်စားလိုက်ရမလား..။ အရာအားလုံးဟာ ဟိုတစ ဒီတစ စပြန့်ကျဲနေတဲ့ အပိုင်းအစတွေ အဖြစ်နဲ့ နေသားတကျ ရှိနေခဲ့တာ။

သတိတရ ရှိနေတာကို မေ့ထားဖို့ .. ကြိုးစားရတာ  လွမ်းနေရတာထက် ခံရခက်တယ်။ မတွေ့မိအောင် ကွေ့ရှောင်နေရတာကို မျက်နှာချင်း ဆုံအောင်လုပ်တော့ ... ကျွန်မနေရခက်တယ်...မောင်။ ဘာရယ် မဟုတ်ပါဘူး...တိတ်တဆိတ် ပျောက်ကွယ် သွားစေချင်ရုံလောက်ပါ။

Monday, November 10, 2014

တစ်ချိန်တုန်းက..... ဝက်ဝံရုပ်ကလေး

တစ်ချိန်တုန်းက …. ဝက်ဝံရုပ်ကလေး


ရင်ခုန်တတ်စအရွယ် မဟုတ်တော့ပေမယ့် အချစ်ဦးဆိုတာကို တက္ကသိုလ်ကျောင်းပြီးချိန်မှ ဆုံခဲ့ရသော သူကိုတော့ ကျွန်မ တစ်ခါတရံတော့ သတိရမိပါသည်။ အစွဲလန်းကြီးတတ်သူရယ်လို့ သူငယ်ချင်းတွေ ထင်ကြေးပေးခဲ့သလို သူ့အမြင်မှာတော့ ကျွန်မက မတုန်မလှုပ် အေးစက်စက်ရယ်ပါ။ အထူးသဖြင့် သူနှင့်ပါတ်သက်ခဲ့ရင် ကျွန်မနှလုံးသားတွေက အခုထိအောင် အေးစက်နေတတ်စမြဲ။ ဒါကို သူသာသိရင် ကျွန်မကို အရင်လိုပဲ ခွင့်လွတ်နေဦးမှာလား။ ဒါမှမဟုတ် သူရော အရင်လို ဟုတ်ပါတော့မလား ဆိုတာကိုတော့ ကျွန်မလည်း သေချာ မသိနိုင်တော့ပါ။

အချိန်တွေကို ရေတွက်ကြည့်မည်ဆိုလျှင်ပင် ဆယ်စုနှစ် တစ်ခုနီးပါးစာပင် ရှိရော့မည်ဖြစ်သည်။ သူရော ဘယ်ဒေသကို ရောက်နေပြီလဲ။ အိမ်ထောင်များ ကျနေလောက်ပြီလား။ သားသားမီးမီးတို့ဖြင့် အခြေကျနေပြီလား။ ဘာရယ်မျှ မသေချာ။ ကျွန်မမှာသာ ကံကြမ္မာ အလှည့်အပြောင်းကြားမှာ ခုချိန်ထိ မားမားမတ်မတ် တစ်ကိုယ်တည်း ရပ်တည်နေတုန်းရယ်ပါ။ တစ်ကယ်တော့လည်း သူနှင့်ပါတ်သက်သော အကြောင်းအရာတို့သည် မရေမရာ ဝါးတားတားမျှသာ။ အရင်လို သွယ်လျလျ မဟုတ်တော့သော ကျွန်မသည်ပင်လျှင် ဝဖြိုးသည်ဟု ဆိုရလောက်အောင်ပင် လူလတ်ပိုင်းအမျိုးသမီး အရွယ်သို့ ဝင်ရောက်လို့နေပြီ ဖြစ်သည်။ သူရော အရင်လိုပဲ သွယ်လျလျ ပါးလျှပ်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နေဆဲပဲလား။ အတွေးတို့က မရေရာ မသေချာ။ အခွင့်ကြုံလို့များ တစ်နေရာရာမှာ ဆုံခွင့်ရခဲ့လျှင် အရင်လို ရှက်ပြုံးတို့ဖြင့် ကျွန်မကို သူငေးကြည့်နေဦးမလားလို့ တစ်ခါတရံတော့ ကိုယ်လိုရာ ဆွဲတွေး ဖြစ်မိသည်ကတော့ အမှန်ပင်။

Sunday, September 7, 2014

တိုက်စားခံရသော... ကမ်းပါးအက္ခရာ








“ မလေး…ကို ကျွန်တော် ချစ်တယ်”
မပွင့်တပွင့် အသံမှာ ရှက်ဟန်တွေပါနေမှန်း မလေး မကြည့်ပေမယ့် ခံစားလို့ရနေမှာ အမှန်ပင် ဖြစ်သည်။ အဝေးကြိးကို ငေးကြည့်နေသော မလေး၏ မျက်ဝန်းများ ငေးရီနေခဲ့သလားဆိုတာ ကျွန်တော် မသိခဲ့ပေ။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပြင်းကြောင့် ဆံနွယ်အောက်က မလေး၏ မျက်နှာဝင်းဝင်းလေးကတော့ ကျွန်တော့်၏ ပင့်သက်မောတွေကို ခိုးယူလို့နေသည်။
ခဏအကြာမှာတော့ ဝင်လုလုဆဲဆဲ နေမင်းကြိးနှင့်အပြိုင် ကျွန်တော့်မျက်ဝန်းတွေလည်း နီစွေးလာခဲ့သည်။ ကျွန်တော်ဟာ မလေးနှင့် မျက်နှာခြင်း မဆိုင်ရဲသူပီပီ ကျောခိုင်းအနေအထာဖြင့် မလေးဆီမှ စကားသံတစ်ချို့ကို နားစွင့်နေခဲ့မိသည်။ မလေးသည်လည်းပဲ ကျွန်တော့်ကဲ့သို့ပင် စိတ်လှုပ်ရှားနေမလားဆိုသော အတွေး..တစ်ချို့ဖြင့်။
“မလေး …အစောကတည်းက ကြိုပြီး သိနေခဲ့ပါတယ်”
တည်တည်ငြိမ်ငြိမ် ဆိုတာထက် တုန်ခါမှုအလျင်းမရှိသော မလေးထံမှ စကားသံ အကြားမှာတော့ ကျွန်တော် ခြေထောက်တွေ ညွတ်ခွေကျသွား လိုက်ချင်မိသည်။ အသံကိုပဲ စောင့်မျှော်နေခဲ့သူမို့ ထင်သည်။ မလေး၏ မျက်ဝန်းတွေကို ရင်ဆိုင်ဖို့ အတွက် ကျွန်တော် သတ္တိမရှိခဲ့ပါ။ ကျွန်တော်က မလေးနှင့် ပါတ်သက်လာလျှင် ထိုထက် ပိုပြိး သတ္တိကြောင် ချင်သူပီပီ အမြဲပင် အလွဲများစွာဖြင့် ရှိနေတက်သူလည်း ဖြစ်သည်။
နောက်ထပ် တစ်ခွန်းတစ်လေများ ဆိုဦးမလားလို့ ကျွန်တော် မျှော်လင့်ခဲ့သော်လည်း မလေးဆီကတော့ နုတ်ဆိတ်ခြင်း များဖြင့်သာ တိတ်ဆိတ်လို့ နေသည်။ ထိုနေရာမှ  ထွက်ခွာရနိုးနိုး၊ ဆက်ပြီး ရပ်နေရမလိုလိုနှင့် ကျွန်တော်ထံမှာ ခွန်အားများလည်း မဲ့လို့ နေလေသည်။
နေဝင်ရီ တရောမို့ လေနုအေးတို့ကလည်း အပြေးသော့လို့ လာနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း လေတိုးသံ သဲ့သဲ့နှင့် တိုးလျလျ သက်ပြင်းချသံ တို့သာ ကြီးစိုး၍ နေလေတော့သည်။
“ကျွန်တော် နားလည်ပြီ.. မလေး… ပြန်ကြရအောင်နော်”
ခဏလေး… မလေး တစ်ယောက်ထဲ အရင် ပြန်နှင့်လိုက်မယ်..”
ပြန်ကြရအောင်ဟု စ၍ ပြောသူက ကျွန်တော်။ တစ်ယောက်တည်း ပြန်ဖြစ်သွားသူက မလေး။ အပြောနှင့် အလုပ်ကို လက်တွေ့ အသုံးချပြပြီး တရွေ့ရွေ့ ထွက်ခွာသွားသော မလေးက ကျွန်တော့်ကို တစ်ချက်လေးမှတောင် စောင်းငဲ့ မကြည့်သွားခဲ့ပါ။
ကျွန်တော့ကသာ ထွက်ခွာသွားသော မလေး၏ တလွင့်လွင့် လှုပ်ရှားနေသော ဆံနွယ်တွေနှင့်အတူ နောက်ကျောမှနေ အရိပ်လေး မှုန်ပြပြ ဖြစ်သွားချိန်ထိ ငေးမောလို့ ကောင်းနေဆဲ။
ကျွန်တော် ဝမ်းနဲနေခဲ့တာလား…
ရှက်နေခဲ့တာလား..
မသေချာသော ခံစားမှုများနှင့် ကျွန်တော် တစ်ယောက်တည်းရယ်…

Sunday, August 31, 2014

တစ်နေ့နေ့... တစ်ချိန်ချိန် ... တစ်နေရာရာ၌




မီ.. ရေ ပြောစရာရှိတယ် သိလား … မင်းအတွက် ကိုယ် သဲလွန်စတစ်ခု ရခဲ့တယ်” ဟု အသံပြုလိုက်သော သူငယ်ချင်းမလေးကို လှည့်ကြည့်ရင်း လုပ်လက်စအလုပ်ကို လက်စသတ်ကာ ဘာလဲဟူသော သိလိုစိတ်ဖြင့် သူမကို မီ ပြုံးပြလိုက်သည်။ “ မင်းရဲ့ စိတ်ပုတ်ကို ကိုယ်မနေ့က  တွေ့လိုက်တယ်သိလား…. ”  ဟင်ဆိုတဲ့ အာမေတိတ်သံဖြင့် မီရင်ထဲမှာ လှိုင်းတို့ ထန်လေသည်။
“ မင်းဟာက သေချာရဲ့လားကွာ သူမဖြစ်နိုင်ပါဘူး”  မချင့်မရဲ မယုံရဲဟန်ဖြင့် မီဆိုလေသော အခါ သူငယ်ချင်းက “ဟာကွာ.. မီကလည်း ကိုယ်က မသေချာပဲပြောပါ့မလား၊ ပြိးတော့ လူမှားရအောင်လည်း မင်းရဲ့ စိတ်ပုတ်လိုမျိုး လူက နှစ်ယောက်ရှိနိုင်ပါ့မလား” ဟူ၍ အသေအချာ အခိုင်မာ ဆိုသောအခါ မီမှာ အံသြရင်း အံသြရပြန်သည်။ အံ့သြစိတ်ဖြင့် “ဘယ်နေရာမှာ တွေ့ခဲ့တာလဲ ….ပြောပြဦးလေ” ဟုမီဆိုတော့ မချိုမချဉ်အပြုံးဖြင့် “ အိပ်မက်ထဲမှာ ..” ဟုဖြေသော သူငယ်ချင်းမလေးကို မီတစ်ယောက် အသံတိတ်ဆဲရေးလိုက်မိသည်။

Tuesday, May 6, 2014

ကကြိုးနှစ်ဆယ့်တစ်


“ကြိုးနှစ်ဆယ့်တစ်”



ချစ်ရပါသော မောင်နှမတွေကို အိန်ဂျယ်ရဲ့ ဒုတိယမြောက် စီစဉ်ထုတ်ဝေ ဖြစ်သော “  ကကြိုးနှစ်ဆယ့်တစ်  (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု) ”  စာအုပ်လေးနှင့် မိတ်ဆက်ပေးချင်ပါတယ် ..ရှင်။


အခုဆိုရင် အိန်ဂျယ့်ကိုယ်တိုင် စီစဉ် ထုတ်ဝေသော စာရေးသူ ဘလော့ဂါ အယောက်(၂၁)ဦး ပါဝင်ရေးသား ထားကြသည့် ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု) အမည်ရှိသော စာအုပ်လေးကတော့ မကြာခင် အချိန်အတွင်းမှာ  ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အနုပညာ ပန်းများ ခြံရံထားသော ၊ စာရေးသူ မောင်နှမများ၏ နှလုံးသား ပဲ့တင်သံများ နှင့်အတူ ဘဝရသ အစစ်များ ခံစားကြ ရမည်ဟု ယုံကြည်မိပါတယ်။ 

Sunday, December 1, 2013

ကျွန်မ ရှင့်ကို မကြိုက်ခဲ့ဘူး





ကျွန်မ ရှင့်ကို မကြိုက်ဘူး။ သဘောမကျဘူး။ မနှစ်သက်ဘူး။ ဒီထပ်ပိုပြီး ရှင်းလင်း ပြတ်သားတဲ့ ဝေါဟာရ ရှိခဲ့မယ်ဆိုရင် ကျွန်မ ရှင်သိအောင် ပြောပြချင်သေးတယ်။ ကျွန်မရှင့်ကို မကြိုက်တဲ့ အကြောင်းတွေကိုပေါ့။ ရှင့်ကို မကြိုက်တဲ့ အကြောင်းအရာတွေကို ချပြရမယ်ဆိုရင် ကျွန်မဘဝရဲ့ လေးပုံပုံရင် သုံးပုံစာက ရှင့်ကိုမကြိုက်တဲ့ အကြောင်းတွေကြိးပဲ ဖြစ်နေတော့မှာ။

ယောက်ျားလေး ဖြစ်ပါရက်နဲ့ သန့်ပြန့်လွန်းနေတဲ့ ရှင့်ရဲ့ အပြုမှု၊ အနေထိုင်တွေကအစ ကျွန်မ မကြိုက်ဘူး။ လိုတာထပ် ပိုပြီး သပ်ရပ်နေတက်တဲ့ ဝတ်စားဆင်ယင်မှုက ကျွန်မကို မျက်စိ စပါးမွှေးစူးစေတယ်။ ညိုညက်နေတဲ့ ခြေချောင်းလေးတွေကတစ်ဆင့် ဖွေးသန့်နေတဲ့ ခြေသဲခွံအဖြူရောင်တွေက အနက်ရောင်ကတ္တီပါ ဖိနပ်ပေါ်ကနေ ကျွန်မကို လှောင်ပြောင်နေသလိုပဲ။

ရှပ်အကျီအဖြူရောင်ကိုမှ ကွပ်စိပ်အဆင်အမျိုးမျိုးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ရှင်ပုံစံက ရုံးစာရေးတစ်ယောက်မှန်း မမေးပဲ သိသာစေတယ်လေ။ ဘာရယ်လို့ ကျွန်မ မသိတဲ့ ဖိုင်တွဲတစ်ခုနဲ့ ရှင့်ခါးကြားက ထီးခေါက်ကြီးကိုလည်း ကျွန်မ ကြည့်မရပြန်ဘူး။

Sunday, November 10, 2013

အရောင်မဲ့ခဲ့သော






၁။

နိုဝင်ဘာဟာ အရင်လိုပဲ ကိုယ့်အပေါ် အေးစက်စက်ဆက်ဆံတယ်။ သူ့ကြောင့်ပဲ အပင်တိုင်းလိုလိုက အရွက်တွေက ဝါတာကတစ်မျိုး နီစေတာကတသွယ်နဲ့ နောက်ဆုံးတော့လည်း ကြွေဖို့ဆီကိုပဲ ဦးတည်ကြရတယ်လေ။ နိုဝင်ဘာကတော့ သူ့ဘဘာဝ မထီမဲ့မြင် ပုံစံအတိုင်း အေးစက်စက်နဲ့ သူ မဟုတ်သလို ခပ်တည်တည် ရယ်သာ။ တစ်ခါတရံလည်း တစ်နေ့လုံးကို မြူတွေနဲ့ အုပ်ဆိုင်းနေစေသလို၊ တစ်ခါတစ်လေတော့လည်း အေးစက်စက် မိုးရေစက်တွေနဲ့ ခိုက်ခိုက်တုန်စေပြန်တယ်။ နေရာတိုင်းမှာ ဟိုဒီ ပြေးလွှားနေတဲ့ ရွက်ကြွေတွေဟာ လေအဝှေ့မှာ ယိမ်းလို့ တိမ်းလို့။ လွင့်ချင်ရာ လွင့်နေကြဆဲ။ ရွက်ကြွေဘဝကို နာကျင်ဖို့တောင်မှ သတိမရနိုင်အောင်ပဲ ပြေးလွှားနေကြပြန်တယ်။

“ဟေ့ တစ်ယောက်တည်းလား၊ အဖော်မပါဘူးလား၊ ဈေးလာဝယ်တာ ထင်တယ်”

အသံနဲ့အတူ လက်ကိုဖမ်းဆုပ်ကာ နှုတ်ဆက်ဟန် ပြင်နေတဲ့ မျက်မှန်းတန်းမိရုံသာ ရှိတဲ့ အမျိုးသမီးကို အလိုက်သင့်ပဲ ပြုံးပြလိုက်တယ်။ မနေ့တစ်နေ့ကမှ လူသစ်အဖြစ် ပြောင်းလာသူ မဟုတ်သော်လည်း ကိုယ်တိုင်က လူတွေနဲ့ သိပ်ရောရောနှောနှောနေရတာကို မနှစ်သက်သူမို့ ဘယ်သူ့ကိုမှ အရေးတယူ နှုတ်ဆက်တာမျိုး မလုပ်ခဲ့သလို ကိုယ့်ကို တရင်းတနီး လာနှုတ်ဆက်တော့လည်း မရိုင်းချင်သူမို့ ပြုံးလိုက်ခြင်းမျှသာ။ ဒါကိုပင် အလိုက်မသိတဲ့ သူမက ဆွဲထားသော ကျွန်မလက်ကို လွတ်ဖို့မေ့နေဟန်နဲ့ အမေးစကားတွေကို အားမနာစတမ်း ဖောင်ဖွဲ့နေပြန်တယ်။ စိတ်ရှုပ်စွာပဲ သူမရဲ့ လက်ထဲမှ မသိမသာရုန်းထွက်ရင်း သူမရဲ့ အမေးစကားတွေထဲကပါ သိသိသာသာပဲ ရှောင်ထွက်ဖို့ ကျွန်မကြိုးစားလိုက်တယ်။

Saturday, August 31, 2013

Happy Blog Day

သြဂုတ်လ (၃၁)နေ့ဟာ ဘလော့ဂါများနေ့ တဲ့။



တစ်ကယ်ဆို ဘလော့သက်တမ်းအရ ... ( ၃ ) နှစ်သမီးတောင် မပြည့်သေးတဲ့ နှစ်နှစ်ကျော်ကျော် လမ်းလျှောက်တတ်တဲ့ အရွယ်လေးလို့ ပြောရမှာပါပဲ။ ကလေးငယ်တစ်ယောက် အနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တီတီတာတာနဲ့ အတော်လေး ချစ်စရာကောင်းနေမယ့်  အရွယ်လေးပဲလို့ ဘာရယ်မဟုတ် တွေးမိပြီး တစ်ယောက်တည်း ပြုံးလို့ သဘောတွေ ကျနေမိတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် တင်္ဂပေးတဲ့ အကိုရန်အောင်ကိုလည်း ကျေးဇူးပါလို့..:) သတိတရ ရှိနေပေးတဲ့အတွက်ပါ။ 

Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် (Tag Post)

မမ သက်ဝေ Tag ပို့စ်လေးကြောင့် ကိုယ်တိုင် အရောက်နည်းခဲ့ပြီဖြစ်သော ဘလော့လေးမှာ ပြန်လည် ခြေချမိတယ်ဆိုရင်ပဲ ပိုင်ရှင်မဲ့နေသော အိမ်လေးကို သတိတရ အလည်ရောက်ရှိခဲ့တဲ့ မိတ်ဟောင်း၊ မိတ်ဆွေများရဲ့ နှုတ်ဆက်သံဟာ အိန်ဂျယ့်ကို ဘလော့ဂါတစ်ယောက် ဆိုတာကို အသိပေးလိုက်တဲ့ ခေါင်းလောင်း သံလေးများလိုပါပဲ။ မင်္ဂလာ ရှိသော ညချမ်း၊အချိန်ခါလေးမှာ ချစ်စွာသော မောင်နှများအားလုံး စိတ်ရော ကိုယ်ပါ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ပါစေလို့ ဆန္ဒပြုရင်း ဘလော့လောကကို ပြန်လည် ခြေချလိုက်ပရစေရှင်။


တဂ်ပို့စ်လေးရဲ့ ခေါင်းစဉ်က " အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန်" လို့ ဆိုတာကြောင့် နောက်တစ်ရက် မကူးခင်ပဲ မရှိမဲ့ရှိမဲ့ တစ်အိတ်တည်းသော အိန်ဂျယ့်ရဲ့ အိတ်လေးကို မှောက်ချ သွန်ချလိုက်ပါတော့တယ်။ မကြီးလွန်း၊ အသေးလွန်းသော အလယ်လတ်စား အိတ်တွေကိုမှ နှစ်သက် သဘောကျတတ်တဲ့ အိန်ဂျယ့်အတွက်တော့ အိတ်ထဲမှာ သိပ်အများကြီး မရှိတာသိရတဲ့အခါ အနည်းငယ်ပင် အားငယ် သွားသယောင်ယောင်ပါပဲ။ ကိုယ့်အစ်မတွေ ရေးထားတဲ့ သူတို့ရဲ့ အသီးသီးသော အိတ်တွေဟာ အမယ်မျိုးစုံနဲ့ စုံလင်နေတာမို့ အားငယ်မိတာတော့အမှန်:) ။

Monday, June 3, 2013

ရင်ထဲက သုံးရာသီ


ရင်ထဲကသုံးရာသီ



အိမ်အပြင်ဘက်မှာ နှင်းပွင့်များ တဖွဲဖွဲကျနေသည်မှာ ပန်းချီကား တစ်ချပ်ပမာ ရှိလှ၏။ အမြင်သာလှ၍ မေးခိုက်အောင်ပင် ချမ်းစိမ့်နေစေသော နှင်းတွေကို အဝေးကနေပဲ ချစ်ပရစေဟု တစုံတယောက် ပြောခဲ့ဖူးတာကို ကျွန်မ ပြန်လည် အမှတ်ရမိသည်။ ဆောင်းရာသီမို့ သစ်ပင်တို့တွင် အရွက်များလည်း မရှိတော့ချေ။ သစ်ပင်အို၏ ကိုင်းဖျားတစ်ခုမှာ နားနေသော ငှက်ကလေး တစ်ကောင်ကို အကြောင်းမဲ့ ငေးကြည့်နေမိလျှက်မှ သူကလေး ချမ်းနေရှာမှာပဲဟု ဂရုဏာသက်စွာ တွေးနေမိသည်။ ထိုအချိန်မှာပဲ ငှက်ကလေး၏ နံဘေးကို သူနှင့် ပုံသဏ္ဍန်တူသော တခြား ငှက်ကလေး တစ်ကောင် ရောက်လာချိန်မှာတော့ ဘာရယ်မဟုတ်ပဲ ကျွန်မ နှုတ်ခမ်းတွေ ကွေးညွတ်သွားအောင်ပင် ပြုံးမိသွားရသည်။ ထိုအပြုံးတွေမှာ ကျေနပ်မှု၊ ကြည်နှုးမှုတွေ အပြည့်ရှိနေသည်။

ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းသော ဘဝခရီးလမ်း ဖြစ်ပါစေ၊ မိမိနှင့်အတူ အေးအတူ၊ ပူအမျှ ခံစားနားလည် ပေးမည့်သူ တစုံတယောက်သာ ရှိနေခဲ့မယ်ဆိုလျှင် ဟူသော အတွေးလေးတခု တွေးမိချိန်မှာ ကျွန်မ ရင်ဘတ် တစ်ခုလုံး ဟာဆင်း သွားခဲ့ရသည်။ အတူယှဉ်တွဲလို့ ဟိုဒီဝဲပျံ အစာကောက်နေသော ငှက်ကလေး နှစ်ကောင်ကို ငေးကြည့်နေလျှက်မှ နွေးထွေးစွာ ဆုပ်ကိုင်မည့် လက်တစုံကို မွတ်သိပ်စွာပင် တောင့်တမိသည်။ ချမ်းစိမ့်သော နှင်းတွေကြားမှာ တစ်ယောက်လက်ကို တစ်ယောက်က မြတ်နိုးစွာ ထွေးဆုပ်၍ နှင်းတောထဲ၌ ကလေးဆန်စွာ ပြေးလွှား ကစားချင်နေမိ၏။

“ ကလေးလည်း မဟုတ်ပဲနဲ့ ကလေးဆန်လိုက်တာ” ဟု အပြစ်တင်သံ မဟုတ်သော ရယ်မောသံ တစ်ဝက်နှင့် ကြည်စားတက်သော သူ့မျက်ဝန်းတွေကို ကျွန်မ လွမ်းသွားရသည်။ သူနှစ်သက်သော သံစဉ်တစ်ချို့ကို ခပ်တိုးတိုးဖွင့်ပြီး  သူ့မျက်လုံးလေးများကို မှေးစင်းကာ စီးချက်ကျကျ လိုက်ကတက်သော သူ့အပြုမှုလေးတွေကလည်း မဖိတ်ခေါ်ဘဲ ကျွန်မအတွေးထဲသို့ အစီအရီ ဝင်ရောက်လာ ကြပြန်သည်။ တောင်ပေါ်ဒေသလည်း ဖြစ်သလို နှင်းတွေနှင့် ပြည့်နေတတ်တာမို့ “ ကားကို ဂရုစိုက်မောင်းနော်” ဆိုသော စိတ်မချဟန်ဖြင့် ကလေးတစ်ယောက်ကဲ့သို့ သတိပေးတတ်သော သူက ကျွန်မ အတွေးထဲ ဝင်ရောက်လာခဲ့သော အခါ  သတိတရဖြင့် ပြုံးမိရပြန်သည်။

Saturday, May 25, 2013

" သောက "




" သောက "


စကားလုံးက နှစ်လုံးတည်း


ဒါပေမယ့် ..

ဘဝပေါင်းများစွာရဲ့....မျက်ရည်ကိုခြွေ

သူဟာ..လောက 

" တစ္ဆေ " 



Angelhlaing

Friday, May 24, 2013

Wednesday, May 8, 2013

အနုပညာစစ်ဖို့ လမ်းသစ်ထွင်ပါ



ပုခုံးချင်းယှဉ်..
မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….

လက်တွေနဲ့ စိတ်ကူးဆိုတာ…
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး

Saturday, May 4, 2013

အစိမ်းရောင် နေ့ရက်များ၏ သံစဉ်




ကျွန်တော်၏ အတွေး၊ အာရုံ၊ စိတ်၊ ခံစားမှု စသည့် အရာအားလုံး အေးစက် မာကြောတက်ခဲ့သည်မှာ အချိန်ကာလ အတန်ပင် ကြာညောင်းခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း အေးစက် မာကြောသော နှလုံးသား တစ်စုံက အတိတ်ဆိုတဲ့ စိတ်နံရံ တခါးကို မကြာခဏ ဆိုသလိုပင် ထိတွေ့ နေမိဆဲပင်။ ထိုသို့ ထိတွေ့  မိတိုင်းလည်း တစ်ခါတစ်ရံ ကြည်နူးခြင်း၊ တစ်ခါတစ်ရံ ဆွေးမြေ့ခြင်း၊ လွမ်းဆွတ် သတိရခြင်း၊ တခါတရံတော့လည်း နာကျင် ကြမ်းရှသော အလွမ်း ဒဏ်ရာတွေသာ ကျွန်တော်ထံသို့ ပြေးကြို နှုတ်ခွန်း ဆက်သလေ့ ရှိနေပြန်သည်။
ရည်ရွယ်ချက်ဖြင့် မေ့ထားခြင်း မဟုတ်သော သတိရခြင်းတွေက ကျွန်တော့် အတွေးတံခါးဆီ မကြာခဏ လာရောက် တံခါးခေါက် တက်ကြသည်။ ထို့အတူ တမ်းတခြင်းတွေကလည်း ကျွန်တော့်၏ ခွင့်ပြုချက် မရသော်လည်း အလျှင်လို လှစွာဖြင့် အမောတကော အပြေး ခိုဝင်တက် ကြသေးသည်။
ကျွန်တော့်၏ စိတ် အစဉ်တွင် အပြာရောင် ဇစ်ပို မီးခြစ်တစ်လုံး၊ ဝိုင်းစက်၍ ရွန်းလဲ့နေသော မျက်ဝန်းတစ်စုံ၊ ပိရိသေသပ်တဲ့ အပြုံး (သို့မဟုတ်) အဓိပ္ပါယ် ဖော်ဆောင်ရန် ခက်ခဲ၍ လျိုဝှက်တက်သော နုတ်ခမ်းတစ်စုံ၊ ကြက်ခွပ်လှိုင်း ကလေးများလို ချစ်စရာ ကောင်းသော အတက်အကျ ဟန်ချက်ညီစွာ ခပ်သော့သော့ ရယ်မောတက်သော ရယ်သံ ချိုချိုလေးများက အချိုးကျစွာ နေရာတကျ ဝင်ရောက်၍ လာသည်။
ဆေးလိပ် မသောက်တက်သော သူမထံမှာ အပြာရောင် ဇစ်ပိုမီးခြစ် တစ်လုံး ကိုယ်နှင့် မကွာ ရှိနေ ရခြင်းနှင့်  အလား သဏ္ဍန်တူသော နားမလည်နိုင်ခြင်း၊ တစ်နည်းအားဖြင့် သူမနှင့် အံဝင်ခွင်ကျ မဖြစ်နိုင်သော အရာများစွာတို့ဖြင့်  စီရင် ဖန်ဆင်း ခံထားရသောသူ တစ်ယောက် ဟုပင် ထင်မြင် မိလေသည်။

Sunday, March 31, 2013

“ အလွမ်းဟု…. မမြည်စေရ”



ကာလအတန်ကြာ လွမ်းနေခဲ့ရတဲ့ နေရာလေးကို တိတ်တိတ်ကလေးပဲ ခြေချလိုက်တော့မယ်။ လွမ်းမော ဆွံ့ပျံ့ဖွယ် ရေတမာပင်လမ်းတွေကို တစ်ကိုယ်တည်းပဲ လျှောက်ဖြစ်မယ်ထင်တယ်။ ကန်ရေပြင်ပေါ်မှာ ဆော့ပြေးကစားနေတဲ့ ကြက်ခွက်လှိုင်းလေးတွေနဲ့ ရေမျက်နှာပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့် လေတိုးသံသဲ့သဲ့ကို ဂီတတစ်ခုလို နားဆင်မယ်။ နံဘေးမှာ မရှိနေတဲ့ ချစ်သူဆီကို အတွေးနဲ့ တီးတိုးစကားဆိုတဲ့အခါ …ကိုယ်တစ်ယောက်တည်း ရှက်ပြုံးလေးနဲ့ ပြုံးနေမယ်။ ဒီအချိန်ဆို ပိတောက်နဲ့အတူ ငုတွေလည်း လှိုင်နေတော့မယ်..။ ပန်း မပန်တက်ပေမယ့် ပန်း ချစ်သူမို့ ငုပန်းတွေအောက်မှာ.. ခြေဆင်းထိုင်ရင်း ငေးမောဖြစ်မယ်ထင်တယ်။

ပိတောက်နဲ့အတူ အေးမြတဲ့ ရေစက်ရေမှုန်လေးတွေကို ထိတွေ့ဆော့ကစားမယ်။ တစ်ချို့တစ်ချို့သော အပြောင်းအလဲတွေကို ပြန်လည်ဆန်းစစ်ရင်း တိတ်ဆိတ်သော နေရာတစ်ခုမှာ ကိုယ်တစ်ယောက်တည်း အတွေးနယ်ချဲ့နေလိုက်မယ်။ ရှုပ်ထွေးလှများပြားလွန်းတဲ့ လူတွေရဲ့ လှုပ်ရှားမူကို အေးချမ်းတဲ့ နေရာလေးတစ်ခုကနေပြီး ကော်ဖီတစ်ခွက်နဲ့ ထိုင်ငေးမယ်။ မိုးလင်းသွားမှာ စိုးထိတ်နေသလိုမျိုးနဲ့ ညအခါ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကြယ်တွေနဲ့ စကားပြောမယ်။ (ဘာလိုလိုနဲ့ ညအချိန်မှာ ကောင်းကင်နဲ့ ကြယ်တွေကို မခံစားမိရတာ အတော်ကြာခဲ့ပြီ….ပဲ)။

Saturday, March 16, 2013

မှောင်နေတဲ့ အလင်း




တကယ်ဆို
ပျောက်ဆုံးသွားခဲ့တာ..
ပြက္ခဒိန် တခု မဟုတ်ပါဘူး  သက္ကရာဇ် တခုပါ

နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...

ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တယ်

Monday, February 18, 2013

အရိုင်းတစ်ကောင်၏ အဖေသို့ တမ်းတခြင်း




တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…

သိမ်မွေ့တဲ့ အဖေအပြုံးကို
အဓိပ္ပါယ်တွေ ဖွင့်ဆိုရင်း ညတွေက ပိုနက်လာသလို
အဖေ ရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ် ..
အဲ့လိုသာဆို အဖေ့ရဲ့ ဆုံးမသံတွေ အခုထက် ပိုရခဲ့မှာ အမှန်ပဲ….

ဖြစ်နိုင်မယ် ဆိုရင်လေ
အဖေမသိနိုင်တော့တဲ့.. ပြောင်းလဲလာတဲ့ ဝေါဟာရတွေ
အဖေနဲ့ ဆွေးနွေးချင်သေးတယ် …

Monday, January 21, 2013

မိုင်တိုင်နှစ်ဆယ်

 


ချစ်ရပါသော မောင်နှမများကို အိန်ဂျယ့်၏ ဝှက်ဖဲလေးတစ်ချပ်ဖြင့် မိတ်ဆက် ပေးပရစေရှင်။ အဲ့ဒီ ဝှက်ဖဲလေးကို အကို(ကိုကိုမောင် (ပန်းရနံ့)) ပြောသလို ဂျော်ကာဖဲချပ်လေး ဖြစ်ဖို့လည်း မျှော်လင့်မိပါတယ်လို့…. :)  :)

 
၂၀၁၂ ခုနှစ် စက်တင်ဘာလမှ အစပြုပြီး အမှတ်တရ အဖြစ် မဝင့်မရဲ မျှော်လင့်မိသော အိပ်မက်လေးတစ်ခုကို အကောင်အထည် ပုံဖော်ကြည့်ရန် အတွက် မရဲတရဲလေး ဆုပ်ကိုင်မိသော မျှော်လင့်ချက်လေး တစ်ခုဖြင့် လမ်းတစ်ခုကို စမ်းလျှောက်ဖြစ်ခဲ့သည်။ အိန်ဂျယ့် ဘဝမှာ စိတ်လှုပ်ရှား စရာ အကောင်းဆုံး အချိန် တစ်ခု ဖြစ်ခဲ့သလို မြေစမ်း ခရမ်းပျိုးရသလို စိုးရိမ်စိတ်ကလေး သဲ့သဲ့ဖြင့် စောင့်မျှော်နေရသော ကာလတစ်ခုအဖြစ်  ညတာ အလွန် ရှည်လျား လွန်းလှသော ဆောင်းညများလည်း ဖြစ်ခဲ့သည်။

Friday, December 28, 2012

2012 ရဲ့ ဖြတ်သန်းမှု သံစဉ်

 



 Black Rose (သို့) မမ ပစ်ပစ်ရဲ့ Tag Post လေးပါ ....။

တစ်ကယ်တော့ ၂၀၁၂ က အိန်ဂျယ်အတွက် တစ်ချို့ကိစ္စတွေမှာ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ အပြောင်းအလဲတွေလည်း ကြုံရတယ်။ စိတ်ညစ်စရာတွေလည်း ရှိခဲ့တယ်။ ရင့်ကျက်လာတယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပေါ်လာဖို့ အခိုက်အတန့် နာကျင်ခံစားရတာတွေ၊ ရုန်းကန်ကျော်ဖြတ် ရတဲ့ အခက်အခဲတွေက အဆင်သင့်ဆိုသလို ဘဝမှာ ရှိနေတက်တယ် မဟုတ်လား။ တစ်ခါတစ်လေ ကျရှုံးတာဆိုတာ ဖြစ်တက်ပါတယ်။ စိတ်ဓါတ်ရေးရာပဲဖြစ်ဖြစ်၊ ခံစားမှုပိုင်းမှာပဲ ဖြစ်ဖြစ် ၊ စီးပွားရေး ပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့လေ။ ဘယ်လို ကျရှုံးမှုတွေ အတွက်ပဲ ဖြစ်ဖြစ် ခေတ္တ ခဏပဲ ဖြစ်သင့်တယ် မဟုတ်လား။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More