Tuesday, February 22, 2011
ကျွန်မဘဝထဲက ရက်စွဲ တစ်ချို့
ကျွန်မ လက်ထဲမှာ ဘွဲ့ လက်မှတ်ရယ်၊ ကွန်ပြူတာ အခြေခံ သင်တန်းဆင်း လက်မှတ်ရယ်၊ LCCI Level 2 certificate ၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ၊ ကျန်းမာကြောင်း ဆေးထောက်ခံစာ တွေကို တစ်သီကြီး မိတ္တူ ဆွဲပြိး CV Form မှာ သပ်သပ် ရပ်ရပ်လေး ဓါတ်ပုံကပ် လိုက်တော့ ဘာပဲ ဖြစ်ဖြစ် အလုပ်လျှောက်ဖို့ အတွက် အဆင့်သင့် ပြင်ဆင် လို့ပေါ့။ မလျှောက်လို့ ကလည်းမဖြစ်။ ကျောင်းကပြိး နေပြီ။ ကျောင်းပြိးတော့လည်း ကွန်ပြုတာလေး အခြေခံလောက်မှ မသိရင် မဖြစ်ဘူးဆိုပြိး အိမ်ကို ပူဆာတော့ အိမ်ကလည်း နင်တို့ခေတ်ပဲ လုပ်ကြ ဆိုပြိး တက်စေ ဆိုတော့ လျှောလျှော ရူရူ ပါပဲ။ အင်း ကွန်ပျူတာ ပြိးပြန်တော့ စာရင်းကိုင်လေး လည်းနည်းနည်း ပါးပါး သိထားမှ ဆိုတော့ အိမ်က လူကြီးတွေ ကမျက်လုံး ပြူးလို့လေ။ ပညာရေးနဲ့ ပက်သက်လာရင် ဗဟုသုတ နည်းတဲ့ တောသူတောင်သား တွေမလား။ မရှိမဲ့ ရှိမဲ့ လေးစုပြိး ပညာရေး ရယ်လို့ အားခဲပြိး တွန်းပို့ ပေးကြတာ။ ကျောင်းပြီးတော့ လည်းသင်တန်းက တက်ချင်သး။ ရထားတဲ့ သာမန်ဘွဲ့ လေးကလည်း ပညာတက် ဆိုတဲ့ အလွှာ ပါးပါးလေး တစ်ခု မို့အသိမှတ် ပြုရုံထက်မပို။
မှတ်မိသေးတယ် ကျွန်မတို့ ကွန်ပြူတာ Basic သင်တန်းမှာ သင်တန်းသား (၂၀)။ ဆရာက တစ်ယောက်ထည်း။ ကွန်ပြူတာ ကိုဘာမှ မသိလို့ အခြေခံ လာတက်ကြတဲ့ သင်တန်းသား တွေကို အော်လိုက် ဟောက်လိုက် တာများ။ တစ်ကယ်မသိ တာတောင် မမေးရဲ လောက်အောင် ပါပဲ။ မသိလို့ လာသင်ကြ တာကို သူကအော်ငေါက် နေတော့ မမေးရဲ၊ အထွန့်မတက်ရဲနဲ့ သင်တန်းသာ ပြိးသားတယ် ဦးနှောက်ထဲ ဘာရယ်လို့ သိပ်မကျန် ခဲ့ဘူး။ အဲဒီတုန်းက ဆရာက တော့ပြောပါတယ် သင်ပြိးရင်တော့ တက်ထားတယ် အလေ့အကျင့် မရှိရင် ကျွမ်းကျင်တဲ့ အဆင့်မရောက် နိုင်ဘူးတဲ့။ အဲ ပြိးတော့ အလေ့အကျင့် နည်းရင်လည်း မေ့သွားတက်တယ်တဲ့။ အသေအချာ ပါပဲ။ အဲဒီ အချိန်က ကွန်ပြူတာ ဆိုတာ အခုလို အင်တာနက် ဆိုင်တွေ လည်းမရှိသေး သလို သင်တန်းတွေ မှာတောင် အလုအယှက် စက်ကို မျှဝေ သုံးကြ ရတဲ့ အချိန်။ သင်တန်းဆင်း လက်မှတ် ကလေးကသာ အရာမယွင်း ပုံစံလေး။ သင်ခဲ့ သမျှကတော့ အားလုံး ကြက်ပျောက် ငှက်ပျောက်။ အဲဒီအချိန် ကွန်ပြူတာ ရှေ့ချပေးပြိး ဘာလုပ်တက်လဲ မေးမယ်ဆိုရင် အဖွင့်အပိတ်တောင် မတက်ဘူး ဘုရားစူး လို့ ဖြေရမလောက် ကွန်ပြူတာ ကျွမ်းကျင်လို့ ဖြေရမှာပါပဲ။
အဲ နောက်တစ်ခုက စာရင်းကိုင် အခြေခံ သင်တန်း။ စာရင်းလောက နဲ့ ပါက်သတ်ပြီး ဝေါဟာရ တွေအသုံးဝင် ပုံတွေ၊ ပြိးတော့ ကုမ္မဏီ လောကဆိုတာ ကျဉ်းကျဉ်းလေး မို့ စာရင်းကိုင် တစ်ယောက် အဖို့ နာမည်အရမ်း အရေးကြိးတဲ့ အကြောင်း၊ ဂရုစိုက်ရ မှာတွေ ဆောင်ရန်၊ရှောင်ရန် လိုက်နာရန် နဲ့ ဗဟုသုတ တော်တော်လေး ရလိုက်တယ်။ ပြိးတော့ မှတ်မှတ်သားသား အခုချိန်ထိ စိတ်ထဲ စွဲစွဲ မြဲမြဲ ကျန်နေ ခဲ့တဲ့ ဝေါဟာရ တစ်ချို့။ ကျွန်မတို့ လူငယ်တွေမှာ " ဟိုဟာတက်လားဆို အင်း...နည်းနည်း " ဆိုတဲ့ စကားစု လေးပါပဲ။ အဲဒီစကားစု လေးကို ဆရာက အရယ်နှော ပြိး အဓိပ္ပါယ် ဖွင့်ဆို ပြခဲ့တာက အင်္ဂလိပ်လို ပြောတက်လားဆို အင်း..နည်းနည်း၊ စာရင်းကိုင် ရော နားလည်လားဆို အင်း...နည်းနည်း ၊ဘယ်ဘာသာစကား ပြောတက်သလဲ ဆို ဟို...နည်းနည်း ဒီ...နည်းနည်း တဲ့လေ။ ဆရာရှင်းပြတော့လည်း ဟုတ်နေတာပဲ။ ကျွန်မတို့မှာ တစ်ခုထည်းသာ နှံနှံစပ်စပ် ကျွမ်းကျင် နေမယ်ဆို တစ်နေရာရာ မှာတော့ အသုံးဝင်နေမှာ အမှန်ပဲလေ။ အခုတော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ဟိုမရောက် ဒီမရောက် ပညာရေး တွေနဲ့ အလုပ်ကောင်း တစ်ခု ရဖို့ လွယ်မယ်ထင်လားလို့ ဆရာက လက်တွေ့ ဘဝနဲ့ ယှဉ်ပြိး ရှင်းပြခဲ့တယ်။ တစ်ခုခု ကို တစ်စိုက်မက်မက် လုပ်ဖို့လည်း သင်တန်း ပြိးသွားချိန် အထိ တစ်ဖွဖွ မှာခဲ့တယ်။ ဘွဲ့တစ်ခု ရဖို့ အသုံးပြုခဲ့ ရတဲ့ ကျောင်းသား တစ်ယောက် စရိတ်၊ အချိန်၊ အရင်းနှီးများ သလောက် ကျောင်းပြိးသွား တဲ့အခါ ပြန်ရဖို့ မလွယ်ဘူး ဆိုတာလဲ အားလုံး သိကြသလို ပါပဲ။
အဲဒီလိုနဲ့ ကျောင်းလည်းပြိးပြီ။ သင်တန်းတွေ လည်းတက်ထားတယ် ဆိုတော့ ကျွန်မရဲ့ အလုပ်ရှာ ဖွေခြင်း စတင်လို့ ရယ်ပေါ့။ အဲဒီအချိန် ကအလုပ်ရှာဖို့ အတွက်ဆို အခွင့်လမ်း ဂျာနယ် တစ်ခုထည်း ထွက်သေးတယ်။ အခုချိန်လို ဂျာနယ်တွေ မပေါများသေး။ အလုပ်ခေါ် တဲ့လိပ်စာ၊ ရာထူးနဲ့ လစာ၊ အသေချာ မှတ်လို့ အလုပ်လျှောက် ခဲ့တာ တစ်ချို့အလုပ်က ကျတော့ အင်တာဗျူး ကျရင်ခေါ်လိုက်မယ်၊ ဖောင်ထားခဲ့ ဆိုတာက တစ်မျိုး၊ အလုပ်ခန့်ဖြစ်ရင် ဖောင်ထားခဲ့ ဆိုတာကတစ်သွယ် နဲ့ မိတ္တူ ဖိုးနဲ့တင် အိမ်က လူတွေက လည်းမျက်စောင်း ထိုးနေပြီ။ မတက်နိုင်ဘူး မလျှော့သော ဇွဲနဲ့ အလိုရှိ သည်မှန်သမျှ လျှောက်ခဲ့ပေမယ့် အချည်းအနှီးသာ။ ပိုက်ဆံ လူပင်ပန်း နဲ့ အလုပ်ရဖို့ မလွယ်ပါလား။ လူလိုတယ် ဆိုသွားလျှောက် ခန့်ပြိးပြီ ဆိုတာက တစ်မျိုး။ အဲလိုအချိန် ကိုယ်ပိုင် စီးပွားရေး လုပ်နေတဲ့ သူငယ်ချင်း ကလှည်းတန်းမှာ အလုပ်ကိုင် ရှာဖွေရေး အေဂျင်စီ ရှိတယ်။ အဲမှာ ဖောင်တင်ထား ပါလားလို့ သွားတင် ထားတော့လည်း အင်တာဗျူး ရှိရင် ဖုန်းဆက် အကြောင်းကြားပေးမယ် ဆိုလို့ ဖုန်းသံ ကြားရင်း အလုပ်ကများလားလို့ မျှော်ရတာ အမော။
အဲဒီလိုနဲ့ သုံးလလောက်နေတော့ အလုပ်လျှောက် ထားတဲ့ ကုမ္မဏီက ဖုန်းလာတယ်ဆိုလို့ အပြေးအလွား အင်တာဗျူး ဖြေရချည် သေးလို့ အားတင်းလို့ ကုမ္မဏီ ကိုသွားတော့ အားပါးပါး လူတွေများ နည်းလို့လား။ ကုမ္မဏီရဲ့ ဧည့်ခန်းမှာ အင်တာဗျူး ဖြေဖို့ ရောက်နေသူတွေ ကိုယ်လို ဘဝတူ မိန်းခလေးတွေ။ ခေါ်မဲ့ ရာထူးက ရုံးဝန်ထမ်း (မ) တစ်ဦး နဲ့ ဧည့်ကြို အမျိုးသမီး (၁)ဦး၊ အင်တာဗျူး ဖို့ရောက်နေ ကြတာက အယောက် (၂၀)နီးနီး။ အဲဒါနဲ့ ဘာလုပ်တဲ့ ကုမ္မဏီ အတွက်များလည်း ဆိုတော့ အခု အလုပ်သမားရှာဖွေရေး ကပဲ ဝန်ထမ်းလိုလို့ ခေါ်တာပါတဲ့။ အဲဒီက ဝန်ထမ်းလေးတွေက ယူနီဖောင်း ဝတ်စုံ လေးတွေနဲ့မို့ အလုပ်လာလျှောက် ကြတဲ့ကျွန်မ လိုဘဝ တူတွေက လည်း မျှော်လင့်ကြတာပေါ့လေ။ အလုပ်ကလည်း လုပ်ချင်လွန်းလို့ ရှာနေကြ သူတွေမဟုတ်လား။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံ ရတာပေါ့ လို့ တွေးပြိး အလုပ်မရလည်း အင်တာဗျူး ဖြေတဲ့ အတွေ့အကြုံ ရတာပေါ့လို့ အားတင်းပြိး အင်တာဗျုး ဝင်ဖြေခဲ့တာ ကံကောင်းချင် တော့ အဲဒီအယောက် (၂၀)ထဲမှာ ကိုယ်နဲ့ နောက်တစ်ယောက်က အရွေးခံရတယ်ဆိုပဲ။ ကိုယ်က ရုံးဝန်ထမ်း နေရာ၊ အတူဝင်တဲ့ သူငယ်ချင်းက ဧည့်ကြို အလုပ်နဲ့ လုပ်ငန်း အတွေ့ အကြုံ ရှိတဲ့သူမို့ သူက ဧည့်ကြို။ အဲဒါတောင် အလုပ်က အတည် မဟုတ်သေးဘူး တစ်ပတ် အစမ်းခန့် ကြည့်မယ်တဲ့။ တစ်ပတ်အတွင်း ကိုယ်ကလည်း မကြိုက်ရင် ထွက်ခွင့်ရှိသလို သူကလည်း မကြိုက်ရင် ထုတ်ခွင့်ရှိတယ် တဲ့လေ။
အဲဒါတွေ အများကြိး မစဉ်းစား နိုင်ဘူး အလုပ် ရှာတာ မလွယ်တာ ကိုယ်တိုင် အသိ ဆုံးမို့ ဟုတ်ကဲ့လို့သာ ယဲ့ယဲ့လေး ပြောနိုင်တယ်။ စိတ်ထဲကတော့ အဆင်ပြေပါစေ ရယ်လို့ ဆုတောင်းရတာ အမောပါပဲ။ ရပ်ကွက်မှာလဲ ရှက်လှပြီ။ ကျောင်းပြိးပြီး အလုပ်လက်မဲ့ ဖြစ်နေရတဲ့ ဘဝ မဟုတ်လား။ နောက်တစ်ခုက စိတ်ထဲအားကျခဲ့ ရတဲ့ ယူနီးဖောင်း ဝတ်စုံ။ သူတို့က မချုပ်ပေးပဲ ကိုယ့်စရိတ်နဲ့ ကိုယ်ချုပ်ရမယ်တဲ့လေ။ မကြားဖူးပေါင် နော်။ ယူနီဖောင်း ဆိုတာ အလုပ်က ပေးတာပဲ ကြားဖူးပါတယ်။ အခုတော့ ကိုယ်တိုင်ချုပ် ဝတ်ရမယ်တဲ့လေ။ စိတ်ထဲကပါ အပြင်ကတော့ နှုတ်ဆိတ်လို့ ပါပဲ။ အလုပ်လိုချင်တာ မို့လေ။ တစ်နှစ်ပြည့်အောင် လုပ်မယ်ဆိုရင်တော့ နှစ်ပြည့်ရင် ယူနီဖောင်းဖိုး (၂၀၀၀၀) ပြန်ပေးမှာပါတဲ့။ မပြည့်ခင် ထွက်ရင်တော့ ကိုယ်ဒေါသ နဲ့ကိုယ်ပါပဲ ဆိုတဲ့ သဘော။ သူရွတ်ပြတဲ့ ကုမ္မဏီရဲ့ စည်းကမ်းချက်တွေ နဲ့အတူ လိုက်နာနိုင့် ပါ့မလားဆိုတဲ့ အမေးကို ဟုတ်ကဲ့လို့ တစ်ခွန်းသာ ပြန်ပြောခဲ့နိုင်တယ်လေ။ မက်လောက်စရာ အခြေခံလစာ (၁၈၀၀၀)+ရက်မှန်ကြေး (၅၀၀၀)=၂၃၀၀၀ ကြိးများတောင် ရမှာနော်။ အလုပ်ချိန်က မနက်(၈) ညနေ (၅)။တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်နဲ့ အစိုးရ ရုံးပိတ်ရက် တွေပိတ်တယ်တဲ့။ ကျောင်းတက်စဉ် အချိန်က သုံးခဲ့တဲ့ အသုံးစရိတ် တစ်လစာ စာရင်းချုပ် ပြိး နှိုင်းမယ်ဆိုရင်တောင် အဲဒီ ပမာဏ ထပ် များခဲ့မှာ အသေအချာပဲ ။ ဘာပဲပြောပြော အလုပ်ရတဲ့ နေ့မို့ အလုပ်မဲ့သမား တစ်ယောက်ရဲ့ အပျော်က ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ အဲလောက် ပျော်ခဲ့တာလေ။ အိမ်ပြန်လမ်း မှာ အပြုံးတွေ ဝေလို့ပေါ့။
အလုပ်စဝင် တဲ့နေ့ကဆို ရင်တွေခုန်လိုက်တာ အမှားအယွင်း မရှိအောင်လည်း ဂရုစိုက်ရသေး။ အစမ်းခန့် တစ်ပတ် မကျော် မခြင်း ရင်တစ်ထိပ်ထိပ် နဲ့။ အစမ်းခန့် ကာလ ကျော်မှ ငါအလုပ် ရတာ သေချာပါလားလို့ သက်ပြင်းရဲရဲ ချရဲတဲ့ ဘဝ။ အဲဒီအလုပ်ကိုင် ရှာဖွေရေး အေဂျင်စီမှာ အလုပ်လုပ် ခဲ့တော့မှ တစ်ကယ်တမ်း အလုပ်သမားနဲ့ အလုပ်ရှင်တွေ ရဲ့ သဘောထားကို အများကြိး နားလည်လာခဲ့တယ်။ ဘွဲ့ လက်မှတ်တစ်ခု ထည်းသာ ရှိပြိး အတွေ့အကြုံ မရှိတဲ့ လျှောက်လွှာတွေ တစ်ထပ်ကြီး ဖြစ်နေရတဲ့ အကြောင်းရင်း၊ လုပ်ငန်းရှင်က လည်း ပိုက်ဆံပေးပြိး ခိုင်းရတာချင်း အတူတူ အတွေ့အကြုံ ရှိသူ၊ လုပ်သက် ရှိသူတွေကိုသာ အလုပ်ခန့် ချင်ကြပြိး အတွေ့အကြုံ မရှိသေးတဲ့ သူတွေကို အလုပ်မှာ နှောင့်နှေးစေ မှာဆိုတဲ့ အတွက် မလိုချင်ကြဘူးလေ။ အလုပ်သမား လိုချင်တဲ့ လုပ်ငန်းရှင်နဲ့ အလုပ်လိုချင်တဲ့ အလုပ်သမား တွေရဲ့ ကွာဟချက် ၊လိုအပ်ချက်တွေက တစ်ကယ့် ဇစ်မြစ်က ကျွန်မတက်ခဲ့တဲ့ စာရင်းကိုင် သင်တန်းက ဆရာပြော သလိုပါပဲ။ ကျွန်မတို့က အင်း..... နည်းနည်း ပဲတက်တာကိုး လို့ မှတ်ချက် ချရမှာပဲ မဟုတ်ပါလား။ ဘာပဲ ဖြစ်ဖြစ် အဲဒီမှာ အလုပ်လုပ် ခွင့် ရခဲ့တဲ့ ကျွန်မအနေနဲ့ ကုမ္မဏီ တစ်ခုရဲ့ ဝန်ထမ်း တစ်ယောက် အနေနဲ့ရော လူမှူ ဆက်ဆံ ရေး ပညာအနေနဲ့ရော လုပ်သက် တစ်ခု အနေနဲ့ရော သင်ယူစရာ၊ လေ့လာစရာ၊ ဘဝအတွေ့ အကြုံတွေ အများကြိး ရခဲ့တယ်ဆိုတာ မများပါဘူး။ အတွေ့ အကြုံ ဆိုတာ ဘဝ ထဲမှာ အခြေခံတာမို့ နောက်ထပ် နောက်ထပ်လည်း ဘဝအတွေ့ အကြုံ တွေ ကြိုးစား သင်ယူကြ ရအုံးမှာ မဟုတ်ပါလား ရှင်။
1 comments:
ညီမ ပထမဆုံးလခက အမတုန်းကထက်စာရင် များတာပေါ့။
အမ အလုပ်စလုပ်တော့ လခ ၂၈၀၀ ကျပ်။ ၃ လနေတော့မှ ၄၀၀၀ ကျပ်တိုးတယ်။ :)
ညီမရဲ့ စာဟောင်းလေးတွေ လိုက်ဖတ်လိုက်အုံးမယ်။ စာရေးဝါသနာပါတာ အားပေးပါတယ် ညီမရေ .. ။
Post a Comment