http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, June 1, 2011

မိုး..(သို့) မိုးရဲ့ အမှတ်တရလေးများ

တစ်ကယ်တော့ မိုးဆိုတာ ကျွန်မအတွက် စိမ်းတဲ့ ဝေါဟာရ တစ်ခု မဟုတ်သလို မိုးတွင်းကာလ တစ်ခုဖြစ်တဲ့ ဇွန်လရဲ့ မိုးသည်းတဲ့ ညမှာပဲ လူ့လောကထဲ ဝင်ရောက်ခဲ့ရသူ တစ်ယောက်ဖြစ်၏။ မိုးတွင်း ကာလမှာ မွေးဖွားခဲ့သူ တစ်ယောက် ဖြစ်တဲ့ အပြင် မိုးနဲ့ ပါတ်သက်တဲ့ အတိတ်ရိပ်တွေလည်း မရိုးနိုင်အောင်ပဲ ရှိခဲ့သည်လေ။ တမင်တကာ မဟုတ်တောင် အမြဲမေ့နေတက်တဲ့ မွေးနေ့နဲ့ အတူ တစ်ချို့ အတိတ်က အမှတ်တရတွေ ပြန်လည် တူးဖော် မိတိုင်း မိုးနဲ့အတူ ကျဆင်းခဲ့ဘူးတဲ့ မျက်ရည်တွေက အထင်ကရ မဟုတ်ပေမယ့် မှတ်မှတ် ရရရှိနေခဲ့သည်။ မိုးလို့ အသံကြားရုံနဲ့တင် ကျွန်မရင်မှာ အလိုလို နွေးနေ တက်သလို ရံဖန်ရံခါ မဖိတ်ခေါ်ပဲ ရောက်လာတက်တဲ့ မျက်ရည်စက်တွေကို မိုးရေအောက်မှာ ပြေးဝင် ပုန်းခိုပြိး လူမသိစေဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့ရတာလဲ အခါခါပဲလေ။

##############

သည်းသည်းမဲမဲ ရွာနေတဲ့ မိုးက အငြိုးကြိးလှစွာ လေရောမိုးပါ အားကြီးလှ သဖြင့် အိမ်ရှေ့မှ အုန်းပင်တွေ ခြေတံရှည် အိမ်လေးပေါ် ညွတ်ကျမတက် ယိမ်းနွဲ့လို့နေ၏။  အိမ်ခေါင်းရင်း ခြံထောင့်မှ သရက်ပင်မှ ကိုင်းတစ်ကိုင်းက အိမ်အမိုးနဲ့ မလွတ်လို့ လေလာတိုင်း တစ်ဝုန်းဝုန်းရိုက်ကာ တိတ်ဆိတ်တဲ့ ညအလည်မှာ မိုးချိမ်းသံနှင့်အတူ ဆူညံလို့ နေ၏။ အိမ်ပြန်ချိန် ရောက်သည့်တိုင် ရောက်မလာသေးတဲ့ အမေနဲ့အဖေ ကိုမျှော်ရင်း မောင်နှမ လေးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လို့။ ဖယောင်းတိုင် မီးလေး တစ်တိုင်က မောင်နှမတွေ အလည်မှာ လေအဝှေ့မှာ မှိန်တစ်ချက် လင်းတစ်ချက်။ ညက မှောင်သထပ် မှောင်လို့ တိတ်ဆိတ် လာသည်။ ကြောက်စိတ်ကြောင့် အသက်တောင်မှ ရဲရဲမရှူဝံ့။ မျက်စိရှေ့က မြင်နေရတဲ့ အစ်ကိုကြိး ရုတ်တရက် ပျောက်သွားမှာ စိုးသည့်အလား မျက်တောင် မခတ်ရဲအောင် စိုက်ကြည့်နေတဲ့ (၇)နှစ်အရွယ် ကောင်မလေး တစ်ယောက်။

အမိုးမလုံတဲ့ အိမ်ခေါင်းမိုးမှ မိုးရေတွေကလည်း ဟိုတစ်ကွက် ဒီတစ်ကွက် မိုးယိုလို့။ မိုးပေါက် ကျနေတဲ့  ရေကွက်တွေ လွတ်ရာ နေရာလေးတွေမှာ စုစုစည်းစည်း ထိုင်နေတဲ့ အချိန်။ အာရုံထဲမှာ အမေနဲ့ အဖေ အိမ်မြန်မြန် ပြန်ရောက်ဖို့ အတွေးတစ်ခု သာရှိနေ၏။ လေရော မိုးပါ ကြမ်းသဖြင့် တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေး အော်ပြောမှ ကြားရတဲ့ အနေအထား။ အစ်ကိုကြိးက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလို့ " မိငယ် နင့်အတွက် တီကောင် ငါသွားယူ ပေးမယ် " လို့ ပြောတဲ့ အချိန် ကမ္ဘာပျက်မတက် ထိတ်လန့်မှု တစ်ခု။ တီကောင်ဆို သေမလောက် နေစရာ မရှိအောင် ကြောက်တဲ့သူ။ အစသန်တဲ့ အစ်ကိုကြိးကြောင့် ပြေးပုန်းစရာ နေရာမရှိ။ နေ့လည်ဘက်ဆို ခြေဦးတည့်ရာ ပြေးဖို့ နေရာတွေ ထင်ထင်ရှားရှား။ ယခုက ညကြိး အချိန်မတော်။ အပြင်မှာ ရွာနေတဲ့ မိုးတွေက ကြောက်ခမန်းလိလိ။ 

အားကိုးတစ်ကြီး ပြေးပုန်းဖို့ နေရာရှာတော့ ကလေးအတွေးနဲ့ ပြေးစရာ မြေက ဘုရားစင် အောက်မှာ အသင့်လိပ်ပြိး ထောင်ထားတဲ့ ဖျာလိပ်ကို မျက်လုံးထဲ ပြေးမြင်လို့။ ဖျာလိပ်ထဲ ဝင်ပုန်းဖို့ နေရာယူပြိးရုံ ပဲရှိသေး ညာသံပေး ခြောက်လန့်လာတဲ့ အစ်ကိုကြိးရဲ့ အသံကြောင့် ကြောက်လန့်တကြား ထရံကိုမှီပြိး အားပြုရုံ ရှိသေး ဟောင်းနွမ်း ဆွေးမြေ့ နေပြီဖြစ်တဲ့ အိမ်ရဲ့ ဝါးထရံက (၇) နှစ်သမီး တစ်ယောက်ရဲ့ အားကုန် တိုးတိုက် မှုကိုတောင် ခံနိုင်ရည်မရှိပဲ ထရံကွာကျကာ လူရော၊ဖျာလိပ်ပါ ပွင့်ကျခဲ့ရသည်။ အိမ်ရဲ့ အောက်ခြေ အုတ်ဖိနပ် စောင်းနဲ့ ခေါင်းနဲ့ တစ်သားထည်း ကျလို့ ခေါင်းပေါက်ခဲ့ရတဲ့ ဘဝကို မိုးသည်းည အမှတ်တရ အနေအဖြင့် ပထမဆုံး ရခဲ့ရလေသည်။ သေရာပါမဲ့ အမာရွတ် နဲ့အတူ မိုးနဲ့ ပါက်သက်တဲ့ ပထမဆုံး အမှတ်တရလေး တစ်ခု အဖြစ်နဲ့ပေါ့။

####################

နွမ်းပါးတယ် ဆိုပေမယ့် နွေးထွေးတဲ့ အမေရဲ့အိမ်မှာ မောင်နှမတစ်တွေ သူတစ်ခွန်း၊ ငါတစ်ခွန်း အပြိုင်ဆိုင် ငြင်းခုန်ကြရင်း ဆူညံနေ တက်ပေမယ့် အမြဲတမ်း ပြုံးနေတက်တဲ့ အမေနဲ့ အဖေ မျက်နှာ။ တစ်ယောက်နဲ့ တစ်ယောက် မခံချင်အောင် အပြန်လှန် စကားနိုင်လုရင်း တိတ်ဆိတ်မှု ကင်းတဲ့ ဆူဆူ ညံညံ ထမင်းဝိုင်းတစ်ခု။ အမေချက်တဲ့  အသီးအရွတ်တွေ အစုံအလင်နဲ့ ငရုတ်သီးစိမ်း များများနဲ့ ချဉ်ငန်စပ် ဟင်းပွဲကြိးက ထမင်းဝိုင်း အလည်မှာ အငွေ့ တစ်ထောင်းထောင်းနဲ့ ခန့်ခန့်ကြိး တည်လို့။ ငပိရည်ကျို ခွက်ကြီးကြီး တစ်ခွက်နဲ့  မျိုးစုံလှတဲ့ အတို့အမြုံ တွေက သူထက်ငါ အလုယှက် နှိုက်လို့လက်မလည် နိုင်ရှာပါ။  ဆီပျံဟင်း တစ်ခွက်ဆိုတာ ကလည်း ဘယ်နားနေ မှန်းပင် မသိရ သော်လည်း ခေါင်း မဖော်တမ်း လွေးခဲ့ ကြတဲ့  နေ့ရက် တွေလည်း မြောက်မြားစွာ ရှိခဲ့၏။

အသား၊ငါး ဆိုတာ ရံဖန်၊ရံခါ ဧည့်သည်လာမှ  မြင်ဖူး၊ကြုံဖူး ရတယ် ဆိုသလိုပါပဲ။ သို့ပေမယ့် လည်း အမေစီစဉ်ပေးတဲ့ မိသားစု ဟင်းလျှာကတော့ အိမ်သားတွေ အတွက် စားမြိန်ဖွယ်ရာ ဟင်းကောင်း တစ်ခွက်ပါပဲ။ မောင်နှမတစ်တွေ ခေါင်းမဖော်တမ်း စကားများရင်း အရယ် အမောနဲ့ ထမင်းစား နေတုန်း " အငယ်မ စားပြီးရင် အဝတ်စားတွေ ပြင်ထား၊ ပြိးရင် နင့် ဦးလေး လာခေါ် လိမ့်မယ်၊ လိုက်သွား၊ အဲဒီအိမ်မှာ သွားနေရမယ် " ဆိုတဲ့ စကား တစ်ခွန်းနဲ့ စားလက်စ ထမင်းလုတ်က လည်မှာဆို့၏။ " ဟင့်အင်း အမေကလည်း သမီးသွား မနေချင်ဘူး နော်၊ အစားကောင်းလဲ မစားချင်ဘူး၊ အဝတ်ကောင်းလဲ မဝတ်ချင်ဘူး ၊ အမေတို့နဲ့ပဲ နေချင်တယ် "လို့ ခွန်းတုန့်ပြန် ပြောခဲ့ပေမယ့် အရာမဝင်ခဲ့။ အမေထံမှ  " လိုက်သွားဆို လိုက်သွား မိဘက ကောင်းစေချင်လို့ အမြင့်တင်တာ ကို အဓွန့်တက်ဖို့ မစဉ်းစားနဲ့ " ဆိုတဲ့ စကားတစ်ခွန်းမှာ ဘာမှ ခွန်းတုန့် မပြန်နိုင်ပဲ မျက်ရည်တွေနဲ့ ထမင်းဝိုင်းမှ ထွက်ခဲ့ရတဲ့ဘဝ။

သိပ်မကြာခင် ရောက်လာတဲ့ ဦးလေးနောက်သို့  အဝတ်စားထုတ်လေး ကိုင်ပြိး သည်းသည်းမဲမဲ ရွာနေတဲ့ မိုးရေတွေထဲမှာ မိုးတွေနဲ့အတူ အပြိုင် ငိုရင်း လိုက်ပါခဲ့ရတဲ့ (၁၂) နှစ်ကလေး တစ်ယောက် ရဲ့ရင်ထဲ မှတ်မှတ်ရရ ခါးခါးသီးသီး ပါပဲ။ စိုရွဲနေတဲ့ မိုးရေတွေ နဲ့အတူ မျက်ရည်တွေ ဖြိုင်ဖြိုင်ကြလို့ ဝေးခဲ့ရတဲ့ အမေအိမ်ရဲ့ နွေးထွေးမှုတွေကို မြင်ယောင်ရင်း အိပ်မက်ဆိုးတွေ မှလန့်နိုးတက်တဲ့ အကျင့်တစ်ခု စွဲကပ်လာခဲ့သည်။ အဲဒီအချိန်က စလို့ထင်ပါရဲ့ ဂုဏ်၊ပကာသန ဆိုတာကို ခါးသီးမှု တစ်ခုအနေနဲ့ ခံစားတက်လာခဲ့၏။ ခံစားချက်တွေ မြိုသိပ် တက်လာပြီး အသက်မဲ့တဲ့ စာအုပ်တွေနဲ့ အချိန်ကုန် တက်လာသလို လူတွေနဲ့ ဆက်ဆံရမှာ ထိတ်လန့် လာခဲ့ရသည်။။ အရွယ်နဲ့ မလိုက်အောင် မြိုသိပ်မှု တွေကြားမှာ ရှင်သန် ကြိးပျင်းခဲ့ ရလို့လားမသိ ရင်ထဲက ခံစားချက်တွေ ဖော်ပြတက်ဖို့ ခက်ခဲလာ၏။ "အငယ်မက လိမ္မာတယ်၊ အငယ်မ သိတက်တယ်၊ အငယ်မ စာတော်တယ် " ဆိုတဲ့ ချီးမွန်းသံတွေ ကြားမှာ ကိုယ်ပိုင် ဆန္ဒမှန် သမျှ မြိုသိပ်မှုတွေ အဖြစ် ချိုးနှိမ် ခံခဲ့ ရပြီး  ဒုတိယ အကြိမ်မြောက် မိုးရဲ့ အမှတ်တရ တစ်ခု ဖြစ်တည် ခဲ့ရ၏။

###################

" လိမ္မာတယ် " ဆိုတဲ့ ချီးကျူး စကားသံတွေ အောက်မှာ လုပ်ချင်တာတွေ လုပ်ခွင့် မရတဲ့ အခါ၊ ဖြစ်ချင်တာတွေ ပြောပြခွင့်မရတဲ့ အခါ စာရွက် အလွတ် တွေပေါ်မှာ စာတွေရေးချရင်း အချိန်ကုန် တက်လာခဲ့သည်။ အမှတ်တရ စကားစုတွေ၊ နှစ်သက်တဲ့ ကဗျာတွေ၊ သူငယ်ချင်းတွေရဲ့ အမှတ်တရ အဖြစ်လေးတွေ ရှာဖွေစုဆောင်း ရင်းဒိုင်ယာရီ ဆိုတာ စရေးဖြစ်လာသည်။ အမှတ်တရ နေ့ရက်တွေ အကြောင်း၊ မြိုသိပ်ရတဲ့ ခံစားချက်တွေ အကြောင်း စာတွေ ချရေးရင်း  စာတိုပေစ လေးများ စတင် ဖန်တီး ဖြစ်ခဲ့သည်။ အိပ်မပျော်တဲ့ ညတွေတိုင်း ဗလာစာအုပ် တစ်အုပ်၊ ဘောပင်တစ်ချောင်းနဲ့ စိတ်ထဲရှိတာတွေ ချရေးဖြစ်ရင်းနဲ့ ကဗျာတွေ၊ ဝထ္ထုတွေေ၇းခြင်းဖြင့် စိတ်ထွက်ပေါက် တစ်ခု ရရှိခဲ့သည်။ အရွယ် မရောက်သေးသော ကလေး တစ်ယောက်ရဲ့ အတွေးဆိုပေမယ့် အကြိမ်ကြိမ် ဖတ်တိုင်း သဘောကျမိတာက ကိုယ်ကိုတိုင် သာဖြစ်သည်။ ဘာရယ်မဟုတ် စိတ် အလိုရှိတိုင်း အမှတ်တရ ပြန်လှန် ဖတ်မိတိုင်း ကြည်နူးခဲ့ရသည်။။

ရရှိတဲ့ မုန့်ဖိုးတွေ စုပြိး ဗလာ စာအုပ်တွေဝယ်၊ စိတ်ထဲ ရှိသမျှအကြောင်းအရာ ချေ၇းပြိး စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ စာရေးခြင်းဖြင့် စာတွေ၊ ကဗျာတွေနဲ့ နေရတာ နေသား ကျလာခဲ့ရ၏။ မဝံ့မရဲ ရင်ထဲက မျှော်လင့်ချက် သေးသေးလေး ရှင်သန် ထမြောက်ခွင့် မရှိသေး ခင်မှာပဲ ရေးထားသမျှ ကဗျာ၊ဝထ္ထု စာအုပ်တွေနဲ့ အတူ အမှတ်တရ ဒိုင်ယာရီ စာအုပ်လေးတွေ၊ သူငယ်ချင်းတွေရဲ့ အမှတ်တရ လက်ရေးမူ လေးတွေ အားလုံး တစ်အုပ် မကျန် မိုးရေထဲမှာ ဒီအတိုင်း ပစ်ချ ခံလိုက်ရတဲ့ ခဏ၊ ဘာမှ မတက်နိုင် ခဲ့တဲ့ အခြေနေ တစ်ရပ်။  ရွဲရွဲစိုလို့ မိုးရေထဲမှာ တရိရိ ပျော်ကျသွားတဲ့ ကိုယ်တိုင်ရေး ရင်ထဲက အမှတ်တရ စာပေနဲ့အတူ ကဗျာ၊ဝထ္ထု လေးတွေ၊ နောက်ထပ် တစ်ခုက စာပေနဲ့ ပါက်သက်တဲ့ မျော်လင့်ချက် ရေးရေးလေး တစ်ခု စာအုပ်တွေနဲ့ အတူ အရည်ပျော် ပျောက်ဆုံး သွားခဲ့ရတယ်။

" နာမည်ကြိး ထမင်းငတ်မဲ့ အလုပ်မျိုး ၊ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်တဲ့ အလုပ်တွေ စိတ်ကူးမနေနဲ့ " ဆိုတဲ့ စကားတစ်ခွန်း အောက်မှာ ဆန္ဒတွေ လဲပြိုခဲ့ရသည်။ ကောက်ခွင့်မရှိတဲ့ ရွဲရွဲစိုနေတဲ့ မိုးရေတွေထဲမှာ ဟိုတစ်စ ဒီတစ်စ လွင့်ကျနေတဲ့ ကိုယ်တိုင် တယုတယ ရေးသားခဲ့တဲ့  စာအုပ်တွေ ကိုကြည့်ပြီး ကိုယ်ဘဝ ကိုယ်မပိုင်တဲ့ ဘဝကို နာကျည်း တက်လာခဲ့သည်။ အဲဒီ အချိန်က စလို့ လူတွေကို စကားပြောဖို့ သိပ်ပြိး စိတ်မဝင်စား တော့သလို ထန်လာတဲ့ မျက်နှာပေးနဲ့ အတူ " မာန ကြိးတယ် " ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုပါ တွဲရလာခဲ့သည်။ လူတွေကို ဂရုမစိုက်တာ များလာတော့ မျက်နှာမှာ အရင်လို အပြုံးတွေ ရှားပါးလာခဲ့၏။ တစ်ခါတစ်လေ ငိုနေသူ တွေ့ရင်တောင် စူးစူးစိုက်စိုက် ကြည့်ပြိး ကိုယ်ကိုတိုင် မျက်ရည် ခန်းခြောက် သွားသလို ပါပဲ။ စိတ်ေ၇ာ၊ လူပါ ခက်ထန် လာခဲ့၏။ မျက်လုံးထဲ မကြာခဏ မြင်ယောင် မိတာက မိုးရေတွေထဲမှာ တအိအိ အရည်ပျော် ကျဆင်းသွားတဲ့ ကိုယ့်တိုင်ရေသားခဲ့တဲ့ စာအုပ်တွေ မြောက်များစွာ ကိုပေါ့။

######################

အရွယ် ရောက်လာချိန်  ချစ်သူနဲ့ ဆုံခဲ့ပြန်တော့လည်း ကျွန်မဘက်မှ ယုယုယယ ချစ်ခင်၊ ကြင်နာမှုတွေ ပေးခဲ့ပေမယ့် သူ့ထံမှ ပြန်ရခဲ့တာ မယုံကြည်မှုနဲ့ သံသယတွေ အဖြစ်သာ။ သူလိုချင်တာ ခြောက်ပစ်ကင်း သဲလဲ စင်တဲ့ ချစ်သူ၊ ကျွန်မ အဖြစ်က ဒဏ်ရာတွေနဲ့ သူ။ သံသယတွေ ကြားမှာ အကြိမ် ပေါင်းများစွာ အလျှော့ ပေးခဲ့တာက ကျွန်မ၊ အလို မကျ တက်တာက သူ။ မာနတွေ မြောင်းထဲ ရောက်ပြိး အချစ်တစ်ခုပဲ ကိုးကွယ်ဖို့ ကြိုးစားခဲ့သူက ကျွန်မ ကိုယ်တိုင်။ အချစ်ဆိုတာကို ပေတံနဲ့တိုင်းပြိး အဆင့်တွေ ညှိနေတဲ့ သူက ချစ်သူ၊ အမြဲတမ်း အဆင့်နိမ့် နေသူက ကျွန်မ။ သူတိုင်းတဲ့ ဘောင်ထဲ မဝင်ဆံ့တဲ့ ကျွန်မက အမြဲတမ်း သူ့ရဲ့ စံသတ်မှတ်ချက်တွေ ထဲမှာ အလွဲလွဲ အချော်ချော် ဖြစ်ပြိးရင်း ဖြစ်ခဲ့ရသူ။ စိတ်ပျက်စွာ သူ ညည်းထွားတိုင်း မျက်ရည် မလွယ်တဲ့ ကျွန်မက မျက်ရည်တွေ ချောင်း ဖြစ်မတက် ကျတက်လာခဲ့သည်။

လူတွေကို ဂရုမစိုက်တဲ့ ကျွန်မက သူ့အတွက်ဆို ဒူးထောက်ဖို့လည်း ဝန်မလေးခဲ့သလို အကြိမ်ကြိမ် အရှုံးပေး ခဲ့တာတောင် ပြန်ရတာ  မယုံကြည်ခြင်းနဲ့ စိတ်ပျက်ခြင်းတွေ။ ဘယ်လိုပဲ ကြိုးစားကြိုးစား သူ့အတွက် ကျွန်မက စံချိန်၊ စံညွန်း မပြည့်စုံတဲ့ သူတစ်ယောက်။ မာနတွေ ရိုက်ချိုးပြစ်ပြိး ဒူးထောက် ထားတာတောင်မှ သူ့အဖို့ ကိုယ်က အမှိုက်စ တစ်ခုသာသာ ပါပဲ။ တစ်ခါ တစ်ရံ ခက်ထန်တဲ့ သူထံက စကားလုံးတွေနဲ့ မျက်နှာ ဖျက်ရိုက် ခံရသလောက်ပဲ နာကျင်စရာတွေ ပြည့်နေခဲ့လဲ ကိုယ်တိုင် နာကျင်ရ ကောင်းမှန်း နားမလည် နိုင်ခဲ့ဘူး။ အကြိမ်ပေါင်း များစွာ ကြားရတက်တဲ့ သူ့ထံက " မယုံကြည်ဘူး "ဆိုတဲ့ စကား အရှက်နဲ့ မာနကြောင့် ထင်ပါရဲ့ နင့်နင့်နဲနဲ ရခဲ့ တာ အရိုက်ခံခဲ့ ရမယ်ဆိုရင်တောင် အဲဒီ နာကျင်မှု သက်သာမယ် ထင်ပါတယ်။ အသွေးသားထဲက ခါးသည့် တိုင်အောင် ကျွန်မ အတွက် သူဆန္ဒကို အမိန့်တစ်ခုလို ကိုးကွယ် ချင်မိ နေတုန်းပဲ ရှိသေး၏။

သူ့က ကျွန်မရဲ့ ဆန္ဒကို ဦးစားပေးမယ့်သူ တစ်ယောက် မဟုတ်သလို ကျွန်မရဲ့ ဖိအားပေး စကား တစ်ခွန်းကြောင့် သူရဲ့ ဆုံးဖြတ်ချက်တွေ ယိုင်လဲသွားခဲ့ ရမယ်ဆိုတာလည်း မဖြစ်နိုင် တဲ့သူမျိုး။ သူရင်ထဲက ဆန္ဒ တစုံ တရာကလည်း ကျွန်မကြောင့် အတားအဆီး အဟန့်အတား မဖြစ်စေ ဘူးဆိုတာလည်း အသေအချာ သိနေခဲ့ရသည်။ သူ့အတွက် စွဲဆောင်ရည်  ပြည့်ဝတဲ့ မိန်းမ တစ်ယောက် မဟုတ်သလို သူ အရူးအမူး စွဲလန်းရတဲ့ မိန်းခလေး တစ်ယောက် အဖြစ်နဲ့လည်း မရှိနိုင်ဘူးလို့ ကျွန်မ ကိုယ်တိုင် ယုံကြည်နေမိ ပြန်သည်။ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက်မဟုတ်တဲ့ ကျွန်မက သူ့အတွက် အဆိပ်မရှိတဲ့ မြွေတစ်ကောင်ကို ကြိုးတစ်စ လို ခွေလိုခွေ၊ ခေါက်လိုခေါက် လိုရာ သုံးခွင့် ရနေတာတောင် သူကတော့ ကျွန်မအပေါ် ရက်စက်နိုင်မှု သရဖူ ဆောင်းနိုင်ခဲ့သူ တစ်ယောက် လည်းဖြစ်၏။

ကျွန်မ အတွက် သူ့ရင်မှာ နေရာမရှိတာ သေချာတဲ့ တစ်နေ့ သူထံမှ တိကျပြတ်သားတဲ့ စကားတစ်ခွန်း " တစ်ကယ် မချစ်ခဲ့ဘူး " လို့ ဆိုလာခဲ့တဲ့သူ။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး အရယ်မော မပျက် သူပြောထွက် ခဲ့ပေမယ့် ကျွန်မ မှာတော့ ခြေထောက် နှစ်ချောင်း ခွေကျမတက် ဖြစ်ခဲ့ရ၏။ နှုတ်ဖျားမှ စကားတစ်ခွန်း  အားယူ ပြောဖို့ ကြိုးစားရင်း နောက်ဆုံး သံယောဇဉ် လက်ကျန် တစ်ခုနဲ့ " နေကောင်းအောင်နေ၊ ကျန်းမာရေး ဂရုစိုက်နော် " ဆိုတဲ့ စကားလေး အနိုင်နိုင်ပြော ခဲ့ရ၏။ လှည့်ထွက်ခဲ့ တော့လည်း မိုးတွေသည်း တဲ့ မိုးရွာ ထဲမှာပါပဲ။ ခြေဦး တည့်ရာ လျှောက်သွားရင်း မျက်ရည်နဲ့ မိုးရေ ဝေခွဲ မရအောင် ငိုကြွေးပြိးမှ အသိနဲ့ ထိန်းလို့ နောက်ပိုင်းမှာ  ကျွန်မက တော်တော်လေး ဆက်ဆံရ ခက်တဲ့ မိန်းခလေး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်၊ ပြောင်းလဲ မှန်းမသိ ပြောင်းလဲ လာခဲ့သည်။ ခက်ထန်တဲ့ မျက်နှာမှာ၊ အပြုံးဆိုတာ ရှားလို့ ပြုံးမှပြုံးတက်ရဲ့ လားလို့ မေးယူရ လောက်အောင် ကျွန်မတိုင် ရယ်မောဖို့ မေ့နေတက်တာ ယနေ့ အထိပါပဲ။


သူရင်ထဲမှာ နေရာ မရှိမှတော့ ကျွန်မရဲ့ အချစ်တွေနဲ့ သူ့ကိုလောင်ကျွမ်း စေအောင် မပြုလုပ်ဖို့ သိက္ခာဆိုတာ လေး တစ်ခုပါပဲ။ ဘယ်လောက်ပဲ နာကျင် နာကျင်၊ သူ့ရဲ့ရင်ထဲမှာ ကိုယ်မှ ရှိမနေခဲ့တာ ဆိုတာ သူနှုတ်က ဖွင့်မပြောခင်က ကျွန်မ သိသင့်လျှက်နဲ့ ကိုယ်တိုင်ရဲ့ ရူးမှိုက်မှုတစ်ခု။ ချစ်ခြင်းပေါ်မှာ ရူးသွပ်ချင်မှု တွေကြောင့် မြင်သင့် လျှက်နဲ့ မမြင်နိုင် ခဲ့တာ ရူးမတက် ချစ်မိ ခဲ့လို့ပါ။ သူ့ထံမှက ကြေငြာလို့ စာတင်လာတဲ့ ထွက်စာကို အတည်ပြုဖို့ ကိုယ်တိုင် ပဲကြည်ဖြူစွာ ခွင့်ပြုခဲ့သလိုပဲ အမြဲ ဆုတောင်းနေမိတဲ့ ဆုတောင်းလေး တစ်ခု ကလည်း  " အဆင်ပြေပါစေကွယ် " လို့ ပါပဲ ချစ်သူ။ " သူငယ်ချင်း၊ မိတ်ဆွေ လုပ်နိုင်ပါတယ် " လို့ ကမ်းလှမ်းတဲ့ သူရဲ့ အဆိုကို အပြုံးနဲ့ပဲ နှုတ်ဆိတ် နေခဲ့လိုက်မိ၏။ တစ်ကယ်တော့ ချစ်သူကို ချစ်သူလို တန်ဖိုးထားပြိး ချစ်ခဲ့ရတာလဲ ရင်ဘတ် တစ်ခုလုံးနဲ့ပါ။ သူငယ်ချင်း အဆင့် ချပြိး နှုတ်ဆက် ခေါ်ပြောရ လောက်အောင် ကိုယ်တို့ရဲ့ တွေ့ဆုံမှုတွေက ထမင်းစား ရေသောက် ခေါ်ပြော၊ နှုတ်ဆက် အဆင့်လောက် မှမဟုတ်ခဲ့တော့  ကျွန်မ မမုန်းခဲ့ ပါဘူး။ အဆင့်နိမ့် ပေးဖို့ ကျွန်မရင်ထဲမှာ အဆင်သင့် မဖြစ်သေးလို့ပါ။

#######################

ယခုလည်း ကောင်းကင်မှာ မိုးတိမ်တွေ ညို့မှိုင်းပြိး မကြာခင် မိုးရွာတော့မည့် ပုံသဏ္ဍန်ဖြင့် ကောင်းကင် တစ်ခုလုံး ညို့မှိုင်းလျှက်။။ ဝေးဝေးက စိမ်းညို့ညို့ တောင်တန်းတွေ ကိုကြည့်ပြိး အတိတ်ရဲ့ အရိပ်တွေ အစီအရီ ဇတ်ဝင်ခန်း တစ်ခုလို ဖြစ်ထွန်း လာရတဲ့ ကျွန်မရဲ့ အတွေးအာရုံတွေ ရှုပ်ထွေးနေ၏။ မိုးနဲ့အတူ မစိမ်းသော အတိတ်တွေ၊ အမှတ်တရ နေ့စွဲတွေ ၊စသည် စသည်ဖြင့် မိုးနဲ့ ပါက်သတ်သော အမှတ်တရတွေ နောက်ထပ် ဘယ်လောက်များ ပေါ် ထွက်လာအုံးမလဲ ဆိုတာ မသိ။ ဟိုအရင် ကလေးဘဝကလို မိုးရေထဲ လျှောက်သွား တာ မျိုး မလုပ် မိတော့ ပေမယ့် ပြတင်းပေါက်မှ ပြင်းပြင်းထန်ထန် ရွာချတဲ့ မိုးစက်တွေ ကိုတော့ လက်နဲ့ ဆော့ကစား နေမိရင်း စူးစူးစိုက်စိုက် အဝေးကို ငေးမော ကြည့်နေမိ၏။

ဘယ်တော့မှ မရိုးတဲ့ အလုပ်တစ်ခု လိုပဲ မိုးရွာနေတဲ့ မြင်ကွင်းတွေ ငေးမောကြည့် ဖြစ်နေရင်း မိုးစက် ကလေးတွေ မြေပြင်မှာ ကျဆင်းလျှက် ကခုန် ပျော်ပါး မြူးတူးနေ သယောင်ယောင်။ မိုးရွာတဲ့ မြင်ကွင်းတွေ မြင်ရတိုင်း အမည်မသိ ရင်ထဲမှ စူးစူးရှရှ အသိ၊ အတွေး၊ ခံစားမှုတွေကို မိုးက ပေးစွမ်းနိုင်စွမ်း ရှိနေခဲ့ တာတော့ အမှန်ပါပဲ။ ပြတင်းပေါက်မှ တစ်ဆင့် တစိမ့်စိမ့် တိုးဝင်တဲ့ လေနုအေးနဲ့ အတူ မိုးရဲ့ အငွေ့အသက်တွေကို တစ်ဝကြီး ရူသွင်း လိုက်ပြီး ကျွန်မရဲ့ နှလုံးသား ဆီမှလည်း  ကျင်ခနဲ စူးစူးရှရှ ခံစားရင်း " ယခုချိန်ထိ ကျွန်မ မိုးကို နှစ်သက် သလို မိုးကိုလည်း  ချစ်ပါတယ်လို့ " တစ်ကိုယ်တည်း တီးတိုး ရေရွတ် နေမိသည်။ မည်သို့ပင် ဆိုစေကာမှု ကျွန်မ အတွက်တော့ "  မိုး "သည် အမှတ်တရ ပေါင်းများစွာ တည်ရှိနေ သောကြောင့် ပါသတည်း။

########################
###################
##########
စာဖတ်သူများအား အစဉ်အမြဲ
လေးစားလျှက်
ကြိုးစားနေမယ့်  Angelhlaing
www.angelhlaing.blogspot.com

17 comments:

မိုးနဲ့ပတ်သက်တဲ့ ခံစားချက်တွေက ဘ၀နဲ့ချီ ရင်နဲ့အမျှပဲကိုး...

ကြိုးစားအားထုတ်မှုဆိုတာ...ပတ်ဝန်းကျင်(သို့) တစ်စုံတစ်ယောက်ကြောင့် တွန့်ဆုတ်သင့်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူးလေ။


ငြိမ်းချမ်းပါစေညီမရေ....။

“အဆင့် ချပြိး နှုတ်ဆက် ခေါ်ပြောရ လောက်အောင် ကိုယ်တို့ရဲ့ တွေ့ဆုံမှုတွေက ထမင်းစား ရေသောက် ခေါ်ပြော၊ နှုတ်ဆက် အဆင့်လောက် မှမဟုတ်ခဲ့တော့ ကျွန်မ မမုန်းခဲ့ ပါဘူး။”

အဲဒါလေးကြိုက်တယ်။

တစ်ခါတစ်လေတော့လည်း အသည်းမာသင့်တယ် ဆရာလေးရေ.... ချစ်မိသူ အရှုံးဆိုပေမယ့် အချစ်ဆိုတာ အနိုင်အရှုံးသတ်မှတ်တဲ့ ပြိုင်ပွဲမဟုတ်ာကြောင့် အရှုံးမရှိဘူးပေါ့.

လာဖတ်သွားတယ်ညီမ...ပျော်ရွှင်ပါစေ

မိုးကျကာစ ကာလမှာ မိုးခံစားချက်တွေဖတ်လိုက်ရတာ....လွမ်းစရာဗျာ....။

အင်း..
မိုးထဲမှာ အရိုးအသဲတို့  ကွဲအက်မတတ် ချစ်ခဲ့ ဖူးတယ်
ဆိုရင်လည်း အဲ့ ဒီ အချစ်ရဲ့  အဟုန်တို့ ကြောင့်ပဲ
နောင်တစ်နေ့  မိုးထဲမှာပဲ အချစ်နဲ့  ထပ်စုံဆည်းပါစေဗျာ..။

နောင်လာမဲ့ မိုးရာသီတွေကို ပျော်စရာ အမှတ်တရလေးတွေနဲ့  ဖြတ်သန်းနိုင်ပါစေလို့ အစ်ကိုက ညီမအတွက် ဆုတောင်းပေးခဲ့ပါတယ်။

အိန်ဂျယ်လေး
“အဆင့် ချပြီး နှုတ်ဆက် ခေါ်ပြောရ လောက်အောင် ကိုယ်တို့ရဲ့ တွေ့ဆုံမှုတွေက ထမင်းစား ရေသောက် ခေါ်ပြော၊ နှုတ်ဆက် အဆင့်လောက် မှမဟုတ်ခဲ့တော့ ကျွန်မ မမုန်းခဲ့ ပါဘူး။”
လှတယ် စာသားလေး။ အဆင်ပြေပျော်ရွှင်ပါစေ ညလေးရေ

မိုး နဲ့ ပါတ်သက်ရင် လှပတဲ့ မိုး ချစ်စရာ မိုး သာ ဖြစ်ပါစေ

ရွှေစင်ဦး

ရောက်တယ်နော်.. :)

အခုလဲမြန်မာပြည်မှာမိုးတွေရွာနေပြီတဲ့....
အေးချမ်းတဲ့မိုးလေးပဲဖြစ်ပါစေ...

စာသားလှလှ အဖွဲ့အနွဲ့နဲ့ ဖတ်တဲ့သူရင်ထဲ နင့်နင့်နဲနဲ ၀င်အောင် ရေးတတ်လိုက်တာ ညီမရေ...

မိုးတွေ တစ်ဖွဲဖွဲကျနေတဲ့ ခုလိုချိန်လေး ဒီစာလေးဖတ်လိုက်ရတာ ခံစားချက်တွေ ကူးစက်စီးမျှောသွားစေတယ်

ခံစားမှုတွေ ကူးစက်သွားလို့ ကိုယ်ရေးထားတဲ့ "မျက်ဝန်းမှ" ဆိုတဲ့ ကဗျာလေး လက်ဆောင် ပေးလိုက်ပါတယ် ညီမလေးရေ ...

ပြိုမလို၊
ညိုကာ ထစ်ချုန်း။

မှောင်ရီပြာ၊
တောင်ဆီမှာ မိုးတွေညို့ပြီကွယ့်၊
ဖြိုးစွေလို့သက်ဆင်းကာ၊
မျက်ဝန်းမှာ ရွာပါစေဖို့၊
မာယာတွေ ဆင်ခဲ့သူရယ် ...
မြင်လှည့်ပါဦး။ ။

ချမ်းမြေ့ပါစေ ...

ရောက်ခဲ့တယ်ညီမ စီဘောက်မှာမရေးချင်လို့

ဘဝရဲ့ ဆိုးရွားတဲ့ ခံစားချက်တွေကြုံတိုင်း မိုးနဲ့အတူ ဖြတ်သန်းခဲ့ပြီးပြီပဲ။ သာယာတဲ့နေ့သစ်တွေ ကြည်နူးဖွယ်ခံစားချက်တွေကို မိုးနဲ့အတူလည်း ဖြတ်သန်းခွင့်ရှိအုံးမှာပေါ့။ ဇာတ်ကောင်ရဲ့ဘဝလေးက ဂရုဏာသက်ဖွယ်ရာ ပီပြင်တယ်။

မိုးရေတွေကြောင့်ပျက်စီးသွားတဲ့စာအုပ်လေးတွေကို ရင်နာနာနဲ့ကြည့်နေမယ့်ကောင်မလေးတစ်ယောက်ကိုမြင်မိပါတယ်။

ခင်မင်လေးစားလျက်

မိုးကိုချစ်ပါတယ်...ဒါပေမယ့်မိုးတွေရွာရင်လွမ်းတယ်..မမရဲ့..း(

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More